အခန်း (၈၅၃-၈၅၅)
Vol. 57 Ch. 853-855
အကြီးအကဲထျန်းရွှယ် အစီအရင်ကို တည်ဆောက်နေရင်း အချိန်များသည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
ဤသို့ဖြင့် တစ်နာရီ ဟူသော အချိန်သည် လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့၏။
အကြီးအကဲ ထျန်းရွှယ် တည်ဆောက်နေသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အကြမ်းဖျင်း ပုံစံသည်ပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် နတ်ဝိညာဉ်ဘုရင် အဆင့်ကို ချိုးဖောက်ပြီး အာကာပြင် စွမ်းအင်အချို့ကို တတ်မြောက်နားလည်သည့်ကျင့်ကြံသူတိုင်းသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်သည့် စွမ်းရည် ရှိကြ၏။
သာမန် နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူများသည် ပုံသေ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကိုသာ တည်ဆောက်နိုင်သည်။
ဥပမာ။ စန်းလန်မြို့ကနေ ရွှယ်ယန်မြို့၊ ရွှယ်ယန်မြို့ကနေ ကျင့်ယွင်မြို့ အထိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အားလုံးသည် ပုံသေ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များ ဖြစ်ကြ၏။
ပုံသေ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး အပြင်အဆင်ကလည်း သဘာဝကျစွာ ပိုမို ရိုးရှင်းသည်။
ဆိုရလျှင် အကြီးအကဲထျန်းရွှယ် ယခု တည်ဆောက်နေသည့် အစီအရင်တွင်မူ ပုံသေ ပန်းတိုင် မရှိပေ။
ယန်ဒီမြို့၏ အုပ်ချုပ်ရေး နယ်မြေအတွင်းရှိ နေရာကို ကိုယ့်ဘာကိုယ် သတ်မှတ်၍ ရသည်။
ဤကဲ့သို့ အစီအရင်ကို တည်ဆောက်ရန် ကျင့်ကြံခြင်းအဆင့် မြင့်မားရမည့်အပြင် အစီအရင်ပညာရပ်တွင်လည်း အလွန်မြင့်မားသည့် အဆင့်ကို ရောက်နေရန် လိုအပ်၏။
ယင်းမှာ သာမန် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်သည်ထက် အများကြီး ပို၍ ခက်ခဲသည်။
အကြီးအကဲ ထျန်းရွှယ်က နတ်ဝိညာဉ်ဘုရင် နဝအဆင့်အထွတ်အထိပ်ကို ရောက်ရှိနေပြီး အဌမအဆင့် အစီအရင် သခင် ဖြစ်နေလျှင်ပင် ဤကဲ့သို့ အစီအရင်ကို တည်ဆောက်ရန်အတွက် အချိန်နှင့် အသက်စွမ်းအင်ကို များစွာ အသုံးပြုရလိမ့်မည် ဖြစ်၏။
သို့သော် အချိန်တဖြည်းဖြည်း ကုန်လွန်လာသည်နှင့် အမျှ အကြီးအကဲ ထျန်းရွှယ် တည်ဆောက်နေသည့် အစီအရင်က ပိုပြီး ပြည့်စုံလာသည်။
နောက်ထပ် တစ်နာရီ ကုန်လွန်သွားပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အာကာပြင် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသည် အဆုံးသတ်တွင် ကျန်းချန်၏ ရှေ့၌ ပေါ်လာခဲ့၏။
"နောက်ဆုံးတော့ ပြီးစီးသွားခဲ့ပြီ"
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် အကြီးအကဲ ထျန်းရွှယ်က အာကာသစွမ်းအင်ကျောက်တုံးကို အစီအရင်ထဲ ထည့်ပြီး ကျန်းချန်နှင့် အတူ တည်နေရာရွှေ့ပြောင်းတော့မည့် အချိန်မှာပင် အလွန်ရင်းနှီးသော ကြမ်းတမ်းသည့် ကြုံးဝါးသံတစ်သံသည် အစီအရင်၏ အပြင်ကနေ ရုတ်တရက် ဝင်လာခဲ့၏။
