← Chapters

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

"ကျွန်တော်တို့ ကျင့်ယွင်မြို့မှာ ဒီပညာရပ်ကို ကျွမ်းကျင်တဲ့နောက်တစ်ယောက် ရှိပါသေးတယ်"

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"အကြီးအကဲ မေ့နေပြီလား.. ကျင့်ယွင်မြို့က ရှမိသားစု ဆီမှာ အဲဒီတစ်ယောက်ရဲ့လမ်းညွှန်မှုကို ရရှိဖူးတဲ့ သူတစ်ယောက်ရှိတယ်လေ"

"ရှရွှယ်ကျီလား.."

ယွင်ဖိုရှန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"အဲဒီကောင်လေးက သူ့ဆီမှာ တရားဝင်တပည့်ခံဖို့ အချိန်မရခဲ့ဘူး.. ဒီကောင်လေးမှာ အဲဒီလိုစွမ်းရည်မျိုး တကယ်ပဲ ရှိလို့လား"

ရှရွှယ်ကျီ ဆိုသော ကောင်လေးသည် ယခင်က သူတို့အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အတူ ပျောက်ကွယ်သွားသော ရှေးဖြစ်ဟောပုဂ္ဂိုလ်ထံကနေ ပညာသင်ယူနေသော

တပည့်တစ်ဦး ဖြစ်သည်။

သို့သော်လည်း တရားဝင်တပည့် မဖြစ်ခင်မှာပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားခဲ့ပြီး သူ၏ဆရာသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"အကြီးအကဲ စိတ်မပူပါနဲ့.. ရှရွှယ်ကျီက အဲဒီတစ်ယောက်ရဲ့အသိအမှတ်ပြုခြင်းကို ခံရမှတော့ သာမန် လူတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ကျွန်တော် သိရသလောက်တော့ ဒီကောင်လေးရဲ့ ရှေ့ဖြစ်ဟော တွက်ချက်မှုက အတော်လေး မြင့်မားတဲ့အဆင့်ကို ရောက်နေခဲ့ပြီ"

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"ရှမိသားစုက နှစ်၂၀ အတွင်းမှာ သာမန် မိသားစုငယ်လေးအဖြစ်ကနေ ကျင့်ယွင်မြို့ရဲ့ ကြယ်တစ်ပွင့်အဆင့် ထိပ်တန်းမိသားစု ဖြစ်လာနိုင်တာက ရှရွှယ်ကျီကြောင့်ပဲ"

"ဒီလိုဆိုရင် ငါတို့ ရှမိသားစုဆီ သွားပြီး ရှရွှယ်ကျီကို ကျန်းချန်ရဲ့ တည်နေရာ တွက်ချက်ခိုင်းကြတာပေါ့"

နောက်ထပ် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးက အလျင်အမြန် ပြောလိုက်သည်။

သတ္တမအဆင့်သားရဲ ဖြစ်သည့် နတ်လူဝံ၏နယ်မြေသည် ကျင့်ယွင်တောင်တန်းတွင် တားမြစ်နယ်မြေ တစ်ခု ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဝင်ရောက်သွားလျှင်ပင် ပြန်ထွက်ရန် ခက်ခဲ၏။

ထို့ကြောင့် နတ်လူဝံနယ်မြေထဲကို သွားသည်ထက် ရှမိသားစုကိုသွား၍ ရှရွှယ်ကျီကို တွက်ချက်ခိုင်းသည်က ပို၍ ဘေးကင်းသည် မဟုတ်ပါလော။

"ငါတို့တွေ အလုပ်ရှုပ်စရာ မလိုတော့ဘူး.. ရှမိသားစုက လူတွေ ရောက်လာခဲ့ပြီ"

ယွင်ဖိုရှန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သူ၏ အနောက်မှလမ်းကို လှမ်းကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

သိပ်မကြာခင်မှာပင် ရှမိသားစုခေါင်းဆောင် ရှချန်ယွင်သည် ရှမိသားစုမှ ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ သူတို့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

သူ၏ ရှေ့တွင် ယွင်ဖိုရှန်တို့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦး ရပ်နေသည်ကို မြင်လျှင် ရှချန်ယွင်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

