← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

“ကြောင်မွေးမယ်” တင်းရှသည် သတိမမူမိပဲ ထပ်ခါတလဲလဲ ပြောနေသည်၊ “ကြောင်က ဘယ်နားမှာရှိလို့လဲ”

“အိမ်အသစ်မှာ ကြောင်လေးတစ်ကောင်ရှိတယ်” ရှေောင်ကျွင်းက ပြုံးရင်း “အိမ်ပိုင်ရှင်အမျိုးသမီးပြောတာတော့ ခြံထဲမှာ လောလောဆယ် ကြောင်မလေးတစ်ကောင် ဗိုက်ကြီးနေလို့တဲ့၊ ဗိုက်က ပိုပူလာပြီး ခြံထဲမှာ နေ့တိုင်းနေရောင်ခံဖို့ ထွက်လာတတ်တယ်၊ ကိုယ်တို့ပြောင်းတာနဲ့ အဲ့ကြောင်မလည်း ကြောင်ပေါက်လေးတွေ မွေးပြီးလောက်ပြီ”

“ကိုယ်တို့မွေးချင်တယ်ဆိုရင် အခုကိုယ်တို့ခေါ်ထားမှ တော်ကာကျမယ် နို့မို့ဆို အခန်းတွေ ပြန်မွမ်းမံဖို့ အလုပ်လုပ်တာက သူ့ကိုခြောက်သလို ဖြစ်နေဦးမယ်”

တင်းရှသည် တွန့်ဆုတ်မှုမရှိပဲ ပြောလိုက်သည်မှာ- “မွေးကြရအောင်လေ!”

နောက်ရက်ပိုင်းလောက်ကြာသောအခါ ရှောင်ကျွင်းသည် တုန်ရီနေသော ကြောင်အမေကြီးကို ခေါ်လာခဲ့သည်။ ထိုကြောင်အမေသည် လိပ်ခွံရောင်ကြောင်အမျိုးအစားဖြစ်သည်။

ထို့ကြောင့် အမျိုးအစားမှာ သူ့၏ အရောင်သည် လိပ်ခွံအရောင်ကဲ့သို့ အမည်းရောင် အဖြူရောင်နှင့် အညိုရောင်များ ရောထွေးနေသည်။ ထိုကြောင်မမှာ နူးညံ့သော ပုံပန်းသွင်ပြင်ရှိပြီး ပိန်ပါးနေကာ ဗိုက်ကလေးမှာ ပူနေသည်။

ကြောင်မသည် လူများကို သတိကြီးစွာကြည့်နေသည်။

တင်းရှသည် ကြောင်မကို ပွတ်သပ်ပေးရင်း အနည်းငယ်စိတ်ပူပန်သလို ခံစားသွားရသည်။ “မင်း ကြောက်နေမှာပဲနော်!”

ရှောင်ကျွင်းသည် ကားထဲမှ ပစ္စည်းများ ထုတ်ယူနေသည်။ ကြောင်အမှိုက်ပုံး၊ ကြောင်စာခွက်၊ ကြောင်စာနှင့် မုန့်များ၊ ကြောင်အိပ်ရာစသည်ဖြင့် သူသည် ကြောင်နှင့်ပက်သက်သည့် ပစ္စည်းမှန်သမျှကို တစ်ခါတည်း ယူလာခဲ့သည်။

သူသည် နှာခေါင်းစည်းကို ဆွဲချလိုက်ကာ အသက်ရှူလိုက်သည်။ “ကိုယ် သူ့ကို တိရစ္ဆာဆေးရုံ ခေါ်သွားသေးတယ်၊ ဗိုက်ကြီးနေတုန်း ကာကွယ်ဆေး မထိုးကောင်းဘူးတဲ့၊ သူ ရန်မူမှာလည်း စိုးရိမ်မိတယ်၊ ရေချိုးပေးဖို့ ငြိမ်အောင်လုပ်နိုင်ပြီဆိုရင် နောက်ရက်ပိုင်းမှာ ပြန်ခေါ်လာမယ်”

