အခန်း (၄၁)
Vol. 3 Ch. 41
“အဖွားကို လာဖက်ပါဦး!”
အဒေါ်ကျွမ်းသည် လက်ဆေးပြီးနောက် အလျင်အမြန် ဖျင်းအန်းလေးဆီ လျှောက်လာပြီး မျက်နှာလေးကို ညင်သာစွာ တို့ထိလိုက်သည်။
သူစိမ်းကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ဖျင်အန်းလေးသည် အနည်းငယ် ကြောက်သွားပြီး တင်းရှလက်မောင်းတွင်းသို့ တိုးဝင်လိုက်သည်။
အဒေါ်ကျန်းလည်း သူမလက်ကို နောက်ပြန်ဆုတ်လိုက်ပြီး ကြင်နာမှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် “အရမ်းချောတာပဲနော်!” ဟုပြောခဲ့သည်။
“အဒေါ်တို့ ပြန်ရောက်လာပြီပေါ့” တင်းရှသည် အနည်းငယ်ပျော်သွားခဲ့သည်။
“ဟုတ်တယ်၊ တကျွမ်းကားမောင်းပြီး လိုက်ပို့ပေးတာလေ” အဒေါ်ကျွမ်းသည် ပြုံးနေခဲ့သည်။
“တကျွမ်းက ရှင် ကလေးမွေးတယ်ကြားပြီး တစ်ခုခု ပြင်ဆင်ပေးထားသေးတယ် သူတို့မိသားစုက လုပ်တဲ့ဟာတွေနဲ့တဲ့ ၊ အဲ့ဒါတွေက စိတ်ချရတယ်လေ၊ စိတ်မပူနဲ့” ယောင်းမကုန်းက ပြောပြီး သူမနောက်တွင် ရှိသော ပစ္စည်းများကို သိမ်းဆည်းနေပြီး ဖျင်အန်းလေးကို ကြည့်ဖို့ အနားသို့ ရောက်လာလေသည်။
“ကျန်းမာပြီး သန်မာနေတာပဲနော်” ယောင်းမကုန်းသည် ဖျင်အန်းလေးကို အတော်ကြာ မတွေ့လိုက်ရသောကြောင့် စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဒါပေါ့ရှင်၊ တစ်နေ့ကို ရှစ်နပ်လောက်စားနေတာ၊ စားပြီးလို့ ခဏကြာရင်လည်း စားချင်သေးလို့ ငိုပြီးထပ်တောင်းပါလေရော၊ စားလွန်းလို့ ဝက်ပေါက်လေးဖြစ်လာပြီလေ!” တင်းရှသည် ဖျင်အန်းအင်္ကျီလေးကို ပြန်ပြင်ဝတ်ပေးရင်း ပြောနေသည်။
“အဲ့လိုစားချင်စိတ်ရှိတော့ ကောင်းတာပေါ့၊ တော်ရုံ နေမကောင်းမဖြစ်တော့ဘူးပေါ့!” အဒေါ်ကျွမ်းသည် ဖျင်အန်းလေးမှာ တစ်နေ့ထက်တစ်နေ့ ပိုကြည့်ကောင်းလာသည်ဟု တွေးထင်နေသည်။
“အစ်ကိုတကျွမ်းကရော ဘယ်မှာလဲ အပြင်မှာလား” တင်းရှသည် တံခါးဝကို ကြည့်ရင်း ပြောလိုက်သည်။
“သူ ကားပါကင်ထိုးဖို့ နေရာလိုက်ရှာနေတာ ဒီနားတစ်ဝိုက်က ကားပါကင်ထိုးဖို့ ခက်တယ်လေ၊ သူ့ဘာသာ ကားပါကင်ထိုးဖို့ နေရာတစ်နေရာကိုတော့ လမ်းညွှန်ပေးလိုက်ပါရဲ့” ယောင်းမကုန်းက လက်ကိုဝှေ့ယမ်းရင်း ပြောနေခဲ့သည်။
