← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

မျက်စိတစ်မှတ်အချိန်အတွင်း ရာသီဥတုသည် အေးမြပြီး လန်းဆန်းသော ဆောင်းဦးသို့ ရောက်ရှိလာလေသည်။

ရှောင်စစ်ကျင်းလေးသည် လက်ဆောင်အသစ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ လှပသော ဖိနပ်အသစ်တစ်ရံဖြစ်သည်။ အခါအားလျော်စွာ အဒေါ်ကျောက်သည် သူလေး ကြမ်းပြင်ပေါ်တွင် ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်သွားရန် လက်မောင်းလေးနှစ်ဖက်ကို ကိုင်ထားပေးသည်။

တင်းရှသည် ဆားဘဲဥအနှစ်အချို့ကို ဆောင်းဦးအလယ်ပွဲတော်အတွက် လမုန့်များလုပ်ရန် ဝယ်လာလေသည်။

သူမသည် လမုန့်ထဲသို့ ကြာစေ့အနှစ်၊ ဆားဘဲဥအနှစ်နှင့် အသားအနှစ်များကို ဌာပနာထည့်ရန် စဉ်းစားထားသည်။

ရေခဲလမုန့်အတွက်ကတော့ သူမသည် ထိုမုန့်များကို အွန်လိုင်းပေါ်ကနေ ဘူးလိုက်မှာရန် ရည်ရွယ်ထားသည်။ သူမသည် ရေခဲလမုန့်များကို စားဖို့ရာအတွက် အဲ့ဒီလောက်ဂရုမစိုက်နိုင်သည့်အပြင် ထိုမုန့်ကောင်းကောင်းရရှိရန် ပြုလုပ်ရာတွင် ယုံကြည်ချက်မရှိသည့်အတွက် ဖြစ်သည်။

မကြာသေးမီကပင် ရှောင်ကျွင်းသည် စကိတ်ဘုတ်စီးခြင်းကို တမ်းတမ်းစွဲ ဖြစ်လာခဲ့သည်။ နေ့ရက်တိုင်း သူသည် ဘောင်းဘီအပွကြီးကို ဝတ်ကာ သူ့စကိတ်ကြီးကို ယူသွားပြီး ပန်းခြံထဲရှိ လမ်းလေးတွင် သူ့စကိတ်စီးဘောဒါများဖြင့် စကိတ်သွားစီးနေသည်။

ဝမ်ဝမ်းဟောင်သည် မီနူးကို ဆိုင်တွင် ချိတ်ဆွဲရန်အတွက် အလုပ်တစ်ဝက်ပြီးနေပြီဖြစ်သည်။ ရှောင်ကျွင်းသည် သူနဲ့တင်းရှတို့ မီးဖိုချောင်ထဲတွင် ဟိုပြေးသည်ပြေးဖြစ်မနေစေရန်အတွက် စားဖိုမှူးနောက်တစ်ယောက် ခန့်ထားရန် စဉ်းစားလိုက်သည်။

နေပူထဲသွားပြီး အသားများနည်းနည်းမည်းလာသောအခါ ရှောင်ကျွင်းသည် ပြန်လာခဲ့ပြီး ရှောင်စစ်ကျင်းလေးနှင့် ကစားပေးကာ အချိန်များမကုန်ဆုံးမီ အရင်ဆုံးရေဝင်ချိုးလိုက်သည်။

သားအဖနှစ်ယောက် ခဏကစားပြီးသောအခါ ရှောင်ကျွင်းသည် တင်းရှကို ကူဖို့ရန်အတွက် ထွက်လာခဲ့သည်။

“ပျော်လို့ဝရဲ့လား” တင်းရှက မေးလိုက်သည်။

ရှောင်ကျွင်းသည် သူမအမူအရာကို ကြည့်လိုက်ပြီး သူမစိတ်ဆိုးနေသလား မပြောနိုင်ဖြစ်နေသည်။

“ရှရှ...” ရှောင်ကျွင်းသည် ပြုံးစိစိလုပ်နေကာ သူမခါးလေးကို ဖက်လိုက်သည်။

တင်းရှသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “အသားမည်းကောင် ကျွန်မနဲ့ဝေးဝေးနေ”

သို့သော် ရှောင်ကျွင်းသည် သူမကို ပို၍တင်းကြပ်စွာ ဖက်ထားသည်။

တင်းရှသည် မတတ်နိုင်ပဲ ပြောလိုက်သည်။ “ကျွန်မက ရှင့်ကိုမသွားစေချင်လို့ မဟုတ်ဘူး၊ အနည်းဆုံးတော့ နေလောင်ကာခရင်တော့ လိမ်းသွားပေါ့၊ အခုတော့ ရှင်နေလောင်လာပြီး အသားရေတွေကွာကျသွားမှာကို မသိလိုက်ဘူးမလား”

ရှောင်ကျွင်းသည် နှာခေါင်းကို ရှုံ့လိုက်ပြီး “မလိမ်းချင်ပါဘူး အဲ့ဒါက ချွဲကျိကျိကြီး”