တင်းရှသည် “ဟင်း” ဆိုပြီး လုပ်နေလေသည်။ ရှောင်ကျွင်းသည် သူ့လက်များကို ဆေးကြောပြီး ပြန်လာပြီးနောက် ဖျင်အန်းလေးကို သူ့လက်ထဲထည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ကြောင်မလေးကို ကြည့်နေသည်။

ကြောင်မလေး ရောက်လာခါစဖြစ်သောကြောင့် တင်းရှသည် သိုးနို့မှုန့်ကို အသုံးပြုပြီး ကြောင်စာများ လုပ်ကာ ခွက်ထဲ ထည့်၍ ကြောင်မလေးအတွက် ယူလာသည်။ “ဗိုက်မဆာဘူးလား စားပါဦး”

ထိုကြောင်မလေးသည် သူမကို သတိကြီးစွာ စိုက်ကြည့်နေပြီး နည်းနည်းမျှ မလှုပ်ချေ။

တင်းရှသည် အစာခွက်ကို ချထားပြီး ရှောင်ကျွင်းကို အဝေးသို့ သွားခိုင်းလိုက်သည် “သူ့ကို စိုက်ကြည့်မနေနဲ့လေ ရှင် သူ့ကို ခြောက်သလို ဖြစ်နေမှာပေါ့”

“ကျွန်မတို့ နေမြဲတိုင်းနေပြီး သူ နေသားကျဖို့ အချိန်နည်းနည်းပေးရမှာပေါ့”

ရှောင်ကျွင်းသည် သူမ ပြောသည်ကို နားလည်သလို ရှိနေသည်။

တင်းရှသည် ရှောင်ကျွင်းယူလာသော ကြောင်ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

ရှောင်ကျွင်းလည်း သူမနောက်လိုက်လာပြီး “မင်း ဗိုက်ဆာနေပြီလား ကိုယ်တစ်ခုခု လုပ်ပေးမယ်လေ”

“ကျွန်မ ဗိုက်မဆာပါဘူး” တင်းရှသည် ခေါင်းခါပြလိုက်သည်။ “ကြောင်လေးစားဖို့ ကျွန်မတစ်ခုခု လုပ်ပေးမလို့ပါ”

“ကြောင်စာ ရှိတယ်မလား” ရှောင်ကျွင်းက နားမလည်သလို ပြန်မေးလိုက်သည်။

“ရှိပါတယ် ဒါပေမဲ့ ကြောင်လေးတွေလည်း အစားစုံအောင်စားရမယ်လေ၊ ပြီးတော့ သူက အမေဖြစ်နေတယ်လေ” တင်းရှသည် အချက်ကျကျ ပြောပြလိုက်သည်။ “အဲ့တော့ သူပိုပြီး ကောင်းကောင်း စားရမယ်”

“အိုး...” ရှောင်ကျွင်း ခေါင်းညိတ်လိုက်သည်။

တင်းရှသည် ရေခဲသေတ္တာကို ဖွင့်ကာ “ကျွန်မ ယူလာတဲ့ ကြက်ရင်အုံသားရော ဘယ်မှာထားလိုက်လဲ”

“အဲ့ဒါက အောက်အကန့်မှာ” ရှောင်ကျွင်းသည် သူမကို လက်ညှိုး ထိုးပြရင်း “ဘေဆာငါးလည်း ရှိသေးတယ်”

“အတော်ပဲ!” တင်းရှသည် ရေခဲပျော်သွားရန်အတွက် ထုတ်ယူလိုက်သည်။

“ပုစွန်ဆိတ်တွေရော ရှိသေးလား အမဲသားရော” တင်းရှက ထပ်မေးလိုက်သည်။ သူမသည် အခုရက်ပိုင်း ဟင်းမချက်ရသဖြင့် အိမ်တွင် ဘာရှိမှန်းမသိ ဖြစ်နေသည်။

“ကိုယ်တို့မှာ အဲ့နှစ်မျိုးစလုံးရှိတယ် ဒုတိယအကန့်ကနေ အောက်ဆုံးထိ ကြည့်ကြည့်လိုက်” ရှောင်ကျွင်းသည် စဉ်းစားရင်း ပြောလိုက်သည်။