“အစ်ကိုတကျွမ်း ဒီမှာထမင်းလာစားတာ ဝမ်းသာစရာပဲ” တင်းရှသည် မတ်တပ်ထရပ်လိုက်သည် “မီးဖိုချောင်ထဲမှာ ချက်ဖို့ပစ္စည်းတွေ အများကြီးကျန်နေသေးတယ်”
“ဟုတ်ပ သူက ဒီကို ထမင်းစားဖို့ လာချင်ခဲ့တာလေ”
ယောင်းမကုန်းသည် ရယ်မောပြီး “အရင်တစ်ခေါက်တုန်းက အိမ်ပြန်ရောက်တော့လေ သူ့မှာ မနေနိုင်ဘူး ဆိုင်က ဟင်းတွေအကြောင်းကို နေ့တိုင်း ပြောနေတော့တာပဲ၊ ကျွန်မတို့လည်း ဒီကိုလာမယ်ပြောလိုက်တော့ သူ့ခမျာ တက်ကြွတဲ့ ကြက်ဖဖြစ်သွားတာလေ”
တင်းရှသည် ထိုသို့ကြားသည်နှင့် ရယ်မောပစ်လိုက်သည်။
တုရိုရိုသည် ဇွန်းကိုကိုက်ရင်း အားကျမနာလိုဖြစ်ကာ “အရမ်း မိုက်တာပဲ၊ သူဌေးမကြီး အချိန်ပိုင်းအလုပ်သမား ခေါ်လားဟင် သမီးလာလုပ်ပေးလို့ရတယ်နော်!”
တင်းရှသည် တစ်ခဏမျှ ကြောင်သွားပြီး “ဒါပေမဲ့ အစ်မတို့က အိမ်ပြောင်းတော့မှာလေ...”
“သမီးတို့ကျောင်းကလည်း ပြန်မဖွင့်သေးဘူး…ကျောင်းကလည်း ဘယ်တော့ ပြန်ဖွင့်မယ်မှန်းလည်း မသိပါဘူး…ပြန်မဖွင့်ဖို့ကများတယ်…” တုရိုရိုက ပြောခဲ့သည်။
“ကျောင်းပြန်ဖွင့်ခဲ့ရင်တောင်မှ အွန်လိုင်းကနေပဲ သင်ကြဦးမှာ၊ သမီးလည်း သုံးနှစ်လောက်ရှိပြီ၊ ဘာအတန်းမှ မဖွင့်သေးဘူး…”
တင်းရှပြန်မဖြေခင် တုရိုရိုဆက်ပြောနေသည်။ “ပြီးတော့ အဖိုးအဖွားကလည်း အဲ့နားမှာနေတော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး”
တင်းရှလည်း ထိုအကြောင်းကို စဉ်းစားလိုက်သည်။ သူမသည် အချိန်ပိုင်းအလုပ်သမား လိုအပ်နေသည်။ ဖျင်အန်းလေးနှင့် တစ်ချိန်လုံးအတူ ရှိနေပေးဖို့ လူတစ်ယောက် လိုအပ်နေလေသည်။ ရှောင်ကျွင်းသည် မီးဖိုချောင်အလုပ်ကို လုပ်မည်ဖြစ်ပြီး အဒေါ်ကျန်းက ကူညီပေးမည်ဆိုသော်လည်း ယောင်းမကုန်းလည်း သူမအလုပ်နှင့်သူမ အလုပ်ရှုပ်နေပေဦးမည်။
“ဒါဆိုရင် ဒီကိစ္စကို အစ်မတို့ အိမ်ပြောင်းပြီးသွားရင် ဆက်ပြောကြမယ်လေ” တင်းရှသည် ငြင်းလည်းမငြင်း သဘောလည်း မတူခဲ့ပေ။ “ဆက်သွယ်လို့ရမဲ့ဟာလေး တစ်ခုခုပေးခဲ့လို့ရမလား”
“ရပါတယ်၊ ရပါတယ်!” တုရိုရိုသည် ချက်ချင်းပင် သူမ၏ဖုန်းနံပါတ်ကို တင်းရှဆီပေးလိုက်သည်။
ရှောင်ကျွင်းပြန်လာသောအခါ တင်းရှသည် အဒေါ်ကျွမ်းကို ဟင်းချက်ဖို့ပစ္စည်းများ ပြင်ဆင်ခိုင်းထားပြီး ဖြစ်သည်။
