← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

“ဟေး ဟေး ရှင်ဒီကို ရောက်ဖူးတာပဲ” သက်လတ်ပိုင်းအမျိုးသား၏ ဒုက္ခရောက်နေသော မျက်နှာတွင် နောက်ဆုံးတော့ ပြုံးရိပ်သမ်းလာခဲ့သည်။

“ကျွန်တော့်အဖေက ဒီကိုတစ်ခါလာဖူးတယ် ပြီးတော့ ဒီမှာ အရသာတော်တော်ကောင်းတဲ့ ပဲငံပြာရည် ခေါက်ဆွဲကြော်ကို စားခဲ့တယ်လို့ပြောတယ် သူ့မှာအဲ့ဒါကို ချီးမွမ်းလို့မဆုံးတော့ဘူး”

“နောက်တစ်ခါသွားရင် ဝယ်လာပေးစမ်းပါကွာဆိုပြီး”

တင်းရှသည် သူမထိုစကားများကို ကြားပြီးနောက် ရယ်ပြုံးသွားခဲ့သည်။ “ကျွန်မသိသားပဲ အဖိုးကဆိုင်ကနေထွက်သွားတဲ့အချိန်မှာတောင် အဲ့ဟင်းတွေကို ထပ်စားချင်တယ်ဆိုပြီး ပြောမဆုံးဖြစ်နေတာ”

“ဒါပေမဲ့ ရှင်နဲ့ရှင့်အဖေက တူသားပဲနော် ရှင့်ကိုမြင်လိုက်တော့ သူ့မျက်နှာကိုတောင် မြင်ယောင်မိတယ်”

ထိုသက်လတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ အမေကလည်းပြောတယ် ကျွန်တော်က အဖေနဲ့ချွတ်စွတ်တူတယ်ဆိုပြီး၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မျက်နှာအသွင်အပြင်ပေါ့၊ ကျွန်တော်နဲ့အဖေ့မှာ မျက်နှာက လေးထောင့်ကျနေတယ်လေ”

သူသည်ထိုသို့ပြောနေရင်း သူ့ဘေးနားက အသက်ကြီးပေမဲ့ မပျက်စီးသော အလှတရားကို ပိုင်ဆိုင်ထားသော အမျိုးသမီးအိုကြီးနှင့် မိတ်ဆက်ပေးခဲ့သည်။ “ဒီဖက်က ကျွန်တော့်အမေပါ”

တင်းရှသည် ထိုင်ခုံနှစ်လုံးကို အမြန်ယူလာလိုက်ပြီး “ကျေးဇူးပြု၍ ထိုင်ပါဦးနော် ဟင်းပွဲတွေအမြန်ဆုံးရအောင် လုပ်ခိုင်းထားလိုက်ပါ့မယ်”

ရှောင်ကျွင်းသည် နောက်ဖက်တွင် သိပ်မသုံးဖြစ်သော အိုးများကို ထုတ်ပိုးနေသည်။ တင်းရှဝင်လာသည်ကို မြင်ပြီး မေးလိုက်သည်မှာ-“တစ်ယောက်ယောက် ရောက်နေလို့လား”

“ဟုတ်တယ် အရင်တစ်ခေါက်က လာသွားတဲ့အဖိုးရဲ့ မိသားစုပဲ သူတို့က အရင်တစ်ခေါက်မှာသွားတဲ့ ဟင်းပွဲသုံးပွဲစလုံး လိုချင်လို့တဲ့ ရှင်လုပ်လို့ပြီးရင် ထုတ်ပိုးပြီး ယူလာခဲ့နော်” တင်းရှသည် ချွေးသုတ်ရင်းပြောနေလေသည်။ “ခဏနားဦး နောက်မှသိမ်းတာလုပ် အဲ့ဒါကအလျင်မလိုဘူး”

ရှောင်ကျွင်းသည် ခေါင်းညိတ်ပြီး မတ်တပ်ထရပ်ကာ ရေတစ်ခွက်အဝသောက်လိုက်သည်။ “ဘာလုပ်ရမလဲသာပြောလိုက်”

အမျိုးသမီးအိုကြီးသည် အခန်းအပြင်အဆင်ကို ချီးကျူးနေလေသည်။ “မင်းဆိုင်လေးက သေချာပြင်ဆင်ထားတာပဲ တခြားဆိုင်တွေနဲ့မတူဘူး ညစ်ပတ်ပြီး မှောင်မှောင်မဲမဲလည်း ဖြစ်မနေဘူး အဲ့လိုညစ်ပတ်ပြီး မှောင်မဲနေမယ်ဆို ထိုင်စားရတာ အဆင်မပြေဘူး”

သက်လတ်ပိုင်းအမျိုးသားက အလျင်အမြန်ပင် တိုးတိုးလေးပြောလိုက်သည်။ “အမေ့!”