ဖျင်အန်းလေးသည် တင်းရှက ရေခဲသေတ္တာထဲမှ ခါးကုန်းပြီး ပစ္စည်းများ ထုတ်နေသည်ကို လည်ပင်းလေးထောင်ကာ ကြည့်လိုက်သည်။ ရှောင်ကျွင်းသည် သူ့ခန္ဓာကိုယ်ကို ပြန်မတ်ပေးသော်လည်း သူလေးမှာ မကျေမနပ်ဖြစ်ကာ ရှောင်ကျွင်းမျက်နှာကို မော့ကြည့်ပြီး ငိုမဲ့မဲ့ဖြစ်နေသည်။

“ကဲ၊ ကဲ မင်းသားလေးကို ငိုအောင် လုပ်မိပြီ!” ရှောင်ကျွင်းသည် ဖျင်အန်းလေးကိုချီပြီး သူလေးက တင်းရှကို မြင်အောင် ခါးကုန်းပေးလိုက်သည်။

ဖျင်အန်းလေးသည် စူးစမ်းချင်သောစိတ်ဖြစ်ပေါ်ကာ မျက်လုံးကျယ်ကြီးဖြင့် ကြည့်နေလေသည်။ သူမလက်ကို ကိုင်ရန် လက်လှမ်းလိုက်သည်။

တင်းရှသည် သူ့ကို ရှောင်လိုက်ပြီး စိတ်တိုသောအကြည့်ဖြင့် ရှောင်ကျွင်းကို ကြည့်လိုက်သည်။ “ရှင် သူ့ကို တော်တော် အလိုလိုက်နေတာပဲ၊ အခုတော့ ကြည့်ပါဦး သူလိုချင်တာမရရင် ငိုချင်ယောင်ဆောင်ပြတယ်၊ ပိုပြီး ပြောမကောင်း ဆိုမကောင်းဖြစ်လာတာပဲ”

ရှောင်ကျွင်းမှာ လုံးဝကို အေးဆေးတည်ငြိမ်နေပြီး “သူက ငယ်သေးလို့ပါ ကြီးလာရင် ကိုယ်ဆုံးမပေးမှာပါ”

တင်းရှသည် သူ့အင်္ကျီထဲသို့ သူမ၏ အေးစက်နေသော လက်ထိုးထည့်လိုက်ပြီး “ရှင်ဘာပြောတယ်”

“ကိုယ်မှားသွားပါတယ် ကိုယ်မှားသွားပါတယ်” ရှောင်ကျွင်းသည် အအေးဓါတ်ကြောင့် မျက်နှာတွံ့သွားပြီး “ကိုယ်စနေတာပါ စနေတာ! ဘယ်လိုလုပ် ကိုယ့်ရဲ့ အဖိုးတန်သားလေးကို ရိုက်ရက်မှာလဲ!”

တင်းရှသည် သူ့ကို မယုံသင်္ကာမျက်လုံးဖြင့် ကြည့်လိုက်သည်။

“သူက အခုမှသေးသေးလေးပဲ ရှိသေးတယ်လေ ကြီးလာပြီး စကားပြောတတ်လာရင် ကိုယ်သင်ပေးမှာပါ...” ရှောင်ကျွင်းက ရေရွတ်လိုက်သည်။

“ဒါဆိုလည်း ရှင်သွားပြီး အလိုလိုက်လိုက်ဦးလေ” တင်းရှက သူမမျက်စိကို လှန်ကြည့်ပြီး ပြောလိုက်သည်။

ရှောင်ကျွင်းသည် ပြုံးသွားပြီးနောက် လက်မစုပ်နေပြီး သူ့ကို မျက်တောင်တစ်ချက်မှ မခတ်ပဲ ကြည့်နေသော ဖျင်အန်းလေးဖက်သို့ လှည့်လိုက်သည်။ သူသည် နှုတ်ခမ်းကို စူပြီး ဖျင်အန်းလေး၏ နို့နံ့သင်းနေသော နူးညံ့သော ပါးလေးကို နမ်းလိုက်သ “အသဲတုံးလေး!”

