အခန်း (၄၄)
Vol. 3 Ch. 44
ဟူဇီလင် နောက်ထပ်ပြန်လာမည်ဟု တင်းရှ မထင်ထားခဲ့ပေ။
ဒီတစ်ခါတွင် သူကို ကြည့်ရသည်မှာ တော်တော် ကွဲပြားနေသည်။
သူ၏ လည်စည်းနှင့် ဝတ်စုံ၏ အရောင်များသည် မလိုက်ဖက်ပဲ သူ၏ နဖူးပေါ်မှ ဆံပင်များမှာ ရှုပ်ပွနေပြီး ပုံမှန်အတိုင်း ဂရုတစိုက်နှင့် စတိုင်ကျမနေပဲ သူ၏ တည်ငြိမ်ပြီး ဣန္ဒြေရှိမှုကိုလည်း မတွေ့ရတော့ပေ။
သူ၏မေးစေ့တွင်လည်း သေချာရိတ်ပြီး သန့်ရှင်းအောင် မလုပ်ထားသော မှုတ်ဆိတ်မွှေးတိုနှင့် အပြာရောင်အမြုပ်များအချို့ ပေကျန်နေသည်။
သူဝင်လာပြီးနောက်မှာ တင်းရှကို အမြန်သွားတွေ့ပြီး “မနေ့က အရပ်ငါးပေရှစ်လောက်ရှိတဲ့ အရမ်းကြည့်ကောင်းပြီး အညိုရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက် လာသွားတယ်မလား”
တင်းရှသည် လင်းကျားယွီအကြောင်းကို ချက်ချင်းစဉ်းစားမိပြီး စိတ်ပူသွားကာ "ဘာလို့ အဲ့လိုမေးနေတာလဲ"
“ကြည့်ရတာ သူလာတော့...... လာခဲ့တယ်......” ဟူဇီလင် သည် ငိုယိုရယ်မောကာ အနည်းငယ် စိတ်ပျက်နေသည့်ပုံပေါ်နေသည်။
“သူထပ်လာခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖုန်းခေါ်ပေးပါလား"
ဟူဇီလင်သည် လေးနက်စွာ တောင်းဆိုလိုက်သည်။
တင်းရှသည် စိတ်ရှုပ်ထွေးသွားပြီး ဟူဇီလင်က လင်းကျားယွီနဲ့ ဘာဖြစ်နေချင်တာပါလိမ့်။
သူမသည် ထိုအကြောင်း မေးခဲ့ပေမဲ့ ဟူဇီလင်က ဖြေဖို့ ခက်ခဲနေသည့်ပုံ လုပ်ပြပြီး ဘာမှ မပြောခဲ့ပေ။
ထိုအချိန်တွင် သူမနောက်ဖက်မှ လင်းကျားယွီ၏ အသံကို ကြားလိုက်ရပြီး “မင်းကို ဖုန်းခေါ်ပေးစရာ မလိုတော့ပါဘူး ငါဒီမှာ ရောက်နေပြီလေ”
ဟူဇီလင်သည် ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်သည်။ လင်းကျားယွီကို မြင်သောအခါ သူမျက်နှာသည် အလွန်ထူးဆန်းသောအမူအရာကို လုပ်ပြခဲ့သည်။
စိတ်အေးသွားသလို ခံစားရပေမဲ့ နာကျင်နေသည်။
“မင်းရောက်လာပြီပဲ”
လင်းကျားယွီက သူ့ကို ပြန်မဖြေပဲ ထိုင်ဖို့ နေရာရှာလိုက်ပြီး တင်းရှကို ပြုံးပြကာ “စိတ်မရှိပါနဲ့၊ မနေ့ကမှ သောက်ခဲ့တဲ့ နွားနို့ကို နှစ်ခွက်စာ မှာလို့ ရနိုင်မလား၊ ကျွန်တော်တို့ စကားပြောဖို့ ခင်ဗျားနေရာကို ခဏငှားမယ်နော်”
တင်းရှက ပြုံးပြီး ခေါင်းညိမ့်လိုက်ကာ ယောင်းမကုန်းကို မီးဖိုခန်းထဲသို့ ဆွဲခေါ်သွားသည်။
“ကျားယွီ......” ဟူဇီလင်က စိတ်အားထက်သန်စွာပြောနေသော်လည်း ဘာပြောရမှန်းမသိပဲ ထိုနေရာတွင် ရပ်တန့်နေသည်။
“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ” လင်းကျားယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဆယ့်ငါးနှစ်” ဟူဇီလင်က ချက်ချင်း ပြန်ဖြေသည်။
“ဆယ့်ငါးနှစ်... ငါ့ဘဝရဲ့ တစ်ဝက်နီးပါးပဲ...” လင်းကျားယွီက ခေါင်းညိမ့်လိုက်ပြီး “အရမ်းကို ကြာခဲ့ပြီပဲ...”
