အခန်း (၄၀)
Vol. 3 Ch. 40
“ကျွန်တော့်မိသားစုက အမြဲတမ်း အမွေဆက်ခံသူ တစ်ယောက်ပဲရှိတတ်တယ်၊ ကျွန်တော့်အဖိုးက အဖေ့ကို သင်ပေးချင်ခဲ့တာ၊ အဖေကလည်း သင်ယူခဲ့တယ်၊ ဒါပေမဲ့ သူ့မှာက ပါရမီပါမလာဘူး” ဝမ်ဝမ်းဟောင်သည် ပုခုံးတွန့်ပြီး ပြောလိုက်သည်။
“အဲ့နောက်တော့ အဖိုးက ကျွန်တော့်ကို သင်ပေးမယ်ပြောတယ်၊ ဒါပေမဲ့ ကျွန်တော် မသင်ချင်ခဲ့ဘူး၊ ငယ်ငယ်လေးကတည်းက မီးဖိုချောင်မှာပဲ ကြီးပြင်းလာခဲ့တာ ပြီးတော့ သူငယ်ချင်းတွေက ပြောသေးတယ် မင်းက မီးဖိုချောင်အနံ့ နံလိုက်တာဆိုပြီး ကျွန်တော်နဲ့ မကစားချင်ကြဘူး၊ မီးဖိုချောင်အလုပ်က မိန်းကလေးတွေအလုပ်လို့ ပြောခဲ့ကြသေးတယ်”
“သူတို့ပြောတာမှားမှန်းသိပေမဲ့ ဟင်းချက်တာကို ဆက်သင်ဖို့ကလွဲပြီး ဘာမှမရှိခဲ့ဘူး၊ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း ခံစားရခက်ခဲ့တယ်”
“အဖိုးကလည်း တော်တော်စိတ်ပျက်သွားတာပေါ့၊ ဒါပေမဲ့ ကျွန်တော် တစ်နေ့ပြန်လာပြီး ဟင်းချက်တာကို သင်ယူဖို့ သူမျှော်လင့်နေခဲ့တယ်”
ဝမ်ဝမ်းဟောင်မှာ ဝေခွဲမရဖြစ်နေသည်။ “ကျွန်တော်လည်း တကယ်ဆို မသင်ချင်ပါဘူး၊ အခုတော့ အဲ့စကားတွေကို ပြန်စဉ်းစားကြည့်တော့ ကလေးတွေပြောနကျ ကလေးဆန်တဲ့ ဟာသတွေပဲ ဆိုတာ သိလာခဲ့တယ်”
“ဒါပေမဲ့ ကျွန်တော့်စိတ်ရဲ့ ဟိုးအတွင်းထဲမှာတော့ ဒီကိစ္စကြီးကို သူ့အလိုလို ရှောင်ချင်နေမိတယ်”
“ဒါဆိုရင် ဘာလို့ ဒီကို လာခဲ့သေးလဲ” ရှောင်ကျွင်းက သူပြောသည်ကို နားထောင်ပြီးနောက် ပြန်မေးလိုက်သည်။
“အနာဂတ်မှာ နောင်တမရချင်လို့ လာခဲ့တယ်လို့ပဲ ထင်တယ်”
“ကျွန်တော် မနက်ဖြန်ဆိုရင် ဘွဲ့ရပြီ၊ ရှေ့လျှောက် ဘာအလုပ်လုပ်မလဲလို့ တွေးလိုက်တိုင်း ကျွန်တော် အမြဲတမ်း အရင်ဆုံးတွေးမိတာက အဖိုးပြောခဲ့သလိုပဲ ဝမ်မိသားစုဟင်းလျာအမွေကို ဆက်ဆံပြီး ထိန်းသိမ်းသွားဖို့ပဲဖြစ်နေတယ်”
“ကျွန်တော် ဒီလိုလုပ်မှာကို အဖိုးသိဖို့ နောက်ကျသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”