ဖျင်အန်းလေးမှာ ရယ်သံများ ထွက်ပေါ်လာတော့သည်။

အဖေနှင့်သား ဆက်နွယ်မှု မြင်ကွင်းကို ကြည့်ရင်း တင်းရှမျက်နှာတွင် ကျေနပ်မှု ပုံရိပ်များ တွေ့နေရသည်။ သူမသည် ချက်ပြုတ်ဖို့ ပစ္စည်းများ ထုတ်ယူရင်း မပြုံးပဲမနေနိုင် ဖြစ်နေသည်။

“သွား သွား! ရှင် လမ်းလာပိတ်နေတယ်”

ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ချီပြီး လေယာဉ်ပျံကြီးစီးသလို တစ်ပတ်ပတ်ပြနေပြီး ပါးစပ်မှလည်း လေယာဉ်ပျံသံများ ထွက်နေသည်။

တင်းရှသည် သူမခေါင်းကို ခါရမ်းရင်း ရယ်နေတော့သည်။

ဘယ်လို ကလေးနှစ်ယောက်ပါလိမ့်။

ကြက်ရင်ဘုံသားနှင့် အမဲသားကို အတုံးသေးလေးများ တုံးပြီး ကြိတ်စက်ထဲသို့ ထည့်ကာ ကြိတ်လိုက်သည်။ ပုစွန်ဆိတ်နှင့် ငါးအသားတို့ကို အနှစ်ဖြစ်သွားအောင်ထိ ထောင်းပြီး ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအနှစ်ကိုထည့်ကာ အားလုံးကို ကောင်းစွာ ရောစပ်သွားအောင် မွှေနေလေသည်။

တင်းရှသည် လက်တစ်ခုပ်စာ သေးငယ်သော အရွယ်လောက် ကော်ယူကာ ဖန်ပန်းကန်လုံးထဲတွင် ထည့်ကာပေါင်းလိုက်ပြီး တစ်ဖန် ထပ်ထောင်း၍ အေးအောင်ထားထားလိုက်ပါသည်။

ကျန်တာတွေကို ထုပ်ပိုးပြီး အေးခဲထားလိုက်သည်။

အသားအနှစ်ကို အအေးခံပြီးနောက် ကြောင်မလေးစားဖို့ သူမ ယူလာခဲ့သည်။

တင်းရှသည် ထိုအသားအနှစ်ကို တံခါးအနောက်ဖက်တွင် မဝံ့မရဲနှင့် ပုန်းနေသော ကြောင်မလေးဆီ လှမ်းပေးလိုက်သည်။

စောစောက ကျွေးထားသော ကြောင်စာကို စားထားသော်လည်း နောက်ထပ် မစားရဲသောကြောင့်သော်လည်းကောင်း အရသာကို မကြိုက်သောကြောင့်သော်လည်းကောင်း တစ်ကိုက်နှစ်ကိုက်သာ စားထားလေသည်။

တင်းရှသည် ထိုအသားအနှစ်ကို ကြောင်မလေးရှေ့တွင် ချပေးလိုက်ပြီး ကြောင်စာခွက်ကို နေရာပိုကျယ်သော ကြောင်အိပ်ရာထောင့်နားသို့ ရှေ့တိုးပေးလိုက်သည်။

ကြောင်မလေးသည် သူမလုပ်သမျှကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ခဏအကြာတွင် ကြောင်မလေးသည် ပါးစပ်ပွင့်လာပြီး “မြောင်”ဟူသော အသံလေး ထွက်လာသည်။

တင်းရှသည် ကြောင်မလေးဆီ ပြန်လှည့်လိုက်ပြီး အံ့သြသင့်စွာဖြင့် ကျေနပ်နေလေသည်။

ကြောင်မလေးသည် နောက်ထပ် မြောင်ဟူ၍ အော်လိုက်သေးသည်။

တင်းရှသည် မနေနိုင်ပဲ ပြောလိုက်သည် “သွားစားလိုက်ပါဦး စားကောင်းအောင် လုပ်ပေးထားတယ်”