"ရှချန်ယွင်.. အကြီးအကဲထျန်းရွှယ်က ချိုးယင်ကို သတ်ပြီး ကျန်းချန်ကို ခေါ်သွားခဲ့ပြီ..မင်းတို့ ရှမိသားစုမှာ ရှရွှယ်ကျီလို့ခေါ်တဲ့ ရှေ့ဖြစ်ဟော ဆရာတစ်‌ယောက်က တွက်ချက်ရာမှာ အတော်လေး ကျွမ်းကျင်တယ်လို့ ငါကြားမိတယ်.. သူတို့ နှစ်ယောက်ရဲ့ တည်နေရာကို တွက်ချက်ပေးနိုင်မလား.. ဒီကိစ္စကိုဆောင်ရွက်ပေးနိုင်ရင် မင်းတို့ ရှမိသားစုကို ငါကောင်းကောင်းကြီး ထောက်ပံ့ပေးမယ်.."

ယွင်ဖိုရှန်က သူ့ဆီသို့ ရောက်လာသည့် ရှချန်ယွင်တို့ အဖွဲ့ကို လှမ်းကြည့်ကာ အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

[အကြီးအကဲ ထျန်းရွှယ်က ကျန်းချန်ကို လျှို့ဝှက် ကာကွယ်နေပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ အကြီးအကဲချိုးယင်ကိုတောင် သတ်ဖြတ်ခဲ့တယ်လား]

ရှချန်ယွင်က စိတ်နှလုံး တုန်လှုပ်သွားခဲ့သည်။

သူက မျက်လုံးကို ဝေ့ကြည့်လိုက်ရာ ချိုးယင်၏ အလောင်းကိုအောက်ဘက်ရှိ မြေပြင်ပေါ်၌ တွေ့လိုက်ရသည်။

ချိုးယင်၏ ကြေကွဲဖွယ်အဆုံးသတ်ကို မြင်လျှင် ရှချန်ယွင်သည် သူ့ကိုယ်သူ ကျေးဇူးတင်မိခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့၏ အရှိန်အဟုန်သည် ချိုးယင်ထက်များစွာ‌ နှေးနေခဲ့၏။

သို့မဟုတ်လျှင် သူတို့သည်လည်း အကြီးအကဲ ထျန်းရွှယ်၏ လက်ထဲတွင် မြှုပ်နှံခံရမည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။

"အကြီးအကဲယွင်.. ခဏလောက်စောင့်ပါ.. ကျွန်တော်သူတို့ရဲ့နေရာကို တွက်ချက်ခိုင်းလိုက်ပါ့မယ်.."

ရှချန်ယွင်က ယွင်ဖိုရှန်ကို လျင်မြန်စွာ ပြောလိုက်သည်။

သူ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာခဲ့၏။

ကျန်းချန်က ကံကြမ္မာပိုင်ရှင် ဖြစ်နေ၍ ရှရွှယ်ကျီသည် တွက်ချက်၍မရ ဖြစ်နေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် အကြီးအကဲ ထျန်းရွှယ်နှင့်အတူ ရှိနေသောကြောင့် အကြီးအကဲ ထျန်းရွှယ်၏ တည်နေရာကို တွက်ချက်နိုင်သ၍ ကျန်းချန်ကိုလည်း တစ်ခါတည်း ရှာတွေ့နိုင်မည် မဟုတ်ပါလော။

ဤကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်လျှင် ယွင်ဖိုရှန်၏ အထောက်အပံ့ကို သူတို့ ရှမိသားစုက ရရှိလိမ့်မည် ဖြစ်သည်။

ထို့နောက်တွင် ရှချန်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ လေထဲတွင် တင်ပျဥ်ခွေ ထိုင်လိုက်ကာ ရှရွှယ်ကျီကို လျှို့ဝှက်နည်းစနစ်ဖြင့် ဆက်သွယ်လိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရှချန်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ယွင်ဖိုရှန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အကြီးအကဲယွင်.. ကျန်းချန်တို့ ပုန်းအောင်းနေတဲ့နေရာကို ရှာတွေ့ပြီ"

အခန်း(၈၅၀)ပြီး၏။

အခန်း(၈၅၁)

ရှရွှယ်ကျီက ကျန်းချန်တို့၏ တည်နေရာကို ဤမျှလောက်မြန်မြန်ဆန်ဆန် တွက်ချက်နိုင်သည်ကို မြင်လျှင် ယွင်ဖိုရှန်၏ အိုမင်းသော မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့သည်။

