အခန်း (၃၆)
Vol. 3 Ch. 36
“ဟင်းချက်နည်းစာအုပ်?”
ရှောင်ကျွင်းသည် အံ့အားသင့်စွာကြည့်ကာ ထိုစာအုပ်ကို မယူခဲ့ပေ။
“ကျွန်တော်တို့ ဆိုင်ထဲမှာ စကားပြောလို့ရမလား ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ” ဟု သက်လတ်ပိုင်းအမျိုးသားက အနည်းငယ် လွမ်းဆွေးနေပုံဖြင့် ပြောခဲ့သည်။
“ရတာပေါ့” ရှောင်ကျွင်းက ထိုအမျိုးသားကို ဆိုင်ထဲဝင်ရန် ကြိုဆိုလိုက်သည်။
“ကျွန်တော်က ဝမ်ဇောင်ရန်ပါ။ ကျွန်တော့်အဖေနာမည်က ဝမ်ဟိုင်ပါ၊ သူက ရှန်ဒုန်ဟင်းလျာစစ်စစ်ရဲ့ အဋ္ဌမမြောက်မျိုးဆက်ပဲ။ ဒီဟင်းချက်စာအုပ်က သူ့ရဲ့ နှစ်ပေါင်းများစွာ သင်ယူခဲ့မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို စိတ်အားထက်သန်စွာနဲ့ ရေးထားတဲ့ အထွတ်အထိပ်စာအုပ်ပဲ”
ရှောင်ကျွင်း၏ အမူအရာမှာ လေးနက်သွားသည် ။ သူသည် ဝမ်ဟိုင်၏ နာမည်ကို အရင်က ကြားဖူးသော်လည်း လူချင်းမတွေ့ဖူးပေ။ ဝမ်ဟိုင်သည် သူ၏ ခံတွင်းတွေ့စေသော အသားဟင်းများနှင့် ပေကျင်းစတိုင် ဟင်းလျာများအတွက် လူသိများ ကျော်ကြားသော အဖိုးအို ဖြစ်သည်။
“ဒီဟင်းချက်နည်းစာအုပ်ကို ကျွန်တော်မယူပါရစေနဲ့” ရှောင်ကျွင်းက ခေါင်းခါပြလိုက်သည်။ ထိုသို့အဖိုးတန်ပစ္စည်းသည် စားသောက်ဆိုင်တိုင်းအတွက် ရတနာတစ်ခု ဖြစ်ပေသည်။
ဝမ်ဇောင်ရန်က ပြုံးလိုက်သည်။ “ခဏနေပါဦး ကျွန်တော်ရှင်းပြပါရစေ”
“ကျွန်တော့်ရဲ့ခေါင်းမာတဲ့သားက အဖေ့ရဲ့ ဟင်းချက်နည်းတွေကို သင်ဖို့ ငြင်းပြီး အနောက်တိုင်း အစားအစာတွေကိုပဲ သင်ချင်တာမိုလို့ မကြာသေးခင်က အဖေနဲ့ ကျွန်တော်တို့ မိသားစု သဘောထားကွဲလွဲခဲ့ကြတယ်။ အဲဒါကြောင့် အဖေ့ရဲ့ နှလုံးသားကို ကြေကွဲသွားစေခဲ့တယ်။ အဲ့ဒါနဲ့ သူလည်း ခဏပြေးထွက်သွားပြီး ခင်ဗျားတို့အိမ်ကို ရောက်လာတော့တာပဲ”
“အဖေအိမ်ပြန်ရောက်တော့ သက်ပြင်းချပြီး ကလေးက မသင်ချင်ဘူးဆိုရင် အတင်းအကြပ် မလုပ်ခိုင်းတော့ပါဘူးတဲ့၊ ဒါပေမဲ့ နောင်တရမိတယ်”
ဝမ်ဇောင်ရန်သည် ရှောင်ကျွင်းကို မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ကျွန်တော်က အဖေ့ဆီက ဟင်းချက်နည်းကို သင်ယူဖူးပေမဲ့ ဒီလိုနယ်ပယ်မှာ ကျွန်တော် မကျွမ်းကျင်ပါဘူး။ ဟင်းချက်နည်းစာအုပ်ကို ရေးထားတဲ့အတိုင်းသာ ဂရုတစိုက်လိုက်လုပ်မှ ဟင်းတစ်ပွဲချင်းစီကို သေသေချာချာ ချက်နိုင်တာပါ။ မသိသေးတဲ့ သူတွေအတွက်တော့ အရသာရှိပေမဲ့ ကျွမ်းကျင်သူတွေကတော့ အရသာမှာ ဆန်းသစ်တီထွင်မှု ရှိမနေတာကို သိကြလိမ့်မယ်”