“ကျွန်တော့်လို အလုပ်သင်တွေက ဒီမှာ ဝင်ငွေကောင်းကောင်း မရကြဘူး ပြီးတော့ လုပ်ရတာလည်း ပင်ပန်းသေးတယ်” ရှောင်ကျွင်းသည် ရုတ်တရက် မတ်တပ်ရပ်ပြီး “မင်း ဒီမှာ နေချင်တာ သေချာပြီလား”
“သေချာပါပြီ” ဝမ်ဝမ်းဟောင်သည် ဝမ်းသာအားရနှင့် ပြန်ဖြေခဲ့သည်။
“ကောင်းပြီ ဒါဆိုရင် နောက်ရက်ပိုင်းကျရင် ငါတို့ အိမ်ပြောင်းဖို့ လာကူပေး၊ မင်း ဆိုင်မှာလည်းနေချင်နေလို့ရတယ်၊ အပြင်မှာ ငှားပြီးနေချင်လည်းရတယ်၊ ငါတို့ အိမ်သစ်မှာတော့ အခန်းတွေအများကြီး ရှိတယ်” သူ၏ ကြည့်ရအဆင်မပြေသော ဆံပင်ကိုကြည့်ရင်း “ပြီးတော့ မင်းဆံပင်ကို အရောင်ပြန်ဆိုးလိုက်ဦး”
“ဟမ်?” ဝမ်ဝမ်းဟောင်သည် သူ့ခေါင်းကို မဝံ့မရဲပြန်ကိုင်ကြည့်ရင်း “ဒီမှာက ဆံပင်အရောင်ဆိုးတာကို တားမြစ်ထားတာလား ကျွန်တော်က ရမယ်ထင်လို့”
“အဲ့လိုတော့ မဟုတ်ဘူး” ရှောင်ကျွင်းသည် နောက်သို့ လျှောက်သွားပြီး “ဒါပေမဲ့ ငါကြည့်ရတာ အဆင်မပြေလို့”
ဝမ်ဝမ်းဟောင်သည် ထိုအခိုက်အတန့်တွင် စကားတစ်ခွန်းမှ ပြောမထွက်နိုင်ပဲ ရှိနေလေသည်။
“အိမ်ပြန်လိုက်ဦး၊ ဆိုင်ကပိတ်ထားတုန်းပဲ ရှိသေးတယ်၊ ဆိုင်ဖွင့်ရင် ပြောလိုက်မယ်” ဟုရှောင်ကျွင်းက ပြောခဲ့သည်။
“ကောင်းပါပြီ!” ဝမ်ဝမ်းဟောင်က ပျော်ရွင်စွာနှင့် ရှောင်ကျွင်းပြောသည်ကို ဆန့်ကျင်ပြီးမပြောပဲ ပြန်သွားလေသည် “ကျွန်တော် ဆံပင်အရောင် ပြန်ဆိုးလိုက်ပါ့မယ်”
ရှောင်ကျွင်းသည် ဘာမှမပြောပဲ လက်ကိုဝှေ့ယမ်းပြနေသည်။
“ဘာဖြစ်တာလဲ” တင်းရှသည် သူပြန်ဝင်လာသောအခါ မေးလိုက်သည်။
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး” ရှောင်ကျွင်းသည် တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ “အလုပ်သင်ငယ်ငယ်လေး တစ်ယောက်ရသွားတာပါ”
ထို့နောက်တင်းရှသည် စကားအနည်းငယ် ပြောခဲ့သည်။
ဖျင်အန်းလေးသည် အိပ်ရာထဲတွင် လူးလှိမ့်နေပြီး ကျွမ်းထိုးနေလေသည်။
“ရှင်တွေ့လိုက်လား” တင်းရှသည် အော်ပြောမလိုထိ ဖြစ်သွားသည့်တိုင်အောင် စိတ်လှုပ်ရှားနေသည်။ “ဖျင်အန်းလေးက မှောက်တတ်နေပြီ”
“တွေ့လိုက်တယ်” ရှောင်ကျွင်းသည်လည်း စိတ်လှုပ်ရှားနေပြီး ဖုန်းထုတ်ကာ သူ့သားပထမဆုံး မှောက်သည်ကို ဓါတ်ပုံမရိုက်လိုက်ရသဖြင့် နောင်တရနေလေသည်။