သူက ရှချန်ယွင်ကို လှမ်းကြည့်ကာ မေးလိုက်၏။

"သူတို့ ဘယ်မှာလဲ"

"ဒီကနေ မိုင်ထောင်ချီ ဝေးတဲ့ ကျောက်တောင်တစ်ခုပေါ်မှာပါ"

ရှချန်ယွင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"အကြီးအကဲယွင် ဆန္ဒရှိသရွေ့ ကျွန်တော် ခေါ်သွားပေးနိုင်ပါတယ်"

"ရတယ်.. ထျန်းရွှယ်က မီးစာကုန် ဆီခန်းနေတဲ့သူ မဟုတ်ဘူး.. မင်းတို့အတွက် အန္တရာယ်များနိုင်တယ်"

ယွင်ဖိုရှန်က လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။

မကြာခင်မှာပင် သူက သူ့ အနောက်ရှိ နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

"အံ့ဖွယ်တိမ်တိုက် စစ်သည်တော် ဆယ့်ရှစ်ယောက်ကို ချက်ချင်း ဆင့်ခေါ်လိုက်"

"အကြီးအကဲ.. အံ့ဖွယ်တိမ်တိုက် စစ်သည်တော်တွေကို ဆင့်ခေါ်မယ်ဆိုရင် အနည်းဆုံး တစ်နာရီ နှစ်နာရီလောက် ကြာလိမ့်မယ်.. အချိန်အရမ်းကြီး ကြာသွားရင် သူတို့ အဲဒီနေရာမှာ မရှိတော့မှာ စိုးရိမ်ရတယ်"

နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"စိတ်မပူနဲ့.. ထျန်းရွှယ်က အဲဒီနေရာကနေ တခဏလေးနဲ့ ထွက်သွားမှာ မဟုတ်ဘူး"

ယွင်ဖိုရှန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

အကြီးအကဲ ထျန်းရွှယ်၏ အကြောင်းကို သူက မည်သူ့ထက်မဆို ပိုသိသည်။

ဤအဘိုးအိုသည် အင်အားကြီးရုံတင်မကဘဲ အစီအရင်ပညာရပ်တွင် မှန်းဆ၍ မရနိုင်သည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်။

အကြီးအကဲ ထျန်းရွယ် အနေဖြင့် လက်ရှိအချိန်တွင် ကျန်းချန်ကို ကာကွယ်ချင်လျှင် အကောင်းဆုံးနည်းလမ်းမှာ ကျင့်ယွင်တောင်တန်းကနေ ကျန်းချန်ကို ပြင်ပသို့ ပို့ဆောင်ရန် အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ရန်​ ဖြစ်၏။

ထိုသို့ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်ရန် အကြီးအကဲထျန်းရွှယ်က အချိန်များစွာ လိုအပ်သည် ဖြစ်ရာ သူ့အနေဖြင့် အံ့ဖွယ်တိမ်တိုက် စစ်သည်တော် ၁၈ယောက်ကို ဆင့်ခေါ်ရန် အချိန်လုံလောက်မှု ရှိပေသည်။

သူက အံ့ဖွယ်တိမ်တိုက် စစ်သည်တော် ဆယ့်ရှစ်ယောက်ကို ဆင့်ခေါ်ရသည့် အကြောင်းရင်းမှာ မမျှော်လင့်သော ဖြစ်ရပ်များကို ကြိုတင် ကာကွယ်ရန် အာကာပြင်ပိတ်ဆို့ အစီအရင်ကို တည်ဆောက်ဖို့အတွက် ဖြစ်၏။

ထိုအစီအရင်က အာကာပြင်ကို ပိတ်ဆို့နိုင်သော အင်အားရှိပြီး အကြီးအကဲ ထျန်းရွှယ်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်ပြီးလျှင်ပင် ကျင့်ယွင်တောင်တန်းကနေ ဘယ်လိုမှ ထွက်သွား၍ရမည် မဟုတ်တော့ပေ။

ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်နှင့် အကြီးအကဲ ထျန်းရွှယ်ကို လွယ်လွယ် ထွက်ပြေး၍ မရစေရန် လုပ်ဆောင်ရပေမည်။

...............

