အခန်း (၄၃)
Vol. 3 Ch. 43
တင်းရှသည် ရုတ်တရက် လန့်သွားပြီး သူမ၏ နံဘေးကို ကြည့်လိုက်သောအခါ ချောမော သားနားသော ယောကျ်ားသားတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။
ထိုယောကျ်ားသည် သူ့ကြောင့် သူမလန့်သွားသည်ကို မြင်ပြီး တောင်းပန်သည့် အပြုံးပြုံးပြလိုက်သည်။ “လန့်သွားအောင် လုပ်မိလို့ တောင်းပန်ပါတယ်ခင်ဗျာ့”
“ရပါတယ်” တင်းရှသည် ခေါင်းခါပြလိုက်သည်။ ခုနက သူပြောလိုက်သည်ကို သတိရသွားပြီး သူမ မေးလိုက်သည်။ “လူကြီးဟူကို သိလို့လား”
“သိတော့သိပါတယ်” ထိုသူသည် စိတ်ခံစားချက်မရှိပဲ ခပ်ရေးရေးလေး ပြုံးလိုက်သည်။ ဆိုင်၏ ဆိုင်းဘုတ်ကို ကြည့်ပြီး “ ဒီနေရာက စားသောက်ဆိုင်ပဲ ဟမ်...”
“ဆိုင်ထဲဝင်ထိုင်ပါဦးလား” သူ၏ မပြုံးမရွှင်နိုင်သော ပုံစံကိုကြည့်ပြီး တင်းရှက ထိုစကားကို ကမ်းလှမ်းပြောဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ” ထိုသူသည် တင်းရှပြောသည်ကို သဘောတူလိုက်ပြီး ဆိုင်ထဲသို့ လိုက်လာခဲ့သည်။ အရင်ဆုံး ယောင်းမကုန်းက ဖျင်အန်းလေးကို ချီထားသည်ကို တွေ့လိုက်ပြီး သူ့ပုံစံမှာ နူးညံ့သွားခဲ့သည်။ “ချစ်စရာကောင်းတဲ့ ကလေးလေးပဲ”
“ဟုတ်တယ်၊ ကျွန်မရဲ့သားလေးလေ” တင်းရှသည် ပြုံးပြ၍ ဖျင်အန်းလေးကို မြူနေကာ သူလေးကလည်း ပါးချိုင့်လေးနှစ်ခုနှင့် ချက်ချင်းပင် သူ့အမေကို ပြန်ပြီးပြုံးပြနေလေသည်။
“အရမ်းချစ်ဖို့ကောင်းတာပဲ” ထိုသူသည် အနည်းငယ် အားကျမနာလိုသည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။
“တစ်ခုခုများ သုံးဆောင်မလားရှင့်” တင်းရှသည် ထိုသူကို မီနူးလှမ်းပေးလိုက်သည်။
သူသည် မီနူးကို လှန်ကြည့်ကာ ပြန်ပိတ်လိုက်သည် “ခုနက ဟူဇီလင်နဲ့ စွန်းယုကျူးတို့ ဘာစားသွားလဲ”
တင်းရှသည် တစ်ခဏမျှ တွန့်ဆုတ်သွားသည်။ “ရှင်ရော သူတို့စားခဲ့တာကို မှာမလို့လား”
ထိုယောကျ်ားသည် ခေါင်းခါပြလိုက်သည်။ “ဒီအတိုင်း သူတို့စားတဲ့ အစားအစာကို ကြည့်ပြီး ဘာမှာရမလဲ စဉ်းစားမလို့ပါ”
တင်းရှသည် ထိုသူတို့ မည်သို့ အစားအစာများ မှာစားသွားသည်ကို ပြောပြလိုက်သည်။ သူသည် နားထောင်ရင်း ရယ်နေသည်။ “ကျွန်တော် အဲ့ဟာတွေ မမှာတော့ဘူး၊ ကျွန်တော်က အချိုမကြိုက်ဘူးလေ၊ စပ်တာပဲ ကြိုက်တာ”
ထို့နောက် သူသည် အနီရောင်သွေးခဲမွှေးဆိုသော စားစရာကို မှာလိုက်သည်။