ကြောင်မလေးသည် သူ့ခေါင်းလေးကို ငုတ်ပြီး အသားအနှစ်ကို စားနေလေသည်။ လျှာလေးနှင့် လျက်ပြီးနောက် အရသာကို သဘောကျသွားသောကြောင့် တင်းရှကို တစ်ချက်ကြည့်လိုက်ပြီး အားရပါးရ အသားအနှစ်ကို ပြန်စားနေပါတော့သည်။

တင်းရှသည် ကြောင်မလေး စားပြီးသွားသည်အထိ ထိုင်ကြည့်နေပြီး စားပြီးသွားသောအခါ သူမသည် ခွက်ကို ကောက်သိမ်းလိုက်သည်။

ကြောင်မလေး ရေသောက်ဖို့အတွက်လည်း သောက်ရေခွက်ကို အခန်းထောင့်နားတွင် ချထားပေးသေးသည်။ ဗိုက်တင်းသွားသော ကြောင်မလေးသည် သူ့ကိုယ်သူ လျှာဖြင့် ယှက်ကာ သန့်ရှင်းရေးလုပ်နေသည်ကို မြင်ပြီး တင်းရှသည် မနေနိုင်ပဲ ကြောင်မလေးကို ပွတ်ပေးချင်နေသည်။

သူမသည် လက်ကို မဆန့်ထုတ်လိုက်ခင်မှာပင် ကြောင်မလေးသည် ခေါင်းကို ဆတ်ခနဲလှည့်လိုက်ကာ သူမကို သတိကြီးစွာ ကြည့်နေသည်။

တင်းရှသည် ကြောင်မလေးမှာ မလုံခြုံသလို ခံစားနေရပြီးဤနေရာနှင့် နေသားမကျသေးကြောင်း သိနေသဖြင့် သူမလက်ကို နောက်ပြန်ဆုတ်လိုက်သည်။ ကြောင်မလေးနှင့် စကားနည်းနည်းပြောပြီးနောက် သူမ လုပ်စရာရှိသည်ကို ဆက်လုပ်နေခဲ့သည်။

ကြောင်မလေးမှာ ထိုနေရာတွင် ထိုင်လျက်သားနှင့် တင်းရှ အဝေးသို့ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

ဝါစိမ်းရောင် သူ့မျက်လုံးလေးသည် တည်ငြိမ်ပြီး ပျင်းရိသလိုဖြစ်နေသည်။

ကြောင်မလေးသည် နေ့တိုင်းအသားစားရသော ဘဝကို ရရှိလာခဲ့သည်။ သူ့ကို ဂရုစိုက်ပေးမည့်လူများရှိလာသဖြင့် သူ့ဘဝလေးသည် လမ်းပေါ်လျှောက်သွားပြီး ဆာလောင်နေသော ဘဝကနေ ပိုပြီး သက်သောင့်သက်သာနေရသော ဘဝသို့ရောက်ရှိလာခဲ့လေသည်။

ကြောင်မလေးသည် နေရောင်ထဲတွင် ခြေလက်စင်းကာ ပျင်းရိစွာ နေရောင်ခံနေလေသည်။ တစ်ခါတစ်ရံ တင်းရှ၏ ခြေထောက်ကို ပွတ်သပ်ရင်း သူမနှင့် နီးစပ်ဖို့ကြိုးစားနေသည်။ တင်းရှသည် သူ့ကို ပွတ်ပေးဖို့ ဆောင့်ကြောင့်ထိုင်ဖို့ လုပ်လိုက်သောအခါ တင်းရှကို သူစိမ်းတစ်ယောက်ဖြစ်နေသလိုမျိုး အဝေးသို့ လျှပ်စီးလို လျင်မြန်စွာ ထွက်သွားခဲ့သည်။

အသည်းနှလုံးမရှိလိုက်တာ။

တင်းရှသည် သက်ပြင်းချပြီး ကြောင်မလေးကို အစာကျွေးဖို့ ဆက်ပြီး ကြိုးစားနေခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ ကြောင်မလေး၏ မျက်နှာချွန်းချွန်းလေးသည် ပြည့်ဖောင်းလာကာ အမွှေးများသည်လည်း ပြောင်ချောပြီး သန့်ပြန့်လာလေသည်။ အသေအချာဂရုစိုက်ပေးခံရသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။