အမျိုးသမီးအိုလည်း အားနာသွားသည့်ပုံဖြင့် ပြုံးပြလိုက်ပြီး “ဆောရီးနော် ဒီတိုင်းဒီဆိုင်လေးကို သဘောကျလို့ ပြောမိသွားတာပါ”

တင်းရှသည် ခေါင်းခါပြပြီး “မဟုတ်တာရှင်၊ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဒါနဲ့အဖိုးရော ဒီနေ့ဘာလို့မလိုက်လာတာလဲ”

သက်လတ်ပိုင်းအမျိုးသားမျက်နှာမှာ လွမ်းဆွတ်နေသလိုဖြစ်သွားပြီး အမျိုးသမီးအိုကြီးကတော့ ပြုံးပြနေသည်။ “သူလာလို့မရတော့ဘူး”

တင်းရှသည် နားမလည်နိုင်ဖြစ်သွားသည်။

သက်လတ်ပိုင်းအမျိုးသားသည် စကားဝင်ပြောလိုက်သည်။ “ကျွန်တော့်အဖေက အသက်ကြီးပြီလေ၊ နေမကောင်းဖြစ်ပြီး ဆုံးသွားတယ် ကျွန်တော်တို့တွေ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ အသုဘချလိုက်ကြတယ်”

တင်းရှသည် ခဏမျှ ငြိမ်သက်သွားပြီး ထိုစကားကို ယုံကြည့်ဖို့ ခက်ခဲနေသည်။

သူမသည် အဖိုးက ပဲငံပြာရည် ခေါက်ဆွဲကြော်ကို ပျော်ရွှင်စွာ စားသောက်နေပုံကို ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ အဖိုးက ဖျက်လတ်ပြီး ချစ်ဖို့ကောင်းသည်။ ဘယ်လိုဖြစ်ပြီး ဆုံးသွားမှန်း နားမလည်နိုင်တော့ချေ။

“အာ...အဖိုးဆုံးသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်”

“ရပါတယ် အဖွားတို့နှစ်ယောက်စလုံးက ၇၀ကျော်ပြီလေ ကြာကြာလည်း နေခဲ့ရပြီး အများကြီးလည်း ကြုံတွေ့ရပြီးပြီဆိုတော့ လုံလောက်ပါပြီ” ဟုအမျိုးသမီးအိုကြီးမှာ ရွှင်ပြုံးပြီးပြောနေလေသည်။

“သမီးသိတဲ့အတိုင်း လူတွေက တစ်နေ့သေရမှာပဲ ဆက်ပြီးအသက်ရှင်နေရင် မကောင်းဆိုးဝါးအိုကြီးတွေပဲ ဖြစ်လာမှာ ဟုတ်တယ်မလား”

“နည်းနည်းနောင်တရမိသလိုတော့ဖြစ်မိတယ်”

“ဘာကို နောင်တရတာလဲ” တင်းရှက မေးလိုက်သည်။

“အဖွားက တောင်ပိုင်းက လာခဲ့တယ်၊ အဖိုးကတော့ မြောက်ပိုင်းကပေါ့။ တူညီတဲ့စားစရာကို တစ်ခါမှ အတူတူမစားခဲ့ဖူးဘူး။ သူကလည်း သူ့ရဲ့ ဝက်သားပြုတ်ကြော်ကို စားတယ် အဖွားကလည်း အဖွားရဲ့ဖက်ထုပ်သေးသေးလေးတွေကို စားတယ် ဒါနဲ့ပဲ အဖွားတို့တစ်သက်လုံး စကားများ အငြင်းပွားရင်း နေခဲ့ကြတယ်လေ အဲ့ဒါက ဆန်းကြယ်မနေဘူးလား”