တကျွမ်းသည် ဘေးနားတွင် ဖျင်အန်းလေးကို ပြုံးပြရင်း မြူနေသည်။ ကပ်ရောဂါကြီး အတောအတွင်း ဘယ်မှ သွားစရာ အကြောင်းမရှိသောကြောင့် တကျွမ်းသည် မုတ်ဆိတ်လည်း မရိတ်သဖြင့် မုတ်ဆိတ်အထူကြီး ပေါက်နေလေသည်။ သူသည် ဖျင်အန်းလေးကို မျက်နှာထားမျိုးစုံလုပ်ပြရင်း သူ့မျက်ခုံးကို တွန့်ပြနေသည်။
ပထမတော့ ဖျင်အန်းလေးသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ရှုပ်နေပုံပေါက်သွားသည်။ ထို့နောက် သူလေးသည် စိတ်ကျေနပ်လာပြီး တခစ်ခစ်ရယ်ပါလေတော့သည်။
ပစ္စည်းများ သယ်ရွေ့နေရ၍ ချွေးများထွက်ရင်း ဝမ်ဝမ်းဟောင်သည် စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး လှဲလိုက်ကာ ဟိုက်ကြီးတငင်နှင့် သူဘယ်လိုပုံစံပေါက်နေလဲဆိုတာကို ဂရုမစိုက်တော့ပေ။
ရှောင်ကျွင်းသည် သူ့ကို မျက်မှောင်ကြုတ်ကြည့်ပြီး “အရင်တုန်းက ဒယ်အိုးတွေလှန်တာ မလေ့ကျင့်ဖူးဘူးလား၊ ဒီလိုအားအင်လေးနဲ့ အလုပ်တွေ ဘယ်လိုလုပ်မလဲ”
ဝမ်ဝမ်းဟောင်သည် ခဏငြိမ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။ “ငယ်ငယ်တုန်းကတော့ လေ့ကျင့်ဖူးပါတယ်...”
ပြောချင်သည်မှာ ယခုတွင်မူ မလေ့ကျင့်တော့ပေ။
ရှောင်ကျွင်းသည် သူ့စိတ်ထဲရှိ အစီအစဉ်ကို တိတ်တဆိတ် ပယ်ဖျက်လိုက်ပြီး သုညကနေ စရတော့ပေမည်။
“ဝမ်းဟောင်၊ ငါတို့နဲ့ ထမင်းအတူတူ လာစားလေ” တင်းရှသည် တံခါးပေါက်ကနေ ပြောလိုက်သည်။ “ဒီနေ့ညတော့ လူစုံတက်စုံနဲ့ ပွဲစည်တော့မှာပဲ”
ဝမ်ဝမ်းဟောင်သည် မျက်တောင်ခတ်ကြည့်ပြီး “ယောက္ခမကြီး၊ ဒီအချိန်က အတူတူစုပြီး စားရမှာမဟုတ်ဘူးလေ၊ ကျွန်တော်တို့တွေ သီးသန့် စားသင့်တယ်”
တင်းရှသည် တစ်ခဏမျှ ရပ်တန့်သွားသည်။
ရှောင်ကျွင်းသည် သူ့ကို ကော်လန်ကနေဆွဲပြီး အပြင်သို့ တွန်းပို့လိုက်သည်။ “နောက်ကျနေပြီ၊ မင်းအိမ်ပြန်တော့”
ဝမ်ဝမ်းဟောင်သည် သူ့ခေါင်းပေါ်ရှိ ကျစ်ကျစ်တောက်နေသော မွန်းတည့်ချိန် နေလုံးကြီးကို မော့ကြည့်ရင်း တိတ်ဆိတ်သွားလေသည်။
တင်းရှသည် တံခါးပေါက်ကနေ ပြုံးပြလိုက်ပြီး “ကျွင်း၊ စနေတာ ရပ်လိုက်တော့၊ နှစ်ယောက်စလုံး ဝင်လာခဲ့၊ နှာခေါင်းစည်းလည်း နှစ်ယောက်စလုံး မတပ်ထားဘူး တော်ကြာ ဖမ်းခံမိနေဦးမယ်”