တစ်ချိန်တည်းမှာပင် ယွင်ဖိုရှန်တို့နှင့် မိုင်ထောင်ချီ ဝေးသည့် ကျောက်တောင်တစ်ခုပေါ်တွင် အကြီးအကဲ ထျန်းရွှယ်သည် ကျန်းချန်နှင့်အတူ ရှိနေခဲ့သည်။

သူက သူတို့ရှိနေသည့်နေရာကို လွယ်လွယ် ရှာမတွေ့စေရန် အစီအရင်ဖြင့်ပါ လွှမ်းခြုံထားခဲ့၏။

"ကောင်လေး.. ဒီနေရာက ခဏလောက်တော့ လုံခြုံတယ်"

"ဒီအဘိုးအို မင်းကို မေးချင်တဲ့ မေးခွန်းအနည်းငယ် ရှိတယ်.. မင်း ငါ့မေးခွန်းတွေကို ဖြေပြီးရင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်ပြီး ကျင့်ယွင်တောင်ကနေ မင်းကို ထွက်သွားနိုင်အောင် ကူညီပေးမယ်"

အကြီးအကဲ ထျန်းရွှယ်က ကျန်းချန်ကို တိုက်ရိုက် ပြောလိုက်တယ်။

ကျန်းချန် အလျင်အမြန် ပြောလိုက်၏။

"အကြီးအကဲ ထျန်းရွှယ် သိချင်တာသာ မေးပါ.. ကျွန်တော် မခြွင်းမချန် အကုန်ဖြေပါ့မယ်"

အကြီးအကဲထျန်းရွှယ်က ကျန်းချန်ကို စိုက်ကြည့်၍ မေးလိုက်သည်။

"တိမ်တိုက်ဝါးမျို နည်းစနစ်ကို မင်း ဘယ်ကနေ တတ်မြောက်လာတာလဲ"

အကြီးအကဲ ထျန်းရွှယ်၏ မေးခွန်းကိုကြားလျှင် ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။

"အကြီးအကဲက တိမ်တိုက်ဝါးမျို နည်းစနစ်ကို စိတ်ဝင်စားတယ်လို့ ကျွန်တော်မထင်ဘူး.. ဘာလို့ ဒီအကြောင်းကို မေးနေတာလဲ သိလို့ရမလား"

"မင်းက ရှားပါးတဲ့ သိုင်းပါရမီရှင် ဖြစ်တဲ့အတွက် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ခွင့်ပြုချက်မရှိဘဲ လျှို့ဝှက်စွာ သင်ယူခဲ့ရင်တောင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းထဲ ဝင်ဖို့ဆန္ဒရှိနေသ၍ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မင်းကို ဘယ်လို ပြဿနာမှ မရှာတော့မဲ့အပြင် အကောင်းဆုံး အရင်းအမြစ်တွေနဲ့ပါ လေ့ကျင့်ပေးလိမ့်မယ်"

"မင်းကို အံဖွယ်တိမ်တိုက်ဂိုဏ်းက တိမ်တိမ်ဝါးမျို နည်းစနစ်အတွက် ဒီလောက်ထိ အပင်ပန်းခံပြီး လိုက်ဖမ်းမယ်လို့ မင်း တကယ်ပဲ ထင်နေလား"

"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက လွဲရင် ဒီကမ္ဘာမှာ တိမ်တိုက်ဝါးမျို ​နည်းစနစ်ကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်က ဂိုဏ်းချုပ်ဟောင်း ယွင်ကျင့်ထျန်းပဲ.. သူတို့တွေ မင်းကို လိုက်ဖမ်းရတဲ့ အကြောင်းရင်းက မင်းပါးစပ်ကနေ ဂိုဏ်းချုပ်ရဲ့ သဲလွန်စကို သိချင်လို့ပဲ"

အကြီးအကဲ ထျန်းရွှယ်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။

သူ၏ အိုမင်းသော မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

"ဂိုဏ်းချုပ် လွန်ခဲ့တဲ့ နှစ် ၂၀ က အကြောင်းမဲ့ ပျောက်သွားကတည်းက အဲဒီနှစ်တွေမှာ ဂိုဏ်းချုပ်ရဲ့ သဲလွန်စကို ငါ လိုက်ရှာခဲ့တယ်.. အခု နောက်ဆုံးတော့ သတင်းရခဲ့ပြီ"

