အခန်း (၈၄၇-၈၄၉)
Vol. 57 Ch. 847-849
"ကျန်းချန်..မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်.. မင်းက အချိန်နဲ့ အာကာသရဲ့ နိယာမတွေကို ပေါင်းစပ်ထားတဲ့ ကောင်းကင်ကို ဆန့်ကျင်နေတဲ့ နည်းစနစ်မျိုး ကျွမ်းကျင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး.. ငါ့ရဲ့ကိုယ်ပွားကတောင် မင်းရဲ့လက်ထဲမှာ ရှုံးနိမ့်လုနီးပါး ဖြစ်သွားရတဲ့အထိပဲ"
ငွေရောင်ပုံရိပ်က ကျန်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။
မည်သို့ပင်ဖြစ်စေ ကျန်းချန် အစောပိုင်းက အသုံးပြုလိုက်သည့် နည်းစနစ်ကို သူလိုချင်မိသည်။
ဆိုရလျှင် သူ့ရှေ့မှကောင်လေး အစောပိုင်းက အသုံးပြုလိုက်သည့် နည်းစနစ်သည် အင်ပါယာအဆင့် နည်းစနစ်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူ့အထင်မမှားလျှင် ဤသည်က ရှေးခေတ်မှ အင်ပါယာတစ်ပါးထံကနေ ဆင်းသက်လာသည့် အမြင့်မြတ်ဆုံးကျင့်စဉ်တစ်ခု ဖြစ်နိုင်ပေသည်။
ဤကျင့်စဥ်သည် မရေမတွက်နိုင်သော နတ်သန္ဓေအင်ပါယာများကိုပင် ရူးသွပ်သွားစေရန် လုံလောက်၏။
"အကြီးအကဲ.. ကျွန်တော်က အကြီးအကဲတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်ကို မတော်တဆ ရရှိခဲ့တာပါ.. ဘာလို့ အကြီးအကဲတို့ရဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ဒုက္ခခံပြီး ကျွန်တော့်ကို လိုက်သတ်နေရတာလဲ.. အကြီးအကဲတို့ရဲ့လုပ်ရပ်ကို အနာဂတ်မှာ ကျွန်တော့်ရဲ့ဆရာ သိသွားတာနဲ့ အကြီးအကဲတို့ အဲဒီအတွက် အဖိုးအခကို ပေးဆပ်ရလိမ့်မယ်"
ကျန်းချန်က သက်ပြင်းချလိုက်ပြီး ငွေရောင်ပုံရိပ်ကို ပြောလိုက်သည်။
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်အတွက် လွတ်လမ်းမရှိတော့ပေ။
လက်ရှိတွင် သူ့ရှေ့မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို ခြောက်လှန့်ရန် အတွက် သူ့ဆရာ၏ နာမည်ကို ထုတ်ဖော်ရုံသာ တတ်နိုင်တော့၏။
သို့မဟုတ်လျှင် သူ့အတွက် အလွန် အန္တရာယ်များမည်မှာ သေချာသလောက် ဖြစ်သည်။
"အိုး..ဟုတ်လား..မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ငါသိပါရစေ"
ငွေရောင်ပုံရိပ်ကို ကျန်းချန်ကို အသာအယာ လှမ်းကြည့်ကာ မေးလိုက်သည်။
ကျန်းချန်က ငွေရောင်ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ပြီး စကားလုံးတိုင်းကို သေချာစွာ ပြောလိုက်၏။
"ကျွန်တော့်ရဲ့ဆရာက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီပဲ"
"ဒီကောင်လေးက ယန်ဒီမြို့က နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့တပည့် ဖြစ်နေတာကိုး"
ကျန်းချန်၏ စကားကိုကြားလျှင် ငွေရောင်ပုံရိပ်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခုထဲမှ တစ်ခု ဖြစ်သည့် ယန်ဒီမြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဥ်ဘုရင်အဆင့် အကြီးအကဲ တစ်ယောက်အနေဖြင့် ချိုးယင်သည် ယန်ဒီမြို့ အကြောင်းကို ကောင်းစွာသိသည်။