“တောင်းပန်ပါတယ်......” ဟူဇီလင်က ရှက်သွားသည်။
“မင်းတကယ်တောင်းပန်သင့်တယ် ဒါပေမဲ့ ခွင့်လွှတ်သည်ဖြစ်စေ မပေးသည်ဖြစ်စေ မင်းနဲ့ဘာမှမဆိုင်ဘူး"
လင်းကျားယွီက ခပ်ဖျော့ဖျော့ပြုံးကာ “ဘာပဲဖြစ်ဖြစ် ငါ့အမြင်အရတော့ မင်းနဲ့ ယုကျူးတို့ကြား ဖြစ်ပျက်ခဲ့တာက တကယ့်ကို စိတ်ပျက်စရာပဲ”
ဟူဇီလင်သည် ပို၍ပင် ရှက်သွားသည်။
သူရှင်းပြဖို့ ပျာယာခတ်နေပုံပေါ်ပေမဲ့ သူ့နှုတ်ခမ်းဖျားပေါ် စကားလုံးများပေါ်လာချိန်မှာပင် လက်လျှော့လိုက်ကာ “မင်းပြောတာမှန်ပါတယ်......” ဟူ၍ ပြောခဲ့သည်။
“အချစ်စစ်ရဲ့ ကြီးမြတ်တဲ့အကြောင်း မင်းငါ့ကိုပြောပြမလို့လား” လင်းကျားယွီ၏ လက်ချောင်းများက အနည်းငယ် ပူနေသော ခွက်အပြင်ဖက်ကို ထိလိုက်သည်။ “အဲလို မလုပ်ပါနဲ့ အဲ့စကားကြားရတာ မသတီလွန်းလို့”
“ငါတို့ အထက်တန်းကျောင်းကတည်းက အတူသွားအတူလာတွေ၊ နှစ်အတော်ကြာအောင် ခင်မင်ရင်းနှီးခဲ့ကြတယ်၊ မင်းဒီလိုမျိုးလုပ်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး၊ တစ်ခြားလူဆို ထားလိုက်ပါတော့ အခုကယုကျူးနဲ့”
“ငါ နည်းနည်း သိချင်သွားတယ်” လင်းကျားယွီက ရုတ်တရက် ထရယ်လိုက်ပြီး “ဘယ်သူက အရင်ဆုံး စခဲ့တာလဲ မင်းလား ယုကျူးလား ငါသိလို့ရမလား”
“ငါ့ဖက်က စခဲ့တာပါ......” ဟူဇီလင်က ပြောလိုက်သည်။
“ငါထင်တဲ့အတိုင်းပါပဲလား” ဟု လင်းကျားယွီက ပြောခဲ့ပြီး “တကယ်တော့ ဘယ်သူက အရင်စခဲ့လဲဆိုတာ အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒါက မင်းလို့ပဲ ပြောမှာဆိုတာ ငါသိနေတယ်လေ”
“ဒီလိုအဖြေမျိုးကြားရတာက ငါ့ကို အံ့အားသင့်သွားစေမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းက သူစိမ်းတစ်ယောက် ထက်ပိုပြီး ဖြစ်မလာဘူးဆိုတာကို သက်သေပြနေသလိုပဲ”
လင်းကျားယွီ၏ ဝမ်းနည်းပူဆွေးမှု အားလုံးသည် မနေ့ကတည်းက အခဲကြေသွားပုံရသည်။ သူသည် သစ္စာဖောက်ခံရဖူးသူနှင့်မတူပဲ ခပ်ချေချေမျက်နှာထားဖြင့် သားနားသော ကုတ်အင်္ကျီကို ၀တ်ထားသည်။