“အရသာတွေရဲ့ သိမ်မွေ့တဲ့ ကွဲပြားတဲ့ဟာကို ကျွန်တော် မပိုင်းခြားတတ်ဘူး၊ ပြီးတော့ ဟင်းလျာတွေကို ပိုကောင်းအောင်လုပ်ဖို့ ပါဝင်ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်နည်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး။ အဲဒါက ကျွန်တော် တက်ကျွမ်းတဲ့အရာမှ မဟုတ်တာ”
“ကျွန်တော့်မိသားစုရဲ့ စားသောက်ဆိုင်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပေမဲ့ ဝမ်မိသားစုရဲ့ ဟင်းလျာအမွေအနှစ်ကိုတော့ ကျွန်တော် ဆက်ပြီးထိန်းထားနိုင်စွမ်းမရှိဘူး”
ဝမ်ဇောင်ရန်သည် သူ့လက်ထဲက ဟင်းချက်နည်းစာအုပ်ကို ညင်သာစွာ ကိုင်လိုက်သည်။ “ဒီစာအုပ်ကို ဖုန်တက်ခံမဲ့အစား ခင်ဗျား ဟင်းချက်နည်းတွေကို ပိုကောင်းအောင် ဆက်လုပ်နိုင်ဖို့ ကျွန်တော်ပေးချင်ပါတယ်။"
“တစ်ဘဝလုံး မြှုပ်နှံထားတဲ့ ဟင်းချက်နည်းစာအုပ်က နေရာမှန်တစ်ခုကို ရှာတွေ့ခဲ့တဲ့အတွက် အဖေလည်း ဝမ်းသာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကအဖေ့အတွက် အခုချိန်ကစပြီး နှစ်တစ်ရာတိုင်အောင် တည်တံ့နေမဲ့ ကျွန်တော့်ရဲ့ ဂုဏ်ပြုနည်းပဲ”
ရှောင်ကျွင်းသည် ဟင်းချက်နည်းစာအုပ်ကို တစ်ဖန်ပြန်ကြည့်ကာ တမူထူးခြားနေသလို ခံစားလိုက်ရသည်။ ဟင်းချက်နည်း စာအုပ်တစ်အုပ်မျှသာမဟုတ်၊ လေးနက်သောအမြင်နှင့် အပ်နှင်းထားသောတာဝန်ကို ထမ်းဆောင်ထားပေသည်။
သူက “ဝမ်မိသားစုရဲ့ ဟင်းလျာတွေကို အရှက်မကွဲစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော့်လက်နဲ့ ချက်ထားတဲ့ ဟင်းလျာတိုင်းဟာ ဝမ်တွေရဲ့ ဟင်းလျာနာမည်နဲ့ ထိုက်တန်စေလိမ့်မယ်”
ဝမ်ဇောင်ရန်က တုံ့ဆိုင်းစွာဖြင့် သူ့ကိုကြည့်ကာ ဟင်းချက်နည်းစာအုပ်ကို ရှောင်ကျွင်းအား ပေးလိုက်သည်။
“ကျွန်တော့်အမေကလည်း အရသာရှိတယ်လို့ ပြောပါတယ်” ဟု ဝမ်ဇောင်ရန်က သူ့အမေကြောင်း တွေးမိပြီး နူးညံ့စွာပြုံးကာ “ခင်ဗျား ဘယ်တော့ဆိုင်ကို သေချာပြန်ဖွင့်မှာလဲ၊ ကျွန်တော့်အမေကို ဒီမှာ ထမင်းစားဖို့ ခေါ်လာချင်လို့”