တင်းရှသည် ကြောင်မလေးနှင့် ရင်းနှီးလာဖို့မှာ အချိန်အတော်ကြာဦးမည်ဟု ထင်နေသော်လည်း တစ်နေ့တွင် ကြောင်မလေးသည် သူမနားတွင် အေးအေးဆေးဆေး လာနေလေသည်။

သူမခြေထောက်နားတွင် တစ်ပတ်ပတ်နေပြီး မြောင်ဟု အော်ပြနေကာ သူ၏ အော်သံသည် နူးညံ့မနေပေ။ တင်းရှ၏ ဘောင်းဘီစကိုတောင် လာကိုက်နေသည်။

တင်းရှမှာ ထိုအမူအရာကို နားမလည်နိုင်ဖြစ်ကာ “ကြက်ဥနှစ်လေး ဘာဖြစ်လို့လဲ”

သူမသည် ကြောင်မလေးကို ကြက်ဥနှစ်ဟုခေါ်လိုက်သည်မှာ ထိုကြောင်မလေးသည် ကြက်ဥနှစ်ကို အထူးသဖြင့် နှစ်ခြိုက်သောကြောင့် ဖြစ်သည်။ ကြက်ဥနှစ်လေး ကျွေးသောအခါ ထို့အတွက် တင်းရှ၏ပွတ်ခြင်းကို ခံပေးလေသည်။

ကြောင်မလေးသည် စိတ်ပူပန်စွာဖြင့် သူမကို မြောင်ဟု အော်ပြနေကာ တင်းရှ၏ ရွန်းလဲ့နေသော မျက်လုံးလေးများကို ကြည့်ပြီး အသနားခံနေလေသည်။

ထို့နောက် တင်းရှသည် ကြောင်မလေးမှာ ကလေးမွေးချင်သောကြောင့် ဖြစ်မည်ဟု သိလိုက်သည်။

သူမသည် ကြောင်မလေးအတွက် သီးသန့်လုပ်ပေးထားသော ကလေးမွေးဖို့ အခန်းထဲသို့ ခေါ်သွားလေသည်။ ကြောင်မလေးသည် အနည်းငယ် စိတ်အေးသွားပုံပေါ်သော်လည်း အထဲသို့ ဝင်သွားသောအခါ ရတတ်မအေးစွာ အော်နေသည်။

တင်းရှသည်လည်း အလွန်ပင် စိတ်ပူပန်နေပြီး ကြောင်မလေးဘေးနားမှလည်း ထွက်မသွားခဲ့ချေ။

တစ်ညလုံး ဒုက္ခခံပြီးနောက် ကြောင်မလေးသည် နောက်ဆုံးတွင် ကြောင်ပေါက်လေးနှစ်ကောင်ကို မွေးခဲ့လေသည်။ တစ်ကောင်မှာ သူ့လို လိပ်ခွံရောင်ဖြစ်ပြီး အခြားတစ်ကောင်မှာ လိမ္မာရောင် ပြောက်ကြားအရောင်လေး ဖြစ်သည်။

ကြောင်များသည် ကလေးမွေးလျှင် ခက်ခဲတတ်သည်ဟု ကြားသိထားသောကြောင့် စိုးရိမ်ခဲ့ကာ ယခုတွင်မူ တင်းရှသည် စိတ်အေးသွားသဖြင့် အသက်ရှူထုတ်လိုက်နိုင်သည်။ အနည်းဆုံးတော့ ကြောင်ကလေးများ ဘေးကင်းစွာ မွေးလာနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် အမွှေးအရောင်များကို ကြည့်ရင်း “တာဝန်မဲ့သော” ကြောင်အဖေကို တွေးမိကာ ထိုအရောင်များအရ ကြောင်အဖေမှာ အဝါရောင် ကြောင်ထီးကြီးဖြစ်မှန်း ခန့်မှန်းမိလိုက်သည်။

All Chapters