ဟူဇီလင်၏ အမူအရာမှာ ပျာယာခတ်နေပြီး စိတ်ပျက်စရာကောင်းနေသည်။ တင်းရှသည် ထိုမြင်ကွင်းကို ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။
အမှားလုပ်မိသူသည် အဘယ်ကြောင့် ထိုသို့သော နစ်နာသွားသလိုမျိုး ပုံစံလုပ်ပြနေသနည်း။
ရယ်စရာကောင်းနေပါသည်။
“ယုကျူးက မင်း ဒီကိုရောက်လာတာသိလား”
ဟူဇီလင်က ခေါင်းယမ်းလိုက်သည်။
“ဇီလင်၊ နောက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်ပဲ နေရအောင် “လင်းကျားယွီက ပြောခဲ့သည်။
“ငါရှိတဲ့နေရာတိုင်းမှာ မင်းအရိပ်ကိုတောင် မတွေ့ရပါစေနဲ့လို့ ငါမျှော်လင့်မိတယ်”
“...ကောင်းပြီ” ဟူဇီလင်သည် ခဏလောက် နှုတ်ဆိတ်နေပြီး သဘောတူခဲ့သည်။
“ယုကျူးကိုတော့ ငါကိုယ်တိုင် သူ့ကို ဆက်သွယ်လိုက်မယ်” လင်းကျားယွီသည် မျက်လွှာချလိုက်ပြီး “နည်းနည်းပိုလွန်းတယ်လို့ ထင်ရပေမဲ့ တစ်ခုတော့ရှိတယ်။ ငါဒီဆိုင်ကို အရမ်းကြိုက်သွားလို့ မကြာမကြာလာဦးမယ်...”
“ငါနားလည်ပါတယ်...” ဟူဇီလင်က သူပြောသည်ကို ကမန်းကတန်း ဖြတ်ပြောလိုက်ပြီး “ငါ ဒီအင်တာဗျူးပြီးတာနဲ့ နောက်ထပ်မလာတော့ဘူး...”
“ကျေးဇူးပဲ” လင်းကျားယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဟူဇီလင်သည် ထိုင်ခုံပေါ်တွင်ထိုင်ကာ တစ်စုံတစ်ခုကို ပြောချင်နေသကဲ့သို့ လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
“ကျားယွီ......ငါ......" ဟူဇီလင်က စကားပြောဖို့ ရုန်းကန်ရင်း “ငါ မင်းကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး......”
“ဒါပေမဲ့ မင်းနဲ့ ယုကျူးကို အတူတူတွေ့လိုက်တိုင်း” လင်းကျားယွီက သူ့စကားကို ဖြတ်ပြောခဲ့သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိတော့ဘူးထင်တယ်။ မင်းက ဘာကို ထပ်ငြင်းချင်သေးတာလဲ”
“အဲ့လိုသဘောမျိုး မဟုတ်ဘူး...”