“ရှန်ဟိုင်းဒေသခံဟင်းလျာ ချက်နည်းကို ခင်ဗျားသိလား။ ကျွန်တော့်အမေက ရှန်ဟိုင်းကပါ၊ ဒါပေမဲ့ သူ့မှာ ဒေသစာစစ်စစ်ကို မစားဖြစ်တာ ကြာပြီ။ အဲ့ဒါကြောင့် သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်”
ရှောင်ကျွင်းသည် ခဏလောက် စဉ်းစားပြီး “ကျွန်တော်တို့ မှာ လတ်ဆတ်တဲ့ ပင်လယ်သခွားသီးကို သေချာပြင်ဆင်ထားမယ်။ နွေဦးမျှစ်ဆို့တွေလည်း အခုချိန်ဆို ရနေလောက်ပြီ”
ဝမ်ဇောင်ရန်သည် အလွန်ဝမ်းသာသွားခဲ့သည်။ “အမေက လတ်ဆတ်တဲ့ ပင်လယ်သခွားသီးဆို အရမ်းကြိုက်တာ”
ရှောင်ကျွင်းသည် ဆိုင်နေရာပြောင်းမည့် လိပ်စာအသစ်ကို ပြောပြလိုက်ပြီး ထိုလူထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။
အဖိုးမဖြတ်နိုင်သော ဟင်းချက်နည်းစာအုပ်ကို ကိုင်ရင်း ပြန်လာသောအခါ သက်ပြင်းတစ်ချက်ချမိပြန်သည်။
“ဘာဖြစ်လို့လဲ၊ ဘာလို့ စိတ်ပျက်နေတဲ့ပုံပေါက်နေတာလဲ” တင်းရှသည် ဖျင်အန်းလေးကို ချီရင်း သူ့အနားရောက်လာသည်။
“ဒီကိုလာပါဦး၊ ဖျင်အန်းလေး ဖေဖေ့ကို ပြုံးပြပါဦး”
ဖျင်အန်းလေးက သူပြောသည်ကို နားလည်ပုံမပေါ်ပေမဲ့လည်း နာခံတတ်စွာ ပြုံးပြခဲ့သည်။
ရှောင်ကျွင်းက ဝေဇောင်ရှန်၏ အခြေအနေအကြောင်း တင်းရှကို ပြောပြခဲ့ပြီး နောက်ဆုံးမှာ ပြောလိုက်သည်မှာ “တကယ်ပါပဲ...”
သူသည် အချိန်အတော်ကြာအောင် တွေးထားသော်လည်း ဘာပြောရမှန်းကို မသိသဖြင့် သက်ပြင်းချမိသည်။
တင်းရှသည် ဟင်းချက်နည်းစာအုပ်ကို အောက်ချလိုက်ပြီး “ဟိုမှာလည်း ပြန်မွမ်းမံတာတွေ လုပ်နေပြီဆိုတော့ အဖိုးဝမ်ရဲ့ ဟင်းပွဲတွေကို ကဏ္ဍတစ်ခုအနေနဲ့ သီးသန့်စာရင်းလုပ်ပေးပြီး ‘ဝမ်မိသားစု ဟင်းလျာ’ လို့ခေါ်ကြမယ်လေ၊ ဘယ်လိုလဲ”
“ကိုယ်လည်းပဲ အဲ့လိုတွေးနေတာ” ဟု ရှောင်ကျွင်းက ပြောလိုက်ပြီး တင်းရှ၏ လက်မောင်းမှာ ကလေးကို ချီထား၍ နာကျင်သွားမည်ကို စိုးရိမ်သောကြောင့် ဖျင်အန်းလေးကို သူမအစား ချီလိုက်သည်။
“ဟိုက အိမ်ပိုင်ရှင်က တော်တော် ပြောရဆိုရကောင်းတယ်။ အိမ်ရဲ့ တည်နေရာနဲ့ အကျယ်အဝန်းဆိုရင်လည်း အခုဆို ပိုကောင်းသွားပြီ။ အဆင်ပြေမယ်ဆိုရင် ပိုက်ဆံ အလုံအလောက် စုပြီး တဖြေးဖြေး ဝယ်လာနိုင်မယ်ထင်တယ်။ ကိုယ်အဲ့လို ပြောကြည့်တော့ အိမ်ပိုင်ရှင်က သဘောတူတယ်ပြောတယ်”
