အခန်း (၈၄၄-၈၄၆)
Vol. 57 Ch. 844-846
"သိပ်ကြောက်ဖို့ကောင်းတဲ့ ဓားဆန္ဒရဲ့ တတိယအဆင့်အင်အားပါလား.. ဒီကောင်က တိုက်ပွဲဝင်စွမ်းအင် အရမ်းကောင်းတာပဲ"
ကျန်းချန်၏ လက်ချက်ဖြင့် သေဆုံးသွားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ် သေဆုံးသွားသည်ကို ကြည့်ရင်း ရိုးသားပုံပေါက်သည့် လူငယ်လေး ယွင်ကန်း၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။
ယွင်ကန်းသည် အမြဲလိုလို ခေါင်းအေးအေးဖြင့် စဥ်းစားတတ်သောသူ တစ်ဦး ဖြစ်သည်။
သူတို့ရှေ့မှ ကောင်လေးသည် သူတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှဖမ်းဝရမ်း ထုတ်ပြန်ထားသည့်သူ ဖြစ်သဖြင့် သာမန်လူမဟုတ်မှန်း သူ့စိတ်ထဲတွင် ကောင်းစွာ သိရှိခဲ့သည်။
မူလက သူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ကျင့်ကြံသူကို ဆက်သွယ်ကာ ကျန်းချန်ကို အချိန်ဆွဲရန် စဥ်းစားထားခဲ့သည်။
သို့သော်လည်း ယွင်ရန်က ကျန်းချန်ကို မပြောမဆို ဝင်တိုက်မည်ဟု ဘယ်သူ ကြိုသိနိုင်ပါမည်နည်း။
ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အတွင်းစည်း တပည့်ဖြစ်သည့် ယွင်ရန်သည် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယွင်ကန်းက ကျန်းချန် ခေသူ မဟုတ်မှန်း ကြိုတင်မှန်းဆပြီးသားဖြစ်သော်လည်း ဤမျှလောက်ထိ အင်အားကြီးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့အပြင် သူ၏ အင်အားက ယွင်ရန်ထက် အနည်းငယ်လောက်သာ ပို၍ အားကောင်းသည်ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
"အရပ်လေးမျက်နှာ ဓားအစီအရင်"
ယွင်ကန်းက သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး သူ့နံဘေးရှိ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်ကို အမြန် ဆော်သြလိုက်သည်။
မြှားက လေးပေါ်ကို ရောက်နေပြီ ဖြစ်၍ မဖြစ်မနေ ပစ်ရတော့မည် မဟုတ်ပါလား။
ထို့ကြောင့် ယွင်ကန်းသည် အနည်းငယ်မျှပင် တုန့်ဆိုင်းမနေဘဲ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်နှင့် ပူးပေါင်းကာ ဓားအစီအရင်ကို ဖော်ထုတ်လိုက်ပြီး ကျန်းချန်ကို အချိန်ဆွဲရန် စီစဥ်ခဲ့သည်။
ဤသို့ လုပ်ဆောင်ခြင်းဖြင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ ရောက်လာသည်အထိ တောင့်ခံနိုင်လောက်မည်ဟု စဥ်းစားထားခဲ့သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်သည် ယွင်ကန်း၏ ကြုံးဝါးသံကို ကြားလျှင် ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။
ထို့နောက်တွင် သူတို့လေးယောက်သည် ကျန်းချန်၏ လေးဖက်လေးတန်တွင် ပေါ်လာခဲ့ပြီး တစ်ယောက်ချင်းစီသည် ဓားနည်းစနစ် တစ်မျိုးစီကို ထုတ်ဖော်လိုက်ကြသည်။
သူတို့လေးယောက်က ဓားများကို တစ်ပြိုင်နက်ထဲ ဝှေ့ယမ်းလိုက်ရာ မကြာခင်မှာပင် ထူးဆန်းသော အလင်းရောင် တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ ပတ်ပတ်လည်တွင် ငွေရောင်အလင်းများဖြင့် လည်ပတ်နေသည့် စွမ်းအားတစ်ခု ဖြစ်ပေါ်လာကာ ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။
"ကျန်းချန် မင်းက အရမ်းသန်မာတယ် ဆိုပေမဲ့ ငါတို့ လေးယောက်ရဲ့ အရပ်လေးမျက်နှာ ဓားအစီအရင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