“ဒါပဲမှာမယ်၊ ကျွန်တော်က အများကြီးမစားတတ်ဘူး၊ အများကြီးမှာတာက ဖြုန်းတီးရာကျလို့” သူပြောလိုက်သည်။
အဒေါ်ကျွမ်းသည် အော်ဒါစာရွက်ကို မီးဖိုချောင်သို့ လှမ်းပေးခဲ့သည်။ တင်းရှသည် တစ်ခဏမျှ စဉ်းစားသွားပြီးနောက် နွားနို့ထဲ စွန်ပလွံသီးအနီထည့်ထားသည့် သောက်စရာကို ထိုသူအတွက် တစ်ခွက် ထည့်ပေးလိုက်သည်။ “ဒီသောက်စရာဆိုရင်ရော ဘယ်လိုလဲ”
ထိုသူသည် အံ့အားသင့်သော အသံဖြင့် “တော်တော်ကောင်းမယ်...လို့ထင်တယ်”
တင်းရှသည် နို့ခွက်ကို သူ့ထံတွန်းပို့ပေးလိုက်သည်။ “စကားလေး ဘာလေးပြောချင်လား ရှင့်ကြည့်ရတာ စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ”
ထိုသူသည် သူ့မျက်နှာကို ပြန်ကိုင်ကြည့်ပြီး “အဲ့လောက်တောင် သိသာနေလားဗျာ့”
“နည်းနည်းပါ၊ ဒါမှမဟုတ် ကျွန်မက အခုမှ မီးနေသည်ဆိုတော့ ဒီတိုင်း အရာရာကို ပိုသတိထားမိနေတာ ဖြစ်မှာပါလေ” တင်းရှက ပြုံးပြလိုက်သည်။
“ကျွန်...ကျွန်တော့်နာမည် လင်းကျားယွီပါ” ဖြေးဖြေးလေး ပြောလိုက်သည်။ “ကျွန်တော်က ဟူဇီလင်နဲ့ စွန်းယုကျူးတို့ကို သိတယ်”
သူ မတိတ်ဆိတ်သွားခင် ထိုသို့ပြောခဲ့သည်။
တင်းရှသည်လည်း သိချင်နေသည်။ သို့သော် သူတစ်ပါး၏ ဝမ်းနည်းစရာ ကိစ္စကို မစပ်စုသင့်မှန်းလည်း သိနေသည်။ လင်းကျားယွီက နောက်ထပ်စကားမပြောခင် သူမသည် ထသွားဖို့ လုပ်နေသည်။
“ကျွန်တော်တို့တွေက တက္ကသိုလ်ကတည်းက တတွဲတွဲ နေခဲ့ကြတာ”
“ကျွန်တော်တို့ဆက်ဆံရေးကလည်း အရမ်းကိုကောင်းခဲ့ကြတယ်၊ တစ်ယောက်ကို တစ်ယောက်လည်း အရမ်းချစ်ကြတယ်လေ၊ အခက်ခဲဆုံးအချိန်မှာတောင် တွဲလက်မဖြုတ်ခဲ့ကြဘူး၊ ပြီးတော့ အခုလိုမျိုး နည်းနည်း ကမောက်ကမ ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး”
“အခက်အခဲကို အတူတူဖြတ်ကျော်ဖို့က လွယ်ပြီး အောင်မြင်မှုကို အတူတူခံစားဖို့က ခက်ခဲတယ်လို့ ပြောကြတယ်၊ အဲ့ဒါကို ကျွန်တော်အစက မယုံခဲ့ဘူး၊ အခုတော့ ယုံသွားပြီလေ”
လင်းကျားယွီသည် တည်ငြိမ်အေးဆေးနေသည်။ သူ၏ ညင်သာနူးညံ့သော အသံက သူသည် အလွန်ယဉ်ကျေးသူဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုသို့ အရှက်ရစရာ ကိစ္စကြီးမှာ လူသိရှင်ကြားဖြစ်သွားသော်လည်း သူသည် သူ၏ဒေါသနှင့် ပူပင်မှုတို့ကို မပေါ်အောင် ထိန်းထားနိုင်သည်။ တင်းရှကို နီရဲနေသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။