"ထျန်းရွှယ်.. မင်း ဒီကျောက်တောင်ထဲမှာ ပုန်းနေမှန်း ငါသိတယ်.. မြန်မြန် ငါ့ရှေ့ကို ထွက်လာခဲ့စမ်း"
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် ကျန်းချန်နှင့် အကြီးအကဲထျန်းရွှယ်တို့၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ယွင်ဖိုရှန် ရောက်လာပြီ.. သွားကြစို့"
အကြီးအကဲထျန်းရွှယ်က ချက်ချင်း ဆိုသလို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်သော်လည်း အစီအရင်ထံကနေ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။
"ချီးထဲမှပဲ.. ငါတို့ ထွက်သွားလို့ မရတော့ဘူးထင်တယ်"
အကြီးအကဲထျန်းရွှယ်၏ မျက်နှာတွင်စိုးရိမ်သောအရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
"အကြီးအကဲထျန်းရွှယ်.. ဒါ.. ဒါက ဘယ်လိုဖြစ်တာလဲ"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည်လည်း တုန်လှုပ်သွားခဲ့သည်။
အကြီးအကဲ ထျန်းရွှယ်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးပြီ ဖြစ်ရာ သူတို့က အဘယ်ကြောင့် တည်နေရာ မရွှေ့ပြောင်းရပါသနည်း။
"အာကာပြင်ပိတ်ဆို့ အစီအရင်ပဲ"
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှာ သတ္တမအဆင့် အစီအရင် ဖြစ်တဲ့ အာကာပြင်ပိတ်ဆို့ အစီအရင်ကို တည်ဆောက်နိုင်တဲ့ အံ့ဖွယ်တိမ်တိုက်စစ်သည်တော် ၁၈ယောက် ရှိတယ်"
အကြီးအကဲထျန်းရွှယ်က သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ မှန်းတာ မမှားရင် ယွင်ဖိုရှန်က သူတို့ရဲ့ အကူအညီနဲ့ ဒီကျောက်တောင် ပတ်ပတ်လည်ကို အာကာပြင်ပိတ်ဆို့ အစီအရင်နဲ့ လွှမ်းခြုံထားတာ ဖြစ်နိုင်တယ်"
"ဝုန်း"
ကျန်းချန်တို့ နှစ်ယောက် စကားပြောနေသည့် အချိန်မှာပင် ဤနေရာကို ဖုံးလွှမ်းထားသည့် အကြီးအကဲ ထျန်းရွှယ်၏ အစီအရင်သည် ပေါက်ကွဲပျက်စီးသွားခဲ့၏။
မကြာခင်မှာပင် ယွင်ဖိုရှန်၏ ပုံရိပ်သည် သူတို့ရှေ့ရှိ ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ယွင်ဖိုရှန်က ကျန်းချန်တို့ နှစ်ယောက်ကို မထီမဲ့မြင် လှမ်းကြည့်လိုက်၏။
သူ့ဆီမှ အေးစက်စက် ရယ်မောသံက သူတို့နားထဲကို တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"ထျန်းရွှယ်.. မင်း ဒီကောင်လေးကို တစ်ယောက်တည်း မကာကွယ်နိုင်ဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့ပြီးသားပဲ"
"ငါ ဒီပတ်ဝန်းကျင်မှာ အာကာပြင်ပိတ်ဆို့ အစီအရင်ကို တည်ဆောက်ထားပြီးပြီ.. ဒီကောင်လေးကို မင်း ခေါ်ထုတ်သွားဖို့ မဖြစ်နိုင်တော့ဘူး"
အခန်း(၈၅၃) ပြီး၏
အခန်း(၈၅၄)
လေထဲတွင် မာန်ပါပါ ရပ်နေသည့် ယွင်ဖိုရှန်နှင့် သူ့ဘေးက နတ်ဝိညာဉ်ဘုရင်အဆင့် အဘိုးအို နှစ်ယောက်ကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက ချက်ချင်းပင် အလွန်တရာ လေးနက်သွားသည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် သူ့အတွက် အတော်လေး ရင်းနှီးထားခဲ့ပုံရ၏။