"ကောင်လေး.. မင်းရဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်ကို ဂိုဏ်းချုပ် သင်ပေးခဲ့တာ ဖြစ်ရမယ်... သူ ဘယ်မှာလဲ ငါ့ကို ပြောပြစမ်းပါ"

အခန်း(၈၅၁) ပြီး၏

အခန်း(၈၅၂)

အကြီးအကဲ ထျန်းရွှယ်၏ စကားများသည် ကျန်းချန်၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

တိမ်တိုက်ဝါးမျို နည်းစနစ်သည် အမှန်တကယ်ပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ယွင်ကျင့်ထျန်းနှင့် ဆက်စပ်နေခဲ့၏။

နောက်ဆုံးတွင် ကျန်းချန်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက တိမ်တိုက်ဝါးမျို နည်းစနစ်ကို သူထင်ထားသည်ထက် ပို၍ အာရုံစိုက်နေရသည့် အကြောင်းရင်းအား နားလည်သွားခဲ့သည်။

လွန်ခဲ့တဲ့ နှစ်၂၀က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း သူ နားမလည်သော်လည်း လက်ရှိတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၌ ဂိုဏ်းချုပ်တစ်ယောက် ရှိနေပြီ ဖြစ်၏။

သို့ဖြစ်ရာ ယွင်ကျင့်ထျန်း၏ တည်ရှိမှုသည် သူ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမည်မှာ သေချာသည် မဟုတ်ပါလား။

လက်ရှိ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ ရာထူးကို မည်ကဲ့သို့ ခြိမ်းခြောက်ခံနိုင်ပါအံ့နည်း။

"အကြီးအကဲထျန်းရွှယ် ပြောတဲ့ ဂိုဏ်းချုပ် ယွင်ကျင်ထျန်းကို ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး.. ဒီတိမ်တိုက်ဝါးမျို နည်းစနစ်ကို ယွင်ကျိရန်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ပေးခဲ့တာပါ"

ကျန်းချန်က ဤတစ်ကြိမ်တွင် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

ကျန်းချန်သည် ပုံမှန်အားဖြင့် ယွင်ကျိရန်ကို လုံးဝမဖော်ထုတ်ချင်ပေ။

သို့သော် သူ့ရှေ့မှ အကြီးအကဲ ထျန်းရွှယ်သည် ယွင်ကျင့်ထျန်း ပျောက်ကွယ်သွားကတည်းကပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို ပြတ်သားစွာ စွန့်ခွာခဲ့သူ ဖြစ်သည်။

သူက နှစ်၂၀လုံး ယွင်ကျင့်ထျန်း၏ ခြေရာကို လိုက်ရှာနေဆဲဖြစ်ရာ ယွင်ကျင့်ထျန်း အပေါ်တွင် အလွန်သစ္စာရှိသည့် လူတစ်ယောက်မှန်း သိသာနေသည် မဟုတ်ပါလား။

"ယွင်ကျိရန် ဟုတ်လား"

အကြီးအကဲ ထျန်းရွှယ်က အနည်းငယ် အံ့အားသင့်သွားပြီးမှ ချက်ချင်းဆိုသလို တစ်စုံတစ်ရာကို တွေးမိကာ သူ၏ အိုမင်းသော မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"မင်းက ဂိုဏ်းချုပ်ရဲ့ သမီးနဲ့ တွေ့ခဲ့တာပဲ.. လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မွေးတဲ့ ဂိုဏ်းချုပ်ရဲ့ သမီးနာမည်က ယွင်ကျိရန် ဆိုတာ ငါ မှတ်မိတယ်.. သူတို့ ဘယ်မှာလဲ ငါ့ကို ပြောပြပါ"

[ယွင်ကျိရန်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ် ယွင်ကျင့်ထျန်းရဲ့ သမီး ဖြစ်နေတာလား"

ကျန်းချန် အံ့အားသင့်သွားခဲ့၏။

သူက စန်းဟိုင်ကျွန်းတွင် ရှိနေစဥ်ကတည်းကပင် ယွင်ကျိရန်က ထူးခြားသော ကိုယ်ပိုင် အထောက်အထား ရှိမှန်း သိခဲ့သည်။

ထို့အပြင် တိမ်တိုက်ဝါးမျို နည်းစနစ်ကြောင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် ပြဿနာ တက်ပြီးသည့်နောက်တွင် ယွင်ကျိရန်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် တစ်နည်းနည်း ပတ်သက်နေနိုင်သည်ဟု သူကြိုတင်မှန်းဆပြီးသား ဖြစ်၏။

