← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

ကြောင်လေးများ မွေးထားခြင်းသည် တင်းရှအတွက် အလွန်ပျော်ရွှင်ဖွယ်ရာဖြစ်ပြီး သူမသားငိုသည်ကို တစ်ခဏမျှ မေ့သွားသည့်တိုင်အောင် ဖြစ်နေသည်။

ကြောင်မလေးသည် သူမနှင့် တဖြေးဖြေးရင်းနှီးလို့လာခဲ့သည်။ ကြောင်မလေးက တင်းရှကို တွေ့လျှင် မပုန်းတော့ပဲ တင်းရှပေါင်ပေါ်ကိုတောင် ခုန်တက်လာပြီး ညင်သာစွာ အသံပြုရင်း သူ့ခြေလက်လေးများနှင့် နှိပ်လိုက် နင်းလိုက်လုပ်လေ့ရှိသည်။

တင်းရှ အိမ်ထဲလျှောက်သွားရာနောက်လည်း လိုက်လာတတ်ပြီး ကြောင်ပေါက်လေးများကို တင်းရှဆီ ကိုက်ချီပြလာသေးသည်။ ထိုကြောင်ပေါက်လေးများအား စောင့်ကြည့်ခိုင်းစေချင်နေသည်။

တင်းရှသည် တဖြေးဖြေး ဝလုံးလာသော ကြောင်မလေးကို အားရဝမ်းသာစွာ ပွတ်ပေးပြီး သိမ်မွေ့သော ကြောင်အော်သံလေးများကိုလည်း နားထောင်ပေးသည်။

ကြောင်မလေး၏ နူးညံ့သော ပန်းရောင်ခြေဖဝါးလေးများကို ဖျစ်ညစ်ရင်း ဘဝ၏ အဓိပ္ပါယ်ရှိသော အခိုက်အတန့်လေးကို ဖြတ်သန်းနေလေသည်။

ကြောင်ပေါက်လေးနှစ်ကောင်သည် တစ်နေ့တစ်ခြား ပြောင်းလဲလို့လာခဲ့ပြီ။ မွေးမွေးချင်း တွေ့တုန်းကဆိုလျှင် သူတို့လေးသည် တစ်ကိုယ်လုံး အညှိအချွဲများနှင့် ကြည့်ရဆိုးနေသည်။ ပိန်သေးသေးနှင့် အားအင်ချိနဲ့နေသည့်ပုံပေါက်နေခဲ့သည်။

ထို့နောက် သေချာစွာဂရုစိုက်ပေးခြင်းခံခဲ့ရသည့်အပြင် မေမေကြက်ဥနှစ်လေးနှင့် ဖွားဖွားတင်းရှတို့၏ ကောင်းမွန်စွာ ကျွေးမွေးခြင်းကို ခံရသောကြောင့် ကြောင်ပေါက်လေးများသည် အမွှေးများရော အသားများပါ လှပကြီးထွားလာပြီး လုံးသထက်လုံးလာ၍ ချစ်စရာကောင်းလာခဲ့သည်။

သူတို့လေးသည် မြောင်ဟု အော်တတ်လာသည်သာမက ပြေးလွှားကစားရင်း “ပြသာနာရှာ” တတ်လာကြသည်။ တင်းရှကို ဝင်တိုက်မိသောအခါ သူတို့သည် ဖျက်ခနဲ ခန္ဓာကိုယ်ကို လှိမ့်လိုက်ပြီး ဗိုက်ကလေးများ လူးလိမ့်ပြကာ တင်းရှရှေ့တွင် နန့်တန့်တန့်လုပ်ပြနေတတ်သည်။

သူတို့၏ လက်ဖဝါးလေးများကို ဆန့်ထုတ်ပြီး သူတို့အမေနို့ကို ယိုင်တိယိုင်တိုင်ဖြင့် နင်းနှိပ်တတ်ကြသည်။

သူတို့၏ ပန်းရောင်လက်ဖဝါး နုနုထွတ်ထွတ်လေးကို တင်းရှမြင်အောင် ရက်ရောစွာ ဆန့်ထုတ်ပြနေသည်။