ယွင်ကန်းက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဤအရပ်လေးမျက်နှာ ဓားအစီအရင်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက သူတို့ဂိုဏ်းမှ တပည့်များကို အန္တရာယ်ကျရောက်သောအချိန်တွင် အချင်းချင်း ပူးပေါင်း၍ တိုက်ခိုက်နိုင်ရန် ဖန်တီးထားသည့် ပူးပေါင်း တိုက်ကွက်တစ်မျိုး ဖြစ်သည်။
ထိုတိုက်ကွက်ကို အသုံးပြုလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များသည် ပိုမိုအားကောင်းသည့် တိုက်ပွဲဝင်စွမ်းရည်ကို ထုတ်ဖော်နိုင်၏။
ယွင်ကန်း၏ သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားနှင့် စွမ်းအင်သိပ်သည်းခြင်း န၀မအဆင့် ကျင့်ကြံသူ သုံးယောက် ပူးပေါင်းထားသည့် အရပ်လေးမျက်နှာ ဓားအစီအရင်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ကိုင်တွယ်ဖို့ပင် လုံလောက်၏။
သူတို့၏ အရပ်လေးမျက်နှာ ဓားအစီအရင်သည် သူတို့ရှေ့မှလူငယ်ကို မကိုင်တွယ်နိုင်လျှင်ပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ ရောက်လာသည်အထိ အချိန်ဆွဲဖို့ လုံလောက်သည်ဟု တွက်ဆထားခဲ့သည်။
"ဟားဟား မင်းတို့ရဲ့ ပူးပေါင်းတိုက်ကွက်ကို မင်းတို့က အတော်လေး အထင်ကြီးနေပုံဘဲ.. ဒီအစီအရင် အစုတ်အပြတ်လေးနဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ မင်းတို့တွေ ထင်နေတာလား.. ငါ့ရဲ့ မျက်လုံးထဲမှာ မင်းတို့ရဲ့ အရပ်လေးမျက်နှာ ဓားအစီအရင်က အမှိုက်တစ်စနဲ့ ဘာမှမကွာခြားဘူး "
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဓားဆန္ဒ တတိယအဆင့် ခွန်အားများ ပါဝင်နေသည့် သွေးနဂါးဓားကို ဝှေ့ရမ်းလိုက်ရာ ယွင်ကန်းတို့ လက်ထဲမှ ဓားများသည် ထိန်းချုပ်ခံလိုက်ရသည်။
သူတို့လက်ထဲမှ ဓားရှည်များသည် ကျန်းချန်၏ သွေးနဂါးဓား ဆွဲအားကြောင့် ကြည်လင်သည့် ဓားခတ်သံများပင် ထွက်ပေါ်လာခဲ့သည်။
ဓားကိုယ်ထည် တစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလို အပြင်းအထန် တုန်ခါလာခဲ့၏။
ဓားရှည်များသည် ယွင်ကန်းတို့ လေးယောက်၏ လက်ထဲကနေ လွတ်မြောက်ရန် ကြိုးစားနေသည့် အတိုင်းပင်။
မထင်မှတ်ထားသော အခြေအနေကြောင့် ယွင်ကန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ခွန်အားကို အလျင်အမြန် မြှင့်တင်ကာ သူ့လက်ထဲမှ ဓားရှည်ကို သူ၏လက်မှ လွတ်ထွက် မသွားစေရန် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
အခန်း(၈၄၄)ပြီး၏။
အခန်း(၈၄၅)
အရပ်လေးမျက်နှာ ဓားအစီအရင်ကို ကျန်းချန်က ဖျက်ဆီးပစ်လိုက်ရာ ယွင်ကန်းသည် အလွန်အံ့အားသင့်သွားခဲ့သည်။
သူအံ့အားသင့်နေသော အချိန်မှာပင် အစောပိုင်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်၏ လက်ထဲကနေ ပျောက်ကွယ်သွားသော ဓားရှည်များသည် ၎င်းတို့၏ ရင်ဘတ်နားတွင် တစ္ဆေကဲ့သို့ ပေါ်လာခဲ့သည်။
"မြန်မြန်ပြေးကြ"
ယွင်ကန်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်ကို အလျင်အမြန် အော်ဟစ်၍ သတိပေးလိုက်၏။
သို့သော်လည်း ထိုအချိန်တွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်သည် သူတို့၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ဘဲ သူတို့ဆီသို့ ဦးတည် ဝင်ရောက်လာသည့် ဓားရှည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး သူတို့၏ လည်ချောင်းများကို ဖြတ်သန်းခွင့် ပေးလိုက်ရသည်။