စာပေအရေးအသားကို ကျကျနန ဖော်ကျူးတတ်သူ အယ်ဒီတာအဖြစ် လုပ်ကိုင်နိုင်သူတစ်ဦးအနေဖြင့် ဟူဇီလင်သည် ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေကာ သူပြောချင်သောအရာကို မဖော်ပြနိုင်တော့ကြောင်း တွေ့နေရသည်။
သူသည် ကိုယ်ခန္ဓာကို ပြန်မတ်လိုက်သော်လည်း မကြာမီ ခါးကိုကွေးညွတ်ပြီး ထိုင်နေခဲ့သည်။
လင်းကျားယွီသည် အလွန်တည်ငြိမ်နေသည်။ “ငါ့ကို နှလုံးသားမရှိတဲ့လူဆိုပြီး အပြစ်မတင်လိုက်ပါနဲ့”
“အဲ့လို မဟုတ်ဘူး မဟုတ်ဘူး ... ဒါတွေက ငါ့ အမှားပါ...” ဟူဇီလင် ခေါင်းခါလိုက်သည်။
“အဲ့ဒါဆို ရပြီ” လင်းကျားယွီက သူတို့နှစ်ယောက် စကားပြောနေသည်ကို ဒီမှာတင်ရပ်လိုက်သည်။
ဟူဇီလင်သည် သူ့ခေါင်းကို မော့ကာ အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် ထိုစကားများကို ပြန်မျိုသိပ်လိုက်သည်။
“......ငါသွားတော့မယ်”
အဆုံးတွင် သူပြောနိုင်သည်မှာ နှုတ်ဆက်ခြင်းပင် ဖြစ်ခဲ့သည်။
လင်းကျားယွီသည် ခေါင်းငုတ်ကာ အတွေးထဲတွင် နစ်မြောသွားပြီး ဘာမှ ပြန်မပြောခဲ့ပေ။
တင်းရှ သည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။ သူမသည် ဖျင်အန်းလေးကို ယောင်းမကုန်းဆီ အပ်ထားပြီး သူမကိုယ်တိုင် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
လင်းကျားယွီအတွက် အချိုပွဲသေးသေးလေး လုပ်ပေးချင်နေသည်။
သူသည် လတ်လတ်ဆတ်ဆတ် ကြက်ဥ နှစ်လုံးကို ထုတ်ကာ အဖြူရောင်အကာများကို ခွဲလိုက်ပြီး ဒီနေ့မှ လာပို့ထားသော လတ်လတ်ဆတ်ဆတ် နွားနို့ထဲသို့ ရောမွှေလိုက်သည်။ ထို့နောက် ဇကာဖြင့် နှစ်ကြိမ် စစ်ခဲ့သည်။
ဤသို့လုပ်ခြင်းဖြင့် ပိုပြီးနုသော ချောမွေ့သော အနေအထားကို ရပေလိမ့်မည်။
ထို့နောက် သကြားအဖြူ နှင့် သံပုရာရည် အနည်းငယ်ကို ဖြန်းကာ အညီအမျှ မွှေပေးနေသည်။ ထို့နောက် သူမသည် ထိုအရာကို ပလပ်စတစ်အိတ်ဖြင့် အလုံပိတ်ပြီး ဆယ့်ငါးမိနစ်ခန့် မီးအေးအေးဖြင့် ပေါင်းထားသည်။
ပွက်ပွက်ဆူလာသောအခါ သူမသည် ပေါင်းထားသည်ကို အပြင်သို့ထုတ်ကာ ပျားရည်အနည်းငယ်ကို သုတ်ပြီး အခြောက်လှန်းထားသော ကွေ့ဟွာပန်း လက်တစ်ဆုပ်စာကို အမွှေးအကြိုင်အဖြစ် ဖြူးလိုက်သည်။
နောက်ထပ် သုံးမိနစ်ခန့် ပြုတ်ရန်အတွက် အိုးထဲသို့ ပြန်ထည့်လိုက်သည်။
အလွန်ရိုးရှင်းသော အချိုပွဲတစ်မျိုးဖြစ်သည့် ပျားရည် ကွေ့ဟွာပန်း ကြက်ဥနို့ပေါင်းကို ရရှိလေပြီ ဖြစ်သည်။
တင်းရှသည် အနည်းငယ် အအေးခံရန် အပြင်သို့ထုတ်လာပြီးနောက် ဂရုတစိုက်နှင့် ယူလာခဲ့သည်။