ထို့နောက် တင်းရှလည်း “မဝံ့မရဲ” ဆောင်ကြောင့်ထိုင်လိုက်ပြီး ထိုချစ်စရာလေးများ “ဒဏ်ရာများ” ရှိမရှိ စစ်ဆေးကြည့်ပေးနေသည်။

ဖျင်အန်းလေးသည် တင်းရှက အခန်းထောင့်နားတွင် ကြောင်လေးများကို ကြည့်ရန် ဆောင်ကြောင့်ထိုင်လိုက်တိုင်း မျက်တောင်မခတ်ပဲ လိုက်ကြည့်နေတတ်သည်။

မေမေသည် ဒီရက်ပိုင်း သူ့ကို ငေးကြည့်ရတာ သဘောမကျတော့ပေ!

ရှောင်ကျွင်းသည် ဆိုင်ဖွင့်ဖို့အတွက် မီးဖိုချောင်ထဲတွင် ပြင်ဆင်နေလေသည်။ သူတို့သည် ဤရက်ပိုင်းအတောအတွင်း ဆိုင်မဖွင့်သေးပေ။ နေရာသစ်ကို ပြန်လည်မွမ်းမံမှုသည် မထင်မှတ်ထားလောက်အောင် မြန်ဆန်လှပြီး နံရံများကိုလည်း ဆေးပြန်သုတ်စရာပင် မလိုပေ။

သူတို့သည် နောက် သုံး၊ လေးရက်နေလျှင် ထိုနေရာသို့ ပြောင်းရွှေ့လို့ရတော့မည်။

မနက်ဖြန်တွင် ယောင်းမကုန်းနှင့် အန်တီကျွမ်းတို့သည်လည်း ပြန်လည် ပြောင်းရွေ့ပေးဖို့အတွက် အဆင်သင့်ဖြစ်နေသည်။

ကျောင်းဖွင့်ပြီဆိုလျှင် စုလီသည်လည်း သူ၏ အထက်တန်း ကျောင်းဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရတော့မည်။

ကျောက်တုံးလေးကိုလည်း သေသေချာချာ ဂရုစိုက်ပေးတတ်သော နေ့ကလေးထိန်းရာတွင် တော်သည့် ဆရာမ၏ မူကြိုကျောင်းဆီ ပို့ထားလိုက်သည်။

တင်းရှသည် နေရာဟောင်းမှ ဖောက်သည်ဟောင်းများနှင့် အိမ်နီးနားချင်းများကို ခွဲခွာဖို့ တွန့်ဆုတ်နေလေသည်။ နေ့စဉ်ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် သူတို့သည် တစ်ယောက်ကို တစ်ယောက် ပြုံးပြရင်း စကားစမြည်များ ပြောတတ်ကြသည်။ တစ်ခါတစ်ရံတွင် တစ်ချို့သည် ဆိုင်မှာ အအေးတစ်ခွက် မှာသောက်ကာ တကူးတက စကားလာပြောတတ်ကြသည်။

တင်းရှသည် ဤနေရာကို သံယောဇဉ်ဖြစ်မိပြီး ခြံထဲတွင် ဦးတည်ရာမဲ့ လမ်းပတ်လျှောက်နေစဉ် ခြံချင်းခြားထားသော အုတ်တံတိုင်း၏ ဟိုဖက်ခြံ၊ ကုန်မာဆိုင်မှ ယောင်းမ၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။

“ရှရှ?! ရှရှ!”