ယန်ဒီမြို့မှ ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေတွင် အလွန်တရာ နာမည်ကျော်ကြားသည့် နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်သည်။
ချိုးယင်အနေဖြင့် နတ်သန္ဓေအင်ပါယာ ရှောင်တုလီ၏ နာမည်ကို အဘယ်ကြောင့် မကြားဖူးဘဲ ရှိပါမည်နည်း။
ချိုးယင်၏ မျက်လုံးထဲတွင် အနည်းငယ် တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေတွင် နာမည်ကျော်မြို့တော်တစ်ခုဖြစ်ပြီး အင်အားသည် အတိုင်းအဆမရှိပေ။
ထို့အပြင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေမှ မရေမတွက်နိုင်သော ကြယ်သုံးပွင့်အင်အားစုများပင် ကြောက်လန့်ရသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သာမန် အခြေအနေဆိုလျှင် ရှောင်တုလီ၏ တပည့်မှန်း သိသည်နှင့် ကျန်းချန်ကို အသက်ရှင်ခွင့်ပေးရန် သူရွေးချယ်နိုင်သည်။
သို့သော်လည်း ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်ကိုတတ်မြောက်နေ၍ သူတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ သေရေးရှင်ရေး ကိစ္စနှင့် အလွန်ပင် ပတ်သက် ဆက်နွှယ်နေခဲ့သည်။
ထို့ကြောင့် ထိုကောင်လေးက အမှန်အတိုင်း ပြောနေလျှင်ပင် သူ့အနေဖြင့် ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။
"ကောင်လေး.. ငါ့အရှေ့မှာ မဖြစ်နိုင်တာတွေ လာမပြောနဲ့.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက ကျုံးကျိုးကုန်းမြေမှာ မထွက်ပေါ်လာတာ အတော်ကြာခဲ့ပြီ.. ဒါ့အပြင် သူက တပည့် လက်ခံခဲ့တယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး.. ဒါ့အပြင် မင်းက တကယ်ပဲ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်ဆိုရင် တိမ်တိုက်ဝါးမျို နည်းစနစ်က ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ် ဆိုတာ မသိဘဲ မနေလောက်ဘူး"
ချိုးယင်က အေးစက်စက် ပြောလိုက်ပြီး ကျန်းချန် ဆီသို့ ဖြည်းညင်းစွာ လျောက်လာခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် တောင့်တင်းသွားခဲ့သည်။
ရပ်တန့်ဖို့ ရည်ရွယ်ချက်ရှိပုံ မရသည့် ချိုးယင်ကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ရူးသွပ်သော အကြည့်တစ်ခု လင်းလက်သွားခဲ့သည်။
သို့သော် သူက နောက်ဆုံးတိုက်ပွဲ အတွက် အစွမ်းကုန် ပြင်ဆင်နေစဥ်မှာပင် ခိုင်မာ တောင့်တင်းနေသော ပတ်ဝန်းကျင်သည် ပို၍ အားကောင်းသော အင်အားကြောင့် ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး ချိုးယင်၏ပုံရိပ်ကိုပါ ခြေလှမ်း အနည်းငယ် နောက်ဆုတ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အိုမင်းသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ အရှေ့ရှိ လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကိုပင် လွှမ်းမိုးနိုင်လောက်သည့် အေးစက်စက် အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ချိုးယင်.. ငါ ထျန်းရွှယ် ဒီမှာရှိနေသ၍ ဘယ်သူမှ ဒီကလေးရဲ့ဆံပင်တစ်ပင်ကိုတောင် ထိဖို့မစဥ်းစားနဲ့"
အခန်း(၈၄၇)ပြီး၏။
အခန်း(၈၄၈)
"အကြီးအကဲ ထျန်းရွှယ်ပါလား.."