တည်တည်ငြိမ်ငြိမ်နှင့် ရှိနေသူမှာ ဖျင်အန်းတစ်ယောက်တည်းသာ ဖြစ်နေသည်။ သူသည် အဖေနှင့်အမေကိုကြည့်ပြီး သူတစ်ယောက်တည်းသာ နားလည်သော ကလေးစကားကို မပီကလာ ပီကလာနှင့် ပြောနေပြီး နောက်ထပ် မှောက်လိုက်သေးသည်။
တင်းရှမှာ စကားပြောထွက်ဖို့ စိတ်အလွန်လှုပ်ရှားနေပြီး ရှောင်ကျွင်းမှာတော့ သူ့ဖုန်းကိုထုတ်ကာ မျက်တောင် တစ်ချက်မှ မခတ်ပဲ ဖျင်အန်းလေးကို ဗီဒီယိုရိုက်နေလေသည်။
ဖျင်အန်းလေးသည် ပါးစပ်ကလေးကို ပိတ်လိုက်ဖွင့်လိုက်လုပ်ရင်း ပင်ပန်းနေသလိုနှင့် အိပ်ချင်နေသည်။ သူလေးသည် သမ်းလိုက်ပြီး မျက်လုံးလေးကို ပေကလပ် ပေကလပ်လုပ်နေသည်မှာ ချစ်စရာအလွန်ကောင်းလှပါသည်။
“ဟုတ်ပါပြီ သူ့ကို ပေးအိပ်လိုက်တော့မယ် ပုံမှန်တစ်ရေးတစ်မော အိပ်နေကျ အချိန်လည်း ကျလာပြီဆိုတော့” တင်းရှသည် ဖျင်အန်းလေးကို စောင်ခြုံပေးလိုက်ပြီး ရှောင်ကျွင်းကို အခန်းအပြင်သို့ ထွက်ခိုင်းလိုက်သည်။
ရှောင်ကျွင်းသည် အခန်းအပြင်သို့ ထွက်ဖို့ တွန့်ဆုပ်နေသည်။ “ကိုယ် ဗီဒီယိုတောင် ကောင်းကောင်း မရိုက်လိုက်ရသေးဘူး”
“နောက်တစ်ခေါက်မှပဲ ရိုက်တော့” တင်းရှက ပြောလိုက်သည်။ “မြန်မြန် ပစ္စည်းတွေသိမ်းတော့၊ ကျွန်မတို့တွေ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု သယ်ပြီး ပြောင်းရတော့မယ်။ သယ်ရမှာ အများကြီး၊ ဒါတွေကို အချိန်ဆွဲပြီး မလုပ်ချင်ဘူး...”
“ကောင်းပါပြီ” ရှောင်ကျွင်းသည် သူ့ဖုန်းကို သိမ်းလိုက်သည်။
တင်းရှသည် သူမ၏အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ “တစ်နေ့စာ သယ်ရမဲ့ ပစ္စည်းစာရင်းကို ချရေးထားမယ်၊ အဲ့ဒါမှ ပစ္စည်းတွေကို သေသေချာချာ စနစ်တကျသယ်နိုင်မှာ၊ ဦးလေးဝေကိုလည်း ပရိဘောဂတွေလုပ်ခိုင်းရမယ်”
“ဖြေးဖြေးပါ၊ အလျင်မလိုပါနဲ့”ဟုပြောရင်း ရှောင်ကျွင်းသည် ကလေးအိပ်ရာနားမှထွက်လာသည်။ “အရမ်းကြီးတဲ့ ပရိဘောဂတွေကို ထရပ်ကားနဲ့ သယ်လို့ရပါတယ်”