“ဒီလိုဆို ကိုယ်တို့ ပြန်ပြီးမွမ်းမံဖို့ စဉ်းစားလို့ရပြီ။ ဒီကပ်ရောဂါကိုလည်း တဖြေးဖြေး ထိန်းချုပ်လာနိုင်ပြီလေ။ နောက်ရက်တွေမှာ ဒီဇိုင်နာတစ်ယောက်နဲ့ ချိန်းပြီး ဒီဇိုင်းနဲ့ အလှဆင်ဖို့အတွက် ပြောကြည့်ဦးမယ် မင်း ဘယ်လို သဘောရလဲ”
“ဒါပေါ့၊ အဲဒီအကြံ အရမ်းကောင်းတယ်!" တင်းရှမှာ တော်တော်ပျော်သွားသည်။
အိမ်ဝယ်ပြီး အခြေချနေထိုင်သောအခါတွင် တရုတ်လူမျိုးများအားလုံးသည် တည်ငြိမ်မှုရှိပြီး ပိုင်ဆိုင်မှုများလည်း ရှိကောင်းရှိနိုင်သည်။
တင်းရှမှာ ခြွင်းချက်အနေနှင့် ဝင်ပြောစရာမရှိပေ။ သူမသည် စကားပြောနေရင်းနှင့် ဖုန်းကိုထုတ်ပြီး အလှဆင်ဖို့အတွက် အကြံဉာဏ်များကို စတင်ရှာဖွေလေသည်။
“ကျွန်မတို့ ဘယ်စတိုင်နဲ့ပဲဖြစ်ဖြစ် အလှဆင်လို့ရလား” တင်းရှက မေးလိုက်သည်။
ရှောင်ကျွင်းက တိုတိုတုတ်တုတ်နှင့် ပြန်ဖြေလိုက်သည်။ “မင်း ကြိုက်သလို လုပ်လို့ရတယ်”
တင်းရှအကြိုက်ကသာ သူ့အကြိုက်ဖြစ်နေခဲ့သည်။
ရှောင်ကျွင်းအတွက် တင်းရှကို ရင်ဆိုင်ရသောအခါ “ဟုတ်တယ်” နှင့် “မဟုတ်ဘူး” ဟူ၍ နှစ်မျိုးသာရှိခဲ့သည်။
အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် တင်းရှသည် တရုတ်စတိုင်အတိုင်း အလှဆင်ရန် ဆုံးဖြတ်ခဲ့သည်။
သူမ ကြိုက်သော ဒီဇိုင်းကို သိမ်းဆည်းထားပြီး ရှောင်ကျွင်းက တွေ့ဆုံဖို့ စီစဉ်ထားသော ဒီဇိုင်နာကို ပြခဲ့သည် “ဒီလိုမျိုး လုပ်လို့ရမလား”
“ရတာပေါ့” ဟု ဒီဇိုင်နာက တစ်ချက်ကြည့်လိုက်ပြီး နားလည်သွားသည်။ “ဒါပေမဲ့ စျေးကွက်ထဲမှာ ရနိုင်တဲ့ ဒီလိုသစ်သားပရိဘောဂတွေက ရှင်တို့ရဲ့အကြိုက်နဲ့ကိုက်ညီမှာ မဟုတ်ဘူး”
“ရပါတယ်။ ဒီဇိုင်းကို အခြေခံပြီး စိတ်ကြိုက် ပြန်ပြင်လိုက်လို့ ရပါတယ်” ဟု တင်းရှက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ အန်ကယ်ဝေ၏ အလှတရားကို ခံစားနိုင်မှုနှင့် လက်မှုပညာကိုသာ သူမကျေနပ်နေသည်။
“ကောင်းပြီ၊ နောက်ရက်ပိုင်းလောက်ကျရင် အဲဒီမှာ ပြန်ပြီးမွမ်းမံဖို့ကို ကျွန်မ စလုပ်မယ်။ အပြီးသတ်ဖို့ လိုအပ်တာရှိရင်လည်း ဖုန်းဆက်လိုက်ပါ့မယ်” ဟု ထိုဒီဇိုင်နာသည် အလုပ်ကို ထိရောက်အောင် လုပ်တတ်ပြီး ပြတ်သားသော အသက်မွေးဝမ်းကြောင်း အလုပ်ကိုလုပ်နေသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အားလုံး ဆွေးနွေးပြီးမှသာ သူမ၏ အမူအရာ ပျော့ပြောင်းသွားတော့သည်။