အမှတ်တရများကို ပြန်လည်သတိရနေသော အပြုံးလေးသည် အမျိုးသမီအိုကြီး၏ နှုတ်ခမ်းတွင် ပေါ်လာခဲ့သည်။ “သူကပြောသေးတယ် အဖွားက စားစရာအရသာ အသစ်တွေကို စားနိုင်မှာမဟုတ်ဘူးဆိုပြီး အဖွားအတွက် ဖက်ထုပ်တွေ နေ့တိုင်းလုပ်ပေးတယ် သူ့တစ်ဘဝလုံး တောင်ပိုင်းစားစရာတွေကို ချက်ရင်း ကုန်ဆုံးခဲ့တယ်လေ”

“ကျွန်တော့်အမေက အိမ်ပိုင်ရှင်မိသားစုက အမျိုးသမီးငယ်လေးပေါ့ ပြီးတော့ အဖေက မီးဖိုချောင်အကူဖြစ်ခဲ့တယ်” သက်လတ်ပိုင်းအမျိုးသားက ထိုအကြောင်းအရာကို အရင်က ခဏခဏပြောဖူးသောပုံစံဖြင့် ရှင်းပြနေသည်။

“အဖေကသူ့တစ်ဘဝလုံး အိမ်မှာပဲ ဟင်းချက်ခဲ့တာ အဖေက ဘယ်ရိုးရာဟင်းလျာပဲဖြစ်ဖြစ် ချက်တတ်တယ်”

တင်းရှသည် ထိုပုံရိပ်ကို စိတ်ကူးကြည့်ရင်း မပြုံးပဲမနေနိုင်ပေ။

“ဒီဆိုင်ကိုရောက်တော့ သူ့တစ်ဘဝလုံးပြောဖူးခဲ့တဲ့ ပေကျင်းအစားအစာကို မြည်းစမ်းခွင့်ရလိမ့်မယ်လို့ မထင်ထားဘူး” အမျိုးသမီးအိုကြီးသည် နောင်တရသွားသဖြင့် သက်ပြင်းချခဲ့သည်။

“သူအဲ့ဒီ့နေ့က အိမ်ပြန်လာတာကို သတိရမိသေးတယ် သူအရမ်းပျော်ပြီး သီချင်းတွေညည်းနေတာဆိုတာ သူအဲ့လို သီချင်းမညည်းတာ တော်တော်ကြာခဲ့ပြီလေ သီချင်းလေးညည်းရင်း ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေခဲ့တယ် သူကပြောသေးတယ် အရသာအရမ်းရှိတဲ့ ပဲငံပြာရည်ခေါက်ဆွဲကြော်ကို စားခဲ့ရလို့တဲ့ အဖွားကိုလည်း အဲ့ဆိုင်ကို ခေါ်သွားပြီး မြည်းစမ်းခိုင်းမယ်တဲ့”

“နှမြောစရာကောင်းလိုက်တာ...” အမျိုးသမီးအိုကြီးသည် လက်ကောက်ဝတ်တွင် ဝတ်ထားသော လက်ကောက်ကို ကိုင်ရင်း လွမ်းဆွေးစွာ ပြောနေခဲ့သည်။ “အဖွားမှာ သူနဲ့အတူတူ အဲ့လိုမြည်းစမ်းခွင့်တောင် မရလိုက်ဘူး...”

သက်လတ်ပိုင်းအမျိုးသားလည်း သူမနှင့်အတူ သက်ပြင်းချလိုက်သည်။

ပတ်ဝန်းကျင်အခြေအနေသည် ထိုလူတို့၏ လွမ်းဆွတ်တမ်းတမှု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။

ရှင်သန်ရာဘဝသည် လှပသလောက် ကျိုးပဲ့လွယ်သော အရာဖြစ်သည်။ လူတစ်ယောက်သည် ဆုံးပါးသွားပေမဲ့လည်း ထိုလူနှင့်ပက်သက်သော ခံစားချက်မှာ ကျန်ရစ်နေတတ်သည်။