နောက်တစ်နေ့ မနက်စောစောတွင် ရှောင်ကျွင်းသည် အိပ်ရာစောစောထပြီးနောက် အိမ်ပြောင်းဖို့ ပစ္စည်းများကို ကားပေါ်တင်နေသည်။ တင်းရှသည် ကလေးနှင့်အတူ အိမ်တွင်နေခဲ့ပြီး ရှောင်ကျွင်းမှာ ဝမ်ဝမ်းဟောင်ကို ခေါ်ကာ ပစ္စည်းများ ကူသယ်ခိုင်းနေခဲ့သည်။
“ဆရာ ကျွန်တော် ဘာကူရွှေ့ပေးရမလဲ” ဝမ်ဝမ်းဟောင်သည် အားတက်သရောနှင့်ပြောလိုက်ပြီး ဆံပင်ပုံစံမှာလည်း အရောင်ပြန်ဆိုးထားပြီး သားသားနားနားဖြစ်အောင် ညှပ်ထားလိုက်သည်။
ရှောင်ကျွင်းသည် ရွှေ့ရမည့် ပစ္စည်းများကို လက်ညှိုးထိုးပြနေသည်။
ဝမ်ဝမ်းဟိုင်သည် လန့်သွားပြီး “အဲ့လောက်တောင်လား”
“မင်းက ဘာကိုမျှော်လင့်နေတာလဲ၊ အကြောင်းရှိလို့ ရွှေ့ခိုင်းနေတာ” ရှောင်ကျွင်းက ပြန်ပြောလိုက်သည်။
တင်းရှသည် ဘေးကနေ အခြားပစ္စည်းများကို လှမ်းပေးရင်း သူတို့နှစ်ယောက်သားမှာ ချွေးထွက်အောင် သယ်ရသည့် ပစ္စည်းများနှင့် လုံးပန်းနေကြသည်။
ဖျင်အန်းလေးသည် အိပ်ပျော်နေသည်။ တင်းရှသည် သူလေးအိပ်နေသည်ကို သူမမျက်စိနှင့် မပြတ် ကြည့်နေနိုင်အောင် ပုခက်ကို ဧည့်ခန်းသို့ ရွှေ့ထားလိုက်သည်။
ကောင်မလေးတစ်ယောက်သည် သူတို့ကို ကြည့်ရင်း ပြောခဲ့သည် “သူဌေးမကြီးတို့ အိမ်ပြောင်းနေတာလား”
“ဟုတ်တယ် အစ်မတို့တွေ အိမ်ပြောင်းနေတာ” တင်းရှသည် ကောင်မလေးက နှာခေါင်းစည်းတပ်ထားသော်လည်း ထင်းနေသော မျက်ခုံးလေးကိုတွေ့သွားပြီး ရင်းနှီနေသလို ခံစားနေရသည်။
“အာ! အဲ့ဒါဆိုရင် သမီးဒီဆိုင်မှာ နောက်ထပ် လာစားလို့မရတော့ဘူးပေါ့!” ကောင်မလေးသည် ကျယ်ကျယ်လောင်လောင်နှင့် အံ့အားသင့်စွာ ပြောလိုက်သည်။
ထို့နောက် တင်းရှသည် ကောင်မလေးမှာ မည်သူဖြစ်မှန်း သိသွားခဲ့သည်။
သူမသည် တုရိုရိုဖြစ်သည်။
တုရိုရိုမှာ အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်နေသည်။ “သမီးမှာတော့ ဒီကပ်ရောဂါကြီးပြီးသွားရင် ဆိုင်မှာ အရင်လို နေ့တိုင်း ဟင်းပွဲကြီးကြီးတွေ လာစားနိုင်မယ် ထင်ထားတာ၊ ခုတော့ အစ်မတို့က ပြောင်းတော့မယ်ဆိုတော့....”
တင်းရှသည် သူမကို အားပေးနှစ်သိမ့်ပေးလိုက်သည် “ဒါပေမဲ့ ဆိုင်ကို အပြီးပိတ်သွားတာမှ မဟုတ်တာ၊ နောက်ဆိုလည်း ပါဆယ်ဝယ်ပြီး မှာစားလို့ ရတော့မှာပါ...”