ရှောင်ကျွင်းသည် ဝမ်ဝမ်းဟောင်ကို တိတ်တဆိတ် အိမ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။
တင်းရှသည် ပန်းကန်ပြားတစ်ချပ်ကို ထုတ်ပြီး “ငါတို့တွေ သီးခြား ပန်းကန်တွေနဲ့ စားကြမှာပါ”
ဝမ်ဝမ်းဟောင်သည် စနောက်ပြီး ပြောလိုက်ခြင်းသာဖြစ်သည်။ သူပြောသည်ကို တင်းရှတစ်ယောက် လက်ခံအလျှော့ပေးပြီး အမှန်တကယ် ပန်းကန်သီးသန့်များနှင့် စားကြမည်ကို မထင်ထားပေ။
“ယောက္ခမကြီး၊ ယောက္ခမကြီးက အရမ်းအံ့သြစရာကောင်းတာပဲ!”
တင်းရှသည် ခေါင်းကို ပွတ်လိုက်သည်။ ပန်းကန်သီးသန့်နှင့် စားသည့်အကြံဉာဏ်မှာ တကျွမ်း၏ အကြံဉာဏ်ပင် ဖြစ်ပေသည်။
နေ့လည်စာသည် ဟင်းပွဲများနှင့် ဝေဝေဆာဆာဖြစ်နေသည်။
အားလုံးပေါင်း လူကြီး ခြောက်ယောက်နှင့် ကလေးတစ်ယောက်ပင် ဖြစ်သည်။
ဟင်းပွဲ ခုနှစ်ပွဲနှင့် ဟင်းရည်တစ်ပွဲ။
ကလေးသေးသေးလေးမှာ ဟင်းပွဲများကို ဟိုကြည့်သည်ကြည့်ရင်း အလုပ်ရှုပ်နေသည်။
သို့သော် လူကြိုက်အများဆုံးမှာ တင်းရှကိုယ်တိုင်ချက်ထားသော ခြင်္သေ့ခေါင်း အသားလုံးများပင် ဖြစ်သည်။
ဒီတစ်ကြိမ်တွင် တင်းရှသည် အဆီများသော ဝက်ဗိုက်သားကို အဆီ၄ချိုး အသား၆ချိုးဟူသော အချိုးအစားနှင့် သုံးထားသည်။ သူမသည် အခေါက်ကို ခွာကာ အသားနှစ်ဖြစ်သွားသည်အထိ အသားကို နုပ်နုပ်စင်းလိုက်သည်။
ဓါးဖြင့် နုပ်နုပ်စင်းစင်းခြင်းသည် စက်ကို အသုံးပြုခြင်းထက် ပိုပြီးစားကောင်းသည်။
သူမသည် ကြက်သွန်မြိတ်၊ ဂျင်း၊ ရှောင်ရှင်း ဝိုင်တို့ကို အသားနှစ်ထဲရောထည့်ပြီးနောက် ဆား၊ ကော်မှုန့်၊ ငရုတ်ဖြူအမှုန့်တို့ကို ထပ်ထည့်လိုက်သည်။ သူမသည် လက်ဖြင့် ထိုအရာများကို ကောင်းစွာ နှံ့စပ်သွားအောင် ရောနယ်လိုက်သည်။
သေချာစွာ နယ်ပြီးနောက် သူမသည် နောက်ထပ် ကြက်သွန်မြိတ်၊ ဂျင်းတို့ကိုပိုထည့်ကာ ဂျုံမှုန့်အနည်းငယ်ကို ထည့်ပြီး ထုလိုက် နယ်လိုက် လုပ်နေလေသည်။
နောက်ဆုံးအနေနှင့် ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး ပျစ်နှစ်ကပ်စေးသွားအထိ ဖြစ်အောင် ဆက်ပြီး ထုလိုက် နယ်လိုက်လုပ်နေသည်။ ထို့နောက် ဂျုံမှုန့်ကို ထပ်ထည့်ကာ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင် ငါးမျိုးနှင့် ပဲငံပြာရည်တို့ကို ချိန်ဆပြီး ထည့်လိုက်သည်။