တင်းရှသည် မျက်လုံးကို လှန်ကြည့်လိုက်သည်။ “ရှင်စိတ်ထင်လို့ပါ၊ မနက်ဖြန် အပြင်ထပ်သွားလို့ မလိမ်းဘူးဆိုရင် အိမ်ပြန်မလာနဲ့တော့”

“အိုကေ အိုကေ ကိုယ်လိမ်းပါ့မယ် ဟုတ်ပြီလား” ရှောင်ကျွင်းသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိမ့်လိုက်သည်။

သို့သော် နောက်တစ်နေ့တွင် တင်းရှသည် နေလောင်ကာခရင်ပုလင်းကို သွားစစ်ကြည့်ရာ နဂိုမူလအတိုင်း လက်ရာခြေရာမပျက် ရှိနေလေသည်။

ရှောင်ကျွင်း အိမ်ပြန်လာသောအခါ တင်းရှက သူ့ကို လုံးလုံး လျစ်လျူရှူထားမှန်း သိလိုက်ရသည်။ ထိုသို့သာမက သူမရှိတော့သလို သရုပ်ဆောင်ပြနေသည်။

ရှောင်ကျွင်းသည် အခြေအနေ မဟန်တော့မှန်း သိလိုက်သည်။

သူသည် တင်းရှနောက် အတင်းလိုက်ကာ ဟာသတွေပြောနေခဲ့ပြီး သူမကိုရယ်အောင်လုပ်နေသော်လည်း ခါတိုင်းလို ထိုဟာသများကို ရယ်မောတတ်နေသော တင်းရှသည် တုပ်တုပ်မျှ မလှုပ်တော့ပေ။

သူသည် တင်းရှကို စကားပြောဖို့ ကြိုးစားနေသော်လည်း တင်းရှသည် သူနဲ့အကြည့်ချင်းမဆုံရန် ရှောင်နေသည်။

ထိုအဖြစ်အပျက်ကို ချောင်းမြောင်းကြည့်နေသော တုရိုရိုသည် မီးဖိုချောင်သို့ ပြေးသွားကာ ဝမ်ဝမ်းဟောင်ကို ဖောက်သည်ချပါလေတော့သည်။ “အစ်မတင်းရှနဲ့ အစ်ကိုရှောင်တို့ ရန်ဖြစ်နေကြတယ်!”

“ရန်ဖြစ်တယ်?” ဝမ်ဝမ်းဟောင်သည် နားစွင့်လိုက်ပြီး “ငါဖြင့်ဘာအော်ဟောက်သံမှ မကြားမိပါဘူး”

“သူတို့က စကားမပြောပဲ အသံတိတ်နည်းနဲ့ ရန်ဖြစ်နေကြတာ၊ အစ်မရှက အစ်ကိုရှောင်ကို လုံးဝ လျစ်လျူရှုနေတာလေ” တုရိုရိုက ပြောခဲ့သည်။

သူတို့တွေ ထိုအကြောင်းပြောပြီးသည်နှင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှောင်ကျွင်းတစ်ယောက် မီးဖိုချောင်ထဲသို့ ဝင်လာသည်ကို တွေ့နေရသည်။

အလိုက်ကမ်းဆိုးမသိသော ဝမ်ဝမ်းဟောင်သည် ထိုသို့ ဒဲ့မေးလိုက်သည်။ “ဆရာ၊ ဆရာကတော်က ဆရာ့ကို စကားမပြောဘူးလား”

ရှောင်ကျွင်းသည် သုန်မှုန်မှုန်နှင့် ဟုတ်သည့်အကြောင်းကို ပွစိပွစိပြောနေလေသည်။

“ဘယ်လိုဖြစ်လို့လဲ” ဝမ်ဝမ်းဟောင်သည် အတော်သိချင်သွားသည်။ ထိုသို့မေးလိုက်ရခြင်းမှာ တင်းရှသည် လူအများအပေါ် စိတ်ရှည်ကာ အမြဲအပြုံးလေးနှင့် နေတတ်သောကြောင့်ဖြစ်သည်။

ရှောင်ကျွင်းသည် ဖြစ်ကြောင်းကုန်စင်ကို အတိုချုပ် ရှင်းပြလိုက်သည်။ ဝမ်ဝမ်းဟောင်က ပြောလိုက်သည်။ “အဲ့ဒါကြောင့်ပဲလား”

“ဟင်” ရှောင်ကျွင်းက ပွစိပွစိထပ်ပြောလိုက်သည်။

“ဆရာ အဲ့ဒါတော့ ဆရာမှားသွားပြီလေ၊ ဆရာကတော်က ဆရာ့ကို အရမ်းဂရုစိုက်တာလေ အဲ့ဒါကို နေလောင်ခံပြီး ဆရာကတော်ပြောတာကို အလေးမထားသလို လုပ်ပြလိုက်တာကိုး၊ အဲတော့ စိတ်မဆိုးပဲနေမလား၊ ဆရာကတော့်နေရာမှာ ဘယ်သူမဆို စိတ်ဆိုးနေလောက်ပြီ”