မကြာခင်မှာပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်၏ လည်ချောင်းကနေ နီစွေးသော သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာခဲ့သည်။
သူတို့သုံးယောက်က မြင်ကွင်းများ အမှောင်တိကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။
"ဒါ ဒါဘယ်လိုဖြစ်နိုင်မှာလဲ
အရပ်လေးမျက်နှာ ဓားအစီအရင်ကို ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ရတာလဲ"
သွေးအိုင်ထဲတွင် လဲကျနေသည့် တပည့်သုံးယောက်ကို ကြည့်ရင်း ယွင်ကန်းက အလန့်တကြားဖြင့် မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
"မင်းရဲ့လေသံကို နားထောင်ရတာ အရပ်လေးမျက်နှာ ဓားအစိီအရင်က မင်းတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ အင်အားကြီးမားတဲ့ ဓားနည်းစနစ်တစ်ခု ဖြစ်ပုံပဲ.. ဒါပေမဲ့ ဓားနဲ့ ပတ်သက်တဲ့ ဘယ်အရာမဆို ဓားဆန္ဒရဲ့ အင်အားအောက်မှာ အလကားပဲဆိုတာ မင်းတို့ မသိဘူးလား "
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ယွင်ကန်း၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားခဲ့သည်။
သူ၏ အရပ်လေးမျက်နှာ ဓားအစီအရင် အင်အားသည် ကျန်းချန်ကို မကိုင်တွယ်နိုင်လျှင်ပင် အချိန်ဆွဲရန်အတွက် ပြဿနာ မရှိလောက်ဟု သူ မူလက ထင်ထားခဲ့သည်။
အဆုံးသတ်တွင် သူသည် ကျန်းချန်၏ ဓားဆန္ဒ တတိယအဆင့် အင်အားကို လျှော့တွက်မိခဲ့ခြင်းပင်။
သူအားကိုးရသည့် အရပ်လေးမျက်နှာ ဓားအစီအရင်က ကျန်းချန်၏ ဓားဆန္ဒ တတိယအဆင့် အင်အားအောက်တွင် ဤမျှအထိ အားနည်းမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
သူ့ရှေ့မှကောင်လေးသည် အရပ်လေးမျက်နှာ ဓားအစိီအရင်ကိုပင် ချိုးဖျက်လိုက်ပြီး အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်လေးယောက်ကိုပင် အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်လိုက်သည်။
သူ့အမြင်တွင် ထိုကောင်လေးသည် သူတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အင်ပါယာအဆင့် ပါရမီရှင်ထက် လုံးဝ မနိမ့်ကျပေ။
[ထွက်ပြေးရမယ်]
သူ့ရှေ့မှကောင်လေးသည် သူရင်ဆိုင်နိုင်သောသူ မဟုတ်ပေ။
ယွင်ကန်းက အကြောက်လန့်ကြီး ကြောက်လန့်ကာ ထွက်ပြေးရန် တုန့်ဆိုင်းမနေတော့ပေ။
သူ၏ပုံရိပ်က အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ခုန်တက်ကာ အလန့်တကြား ထွက်ပြေးသွားခဲ့သည်။
"ထွက်ပြေးချင်တာလား"
ကောင်းကင်ပေါ်သို့ ခုန်တက်ကာ တစ်ရှိန်ထိုး ထွက်ပြေးသွားသည့် ယွင်ကန်းကို လှမ်းကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင် ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားများ ပါဝင်နေသော သွေးနဂါးဓား၏ အရိပ်သည် ချက်ချင်းပင် လေထုကို ထိုးဖောက်သွားပြီး ယွင်ကန်း၏ ခေါင်းအထက်တွင် တစ္ဆေကဲ့သို့ လျှပ်တပြက် ပေါ်ထွက်လာကာ ယွင်ကန်းကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။
သူ၏ ဓားဆန္ဒတတိယအဆင့်က အထွတ်အထိပ်အဆင့်သို့ မရောက်သေးလျှင်ပင် ကီလိုမီတာ အနည်းငယ် အကွာလောက်ကို စာမဖွဲ့ပေ။
"မသတ်ပါနဲ့"
ထိတ်လန့်တကြား ထွက်ပြေးနေသည့် ယွင်ကန်းသည် သူ၏ ခေါင်းအထက်ကနေ ဆင်းသက်လာသည့် နတ်ဓား၏ အရိပ်ကိုကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များဖြင့် သူ၏ ဦးခေါင်းထက်ကို ကျလာသည့် အရိပ်ကို ခုခံလိုက်၏။