ရှောင်ကျွင်းသည် ပဲငံပြာရည်အချိုထဲနှစ်ထားသော ဝက်သားပြားဟင်းပွဲကို သေသပ်စွာ ထုတ်ပိုးထားပြီး ယူလာလေသည်။

သူသည် စားပွဲပေါ်တွင် ချလိုက်ကာ တင်းရှကို လှမ်းကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး” တင်းရှသည် သူ့ကိုကြည့်ပြီး နှုတ်ခမ်းလေးမစူပဲမနေနိုင်ဖြစ်ပြီး ညုတုတုအမူအရာလေး လည်းလုပ်ပြလိုက်သေးသည်။

ရှောင်ကျွင်းသည် သူမပါးလေးကို ဆွဲဆိတ်ရန် လက်လှမ်းလိုက်သည်။ “လိမ္မာလိုက်တဲ့ ကောင်မလေး”

ထို့နောက် သူသည် နောက်လှည့်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ သစ်သီးဖျော်ရည်တစ်ခွက်ကို ယူလာခဲ့သည် “ဒါလေးသောက်ဖို့လည်း သတိရဦး”

အမျိုးသမီးအိုကြီးသည် တင်းရှကို ချစ်စဖွယ် မျက်လုံးဖြင့် ကြည့်နေခဲ့သည် “မင်းတို့ လူငယ်စုံတွဲလေးက အခြေအနေကောင်းပုံရတယ် ခုမှလက်ထပ်ခါစလား”

“ကလေးက နှစ်လသားပဲရှိသေးတယ်” တင်းရှသည် သူမအနောက်ဖက်ရှိအခန်းကို လက်ညှိုးထိုးပြလိုက်သည်။ “အဲ့ထဲမှာ အိပ်နေတာလေ”

အမျိုးသမီးအိုကြီး၏ အမူအရာသည် ပို၍ကြည်နူးဖွယ်ဖြစ်လာခဲ့ပြီး သက်ပြင်းချလိုက်သည်။ “အံ့သြစရာကောင်းလိုက်တာ...”

ရှောင်ကျွင်းသည် ဆန်ခေါက်ဆွဲကို အသားဖြင့် ပေါင်းနေပြီး ဒရင်းပန်ကိတ်ကို လုပ်ဖို့ပြင်ဆင်နေသည်။

ဒရင်းပန်ကိတ်သည် ပေကျင်းရိုးရာစားစရာတစ်ခုပင်ဖြစ်သည်။ ဒဏ္ဍာရီအရ ဖွားတော် မိဖုရားကြီး ရှီရှီသည် အသားကို စင်းကောတိုက်ပြီး ထည့်ထားသော ပန်ကိတ်များကို စားရကြောင်း အိပ်မက်မက်ဖူးလေသည်။ သူမနိုးလာသောအခါ ထိုပန်ကိတ်များကို စားလိုက်ရသဖြင့် အိပ်မက်တွေ ဖြည့်ဆည်းပေးတဲ့ အိမ်မက်ပန်ကိတ်(ဒရင်းပန်ကိတ်)ဟူ၍ နာမည်ပေးခဲ့လေသည်။

သူသည် ခပ်မာမာမုန့်ပြားကို ပြုလုပ်ရန်အတွက် အလတ်တန်းစား ဂလူတင်ပါသော ဂျုံမှုန့်နှင့်သကြားကို တဆေးနှင့်ရောလိုက်သည်။ သူသည် သေးငယ်သော မုန့်လုံးများလုပ်ပြီး ဆီသုတ်ကာ ဘေးတွင်ထားထားလိုက်သည်။ ထို့နောက် ပုံမှန်ဆိုဒ်မုန့်လုံးများအဖြစ်လုပ်လိုက်သည်။

မုန့်လုံးများကို လုပ်ပြီးနောက် ဆီသုတ်ထားသော မုန့်လုံးငယ်များကို အထဲတွင် ထည့်ပြီးပိတ်ထားခဲ့သည်။

သူသည် အပေါ်မှ အဆီအနှစ်တစ်ချို့ကို သုတ်ပြီး နှမ်းများဖြူးလိုက်သည်။ လက်ဖဝါးတစ်ဝက်စာ အရွယ်ရှိသော ထူပြီးသေးငယ်သော ပန်ကိတ်များဖြစ်အောင် ဖိချလိုက်သည်။ အချဉ်ဖောက်အောင် နံဘေး၌ ထားကာ နှပ်ထားလိုက်သည်။