“အိုး ကျွန်မဒီမှာပါ! ယောင်းမရေ ဘာဖြစ်လို့လဲ” တင်းရှသည် အလျင်အမြန် အုတ်တံတိုင်းနား သွားရပ်ပြီး ပြောလိုက်သည်။

“ရှင်တို့ အိမ်ပြောင်းကြတော့မယ်ဆို” ထိုအမျိုးသမီးက မေးလိုက်သည်။

“ဟုတ်တယ် ကျွန်မတို့တွေ နောက်တစ်ရက် နှစ်ရက်နေရင် ပြောင်းတော့မှာ” တင်းရှက ပြန်ဖြေလိုက်သည်။

“ဟိုအဖွားကြီးကြောင့်မလား အမြင်ကတ်စရာကြီး ကျွန်မစစပြောင်းလာတုန်းကလည်း သူ့အခန်းထဲမှာဖြင့် ဘာဆို ဘာမှမရှိသေးတာကို အိမ်ငှားခကို တိုးတောင်းချင်ခဲ့သေးတာ ကျွန်မသိသားပဲ အဲ့အဖွားကြီး ပိုက်ဆံမက်တာကို”

“သူများတကာတွေ အိမ်ငှားခကို လျှော့ပေးနေချိန်မှာတောင် အဲ့အဖွားကြီးက တိုးတောင်းသေးတာ နေ့တိုင်း စိတ်ဒုက္ခပေးနေခဲ့တာလေ၊ အိုး ဟုတ်သားပဲ ခုနက သူဒီကိုလာတာ တွေ့လိုက်သေးတယ်၊ ရှင်တို့ကိုရော အိမ်ငှားခတိုးတောင်းနေပြီလား”

“အိမ်ပိုင်ရှင်အဖွားကြီးက ဒီနေရာကို ရောင်းတော့မှာ၊ ကျွန်မတို့လည်း မဝယ်နိုင်သေးတော့ တစ်ခြားနေရာကို ပြောင်းဖို့စဉ်းစားလိုက်တာ” တင်းရှသည် အိမ်ပိုင်ရှ်ငအကြောင်း မကောင်းမပြောရန် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

“ပြောင်းတာလည်း ကောင်းပါတယ်လေ၊ အဲ့အဖွားကြီးက နေ့တိုင်း ပြသာနာကို တစ်ခုမဟုတ် တစ်ခုပတ်ရှာနေတာ” ဟု အိမ်နီးချင်းက ပြောနေသည်။

“ဘယ်ကိုပြောင်းကြမလို့လဲ၊ ကျွန်မတို့ကိုလည်း လိပ်စာပေးသွားပါဦး၊ ကျွန်မတို့မိသားစုက လူကြီးလီကတော့ ရှင့်ရဲ့ အသားပြုတ်ဟင်းကို ဝိုင်နဲ့တွဲစားရတာဆို အရမ်းကြိုက်တာ၊ နောက်နေ့ကျရင် လာအားပေးဦးမယ်!”

တင်းရှသည် သူမကိုပြုံးပြလျက် လိပ်စာအသစ်ကို ပြောပြလိုက်သည်။ ထို့နောက် နှစ်ယောက်သားမှာ ကိုယ်စီနေရာသို့ ပြန်မသွားကြသေးခင် စကားစမြည်များ ဆက်ပြောနေကြသည်။

တံခါးခေါက်သံသဲ့သဲ့ကို ကြားပြီးနောက် တင်းရှသည် အိပ်ရာပေါ်တွင် တင်ပါးကို ထောင်ကာ တံခါးကို သွားဖွင့်ရန် ထဖို့ကြိုးစားနေသော ဖျင်းအန်းလေးကို ကောက်ချီလိုက်သည်။

ထိုဧည့်သည်မှာ ဆံပင်အနီရောင်ဆိုးထားသော ငယ်ရွယ်ပြီး အနည်းငယ် ခန္ဓာကိုယ် တောင့်တင်းသော လူငယ်လေးတစ်ယောက် ဖြစ်သည်။ မောက်မာသောအမူအရာ ရှိနေပေမယ့်လည်း တင်းရှကို တွေ့လိုက်သောအခါ နောက်သို့ဆုတ်သွားပြီး သူ့ခေါင်းကို အနည်းငယ်မြှင့်ပြီး ကြည့်လိုက်သည်။

“မင်္ဂလာပါ? ကျွန်မတို့ ဒီနေ့ ဆိုင်ပိတ်ပါတယ်ရှင့်” ဆိုင်ကို လာသည့် စားသုံးသူဟုထင်ပြီး တင်းရှက အလျင်အမြန်ပြန်ပြောလိုက်သည်။