လင်းကျားယွီသည် ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး အတွေးများတွင် နစ်မြောနေပုံရသည်။
စားပွဲပေါ်တင်လိုက်သောအခါ ပေါ်ထွက်လာသော ကြွေပန်းကန်သံက သူ့ကို နှိုးလိုက်သည်။ လေထုထဲတွင် မွှေးကြိုင်သောရနံ့ကို ရှူရှိုက်ရင်း တင်းရှကို ကြည့်နေသည့် သူ့မျက်လုံးများက နူးညံ့သိမ်မွေ့နေသည်။ “ကျေးဇူးပါ”
တင်းရှက ပြုံးပြလိုက်သည်။ “စားကြည့်ပါဦး”
လင်းကျားယွီသည် သူမ၏ ကြင်နာမှုကို မငြင်းဆန်ပဲ ဇွန်းသေးဖြင့် တစ်ဇွန်းမှောက်မှောက် စားခဲ့သည်။
လျှာပေါ်တွင် ချိုမြိန်ပြီး ရှောရှောရှူရှူနှင့် ဝင်သွားကာ အရသာမှာ ချိုသော်လည်း မအီစိမ့်နေပဲ နို့ သို့မဟုတ် ကြက်ဥ၏ ညှီနံ့မရပဲ ပါးစပ်ထဲတွင် ချက်ချင်း ပျော်ဝင်သွားသည်။
“အရမ်းအရသာရှိတာပဲ” လင်းကျားယွီက တိုးတိုးလေးပြောခဲ့သည်။
သူသည်ခေါင်းမထောင်ပဲ ပန်းကန်လုံးထဲသို့ မျက်ရည်များ တလိမ့်လိမ့်ကျနေသည်ကို တင်းရှ မြင်လိုက်ရသည်။
သူမသည် ခဏတာ ဘာလုပ်ရမှန်း ဖြစ်သွားသည်။
လင်းကျားယွီသည် သူ့မျက်လုံးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်က အပြုံးလေးသည် နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့သည်။
သူသည် တည့်တည့် မတ်မတ်ထိုင်လိုက်ရင်း တင်းရှ ကိုကြည့်ကာ သူ့မျက်လုံးထဲမှ ဝမ်းနည်းပူဆွေးမှုများသည် ကွယ်ပျောက်လာခဲ့သည်။
“ကျွန်တော် အားနာမိပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော့်ဇာတ်လမ်းကို နားထောင်ချင်လား”
ထိုသို့မျက်လုံးမျိုးများကို ဘယ်သူမှ မငြင်းဆန်နိုင်ပေ။
ထို့ကြောင့် တင်းရှသည် ထိုင်ပြီး လေးနက်စွာ ပြောလိုက်သည်။ “ဟုတ်ကဲ့”
သူမသည် ဘယ်သူ့ကိုမှ ပြန်မပြောဘူးဟူ၍လည်း ပြောခဲ့သည်။
လင်းကျားယွီသည် အကြာကြီး တွေးနေခဲ့သည်။“ကျွန်တော် ဘယ်ကနေ စပြောရင်ကောင်းမလဲ”
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကအကြောင်းကနေ စပြောကြည့်ရအောင်။ ကျွန်တော်က ကလေးဘဝကတည်းက အချစ်တော်တွေနဲ့အတူ ကြီးပြင်းလာခဲ့တယ်၊ ကျွန်တော်မိဘတွေက အဲ့တုန်းက အလုပ်ကိုယ်စီနဲ့ ရှုပ်နေခဲ့ကြတော့ သူလည်း မကြာခဏ အိမ်မှာ လာနေတတ်တယ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း ဂရုစိုက်ပေးခဲ့တယ်၊ ဒါပေမဲ့ အဲ့တုန်းက ကျွန်တော်တို့တွေ တစ်ယောက်မှ မတွေးထားခဲ့တဲ့အရာ...”
“အဲ့ဒါက ဇီလင်နဲ့ ကျွန်တော် အတူနေခဲ့မိတာပဲ”