“ကလေးက အသက်ဘယ်လောက်ရှိပြီလဲ၊ မကြာခင်ကမှ မွေးထားတာမလား”
“သုံးလပဲရှိပါသေးတယ်” ဟု တင်းရှက ပြုံးရင်း ပြောလိုက်သည်။
“အရမ်းချစ်ဖို့ကောင်းတာပဲ၊ ကျွန်မသမီး ဒီအရွယ်တုန်းကဆို မသိရင် သူ့အဖေဆုံးသွားသလို နေ့တိုင်းငိုနေတော့တာပဲ”
တင်းရှသည် ခဏငြိမ်သွားသည်။ ထိုသို့ ပုံဖော်ပြမှုကို သူမအနေနှင့် အခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
ဒီဇိုင်နာက သူမကို ရက်စက်စွာ ပြုံးပြလိုက်သည်။ “ကျွန်မရဲ့ ခင်ပွန်းဟောင်းက ကျွန်မကိုယ်ဝန်ရှိချိန်မှာ ဖောက်ပြန်ခဲ့တာလေ”
“အိုး...” တင်းရှသည် သူမကို ဘယ်လိုဖြေသိမ့်ပေးရမလဲမသိ ဖြစ်နေသည်။
“ရှင် ကျွန်မအတွက် ‘ဝမ်းနည်းကြောင်း’ ပြောလို့ရပါတယ်” ဟု ဒီဇိုင်နာက ရွှတ်နောက်နောက် မျက်စိမှိတ်ပြပြီး “ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် သူက သေဆုံးသွားခဲ့ပြီလေ”
တင်းရှသည် ရယ်မောသွားသည်။ ဤဒီဇိုင်နာသည် အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု သူမ ထင်နေခဲ့သည်။
သူမသည် ဂရုမစိုက်တတ်သည်သာမက အလှဆင်ခြင်းကိစ္စများကို ဆွေးနွေးနေသည့်တိုင် ရှောင်ကျွင်းနှင့် တင်းရှတို့နှင့် အကြည့်မဆုံအောင် နေခဲ့သည်။
ဒီဇိုင်နာ၏ စကားအရ မလိုလားသော ပြဿနာများကို ရှောင်ကြဉ်ရန်အတွက်ပင် ဖြစ်သည်။
ဒီဇိုင်နာသည် ကောင်းကင်ကို မော့ကြည့်ရင်း “နောက်ကျနေပြီ၊ အိမ်ဆောက်ပစ္စည်းတွေ သွားဝယ်ဖို့ ခရီးတိုသွားရဦးမယ်။ ဘယ်ဆိုင်တွေ အခုထိဖွင့်သေးလဲတော့ မသိသေးဘူး” ဟု ပြောလေသည်။
“ခဏနေပါဦး။ အရမ်းနောက်ကျနေပြီဆိုတော့ မသွားခင် ထမင်းသွားစားပါဦးလား” တင်းရှက သူမကို အမြန်တားလိုက်သည်။
ဒီဇိုင်နာသည် အစပိုင်းတွင် ငြင်းဆိုချင်သော်လည်း သူမ၏ဗိုက်က အော်ဟစ်ပြီး ဆန္ဒပြနေသောကြောင့် ဆက်ထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ “ဒါဆိုရင်လည်း ထမင်းအရင်စားလိုက်ပါ့မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလည်း ဗိုက်ဆာနေတာ” ဟု သူမက ပြောခဲ့သည်။