“ကျွန်တော်က ဆိုင်မှာလာစားဖို့ လာခဲ့တာမဟုတ်ပါဘူး၊ ရှောင်ကျွင်းက ဒီမှာနေတယ်လို့ကြားတယ်၊ ကျွန်တော်က ရှောင်ကျွင်းကို လာရှာတာပါ” ထိုလူငယ်လေးက ခေါင်းခါရင်း ပြောလိုက်သည်။

“ကျွင်းကို ဘာအတွက် လာရှာတာလဲရှင်” တင်းရှသည် ထိုလူငယ်လေးစကားကို ထူးဆန်းသည်အထင်နှင့် ပြန်မေးလိုက်သည်။

တစ်ယောက်ယောက်က ရှောင်ကျွင်းကို လာရှာသည်မှာ ပထမဦးဆုံးအကြိမ်ပင်ဖြစ်သည်။

“ကျွန်တော်က ဝမ်ဝမ်းဟောင်ပါ၊ ကျွန်တော့်အဖေက ဝမ်ဇောင်ရန် ပြီးတော့ ကျွန်တော့်အဖိုးက ဝမ်ဟိုင်ပါ”

လူငယ်လေးက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

တင်းရှသည် တစ်ခဏမျှ ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး ထိုလူငယ်လေးအကြောင်း နားလည်သွားသောအခါ သူမသည် ပြုံးပြပြီး သူ့ကို အထဲသို့ဝင်လာဖို့ ကြိုဆိုခဲ့သည်။

“ကျွင်းက အိမ်နောက်မှာ၊ ကျွန်မ သူ့ကိုသွားခေါ်ပေးမယ်နော်၊ ခဏထိုင်ပြီး စောင့်ပါဦး”

ရှောင်ကျွင်းလည်း ဝမ်ဇောင်ရန်၏ သားဖြစ်သူမှာ သူ့ကိုလာရှာသည်ကို ကြားပြီး အံ့သြသွားလေသည်။ “ကိုယ့်ကို လာရှာတယ်? သူကိုယ့်ဆီက ဘာလိုချင်လို့လဲမသိဘူး”

“ဟိုဟာများဖြစ်နေမလား… သူ ဟင်းချက်နည်းစာအုပ်ကို လိုချင်လို့လားမသိဘူး”

“မသိနိုင်ဘူး” တင်းရှသည် ခေါင်းခါလိုက်သည်။ “သူ အဲ့စာအုပ်ကို လိုချင်တယ်ဆိုရင်တောင်မှ ရှင် ဝမ်လူကြီးကို အရင်ပြောပြရမယ်”

“အရင်ဆုံး သွားကြည့်ရအောင်” ရှောင်ကျွင်းသည် သူ့လက်ထဲမှာ ကိုင်ထားသည့်အရာကို ချထားလိုက်ပြီး ထွက်လာလေသည်။

“မင်္ဂလာပါ၊ ကျွန်တော်က ရှောင်ကျွင်းပါ” ရှောင်ကျွင်းသည် လူငယ်လေးရှေ့တွင် ရပ်နေသည်။

“မင်္ဂလာပါ” လူငယ်လေးသည် ရှောင်ကျွင်းကို ခြေစွန်းခေါင်းစွန်းကြည့်လိုက်သည်။ “ကျွန်တော်က ဝမ်ဝမ်းဟောင်ပါ”

“ဟုတ်ကဲ့ပါ ကျွန်တော် ဘာကူညီပေးရမလဲ” ရှောင်ကျွင်းသည် လိုရင်းကို တန်းပြောလိုက်သည်။

“ကျွန်တော့်တို့မိသားစုရဲ့ ဟင်းချက်နည်းစာအုပ်ကို ခင်ဗျားကို ပေးလိုက်တယ်ဆိုပြီး ကျွန်တော့်အဖေကပြောလို့ အဲ့ဒါက ခင်ဗျားက အဲ့ဒါနဲ့ ထိုက်တန်ရဲ့လားဆိုတာလာကြည့်တာ” ဝမ်ဝမ်းဟောင်က စိတ်ကြီးဝင်နေသော အပြုံးပြုံးလိုက်သည်။