ရုတ်တရက် ထွက်ပေါ်လာသည့် အိုမင်းသောပုံရိပ်ကို ကြည့်ရင်း ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ဤကဲ့သို့ အရေးကြီးသည့် အချိန်အခိုက်အတန့်တွင် အကြီးအကဲ ထျန်းရွှယ်က ရောက်ရှိလာလိမ့်မည်ဟု သူတကယ် မမျှော်လင့်ထားခဲ့ပေ။
အကြီးအကဲ ထျန်းရွှယ် ရောက်ရှိလာသောကြောင့် ချိုးယင်နှင့်အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ကျန်းချန်သည် သက်ပြင်းချနိုင်ခဲ့သည်။
သူက အကြီးအကဲထျန်းရွှယ်နှင့် ပတ်သက်၍ အလွန် ကောင်းမွန်သော အထင်အမြင် ရှိခဲ့သည်။
ထိုနေ့က ရွှယ်ယန်တောင်တွင် အကြီးအကဲ ထျန်းရွှယ်သာ သူ့ဘက်၌ မရပ်တည်ခဲ့လျှင် ရွှယ်ယန်တောင်ကနေ သူဘယ်လိုမှလွတ်မြောက်နိုင်မည် မဟုတ်ပေ။
အကြီးအကဲထျန်းရွှယ်က အဘယ်ကြောင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ရန်သူအဖြစ်ခံပြီး သူ့ကို ကယ်တင်နေသလဲ မသိရသည့်တိုင် အကြီးအကဲထျန်းရွှယ် လှုပ်ရှားလာသည်ကပင် အနည်းဆုံး သူ့မျက်စိရှေ့မှ အန္တရာယ်ကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။
"အကြီးအကဲထျန်းရွှယ်"
ရုတ်တရက် ပေါ်ထွက်လာသော အဖိုးအိုကို မြင်လျှင် ချိုးယင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
အကြီးအကဲ ထျန်းရွှယ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နာမည်ကျော် အကြီးအကဲတစ်ဦးဖြစ်ခဲ့ဖူးပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမ အဆင့် ကျင့်ကြံသူလည်း ဖြစ်ကာ အင်အားလည်း အတိုင်းအဆမရှိ ကြီးမားသည်။
သူတို့နှစ်ယောက်လုံးက နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ချိုးယင်သည် အကြီးအကဲ ထျန်းရွှယ်နှင့် နှိုင်းယှဥ်လျှင် ကောင်းကင်နှင့်မြေကြီးလို ကွာခြားနေခဲ့သည်။
"အကြီးအကဲထျန်းရွှယ်.. ဒီကောင်လေးက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်နဲ့ ပတ်သက်နေတယ်..သူ့ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ ပြန်လည်ခေါ်သွားဖို့အတွက် ငါအမိန့်ရထားတယ်.. အကြီးအကဲက ဒီကလေးဘက်ကနေ ကာကွယ်ပေးနေတာ ဆိုတော့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ရန်သူ အဖြစ်ခံတော့မလို့လား"
ချိုးယင်က သက်ပြင်းချလိုက်ပြီး အကြီးအကဲ ထျန်းရွှယ်ကို သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဟားဟား.. ဒီအဘိုးအိုက မင်းတို့နဲ့ ဘယ်တော့မှမတူဘူး.. လွန်ခဲ့တဲ့ နှစ်၂၀တုန်းက မင်းတို့တွေ ဘာလုပ်ခဲ့လဲဆိုတာ ငါမသိခဲ့ဘူးများ ထင်နေလား.. မင်းက ယွင်ကျင်လဲ့ရဲ့ လက်ပါးစေဖြစ်ရတာကို ဒီလောက်တောင် ဂုဏ်ယူနေပြီပေါ့လေ.. ဒီနေ့တော့ ဂိုဏ်းချုပ်ဟောင်း ကိုယ်စား မင်းကို ဆုံးမမှဖြစ်တော့မယ်.."