လင်းကျားယွီသည် မိမိကိုယ်ကို နှိမ့်ချသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ကျွန်တော် ဒီထပ်ပိုပြီး မပြောပါရစေနဲ့၊ မဟုတ်ရင် ရိုင်းရာကျသွားမှာစိုးလို့ပါ၊ ဘာပဲဖြစ်ဖြစ် ဒီဟာကလည်း နောက်ထပ် ပုံကြီးချဲ့သလို ဖြစ်နေတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ”
“အဆုံးသတ်မလှတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ့”
လင်းကျားယွီသည် အသက်ရှူထုတ်လိုက်သည်။ “ကျွန်တော် အဲ့ဟာကို နောက်မကျခင်သိလိုက်ရတာ ကံကောင်းသွားတယ်လို့ ပြောရမယ်၊ မျက်စိစုံလုံးကန်းပြီး တုံးတုံးအအနဲ့ တစ်ဘဝလုံးကို ပျော်ပျော်ကြီး မကုန်ဆုံးလိုက်ရခင်ပေါ့”
ထိုသို့ကြားပြီးနောက် တင်းရှမှာ လင်းကျားယွီသည် အားပေးနှစ်သိမ့်ပေးခြင်း သို့မဟုတ် ကိုယ်ချင်းစာပေးခြင်းတို့ကို မလိုအပ်ပဲ သူ့ဘာသာ ဤကိစ္စကို အခဲကြေဖို့ လုပ်ရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်နေလေသည်။
သူသည် နူးညံ့သူဖြစ်သည့်အလျောက် ထိုသို့အခဲမကြေစရာ ကိစ္စတစ်ခုအတွက် ပထမဆုံးအကြိမ် နွံထဲနစ်ပြီး ရုန်းကန်နေရသလိုမျိုး သူ့ကိုယ်သူ မနာကျင်အောင် ထိန်းထားသည်။
တင်းရှသည် သူ့ကို လေးစားစပြုလာခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူမသာ သူ့နေရာမှာဆိုလျှင် နာကျင်မှုတွင် လူးလိမ့်နေမည် ဖြစ်သည်။
“အဆက်အစပ်မရှိ လျှောက်ပြောနေမိလို့ တောင်းပန်ပါတယ်” လင်းကျားယွီသည် တောင်းပန်သော ပြုံးရယ်မှုဖြင့် ပြောခဲ့သည်။
တင်းရှသည် သူမခေါင်းကို ခါပြပြီး နောက်ဖက်ရှိ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ သူမသည် မနက်ပိုင်းတွင် ကိတ်မုန့်များကို ကြိုးစားဖုတ်သော်လည်း အကြိမ်ကြိမ် ကျရှုံးပြီး နောက်ဆုံးတွင် အောင်မြင်စွာ ဖုတ်နိုင်ခဲ့သည်။
သူမသည် ဖုတ်စရာမလိုပဲ ပြုလုပ်နိုင်သော ပျော့ပျော့ဖောင်းဖောင်း မူးစ်ကိတ်မုန့်လေးကို ယူလာလိုက်သည်။
“ကျေးဇူးပြု၍ ကိတ်မုန့်လေးစားပါဦး” တင်းရှသည် သူ့အရှေ့တွင် ကိတ်မုန့်ကို ချပေးခဲ့သည်။
“ကျေးဇူးပါ” လင်းကျားယွီလည်း မငြင်းခဲ့ပေ။ ထိုချိုမြိန်သောလူကြီးသည် အချိုပွဲဖြင့် နှစ်သိမ့်မှုကို လိုချင်ကောင်း လိုချင်ပေလိမ့်မည်။