သို့သော်လည်း ယွင်ကန်း၏ ခုခံမှုအားလုံးသည် ကျန်းချန်၏ ဓားဆန္ဒ တတိယအဆင့် အင်အားအောက်တွင် အလဟဿဖြစ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွင်ကန်းသည် သွေးနဂါးဓား၏ ဓားရိပ်အောက်တွင် ချက်ချင်းဆိုသလို အပိုင်းပိုင်း ဖြတ်တောက် ခံလိုက်ရသည်။
ထိုသို့ ယွင်ကန်းက သွေးနဂါးဓား၏ ဓားရိပ်အောက်တွင် အလောင်းကောင်အဖြစ် ပြောင်းလဲသွားစဥ်မှာပင် အလွန်အမင်း ဒေါသများ ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံကနေ လေထဲကို ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ချက်ချင်း ပဲ့တင်ထပ်လာခဲ့၏။
"ကျန်းချန် ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ တပည့်ကိုတောင် သတ်ရဲတယ်.. မင်းသေချင်နေပြီလား "
အခန်း(၈၄၅)ပြီး၏။
အခန်း(၈၄၆)
"နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါပါလား"
ကောင်းကင်ကနေ အလျင်အမြန် ချဥ်းကပ်လာသည့် အားကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒီလောက်ထိ မြန်မြန် ရောက်လာတာဆိုတော့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများဖြစ်နေမလား"
ကျန်းချန်က ထပ်မံ စဥ်းစားရန် အချိန်မရှိတော့၍ လေဆန္ဒကို ချက်ချင်းဆိုသလို အစွမ်းကုန် ထုတ်ဖော်ကာ အရိပ်တစ်ခု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပြီး အသားကုန် ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း မီတာတစ်ရာအထိ မပြေးရသေးခင်မှာပင် သူ၏ ဦးခေါင်းအထက်ရှိ လေထုသည် တွန့်လိမ်သွားခဲ့ပြီး ငွေရောင်ပုံရိပ်တစ်ခုသည် ရုတ်တရက် လေထဲတွင် ပေါ်လာခဲ့၏။
ထိုငွေရောင်ပုံရိပ်က အောက်ဘက်ရှိ ကျန်းချန်ကို လှမ်းကြည့်ကာ ရုတ်တရက် သူ၏ လက်ဝါးကို လှုပ်ရှားလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုသည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ခန္ဓာကိုယ်တစ်ခုလုံးအား လေထဲမှာပင် တောင့်တင်းသွားစေခဲ့သည်။
"တိမ်တိုက်ဝါးမျို နည်းစနစ်.."
"နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်ရဲ့ သွေးစွမ်းအား.."
"ဓားဆန္ဒ တတိယအဆင့်ရဲ့ခွန်အား.."
ကျန်းချန်က ကြောက်လန့်တကြား ဖြစ်သွားပြီး သူ၏အားသာချက် အလုံးစုံကို တစ်ချိန်တည်းမှာပင် ထုတ်ဖော်ကာ သူ့ပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ်သော အင်အား၏ ချုပ်နှောင်မှုကနေ အတင်းအကြပ် ရုန်းထွက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လက်ထဲမှဓားရှည်ကို ဝှေ့ရမ်းကာ အချိန်နှင့်အာကာသ ဓားနယ်မြေ စွမ်းအားကို ထုတ်ဖော်၍ ငွေရောင်ပုံရိပ်ကို လွှမ်းခြုံလိုက်၏။
အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေခဲ့ဘဲ အသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းသည့် ဆေးလုံးတစ်လုံးအား တိုက်ရိုက် သောက်သုံးလိုက်ကာ ဆက်လက် ထွက်ပြေးသွားခဲ့သည်။
ဆိုရလျှင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ အင်အားကို အလွန်ရှင်းလင်းစွာ နားလည်၏။
သူ၏ လက်ရှိအင်အားဖြင့် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုလျှင်ပင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။
ယခုလို ထွက်ပြေးနေခြင်းသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကျန်းချန် ရွေးချယ်ခဲ့သည် ဦးတည်ရာသည် မီးလျှံသားရဲ အိပ်မပျော်ခင်က သူ့ကို ညွှန်ပြခဲ့သည့် တားမြစ်နယ်မြေ ရှိရာသို့ ဖြစ်သည်။