အကြီးအကဲထျန်းရွှယ်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် နတ်ဝိညာဥ်ဘုရင် နဝမအဆင့်၏ ခွန်အားကို ချက်ချင်း ဆိုသလို ထုတ်ဖော်လိုက်သည်။
သူက လက်ညှိုးကို အသာအယာဆန့်ထုတ်လိုက်ရာ လက်ညှိုးမှ စွမ်းအားသည် လေထုကို ဖြတ်သန်းသွားခဲ့ပြီး ချိုးယင်၏ ဦးခေါင်းအထက်ရှိ လေထုသည် ပါးလွှာသောစက္ကူကဲ့သို့ ကွဲထွက်သွားခဲ့သည်။
အကြီးအကဲထျန်းရွှယ်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် သူ၏ ဦးခေါင်းအထက်ရှိ လေထုအက်ကွဲမှုကို ကြည့်ကာ ချိုးယင်၏ အမူအရာသည် ချက်ချင်း ဆိုသလိုပင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
ဤအချိန်တွင် သူသည် အကြီးအကဲထျန်းရွှယ်ကို ရင်ဆိုင်ရန် သတ္တိမရှိတော့ပေ။
သူက ထိတ်လန့်တကြားဖြစ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သူ၏နတ်ဝိညာဥ်ဘုရင် ဒုတိယအဆင့် အင်အားလောက်ဖြင့် နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် အကြီးအကဲ ထျန်းရွှယ်နဲ့ ရင်ဆိုင်ရလျှင် ပြန်လည် တိုက်ခိုက်ဖို့ အင်အား အနည်းငယ်မျှပင် ရှိမည်မဟုတ်ပေ။
"ဟမ့်.. နတ်ဝိညာဥ်ဘုရင် ဒုတိယအဆင့် အင်အားလောက်နဲ့ ငါ့ရှေ့ကနေ ထွက်ပြေးချင်နေသေးတယ်.. ဒီနှစ်တွေမှာ ငါကအလကားနေနေတယ်လို့ မင်းတို့တွေ ထင်နေတာလား.. သွားသေလိုက်တော့"
အကြီးအကဲထျန်းရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်ရယ်မောလိုက်သည်။
သူက ချက်ချင်းပင် လက်ဝါးကို လှုပ်ရှားလိုက်ရာ လေထုထဲကနေ အနက်ရောင် အက်ကြောင်းများသည် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
ထိုအက်ကြောင်းများ ပျံ့နှံ့သွားသော အရှိန်အဟုန်သည် ချိုးယင် ထွက်ပြေးသွားသည့် အရှိန်အဟုန်ထက် အဆပေါင်းများစွာ သာလွန်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချိုးယင်၏ပုံရိပ်သည် အာကာပြင် အက်ကြောင်းများထဲ လုံးဝ မြုပ်ဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံ တစ်သံသည် အနက်ရောင် အာကာပြင်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
တစ်ခဏမျှသာ ကြာလိုက်ပြီးနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
လေထုထဲရှိ မီတာထောင်ချီ ပျံ့နှံ့နေသော အနက်ရောင်အက်ကြောင်းကလည်း ဖြည်းညင်းစွာ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ထို့နောက်တွင် ငွေရောင်အလောင်း တစ်လောင်းသည် လေထဲကနေ ဖြည်းညင်းစွာ ပြုတ်ကျလာခဲ့သည်။
သူ့ရှေ့မှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် သက်ပြင်းချမိလိုက်သည်။