ဆိုဒ်သည် နှစ်ဆဖြစ်လာသောအခါ မုန့်ဖုတ်စက်ထဲထည့်ပြီး မိနစ်၅၀ခန့် ဖုတ်ခဲ့သည်။ ရရှိလာသောအရာများမှာ ရနံ့များမွှေးပျံ့နေသော ပန်ကိတ်သေးသေးလေးများ ဖြစ်ပေသည်။

သူသည် ဒယ်ပြားကို အပူပေးကာ ဆီထည့်ပြီး စင်းကောတိုက်ထားသော အသားများကို ဖြူသွားသည်အထိ မွှေနေပါသည်။ အသားသည် ကြွပ်ဆတ်လာသောအခါ လှီးထားသော သစ်အယ်သီးနှင့် စင်းကောတိုက်ထားသော ဂျင်းကို ဒယ်ပြားထဲပစ်ထည့်ပြီး ဝိုင်၊ ပဲငံပြာရည်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ကို အရသာရှိအောင် ထည့်လိုက်သည်။ အနည်းငယ်မွှေပြီးနောက် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်နေပေသည်။

နောက်ဆုံးတွင် တခြားအိုးတွင် တည်ထားသော အသားနှင့် ဆန်ခေါက်ဆွဲလည်း အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။

ရှောင်ကျွင်းသည် ဟင်းပွဲနှစ်ပွဲစလုံးကို ထုတ်ပိုးပြီး ယူလာသည်။ အမျိုးသမီးအိုကြီးသည် ပဲငံပြာရည်အချိုထဲနှစ်ထားသော ဝက်သားပြားဟင်းပွဲကို ငေးကြည့်ရင်း အတွေးထဲ နစ်မြောနေသည်။

သူမသည် ထိုအရသာရှိသော ဟင်းပွဲကို ပျော်ရွှင်စွာ စားသောက်နေခဲ့သော အဖိုးအိုအကြောင်းတွေးကောင်း တွေးနေလိမ့်မည်။

သက်လတ်ပိုင်းအမျိုးသားသည် ဟင်းပွဲများအတွက် ပိုက်ဆံရှင်းရင်း တုန်တုန်ရီရီဖြစ်နေသော သူ့အမေကို တွဲခေါ်ကာ အိမ်ပြန်သွားခဲ့သည်။

ရှောင်ကျွင်းသည် သူတို့ထွက်သွားသည်ကို တံခါးတွင် အကြာကြီး ရပ်ကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်မှာ “ကိုယ်တို့လည်း အတူတူသေကြမယ်နော် တစ်ယောက်ကို တစ်ယောက်မထားခဲ့ကြေး”

“ဖတ် ဖတ် ဖတ် လွဲပါစေ ချော်ပါစေ ဒီနှစ်တောင်မကုန်သေးဘူး ဘယ်လိုဖြစ်နေတာလဲ!” တင်းရှသည် သူမလက်ကို မြှောက်ပြီး သူ့ကို ပိတ်ရိုက်လိုက်သည်။

“ပေါက်ကရတွေ လျှောက်ပြောနေတယ်”

သို့သော် ရှောင်ကျွင်းမှာ အလေးအနက်ထားပြီး ပြောနေခဲ့သည်။ “ကိုယ်တကယ်ပြောနေတာ”

“ကိုယ်တို့အတူတူ သေကြမယ် မင်းကိုတစ်ယောက်တည်း ဒီကမ္ဘာပေါ်မှာ မထားခဲ့ချင်ဘူး ပြီးတော့ ကိုယ်တစ်ယောက်တည်းလည်း မနေခဲ့ချင်ဘူး”

တင်းရှသည် ထိုစကားများကြောင့် ရင်ဖိုသွားပြီး ခြေဖျားထောက်ကာ ရှောင်ကျွင်းခေါင်းကို ထိကိုင်ရင်း “ဟုတ်ပါပြီ ကျွန်မအဲ့လိုဖြစ်အောင် ကြိုးစားပါ့မယ်”