ထိုတားမြစ်နယ်မြေတွင် နတ်ဝိညာဥ်ဘုရင်အဆင့်ထက် မနိမ့်ကျသည့် သတ္တမအဆင့် သားရဲများလည်း ရှိနေ၏။
ယခုအခါတွင် သူ့အနေဖြင့် သတ္တမအဆင့် သားရဲ၏ နယ်မြေကို ဝင်မှသာ ရှင်သန်ရန်အတွက် မျှော်လင့်ချက်ရောင်ခြည် ရရှိနိုင်တော့မည် မဟုတ်ပါလော။
သို့သော်လည်း အဆုံးသတ်တွင် ကျန်းချန်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို လျှော့တွက်မိခဲ့သည်။
သူက မီတာတစ်ရာအကွာသို့ ပြေးထွက်လာရုံသာရှိသေးသည်၊ သူ့အရှေ့ရှိ အာကာပြင်က လှုပ်ခတ်သွားခဲ့ပြီး နောက်ထပ် တစ်ခဏမှာပင် ငွေရောင်ပုံရိပ် တစ်ခုသည် အာကာပြင်ထဲကနေ ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့သည်။
၎င်းက သူ့ရှေ့မှ ကျန်းချန်ကို လှမ်းကြည့်ကာ လက်ဝါးကိုအသာအယာ ဝှေ့ရမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို တဖန်ပြန်လည် ထိန်းချုပ်လိုက်သည်။
ထို့ကြောင့် လျင်မြန်စွာ ပြေးလွှားနေသည့် ကျန်းချန်သည် လေထဲမှာပင် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့၏။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန်းချန်က သူ့ရှေ့မှ ငွေရောင်ပုံရိပ်ကို လှမ်းကြည့်ကာ မျက်လုံးထဲတွင် မယုံနိုင်လောက်သည့် ကြောက်ရွံ့သောအရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မူလတွင် သူသည် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေဖြင့် ဤနတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို တစ်ခဏမျှ ဟန့်တားနိုင်မည်ဟု ထင်ခဲ့သော်လည်း ၎င်းက သူ့ မျက်စိရှေ့အတွင်း တဖန် ပြန်ပေါ်လာမည်ဟု မည်သို့ သိနိုင်ပါအံ့နည်း။
"မင်းအံ့သြနေတာမဟုတ်လား.."
ငွေရောင်ပုံရိပ်က ကျန်းချန်ကို အသာအယာ လှမ်းကြည့်ကာ ပြောလိုက်သည်။
"နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ စိတ်ဝိညာဥ်စွမ်းအားက အရမ်းကို အင်အားကြီးမားတဲ့အတွက် စိတ်ဝိညာဥ်ကိုခွဲထုတ်ပြီး ကိုယ်ပွားဖွဲ့စည်းဖို့ လုံလောက်တယ်.. အစောပိုင်းက မင်းရဲ့ ဓားနယ်မြေထဲမှာ ပိတ်မိသွားတာက ငါ့ရဲ့ကိုယ်ပွားပဲ"
ငွေရောင်ပုံရိပ်ထံမှစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက ရုတ်တရက် အနောက်ကို လှည့်ကြည့်လိုက်ရာ သူ့အနောက်ရှိ မီတာတစ်ရာအကွာတွင် သူ့အရှေ့မှလူနှင့် တထေရာတည်း ဖြစ်သည့် ငွေရောင်ပုံရိပ်တစ်ခုသည် အချိန်နှင့် အာကာသ ဓားနယ်မြေကို ချိုးဖျက်ကာ သူ့ဆီသို့လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
အမှန်တကယ်ကိုပင် သူအစောပိုင်းက အချိန်နှင့်အာကာသဓားနယ်မြေဖြင့် တားဆီးခဲ့သောသူသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ကိုယ်ပွား ဖြစ်နေခဲ့သည်။
သို့သော်လည်း ထိုကိုယ်ပွားသည် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို ချက်ချင်းဆိုသလို ဖျက်ဆီးနိုင်စွမ်း ရှိ၏။
ယခုအခါတွင် ကျန်းချန်သည် အဖြစ်အမှန်တစ်ခုကို တွေ့ရှိလိုက်သည်။
ယင်းမှာ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသည် အလွန်ပင်အင်အားကြီးပြီး သူ့အတွက် ခုခံနိုင်စွမ်း မရှိလောက်အောင်ပင်ဖြစ်၏။
ကျန်းချန်က စိတ်ဓာတ်ကျသလိုပင် ဖြစ်သွားခဲ့သည်။
သူ့အတွက် အဆတစ်ရာစနစ်ကို ရရှိပြီးကတည်းက ဤကဲ့သို့စိတ်ပျက်လက်ပျက် အခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းပင်။
အခန်း(၈၄၆)ပြီး၏။