၎င်းတို့က နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ သုံးယောက်ကိုပင် တစ်ပြိုင်နက် စေလွှတ်ခဲ့သည်မှာ အံ့သြစရာပင်။
နတ်ဝိညာဉ်ဘုရင် အဆင့်ကျင့်ကြံသူ သုံးယောက်နှင့် ပတ်ဝန်းကျင် အာကာသပြင်ကို ပိတ်ဆို့ထားသည့် အစီအရင်တို့ဖြင့်ဆိုလျှင် ဤတစ်ကြိမ်တွင် သူ၏လွတ်မြောက်နိုင်ချေသည် အတော်လေးနည်းပါးသွားခဲ့ပြီ မဟုတ်လော။
"ကောင်လေး.. တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲမှပဲ ရပ်နေ.. ခဏနေကျရင် မင်းကို ချောချောမွေ့မွေ့ ပို့နိုင်ဖို့ အတွက် အာကာပြင်ကို အပေါက်အဖြစ် ဆုတ်ဖြဲဖို့ နည်းလမ်းတစ်ခုခု ငါရအောင် ရှာမယ်"
ကျန်းချန် စိတ်ဓာတ်ကျသွားသည့် အချိန်မှာပင် အကြီးအကဲထျန်းရွှယ်၏ အသံက ကျန်းချန်၏ စိတ်ထဲကို တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
ကျန်းချန် အံ့အားသင့်သွားသည်။
သူ မတုံ့ပြန်ခင်မှာပင် အကြီးအကဲ ထျန်းရွှယ်သည် အစီအရင်ထဲကနေ ထွက်သွားခဲ့ပြီး လေထဲတွင် တိုက်ရိုက် ပေါ်လာကာ ယွင်ဖိုရှန်တို့ သုံးယောက်ကို မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
"ယွင်ဖိုရှန်.. ငါ အရမ်း သိချင်တာ ရှိတယ်..မင်း ငါ့ကို ဒီလောက် မြန်မြန် ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ"
အကြီးအကဲ ထျန်းရွှယ်က ယွင်ဖိုရှန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်လုံးထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ကျင့်ယွင်တောင်တန်းသည် အလွန် ကျယ်ပြောပြီး လူသူ အရောက်အပေါက် နည်းသည့်အတွက် ပုန်းအောင်းနေချိန်တွင် ရှာဖွေရန် အလွန်ခက်ခဲသည်။
အကြီးအကဲ ထျန်းရွှယ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက သူ့ကိုအင်အား အကုန်သုံး၍ ရှာဖွေလျှင်ပင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်နေသည့် အချိန်အတွင်း ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း တကယ်တမ်းတွင် သူ့ကို ရှာတွေ့ရုံတင်မကဘဲ ကျောက်တောင် ပတ်ပတ်လည်တွင် အာကာပြင်ပိတ်ဆို့အစီအရင်ကိုပါ လျှို့ဝှက်စွာ တည်ဆောက်လိုက်သေး၏။
"ထျန်းရွှယ်.. အရာအားလုံးက ဘုရားသခင်ရဲ့ အလိုတော်ပါပဲ"
ယွင်ဖိုရှန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"အဲဒီတစ်ယောက်နဲ့ ရက်အနည်းငယ် အတူနေခဲ့ရတဲ့ ရှရွှယ်ကျီက မင်းရဲ့ နေရာကို တွက်ချက်နိုင်မယ်လို့ ငါလည်း မထင်ထားမိဘူး"
အကြီးအကဲ ထျန်းရွှယ်၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ရှရွှယ်ကျီ.. သူ ဖြစ်နေတာကိုး"
"ထျန်းရွှယ်.. အနှစ်၂၀တောင် ကြာသွားပြီ.. ဘာကြောင့် နှစ်၂၀လုံး ပျောက်နေတဲ့ လူတစ်ယောက်ကို ဒုက္ခခံပြီး သစ္စာရှိနေမှာလဲ"