“ရှင် ဘာစားချင်လဲမသိဘူး” တင်းရှက သူမကို ဟင်းလျာစာရင်း ပေးလိုက်တယ်။
ဒီဇိုင်နာက တစ်ချက်ကြည့်လိုက်ပြီး ‘ဟင်းရည်ထဲက ခြစ်ထားတဲ့ ဟင်းသီးဟင်းရွက်’ လိုမျိုး ရိုးရိုးရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာ တစ်ခုခုပေါ့” ဟူ၍ ပြန်ပြောခဲ့သည်။
“ထမင်းတစ်ပန်းကန်ရော ယူဦးမလား”
“မယူဘူး၊ မယူဘူး၊ မယူဘူး” ဒီဇိုင်နာက လက်ဝှေ့ယမ်းပြီး “ကျန်းမာရေးအသိရှိတဲ့ မြို့ပြပညာရှင်တွေက ညဘက်မှာ ကာဗိုဟိုက်ဒရိတ်ကို မစားကြဘူး” ဟုပြောလိုက်သည်။
တင်းရှသည် ရယ်မောပြီး ဟင်းလျာစာရင်စားကို ရှောင်ကျွင်းဆီ ပေးလိုက်သည်။
‘ဟင်းရည်ထဲက ခြစ်ထားတဲ့ ဟင်းသီးဟင်းရွက်’ သည် တကယ်တော့ ဟွင်ရန်းဟင်းလျာမှ သက်သတ်လွတ်ဟင်းဖြစ်သည်။
မုန်လာဥဖြူ၊ မုန်လာဥနီနှင့် မုန်လာစိမ်းတို့ကို ပါးပါးလှီး ရေဆေးပြီး ဟင်းခတ်အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ထားသော ခရူရှန်ငါးကြင်းဟင်းရည်အိုးထဲသို့ လောင်းထည့်လိုက်သည်။
ဆယ်မိနစ်ခန့် ပေါင်းပြီးနောက်တွင် ကြက်ဥအကာအလွှာကို အပေါ်မှပါးပါးလေးအုပ်ပြီး စားသုံးရန် အဆင်သင့်ဖြစ်နေပြီပင်။
လတ်ဆတ်ပြီး အရသာရှိစေရုံသာမက ငါးဟင်းချို၏ရနံ့သည် စွဲမက်ဖွယ်ကောင်းပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိလှပါသည်။
ဒီဇိုင်နာသည် ပန်းကန်ပြားကို ပြောင်နေအောင် စားလိုက်ပြီး ဝမ်းဗိုက်ကို ပွတ်သပ်ကာ ပျော်ရွှင်စွာ အိမ်ဆောက်ပစ္စည်းဈေးဖက်သို့ ဦးတည်ထွက်သွားခဲ့သည်။
တင်းရှသည် ပရိဘောဂများ၏ဓါတ်ပုံအပုံလိုက်ကို ပြပြီး“ဒါတွေကို ကြည့်စမ်းပါဦး။ ကျွန်မတို့ မလိုတာနဲ့ ထပ်ထည့်ဖို့ လိုတာတွေ ရှိမရှိကို ကြည့်ပေးပါဦး။ အန်ကယ်ဝေကို နောက်နေ့ကျရင် ပေးလိုက်မလို့။ ဒီအပုံကြီးကိုတော့ ကိုင်တွယ်ဖို့ အချိန်တော်တော်ပေးရလိမ့်မယ်”
ရှောင်ကျွင်းသည် ယူကြည့်လိုက်ရာ အရင်ဆုံးသူ့မျက်စိကို ဖမ်းစားသွားသောအရာမှာ တင်းရှပြောဖူးသော အလွန်ကျယ်သော အိပ်ရာကြီးပင်ဖြစ်နေသည်။
နှစ်မီတာကျော် ကျယ်ပြီး မယုံနိုင်လောက်အောင် နေရာယူမည့် ပုံစံဖြစ်နေသည်။
မခံမရပ်နိုင်ဖြစ်သွားပြီး ရှောင်ကျွင်းသည် သူမဖုန်းကိုကိုင်ကြည့်ရင်း စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားပါလေတော့သည်။