ထို့နောက် သူမသည် သစ်အယ်သီးနှင့် ကြာစွယ်ရိုးတို့ကို အတုံးတုံးပြီး ရောထည့်လိုက်သည်။
သူမသည် ဒယ်အိုးထဲတွင် ဆီပူပေးပြီးနောက် ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပြီး ဆီသတ်လိုက်လေသည်။ ထို့နောက် သူမသည် ပဲငံပြာရည်အချို့နှင့် ရေ၊ သက်တမ်းရင့်ပဲငံပြာရည်နှင့် ဟင်းခတ်အမွှေးအကြိုင်၊ အဆုံးတွင် ရှောင်ရှင်းဝိုင် အနည်းငယ်လောင်းထည့်ပြီး ငရုတ်ဖြူမှုန့်နှင့် သကြားအနည်းငယ် ထည့်လိုက်သည်။
ဟင်းရည်သည် ပွက်လာသောအခါ သူမသည် မီးလျှော့လိုက်သည်။ သူမ၏ လက်မနှင့်လက်ညှိုးကို သုံး၍သော်လည်း ဇွန်းအသေးကို သုံး၍သော်လည်းကောင်း အသားနှစ်ကို အနည်းငယ်စီယူကာ အသားလုံးများဖြစ်သွားအောင် လိပ်ပြီး ဟင်းရည်ထဲ ထည့်လိုက်သည်။
ထို့နောက် သူမသည် ထိုအသားလုံးများကို မဆယ်ယူခင် မီးနည်းနည်းဖြင့် တစ်နာရီလောက် ပွက်အောင်ထားလိုက်သည်။
အရည်ဖြင့် ချက်ထားသော်လည်း ရိုးရာ အနီရောင်ခြင်္သေ့ခေါင်း အသားလုံးပြုတ်ကြော်ကဲ့သို့ အရသာရှိလှသည်။
တစ်ကိုက်စားရုံဖြင့် အရသာသည် နူးညံ့ပြီး ထုပ်ထုပ်လေးနှင့် အရသာမျိုးစုံပါဝင်နေလေသည်။
ကျန်းမာရေးနှင့် ညီညွတ်ပြီး စားကောင်းသည်။ ဟင်းပန်းကန်လုံးသည် အလျင်အမြန်ပင် အားလုံးကြားထဲ၌ ပြောင်ရှင်းသွားသည်။
သူတို့မှာ ထိုသို့ စုပေါင်းပြီး အရသာရှိသော အသားလုံးကို မစားရသည်မှာ ကြာလှပြီဖြစ်သည်။ ရှောင်ကျွင်းနှင့် တင်းရှသည် နှစ်ယောက်စလုံး စိတ်ကြည်နူးနေကြသည်။
ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ချီထားပြီး သူ့ဘေးနားတွင် ရှိနေသော တင်းရှကို ကြည့်လိုက်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။ သူ၏စိတ်ခံစားချက်များ ရောထွေးနေသည်။
“ဘာများလဲ” တင်းရှသည် သူ့အကြည့်ကို သတိထားမိလိုက်သည်။ သူမသည် ထိုသို့မေးလိုက်သော်လည်း သူမလက်ချောင်းများသည် သူ့လက်ချောင်းလေးမျာဖြင့် ရောယှက် ဆုပ်ကိုင်ထားရန် လှမ်းလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း ပျော်လို့ပါ” ရှောင်ကျွင်း ပြောခဲ့သည်။
ရှောင်ကျွင်းသည် သူ့အိတ်ကပ်ထဲမှ ဗူးသေးသေးလေးကို ထုတ်ယူလိုက်သည်။