"မင်းသာ ဒီကောင်လေးကို ပေးအပ်ပြီး ဂိုဏ်းချုပ် အသစ်ရဲ့ အမိန့်တွေကို နာခံမယ်ဆိုရင် မင်းက အရင်လို အကြီးအကဲချုပ် အဖြစ် ရှိနေဦးမှာပဲ"
"ငါ့စကားကို သဘောမတူရင်တော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူးဆိုပြီး အပြစ်မတင်နဲ့တော့"
ယွင်ဖိုရှန်က အကြီးအကဲ ထျန်းရွှယ်ကို ပွင့်ပွင့်လင်းလင်းပင် အေးစက်စက် ပြောလိုက်သည်။
"ဂိုဏ်းချုပ်သစ် အမိန့်ကို နာခံရမယ်.. ဟုတ်လား"
"အဲဒီကောင် ယွင်ကျင့်လဲ့က အံဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်ဖို့ ထိုက်တန်မှုရှိလို့လား"
အကြီးအကဲ ထျန်းရွှယ်က အေးစက်စက် ပြောလိုက်သည်။
"ငါဒီအဘိုးကြီးရဲ့ ဘဝမှာ ဂိုဏ်းချုပ်တစ်ယောက်ထဲ ကိုပဲ အသိအမှတ်ပြုခဲ့တယ်.. လွန်ခဲ့တဲ့ နှစ်၂၀ ကလည်း ဒီအတိုင်းပဲ.. နောက်နှစ်၂၀ ကြာရင်လည်း ဒီအတိုင်းပဲ"
"ထျန်းရွှယ်.. ဂိုဏ်းချုပ်က မင်းရဲ့ တိမ်တိုက်ဂိတ် အပေါ် သြဇာလွှမ်းမိုးမှုကို စိုးရိမ်လို့ မင်းကို လွှတ်ပေးထားလိုက်တာ.. မင်းကိုယ်မင်း ဘာထင်နေတာလဲ"
"အခြေအနေကို နားမလည်မှတော့ ဒီကျင့်ယွင်တောင်တန်းက မင်းရဲ့ သင်္ချိုင်း ဖြစ်စေရမယ်"
ယွင်ဖိုရှန်၏ အမူအရာက အေးစက်သွားခဲ့သည်။
"အံ့ဖွယ်တိမ်တိုက် စစ်သည်တော် ၁၈ယောက်.. ငါ့အမိန့်ကို နားထောင်.. ဒီအဘိုးကြီးကို သတ်ပစ်လိုက်"
ကျန်းချန် ထွက်ပေါ်လာသည်နှင့်အမျှ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ် ယွင်ကျင့်ထျန်းသည် ဤကမ္ဘာတွင် အသက်ရှင်နေရန် အလားအလာ အလွန်များ၏။
ထို့အပြင် သူ့ရှေ့မှ အဘိုးအိုသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် အလွန် သြဇာညောင်းခဲ့သူ ဖြစ်သည်။
ယွင်ကျင့်ထျန်း ပြန်လာပြီး သူ့ရှေ့မှ အဘိုးအို၏ အကူအညီဖြင့်ဆိုလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိလာမည်မှာ သေချာသလောက်ပင်။
သို့ဖြစ်ရာ မည်သည့် အကြောင်းပင် ရှိစေကာမူ သူက ယွင်ကျင့်ထျန်း၏ အားအကိုးရဆုံး လက်ရုံးတစ်ဆူ ဖြစ်သည့် အကြီးအကဲ ထျန်းရွှယ်ကို အရင် ရှင်းထုတ်ရပေမည်။
ယွင်ဖိုရှန်၏ စကားဆုံးသည်နှင့် ကျောက်တောင်ပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်ပြီး တိမ်တိုက်များ လှုပ်ရှားလာခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ယံ၌ ပုံရိပ်ဆယ့်ရှစ်ခုသည် ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားဖြင့် အကြီးအကဲ ထျန်းရွှယ်ကို ချက်ချင်း ဖိနှိပ်လိုက်၏။
အကြီးအကဲ ထျန်းရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အရှိန်အဝါဖိအားကို ထုတ်ဖော်ကာ ကောင်းကင်ယံရှိ ပုံရိပ်ဆယ့်ရှစ်ခုမှ ထုတ်ဖော်ထားသည့် အရှိန်အဝါဖိအားကို တိုက်ခိုက်လိုက်သည်။
အခန်း(၈၅၄) ပြီး၏
အခန်း(၈၅၅)
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းသည် မိုင်ရာချီဝေးသော လေထုအထိပင် ပြင်းထန်စွာ တုန်ခါစေခဲ့သည်။