သို့သော်လည်း ယွင်ကျိရန်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ကျင့်ထျန်း၏ သမီးဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော် မတော်တဆ ကျုံကျိုးကုန်း​မြေရဲ့ မြောက်ပိုင်းမှာရှိတဲ့ ပြင်ပဒေသကို ရောက်ရှိသွားခဲ့တယ်.. အဲဒီနေရာက ကြယ်နှစ်ပွင့် အင်အားစုဖြစ်တဲ့ စန်းလန်အဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအောက်က စန်းဟိုင်ကျွန်းမှာ ယွင်ကျိရန်နဲ့ တွေ့ခဲ့တယ်"

"အဲဒီအချိန်တုန်းက ကျိရန်က သတ္တမအဆင့်၊ အဆင့်မြင့် စိတ်ဝိညာဥ်ကောင်းကင် ဆေးလုံး သန့်စင်နည်းကို ရှာဖွေနေခဲ့တယ်.. ကံကောင်းထောက်မစွာနဲ့ ကျွန်တော်က ဆေးသန့်စင်နည်းကို ပြောပြပေးခဲ့လို့ သူမက တိမ်တိုက်ဝါးမျို နည်းစနစ် ပေးခဲ့တာပါ"

"အကြီးအကဲ ပြောပုံအရဆိုရင် ယွင်ကျိရန် စိတ်ဝိညာဥ် ကောင်းကင်ဆေးလုံးနဲ့ ကယ်တင်ချင်တဲ့သူက ဂိုဏ်းချုပ်ဟောင်း ယွင်ကျင့်ထျန်း ဖြစ်မယ်ထင်တယ်"

ကျန်းချန်က သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်က ကျုံကျိုးကုန်းမြေကို စွန့်ခွာပြီး ပြင်ပဒေသဆီ သွားခဲ့တာကိုး... နှစ်၂၀ အတွင်း ဘာသတင်းမှ မကြားရတာ အံ့သြစရာ မဟုတ်တော့ဘူး"

အကြီးအကဲထျန်းရွှယ်က တီးတိုး ညည်းညူလိုက်သည်။

မကြာခင်မှာပင် သူက ကျေးဇူးတင်သောအမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်၏။

"ကောင်လေး.. ကျေးဇူးအများကြီး တင်ပါတယ်"

ကျန်းချန် အလျင်အမြန် ပြန်ပြောလိုက်သည်။

"မဟုတ်တာ.. ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ"

ဤတစ်ကြိမ်တွင် အကြီးအကဲ ထျန်းရွှယ်သာ ရောက်မလာခဲ့လျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လက်ထဲ ရောက်သွားလောက်ပြီ ဖြစ်သည်။

"ကောင်လေး.. အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မကြာခင် ဒီကို ရောက်လာတော့မယ်.. ငါတို့ အချိန်မရှိတော့ဘူး"

"ဒီကိုမလာခင်မှာ လုံထျန်းဝူကို ငါမေးခဲ့သေးတယ်.. မင်းရဲ့ ရည်ရွယ်ချက်က ယန်ဒီမြို့ကို သွားဖို့လို့ သူ ငါ့ကို ပြောပြခဲ့တယ်"

"ငါ အခု တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီး မင်းကို ယန်ဒီမြို့ရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိတဲ့ နယ်မြေဆီ ပို့ပေးမယ်"

စကားဆုံးသည်နှင့် အကြီးအကဲ ထျန်းရွှယ်က ချက်ချင်းဆိုသလို သိုလှောင်လက်စွပ်ကနေ အစီအရင်ပစ္စည်း အများအပြားကို ထုတ်ယူကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စတင် တည်ဆောက်လိုက်သည်။

အကြီးအကဲထျန်းရွှယ် အစီအရင် တည်ဆောက်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဤ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အောင်မြင်စွာ တည်ဆောက်ပြီးသည်နှင့် သူက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုကနေ ချောချောမွေ့မွေ့ လွတ်မြောက်နိုင်ရုံတင်မကဘဲ ယန်ဒီမြို့၏ အုပ်ချုပ်ရေးအောက်ရှိ နယ်မြေသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပါလား။

အခန်း(၈၅၂) ပြီး၏

All Chapters