“ပါဆယ်မှာစားတာက စားမကောင်းဘူး!” ဒူရိုးရိုးက လေးနက်စွာ ထပ်ပြောလိုက်သည်။
သူမသည် ဆိုင်လိပ်စာအသစ်ကို တောင်းနေသည်။ တင်းရှ ပြောပြလိုက်သောအခါ ကောင်မလေးမျက်လုံးမှာ ပြူးသွားခဲ့သည်။
“အားးးးး သမီးအဖိုးအဖွားတွေက အဲ့နားမှာနေတယ်!” တုရိုရိုမှာ ပျော်သွားပြန်သည်။ “သမီးနေ့တိုင်း လာလို့ရပြီ!”
တင်းရှမျက်လုံးထဲတွင် ကောင်မလေးသည် ချစ်စရာကောင်းနေပြီး မရယ်ပဲမနေနိုင်ပေ။
စိတ်လှုပ်ရှားသွားပြီးနောက် တုရိုရိုသည် မဝံ့မရဲ မေးလိုက်သေးသည် “သူဌေးမကြီး သမီးဒီနေ့တစ်ခုခုစားဖို့ မှာလို့ရလား”
“ဘာစားချင်လဲ ပြော” တင်းရှသည် သူမ စိတ်ဓါတ်ကျအောင် မလုပ်ခဲ့ပေ။
တုရိုရိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး “ခုတလော စားချင်စိတ် သိပ်မရှိဘူးဆိုတော့၊ ချဉ်ပြီး စပ်တဲ့ စားကောင်းတဲ့ဟာ တစ်ခုခုစားချင်တယ်”
တင်းရှသည် စဉ်းစားလိုက်ပြီး အကြံပေးလိုက်သည်။ “အချဉ်စိမ်ထားတဲ့ မုန်ညင်းစိမ်းဆိုရင်ရော ဘယ်လိုလဲ အရမ်းစားကောင်းတယ် အဲ့ဒါကိုသုံးပြီးချက်ထားတဲ့ ကြံမဆိုင်ဟင်းချိုသောက်မလား”
“ကောင်းသားပဲ!” တုရိုရိုသည် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
တင်းရှသည် သူမအတွက် ပန်းကန်လုံးထဲ ထမင်းထည့်ပေးရင်း ပြုံးနေသည်။ “ချွင်းချက်အနေနဲ့ ဒီနေ့တစ်နေ့တော့ မင်းကို ဒီမှာ ထိုင်စားခွင့်ပြုလိုက်မယ် ဒါပေမဲ့ နောက်ရက်တွေဆို ပါဆယ်ပဲရမှာနော်”
တုရိုရိုသည် သူမကို ကျေးဇူးတင်နေပြီး ဇွန်းကို ကောက်ယူလိုက်ကာ ဟင်းချို မြည်းဖို့ စောင့်နေလေသည်။
အရသာသည် ချဉ်ပြီးစပ်ကာ အလွန်ပင် သောက်လို့ကောင်းသောကြောင့် သူမ စားချင်စိတ်များ ပြန်ပေါ်လာအောင် လုပ်နေသည်။
တုရိုရိုသည် လွန်ခဲ့သော ရက်တွေတုန်းက ပျောက်နေသော သူမ၏ စားချင်စိတ်များ ရှင်းရှင်းလင်းလင်း ပြန်ပေါ်လာခဲ့လေပြီ။
တင်းရှသည် အိပ်နေသော ဖျင်အန်းလေးကို ချီထားပြီး စားလိုက် ဖျင်အန်းလေးကို ဆော့ပေးလိုက် လုပ်နေသော တုရိုရိုကို ကြည့်နေလေသည်။
“လှလိုက်တဲ့ ကလေးလေး....” တုရိုရိုသည် အားကျမနာလိုဖြစ်ကာ ပြောလိုက်သည်။
တင်းရှသည် သူမကို ပြုံးပြပြီး ကျေးဇူးတင်လိုက်သည်။
တုရိုရို စားလို့မပြီးခင်တွင် ယောင်းမကုန်းနှင့် အဒေါ်ကျွမ်းတို့သည် အထုတ်များကိုယ်စီသယ်ပြီး ဝင်လာခဲ့သည်။