ထိုခဏတွင် အကြီးအကဲထျန်းရွှယ်သည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။
"ထျန်းရွှယ်.. အာကာပြင် ပိတ်ဆို့အစီအရင်ရဲ့ တိုက်ခိုက်ရေးအင်အားကို မင်းသိပါတယ်.. မင်းတစ်ယောက်တည်း မတားဆီးနိုင်ဘူး.. အပင်ပန်းခံမနေဘဲ အရှုံးပေးလိုက်ပါ"
အာကာပြင်ပိတ်ဆို့ အစီအရင်၏ ဖိနှိပ်မှုအောက်တွင် ရှိနေသည့် အကြီးအကဲထျန်းရွှယ်ကို ကြည့်ရင်း ယွင်ဖိုရှန်က ပြုံးလိုက်သည်။
အာကာပြင်ပိတ်ဆို့ အစီအရင်သည် အာကာပြင်ကို ပိတ်ဆို့နိုင်သည့် အပြင် ပူးပေါင်းတိုက်ကွက် ဖော်ဆောင်ရာတွင်လည်း အလွန် အားကောင်း၏။
ဤအစီအရင်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘိုးဘေးက မပြည့်စုံသည့် သတ္တမအဆင့် ရှေးဟောင်း အစီအရင်တစ်ခုကို သဘောပေါက်ကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။
အစီအရင်၏ ဗဟိုချက်ဖြစ်သည့် အစီအရင် မျက်လုံးနေရာတွင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ ၁၈ ယောက်ကို အသုံးပြုထား၏။
ထို့ကြောင့် အာကာပြင်ကို ပိတ်ဆို့နိုင်ရုံတင်မကဘဲ အလွန် အားကောင်းသော အရှိန်အဝါဖိအားပါ ရှိနေခြင်းပင်။
ယေဘုယျအားဖြင့် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူ မဟုတ်သ၍ ဤအစီအရင်ကို ချိုးဖျက်နိုင်သည့်သူ မရှိသလောက် ဖြစ်သည်။
"အာကာပြင်ပိတ်ဆို့ အစီအရင်က တကယ်ကို အင်အားကြီးတာပဲ.. လွန်ခဲ့တဲ့ နှစ်၂၀ က ဆိုရင် တကယ်ကို ငါဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်၂၀အတွင်းမှာ ငါ အလကားမနေခဲ့ဘူး"
အကြီးအကဲ ထျန်းရွှယ်က နှာခေါင်းရှုံးလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ချက်ချင်းပင် သူက လက်ညှိုးဖြင့် လေထဲရှိ နေရာတစ်ခုကို ညွှန်လိုက်၏။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ယခင် အကြီးအကဲဖြစ်သည့်အကြီးအကဲ တျန်းရွှယ်သည် အဌမအဆင့် အစီအရင်သခင် တစ်ဦးဖြစ်၍ အာကာပြင်ပိတ်ဆို့ အစီအရင်ကို ကောင်းစွာနားလည်သည်။
ယခင်ကဆိုလျှင် အာကာပြင်ပိတ်ဆို့ အစီအရင်ကို ဖြေရှင်းရန် တတ်နိုင်မည် မဟုတ်ပေ။
သို့သော် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း သူသည် အဌမအဆင့်အစီအရင်သခင် ဖြစ်လာရုံသာမက အာကာပြင်ပိတ်ဆို့ အစီအရင်ကိုလည်း အလွန်အကျွံ လေ့လာခဲ့သည်။
ထို့ကြောင့် အကြီးအကဲထျန်းရွှယ်သည် အစီအရင်၏ အားနည်းချက်ကို တခဏအတွင်း ရှာဖွေနိုင်ခဲ့၏။
အကြီးအကဲ ထျန်းရွှယ်၏ လက်ညိုးမှစွမ်းအားကြောင့် ကောင်းကင်ယံပေါ်ရှိ အစီအရင် လည်ပတ်မှုသည် အနည်းငယ် ရပ်တန့်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ယွင်ဖိုရှန်၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားခဲ့၏။
"ထျန်းရွှယ်...မင်းက အာကာပြင်ပိတ်ဆို့ အစီအရင်ရဲ့ အားနည်းချက်ကိုတောင် ရှာတွေ့နိုင်တယ်လား"