အနီရောင်သွေးခဲမွှေးများကို လျင်မြန်စွာ ချက်ပြုတ်လို့ပြီးသွားပြီး သုံးဆောင်ဖို့ အဆင်သင့်ဖြစ်နေပေသည်။
လင်းကျားယွီသည် သူ့ဖုန်းကို ထုတ်ပြီး ဓါတ်ပုံရိုက်လိုက်သည်။ “ပုံကောင်းကောင်းထွက်လာသားပဲ၊ ကြည့်ရတာ ကျွန်တော် ကံကောင်းသွားပြီ ထင်တယ်၊ စားသောက်ဆိုင်ကောင်းကို ရှာတွေ့ခဲ့လို့လေ”
သူသည် ပြောနေရင်း တူကိုကောက်ယူကာ နေ့လည်စာ အသားတစ်တုံးကို တူဖြင့် ညှပ်ယူလိုက်သည်။ “မွှေးပြီးတော့ နူးညံ့နေတာပဲ၊ ဒီလောက်ကောင်းတဲ့ နေ့လည်စာအသားတုံး စျေးထဲမှာတောင် တစ်ခါမှ မစားဖူးဘူး၊ ခင်ဗျားတို့ကိုယ်တိုင် လုပ်တာလား”
“ကောင်းလိုက်တာ” တင်းရှသည် သူ့ကိုလက်မထောင်ပြလိုက်သည်။ “ကျွန်မတို့ကိုယ်တိုင် လုပ်ထားတာပါ၊ ကြက်သားရော အမဲသားရော ရတယ်လေ၊ သူတို့အရသာက ရှယ်ပဲ”
လင်းကျားယွီ၏ စိတ်ဝင်စားမှုသည် အောင့်သက်သက်ဖြစ်သွားသည်။ အစက သူသည် ဟိုနှစ်ယောက် ဘာစားခဲ့သည်ဆိုတာကိုသာ သိချင်ခဲ့ပြီး ဤနေရာသည် ဤမျှကောင်းသည့်ဆိုင်ဖြစ်မှန်း မထင်ထားခဲ့ပေ။
သူသည် အမဲအူကို ယူဖို့ ပြင်နေသည်။ ကြွပ်ပြီး ထုပ်ထုပ်လေးဖြစ်နေသည်။ “အပူပေးတာ အနေတော်ပဲ”
ထို့နောက်သူသည် ဘဲသွေးကို ကောက်ယူလိုက်သည်။ မထင်မှတ်ပဲ နှစ်မျိုးနှစ်စားတွေ့သွားခဲ့သည်။ တစ်မျိုးမှာ စျေးထဲတွင် တွေ့နေကျ ဖြစ်ပြီး ကောင်းစွာချက်ထားကာ အလွန်စပ်ပြီး အရသာရှိလှသည်။
နောက်တစ်မျိုးမှာ တွေ့ရရှားသည်။ စီချွမ်ဟော့ပေါ့ထဲမှာသာ တွေ့ရသော ပုံစံအတိအကျမရှိသော အေးစက်သော လတ်ဆတ်သည့် ဘဲသွေးပင်ဖြစ်ပေသည်။ အလွန်ပင် နူးညံ့ပြီး အရသာရှိသည်။ ထင်မှတ်ထားသည်ထက် လတ်ဆတ်နေပြီး ပါးစပ်ထဲတွင် ပျော်ဝင်သွားကာ တူဖြင့်ထိုးလိုက်ရုံနဲ့တင် ကြေလွယ်သွားသည်။
ပဲပင်ပေါက်များသည်လည်း ပျော့တွဲတွဲမဖြစ်သွားသည့်အပြင် အရသာရှိကာ ကိုက်လိုက်သည့်အခါ ကြွပ်ရွပြီး နူးညံ့နေသည်။
လင်းကျားယွီသည် တူကို လက်ကနေလုံးဝမချပေ။
သူ့ပါးစပ်သည် ထိုစားစရာကြောင့် နီရဲနေသည်။ တွဲစားရန် ချထားပေးသော ထမင်းမှာ သိပ်အထိမခံရသော်လည်း အနီရောင်သွေးခဲမွှေးသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားလေသည်။