အကြီးအကဲထျန်းရွှယ်က အလွန် အင်အားကြီးမှန်း သူသိသော်လည်း ဤမျှလောက်အထိ အင်အားကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နတ်ဝိညာဥ်ဘုရင်အဆင့် ချိုးယင်လို လူပင် တစ်ကွက်တည်းဖြင့် အလွယ်တကူ အသတ်ခံလိုက်ရသည် မဟုတ်ပါလား။
ဆိုရလျှင် အကြီးအကဲထျန်းရွှယ်၏ အင်အားသည် တကယ်ကို သာမန်မဟုတ်ပေ။
အခန်း(၈၄၈)ပြီး၏။
အခန်း(၈၄၉)
"ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲထျန်းရွှယ်"
ကျန်းချန်က မှင်တက်ရာကနေ အသိပြန်လည် ဝင်လာပြီးနောက် အကြီးအကဲ ထျန်းရွှယ်ကို အလျင်အမြန်ပင် ကျေးဇူးတင်လိုက်သည်။
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက အင်အားကြီးမားတဲ့ ကျင့်ကြံသူ ရောက်လာတော့မယ်.. ဒီကနေ အမြန်ဆုံး ထွက်သွားရအောင်"
အကြီးအကဲထျန်းရွှယ်က စကားပြောနေရင်း သူ့လက်ဝါးကို ချက်ချင်း ဝှေ့ရမ်းလိုက်ရာ ကြီးကျယ်ခမ်းနားသော အာကာပြင် စွမ်းအင်တစ်ခုသည် ကျန်းချန်ကို လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလို သူတို့နှစ်ယောက်သည် လေထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ပျောက်ကွယ်သွားပြီး တစ်ခဏအတွင်းမှာပင် အားကောင်းသော လှိုင်းတစ်ခုသည် တဖန် ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် အားကောင်းသော အရှိန်အဝါသုံးခုသည် အာကာပြင်ကို ခွဲထွက်၍ လေထဲကနေ ထွက်ပေါ်လာခဲ့ကြသည်။
အာကာပြင်ကို ခွဲထွက်၍ တစ်ခဏအတွင်း တည်နေရာရွှေ့ပြောင်းနိုင်ခြင်းသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူမှသာ ကျွမ်းကျင်နိုင်သည့်အင်အား ဖြစ်သည်။
သံသယမရှိလောက်အောင်ပင် ယခုရောက်ရှိလာသည့် ပုံရိပ်သုံးခုသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
"ငါတို့ ခြေတစ်လှမ်း နောက်ကျသွားပြီ"
အောက်ဘက်ရှိ ချိုးယင်၏ အလောင်းကိုကြည့်ရင်း ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ရေရွတ်လိုက်သည်။
ထိုငွေရောင်ဝတ်စုံဝတ် အဘိုးအိုက တခြားသူမဟုတ်ပဲ ယွင်ဖိုရှန် ဖြစ်၏။
"ချိုးယင် အသတ်ခံလိုက်ရတယ် ဆိုတော့ ဒီကောင်လေးရဲ့ဘေးမှာ အင်အားကြီးမားတဲ့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတဲ့ပုံပဲ"
သူတို့ရှေ့မှ အခြေအနေကို ကြည့်ရင်း ယွင်ဖိုရှန်၏ အနောက်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဟမ့်.. စဉ်းစားနေစရာတောင် မလိုဘူး.. အဲဒီလူက ထျန်းရွှယ်ပဲ ဖြစ်ရမယ်.. ဒီကောင်က ငါတို့ထက် ခြေတစ်လှမ်းဦးပြီး ကျန်းချန်ကို ရှာတွေ့မယ်လို့ မထင်ထားမိဘူး.."