"ငါထျန်းရွှယ်ကို ထိန်းထားမယ်.. မင်းတို့နှစ်ယောက် ကျန်းချန်ဆိုတဲ့ ကောင်လေးကို ချက်ချင်း ဖမ်းဆီးလိုက်"
ယွင်ဖိုရန်က သူ့နောက်မှ နတ်ဝိညာဉ်ဘုရင်အဆင့် အဘိုးအိုနှစ်ယောက်ကို အော်ဟစ်လိုက်သည်။
သူကမူ ချက်ချင်းဆိုသလို အကြီးအကဲထျန်းရွှယ်နှင့် ရင်ဆိုင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူက အကြီးအကဲ ထျန်းရွှယ်ကို နောက်ထပ် အခွင့်အရေး ပေးတော့မည် မဟုတ်ချေ။
နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်၏ လှုပ်ရှားမှုကို မြင်လျှင် အကြီးအကဲထျန်းရွှယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ယွင်ဖိုရှန်က ဤမျှလောက် ပြတ်သားမည်ဟု သူ တကယ် မထင်ထားခဲ့ပေ။
၎င်းက သူတို့ကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ချေ။
ယခုသူက ယွင်ဖိုရှန်နှင့် အံ့ဖွယ်တိမ်တိုက် စစ်သည်တော် ၁၈ယောက်၏ ပူးပေါင်းမှုအောက်သို့ ရောက်နေခဲ့သည် ဖြစ်ရာ ကျန်းချန်ကို ကယ်တင်ရန် မတတ်နိုင်တော့ပေ။
ထို့ကြောင့် နတ်ဝိညာဉ်ဘုရင် အဆင့်ကျင့်ကြံသူ နှစ်ယောက် ကျန်းချန်ဆီ ပြေးဝင်လာသည်ကို ဤအတိုင်း ကြည့်နေရတော့သည်။
"ကောင်လေး.. ငါ ဖမ်းတဲ့သူ မှန်သမျှ တစ်ခါမှ ငါ့လက်ထဲက မလွတ်မြောက်ဖူးဘူး.. ရင်ဆိုင်လိုက်စမ်း"
နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် ဧရာမ အနက်ရောင်လက်သည်းများကို ချက်ချင်း စုစည်းလိုက်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲရှိ ကျန်းချန်ဆီသို့ သက်ရောက်စေခဲ့သည်။
သူ့ဆီသို့ လေထဲကနေ ဆင်းသက်လာသည့် ဧရာမ အနက်ရောင်လက်သည်းများကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာခဲ့၏။
သူက လေထဲတွင် အပြာရောင် ဓားစွမ်းအင် ထောင်ပေါင်းများစွာ ဖြည်းညင်းစွာ စုစည်းလိုက်ပြီး အချိန်နှင့် အာကာသ ဓားနယ်မြေကို ထုတ်သုံးကာ အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် သူ့ရှေ့ရှိ အာကာပြင်က တွန့်လိမ်သွားခဲ့ပြီး ငွေရောင်ပုံရိပ်တစ်ခုသည် အထဲကနေ လှမ်းထွက်လာကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဧရာမ အနက်ရောင်လက်သည်းများကို အပိုင်းပိုင်း ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ငွေရောင်ပုံရိပ်၏ အလွန်အာဏာရှင်ဆန်သော အသံသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားခဲ့သည်။
"ဟမ့်.. နတ်ဝိညာဥ်ဘုရင်အဆင့် ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက်က သိုင်းသခင်နယ်ပယ်ကို မကြာသေးခင်ကမှ ချိုးဖျက်ထားတဲ့ ဂျူနီယာ တစ်ယောက်ကို တိုက်ခိုက်တာ မရှက်ဘူးလား.. မင်းတို့ကြောင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မျက်နှာပျက်ရပြီ"
"ဒီနေ့ ဒီကောင်လေးကို မင်းတို့ထဲက ဘယ်သူ ထိရဲလဲ ငါ ကြည့်ချင်တယ်"
အခန်း(၈၅၅) ပြီး၏