“ရှင်...တကယ်ကို အစပ်စားနိုင်တာပဲ...” တင်းရှသည် သူဒီလောက် အစပ်စားနိုင်မှန်းမသိခဲ့ပေ။ သူမမိသားစုသည် စီချွမ်ငရုတ်သီးများကို ဝယ်ယူကာ စီချွမ်ဟင်းလျာများကို ချက်လေ့ရှိသည်။ ထိုအစပ်ပမာဏသည် ပုံမှန်လူများအတွက် တစ်လုတ်နှစ်လုတ်စားရုံဖြင့် ချွေးများပြန်ကာ သောက်ဖို့ရေကို လိုက်ရှာနေလောက်ပြီ ဖြစ်သည်။
သို့သော် သားနားနေသော လင်းကျားယွီသည် ရပ်တန့်သွားခြင်းမရှိ ပုံမှန်အတိုင်းပင် စားနေလေသည်။ တင်းရှသည် သူ့ကိုကြည့်ပြီး အထင်ကြီးသွားခဲ့သည်။
လင်းကျားယွီသည် သူ့ပါးစပ်ကို သုတ်လိုက်သည်။ “အရမ်းစားကောင်းတယ်ဗျာ နောက်လည်းလာစားဦးမယ်”
သူ့ကိုကြည့်ရသည်မှာ စိတ်အခြေအနေ ပြန်ကောင်းသွားပုံပေါ်နေသည်။ စောစောက စိတ်ဓါတ်ကျစရာ နှလုံးသားနာကျင်မှုကြောင့် သုန်မှုန်နေခြင်းမှာ လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။
တင်းရှသည် အနည်းငယ်ပျော်သွားသည်။ “ရှင်ကြိုက်တယ်ဆို ကောင်းတာပေါ့ ဒီဆိုင်ကနေ အချိန်မရွေး ကြိုဆိုနေပါတယ်နော်”
လင်းကျားယွီသည် ကိတ်မုန့်လေးကို စစားခဲ့လေသည်။
“ကိတ်မုန့်ကလည်း အရသာရှိလိုက်တာ” သူသည် ထိုကိတ်မှုန့်ကိုလည်း အပြတ်ရှင်းရင်း ပြောနေခဲ့သည်။
“နောက်တစ်ခါ ကျွန်တော်လာရင်လေ ခင်ဗျားတို့ ကိတ်မုန့်ရောင်းတယ်ဆိုရင်ပေါ့ ဘလူးဘယ်ရီကိတ်ကို ကြိုမှာလို့ရမလား” လင်းကျားယွီက မေးခဲ့သည်။ “ကျွန်တော်က ဘလူးဘယ်ရီကိတ်ဆို အရမ်းကြိုက်တာ”
“ရတာပေါ့ရှင့်” တင်းရှသည် သူ့ကို သူမ၏လိပ်စာကဒ်ပေးလိုက်သည်။ “ကျွန်မကို ဆက်သွယ်လိုက်လို့ရပါတယ်”
တင်းရှသည် သူ့ကို အထူးဝန်ဆောင်မှု မပေးပဲမနေနိုင်ပေ။ အကြောင်းမှာ သူသည် လှပသော ကျောက်စိမ်းကဲ့သို့ သားနားနေပြီး နူးညံ့သိမ်မွေ့သော အဖိုးတန် သခင်လေးနှင့် တူသောကြောင့်ပင် ဖြစ်သည်။
ဘယ်လိုလုပ်ပြီး သူ့ကိုနာကျင်အောင် လုပ်ရက်ကြသနည်း။
တင်းရှသည် လင်းကျားယွီ ထွက်သွားသည့်တိုင်အောင် စဉ်းစားမရဖြစ်နေသည်။
ရှောင်ကျွင်းသည် ထွက်လာပြီး မေးလိုက်သည်။ “ဘာဖြစ်တာလဲ ခုနကရော ဘယ်သူလဲ”
သူ့မှာ သဝန်အရမ်းတိုနေသည်။ အဘယ့်ကြောင့် တင်းရှသည် ထိုယောကျ်ားကို ထူးခြားစွာ ဆက်ဆံနေပါသနည်း။
တင်းရှသည် သူ့ကိုကြည့်လိုက်သည်။ သူမသည် ထိုစကားကြောင့် အနည်းငယ် မပျော်သလိုဖြစ်သွားပြီး သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ “ရှင်က ဘာဖြစ်နေတာလဲ”
ရှောင်ကျွင်း - “......”
ကိုယ်က ဘာဖြစ်နေတာလဲတဲ့လား....။