အားလုံးက သူတို့ကို ကြည့်နေခဲ့သည်။ ရှောင်ကျွင်းကပြောလိုက်သည်မှာ “ကျွန်တော် ဒီလိုပျော်ရွှင်စရာ ဘဝလေးရအောင် တစ်ခါမှ မဆုတောင်းရဲခဲ့ဘူး၊ ကျွန်တော့်အတွက် မဖြစ်နိုင်ဘူး ထင်ခဲ့လို့လေ”
“ဒီနှစ်တွေမှာ ကိုယ်တို့နှစ်ယောက်အတူရှိခဲ့ကြတယ်။ ဒါပေမဲ့ အထီးကျန်တာကို လုံးဝမခံစားခဲ့ရဘူး၊ အခုထိ မင်းအပေါ် အကြွေးတင်သလို ခံစားနေရသေးတယ်၊ မင်းကို ကိုယ့်ဘေးမှာ တစ်သက်လုံးထားချင်တယ်၊ တစ်ယောက်ကို တစ်ယောက်လိုအပ်နေတဲ့ အထီးကျန်လူသားတွေလိုမျိုးပေါ့”
“ကိုယ် အခုလက်ရှိဘဝကို အရမ်းပျော်တယ်၊ ကိုယ့်ဘေးနားမှာ အမြဲရှိနေပေးတဲ့ စောင့်နေပေးတဲ့ ပြည့်စုံတဲ့အိမ်လေးတစ်လုံးကို ဖန်တီးပေးတဲ့ ရှရှကို ကျေးဇူးတင်မိတယ်”
“ဒါပေမဲ့ ကိုယ် အပြစ်ရှိသလို ခံစားနေရတုန်းပဲ”
ရှောင်ကျွင်း မျက်စိများ နီရဲလာသည်။ “ကိုယ် မင်းဆီက အနွေးဓါတ်လေးကို လောဘကြီးစွာ ရယူခဲ့တယ်၊ အဲ့ဒါက မင်းကို တစ်ချိန်လုံး မပျော်ရွှင်စေခဲ့ဘူး-မင်း ကိုယ်ဝန်ဆောင်ချိန်မှာလည်း အတူရှိမနေပေးခဲ့ဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့မိတယ်၊ ဒါတွေအားလုံးက ကိုယ့်အမှားတွေပါ”
“ကိုယ် မင်းအပေါ် အကြွေးတွေအများကြီး တင်မိပြီ” ဟုရှောင်ကျွင်းက ပြောခဲ့သည်။ “ဒါပေမဲ့ အဲ့အကြွေးတွေကို ကိုယ် ဖြေးဖြေးချင်း ဆပ်သွားချင်တယ်”
ရှောင်ကျွင်းသည် မတ်တပ်ရပ်လိုက်ကာ ဗူးလေးကို ဖွင့်လိုက်သည်။ အထဲတွင် တဖျက်ဖျက်လက်နေသော စိန်လေးနှင့် ပလက်တီနမ်လက်စွပ်တစ်ကွင်း ရှိနေသည်။
“ရှရှ၊ ကိုယ့်ကို လက်ထပ်နိုင်မလား”
ရှောင်ကျွင်းသည် တင်းရှမျက်ဝန်းလေးကို ကြည့်ရင်း ဖြေးညင်းစွာ ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ့အကြည့်သည် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်လျှံနေသည်။
တင်းရှ နှာခေါင်း တစ်ချက်ရှုံ့လိုက်သည်။
သူမသည် ကောင်းကင်ကြီးလို ကျယ်ပြောသော မျက်နှာကြီးကို မျက်နှာချင်းဆိုင်ထားပြီး ဆီအနံ့များရနေ၍ သူမ၏ မီးနေသည်ဗိုက်လေးသည်လည်း ပုံမှန်အတိုင်း ပြန်မချပ်သေးပဲ ကလေးကိုလည်း ထွေးပွေ့ထားသည်။
“ကျွန်မ…”
သူမ တစ်ချက်ဆို့နင့်သွားသည်။“ကျွန်မ ရှင့်ကို လက်ထပ်ပါ့မယ်”