“ကျွန်တော့်ကို ဟင်းတစ်ပွဲ လုပ်ပေးဗျာ-ကွန်ပေါင်ကြက်သားဟင်း” ဝမ်ဝမ်းဟောင်က ရုတ်တရက်ပြောခဲ့သည်။

ရှောင်ကျွင်းသည် သူ့ကို တစ်ချက်ကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် “ဆောရီး အဲ့ဟင်းမချက်တတ်ဘူး”

ဝမ်ဝမ်းဟောင်သည် မယုံနိုင်ဖြစ်သွားသည်။ “ခင်ဗျားက ကွန်ပေါင်ကြက်သားဟင်းကိုတောင် မချက်တတ်ဘူး? အဲ့ဒါကို ခင်ဗျားကိုခင်ဗျား စားဖိုမှူးလို့ ခေါ်နေသေးတယ်”

“ခင်ဗျားက ဘာဖြစ်ချင်တာလဲ” ရှောင်ကျွင်းက လက်ပိုက်ရင်း ပြန်လည် ချေပပြောဆိုလိုက်သည်။

မထင်မှတ်စွာနှင့် ဝမ်ဝမ်းဟောင်သည် စိတ်မဆိုးခဲ့ပေ။ “ကျွန်တော်က ကွန်ပေါင်ကြက်သားဟင်းချက်ပေးဖို့ ပြောတာပါ၊ ခင်ဗျားက ကျွန်တော့်အဖိုး၊ အဖွားနှင့် အဖေအတွက် ချက်ပေးခဲ့တယ်။ ကျွန်တော့်အတွက်ကျတော့ ဘာလို့မချက်ပေးနိုင်တာလဲ”

တစ်စက္ကန့်တောင်မစဉ်းစားပဲ ရှောင်ကျွင်းက ပြတ်သားစွာ ငြင်းလိုက်သည်။ “ဘာလို့လဲဆိုရင် ကျွန်တော်စိတ်မပါလို့”

“ကျွင်း” တင်းရှက သူ့ကို တွန်းလိုက်သည်။ “အဲ့လိုမပြောနဲ့လေ…”

ဘာပဲဖြစ်ဖြစ် သူ့မိသားစု၏ ဟင်းချက်နည်းစာအုပ်ကို သူတို့ရရှိခဲ့ပြီးသား ဖြစ်နေသည်။

ရှောင်ကျွင်းသည် ဒေါသထွက်နေသဖြင့် တောက်ခေါက်ခဲ့သော်လည်း တင်းရှစကားကို နားထောင်လိုက်သည်။

“ခဏစောင့်” ထိုသို့ပြောပြီး သူ လှည့်ထွက်သွားကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

သူသည် အရိုးထုတ်ပြီးသား ကြက်ခြေထောက်ကို အစိတ်စိတ်ပိုင်းပြီး ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ကာ ကြက်ဥနှင့်ပြောင်းဖူးမှုန့်တို့ထဲမနှစ်ခင် ဆီနည်းနည်းစိမ်ပြီး သမအောင်မွှေလိုက်သည်။

ထို့နောက် သူသည် ဆား၊ သကြား၊ ရှာလကာရည်နှင့် ပဲငံပြာရည်ကို ပြောင်ဖူးမှုန့်ဖြင့် တွဲသုံးကာ ကွန်ပေါင်ဟင်းအနှစ်ကို ရအောင်လုပ်ခဲ့သည်။

ဒယ်အိုးထဲတွင် ဆီပူလာသောအခါ ကြက်သားအတုံးများကိုထည့်ပြီး ကျက်အောင်လှိမ့်လိုက်ပြီးနောက် ယောင်းမဖြင့် ကော်ထုတ်ခဲ့သည်။