“ဆိုရိုးစကားတစ်ခုရှိတယ်လေ တစ်ဘဝလုံး အိပ်ရင်လည်း အိပ်ရာအတူတူ သေရင်လည်း အုတ်ဂူအတူတူ ဆိုတာမျိုးပေါ့” ရှောင်ကျွင်းသည် တင်းရှ၏ ပို၍ သေးသွယ်လာသော ခါးလေးကို သိုင်းဖက်လိုက်သည် “ဒီဘဝမှာ ကိုယ်က မင်းနှင့်အတူရှိနေမှာပါ အိပ်ရာရော အုတ်ဂူရော အတူတူမျှဝေပြီးတော့ပေါ့”

တင်းရှသည် ပြုံးလိုက်ပြီး သူမလက်သန်းလေးကို ထုတ်လိုက်သည်။ “ဒါဆို ကတိပေး”

ရှောင်ကျွင်းသည် သူမလက်သန်းလေးကို သူလက်သန်းနှင့် ချိတ်ပြီး ကတိကဝတ်ပြုလိုက်သည်။ “ကတိပေးတယ်”

တင်းရှသည် သူမကိုယ်သူမ တစ်ခုခုကို မေ့နေကြောင်း ခံစားလိုက်ရပြီး ခေါင်းကုတ်လိုက်သည်။ “ကိုယ်ဝန်ဆောင်သည်တွေက မေ့တတ်တယ်တဲ့ ကျွန်မပိုပြီး မေ့တတ်လာသလိုပဲ...”

ရှောင်ကျွင်းသည် သူ့မျက်ခုံးကို ပင့်တင်ပြီး သူမကိုကြည့်၍ နက်နဲစွာ စဉ်းစားနေခဲ့သည်။

ရုတ်တရက် တင်းရှသည် သူမနှဖူးကို ရိုက်လိုက်ပြီး “ဖျင်အန်းလေး! ကျွန်မ ဖျင်အန်းလေးကို မေ့သွားတယ်!”

သူမသည် လေပွေလို လျင်မြန်စွာ အခန်းထဲသို့ ပြေးသွားသည်။ ဖျင်အန်းလေးမှာ နိုးနေပြီဖြစ်သည်။ မျက်ရည်လေးများဝဲကာ တံခါးဝကိုကြည့်နေသည်။

တင်းရှသည် သူလေးကို အမြန်ကောက်ချီပြီး ချော့နေသည် “လိမ္မာတဲ့ ကလေးလေး... မေမေက သီချင်း ဆိုပြမှာပေါ့...”

ဖျင်အန်းလေးသည် မျက်ရည်လေးများဝဲကာ တင်းရှ နားမလည်နိုင်သော ဂူးဂူးဂါးဂါးအသံများထွက်ကာ စကားပြောနေခဲ့သည်။

ကံကောင်းစွာနှင့်ပင် ဖျင်အန်းလေးကို ချော့ရလွယ်ခဲ့သည်။ မေမေသည် သူ့ကို တစ်ခဏမျှ မေ့သွားသော်လည်း ဖျင်အန်းလေးသည် ချစ်ခြင်းများပြည့်နေသော မျက်လုံးများဖြင့် ကြည့်ပြီး ပြုံးနေသည်။

ထိုအချိန်တွင် ရှောင်ကျွင်းသည် သူနှင့်အတူယူသွားရန် ပစ္စည်းများကို ထုတ်ပိုးနေခဲ့သည်။

ခဏအကြာတွင် သက်လတ်ပိုင်းအမျိုးသားသည် နောက်တစ်ခေါက် ပြန်လာခဲ့သည်။

“ဟယ်လို တစ်ခုခုများ လိုအပ်လို့လား” ရှောင်ကျွင်းသည် နားမလည်သည့်ပုံဖြင့် မေးလိုက်သည်။

“ကျွန်တော့် အဖေနဲ့ ပက်သတ်တဲ့ဟာပါ” သက်လတ်ပိုင်းအမျိုးသားသည် ဂရုတစိုက်သိမ်းထားသော စာအုပ်ကို ထုတ်ယူလိုက်သည်။ “ကျွန်တော် ဒီစာအုပ်လေးကို လက်ဆောင်အဖြစ် ပေးချင်လို့ပါ”

All Chapters