ယွင်ဖိုရှန်က အေးစက်စက် ရေရွတ်လိုက်သည်။
အကြီးအကဲ ထျန်းရွှယ်သည် ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် မနိမ့်ကျရုံတင်မက အလွန်ထူးချွန်သည့် အစီအရင်သခင် တစ်ဦးလည်း ဖြစ်သည်။
ယခု ကျန်းချန်ကို အကြီးအကဲ ထျန်းရွှယ်က ခေါ်သွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်ကို ရှာဖွေရန် ပို၍ ခက်ခဲသွားပြီ မဟုတ်လော။
"ထျန်းရွှယ်က ဒီကောင်လေးဘက်မှာ ရှိနေတာဆိုတော့ ဒီကောင်လေးကို ဖမ်းဖို့ ငါတို့အတွက် ခက်ခဲသွားပြီ.. ဂိုဏ်းချုပ်ကို အကူအညီ တောင်းလိုက်သင့်လား"
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က စဥ်းစဥ်းစားစားဖြင့် ပြောလိုက်သည်။
အကြီးအကဲ ထျန်းရွှယ်က သူတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နာမည်ကျော် အကြီးအကဲဟောင်း တစ်ဦး ဖြစ်၍ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ အားလုံးသည် အကြီးအကဲ ထျန်းရွှယ်ကို အလိုအလျောက်ပင် ရှိန်နေခဲ့ကြသည်။
သူ၏နောက်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ယွင်ဖိုရှန်သည် အေးစက်သောအကြည့်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်၏။
"ဘာလဲ..မင်းတို့တွေက ငါ ထျန်းရွှယ်ကို ရင်မဆိုင်နိုင်ဘူးလို့ထင်နေတာလား"
ထိုစကားကြောင့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်က တုန်လှုပ်သွားခဲ့ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
"အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး အကြီးအကဲ"
"အရေးမပါတဲ့ ကိစ္စလောက်နဲ့ ဂိုဏ်းချုပ်ကို အနှောင့်အယှက်ပေးဖို့ မလိုဘူး.. ငါ တစ်ယောက်တည်း ကောင်းကောင်း ကိုင်တွယ်နိုင်တယ်.. ထျန်းရွှယ်နဲ့ ကျန်းချန်တို့ ဘယ်နေရာမှာပုန်းနေနေ ငါရအောင် ရှာဖွေမယ်''
ယွင်ဖိုရှန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
"အရှေ့ဘက်က သတ္တမအဆင့် နတ်လူဝံရဲ့ နယ်မြေကို သွားကြစို့"
"အကြီးအကဲက နတ်လူဝံရဲ့ နယ်မြေမှာ ထျန်းရွှယ်ကို ရှာချင်တာလား"
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူတို့က သတ္တမအဆင့် သားရဲဖြစ်သည့် နတ်လူဝံ အကြောင်းကို ကောင်းစွာ သိထား၏။
၎င်းသည် သတ္တမအဆင့် အထွတ်အထိပ်တွင် ရှိသည့် သားရဲတစ်ကောင် ဖြစ်ပြီး ထူးခြားသော သွေးစွမ်းအားဖြင့် နတ်ဝိညာဥ်ဘုရင်အဆင့် အထွတ်အထိပ်ထက် မနိမ့်ကျသည့် တိုက်ပွဲဝင်စွမ်းအား ရှိသော သားရဲဘုရင်တစ်ပါး ဖြစ်ကာ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်သော သားရဲအမျိုးအစား မဟုတ်ပေ။
"အကြီးအကဲ အဲဒီနတ်လူဝံက ကိုင်တွယ်ရခက်တယ်.. ကျွန်တော်တို့ ဘသူ့နယ်မြေထဲဝင်ရင်တောင် ထျန်းရွှယ်တို့ရဲ့ ခြေရာကိုခံဖို့ မလွယ်ဘူး.. ဒီထက်စာရင် တစ်ယောက်ယောက်ကို တွက်ချက်ခိုင်းတာက ပိုမကောင်းဘူးလား"
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်က အနည်းငယ် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
"ငါက မတွက်ချက်ခိုင်းချင်ဘူးလို့ မင်းထင်နေလား.. ဒီကမ္ဘာကြီးမှာ ဒီနည်းစနစ်ကို ကျွမ်းကျင်တဲ့ လူထူးဆန်းတွေ အနည်းငယ်လောက်ပဲ ရှိတယ်.. ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှာ ယွင်ကျင့်ထျန်းနဲ့အတူ ပျောက်ကွယ်သွားတဲ့ တစ်ယောက်က လွဲလို့ ဒုတိယတစ်ယောက် မရှိဘူး"
ယွင်ဖိုရှန်က အေးစက်စက် ပြောလိုက်သည်။
"အချိန်တိုအတွင်းမှာ ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို ခန့်မှန်းနိုင်တဲ့ ဆန်းကြယ်တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ.."
အခန်း(၈၄၉)ပြီး၏။