ဆီကို ဒယ်အိုးထဲတွင် နည်းနည်းကျန်အောင်ထားပြီး ကြက်သွန်မြိတ်ပိုင်းများရောမထည့်ခင် ပါးပါးလှီးထားသော ဂျင်းနှင့် ငရုတ်သီးအခြောက်များကို အနံ့မွှေးအောင် ဆီသတ်လိုက်လေသည်။ ကျက်သွားသော ကြက်သားတုံးများကို ပြန်ထည့်ပြီး ဆီပူတစ်ချို့အပေါ်ကဖြန်းထည့်၍ ကွန်ပေါင်ဟင်းအနှစ်ကို လောင်းထည့်ပြီး သမသွားအောင် မွှေလိုက်သည်။

နောက်ဆုံးအနေနှင့် လှော်ထားသော မြေပဲများကို ထပ်ထည့်ပြီး တစ်ချက် နှစ်ချက်ခန့် အမြန်မွှေလိုက်သည်။

အနံ့များမွှေးကြိုင်နေသော ပူပူစပ်စပ် အရသာရှိသော ကွန်ပေါင် ကြက်သားဟင်းတစ်ခွက်ကို ရရှိပါပြီ။

ရှောင်ကျွင်းသည် ဝမ်ဝမ်းဟောင်ရှေ့တွင် ဟင်းပန်းကန်ကို ပြင်ဆင်ပြီး ချပေးလိုက်သည် “စားလို့ရပါပြီ”

ဝမ်ဝမ်းဟောင်သည် ဟင်းပန်းကန်ကို ကြည့်ပြီး “စီချွမ်စတိုင်လား”

“ဟင်း....” ရှောင်ကျွင်းသည် ထိုလူငယ်လေးက စားဖိုမှူးမိသားစုမှ လာသည့်အလျောက် ဟင်းပန်းကန်ကို ကြည့်ရုံနှင့်တင် ဘယ်လိုချက်ထားမှန်းသိနေသည်ကို မအံ့သြပေ။ ကလေးအရွယ်သာသာ ရှိသေးပေမယ့်လည်း သူ့မှာ အခြေခံဗဟုသုတများ ရှိနေသည်။

ဝမ်ဝမ်းဟောင်သည် ဘာမှမပြောတော့ပဲ တူကိုကောက်ကိုင်ကာ တစ်လုပ်စာ ပါးစပ်အပြည့် သွတ်သွင်းလိုက်သည်။ သူစားဖူးသော ကွန်ပေါင်ကြက်သားဟင်းများနှင့် အရသာလုံးဝမတူချေ။ ကြက်သားသည် နူးညံ့ပြီး အရည်ရွှမ်း၍ အနည်းငယ်ကြွပ်ရွနေသည်။ ပျစ်နှစ်နေသော ကွန်ပေါင်ဟင်းအနှစ်သည် မြေပဲများအပေါ် ဖုံးအုပ်ထားသည်။

သူကိုယ်တိုင် သတိမထားမိလိုက်စဉ်မှာပင် တစ်ပန်းကန်လုံးပြောင်သွားလေပြီ!

“ဘယ်လိုလဲ ကျွန်တော် ထိုက်တန်ရဲ့လား” ရှောင်ကျွင်းသည် နံရံကိုမှီရင်း လက်ပိုက်ကာ မေးနေသည်။

ဝမ်ဝမ်းဟောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်ကာ ရှောင်ကျွင်းဆီ လျှောက်သွားလေသည်။

ရှောင်ကျွင်းသည် သူ့ကို သတိကြီးစွာ ကြည့်နေပြီး “ဘာလုပ်မလို့လဲ”

စကားတစ်လုံးမှ ပြန်မပြောသေးပဲ ဝမ်ဝမ်းဟောင်သည် တည်တည်ကြည်ကြည်နှင့် လက်ဝါးတစ်ဖက်ကို လက်သီးတစ်ဖက်နှင့် ထိလျက် လက်နှစ်ဖက်ကို အနည်းငယ်မြှောက်လိုက်ကာ “ဆရာ! ကျေးဇူးပြု၍ ကျွန်တော့်ကို ဟင်းချက်တာ သင်ပေးပါ!”

All Chapters