ဝမ်ဝမ်းဟောင်က ပြောလိုက်သေးသည် “စဉ်းစားကြည့်ဦး ဆရာရယ်၊ ဆရာကတော်သာ နေ့တိုင်း မိုးရွာကြီးထဲ ထီးမပါ လျှောက်သွားနေမယ် အဲ့တော့ ဆရာက ဘာလို့ ထီးမဆောင်းလဲ မေးတဲ့အခါ ဆရာကတော်က ထီးဆောင်းရမှာ ပျင်းလို့ဆိုပြီး ပြန်ပြောမယ်၊ အချိန်တိုင်း ဒီလိုအအေးမိခံပြီး ထီးဆောင်းဖို့ ငြင်းနေမယ်ဆိုရင် အဲ့ခါကျ ဆရာရော စိတ်မဆိုးပဲ မနေဘူးလား”

ရှောင်ကျွင်းသည် အစက ထိုအရာကို ကြီးကြီးမားမားအရာမဟုတ်ဟု ထင်ထားရခြင်းအကြောင်းမှာ နေလောင်ကာခရင်လေး ဖြစ်သောကြောင့်သာ ဖြစ်သည်။

သို့သော် ထိုဖြစ်စဉ်ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရှင်းပြလိုက်သော ဝမ်ဝမ်းဟောင်၏ ဖြေရှင်းချက်ကြောင့် သူသည် တင်းရှမှာ ဘာကြောင့် စိတ်ဆိုးသွားမှန်း ချက်ချင်းပင် နားလည်သွားလေသည်။

ရှောင်ကျွင်းသည် ဝမ်ဝမ်းဟောင်ကို ပုတ်ပေးလိုက်ပြီး “လကုန်ရင် ဘောနပ်ပေးမယ်ကွာ”

ထိုသို့ပြောပြီးနောက် အမြန်ပြန်ထွက်သွားသည်။

ဆယ်မိနစ်လောက်ကြာသောအခါ တင်းရှက ဝင်လာသည်။ “မင်းဆရာရော ဘယ်သွားလဲ”

သူမသည် ရှောင်ကျွင်းကို ဘယ်နေရာမှ မတွေ့သဖြင့် အပြင်ပြန်ထွက်သွားသည်ဟု ထင်နေသည်။

“ဘယ်သွားမှန်း မသိလိုက်ဘူး” ဝမ်ဝမ်းဟောင်က ပြောခဲ့သည်။

တင်းရှသည် ဒေါသထွက်ပြီး ပြန်ထွက်သွားခဲ့သည်။

ဝမ်ဝမ်းဟောင်သည် ရှောင်ကျွင်းကို အမြန် မက်ဆေ့ဂျ်ပို့ခဲ့သည်။ “ဆရာ!!ဆရာကတော်က ဆရာ့ကို လိုက်ရှာနေတယ်!!အမြန်ပြန်လာခဲ့!!”

“ဘယ်ကို သွားနေတာလဲ”

“ဆရာ??!!”

သို့သော် ရှောင်ကျွင်းသည် မက်ဆေ့ဂျ်ပြန်မပို့ခဲ့ချေ။

တင်းရှသည် ပြင်ဆင်ထားသော လမုန့်အရောများကို အိုဗန်ထဲသို့ ထည့်လိုက်သည်။ သူမသည် အလွှာလိုက်ဖြစ်နေသော အပေါ်ယံမုန့်အကာသားများအကြား အနီရောင်နှင့် အစိမ်းရောင် ကြိုးများ ရစ်ပတ်ထားသော ရိုးရာလမုန့်စစ်စစ်ကို လုပ်ချင်နေသည်။

အိုဗန်ထဲတွင် ဖုတ်နေသော လမုန့်များကို ကြည့်ရင်း တင်းရှသည် စဉ်းစားလျှင် စဉ်းစားသလောက် ပို၍ စိတ်ဆိုးလာခဲ့သည်။

တုရိုရိုသည် ပါဝင်ပစ္စည်းများကို ရိုက်ကူးရင်း သူမအနောက် ကပ်လိုက်လာသည်။ ရုတ်တရက် ဖြူဖွေးသော လက်တစ်စုံသည် စားပွဲပေါ် ရိုက်ချလိုက်သည်ကို ကင်မရာတွင် ပေါ်လာခဲ့သည်။

“အစ်မ?” တုရိုရိုသည် လန့်သွားခဲ့သည်။

တင်းရှသည် အသိစိတ်ပြန်ဝင်လာသည်။ “အိုး ဆောရီး မင်းလန့်သွားလား”

သူမသည် တင်းရှထက် အသက်ကြီးသည်ကို သိသော်လည်း တုရိုရိုသည် တင်းရှကို “အစ်မ” ဟုခေါ်သည်မှာ အကျင့်ဖြစ်နေသည်။ တုရိုရို၏ ဦးလေးငယ်သည် အလုပ်တွင် သူ့ခေါင်းဆောင်များကို “အစ်မ” ဟုခေါ်လေ့ရှိသည်ကို အတုယူလိုက်သောကြောင့်ဖြစ်သည်။

တင်းရှသည် သူမလက်ဖဝါးကို ပြန်ကြည့်လိုက်ပြီး “ဘာမှမဖြစ်ပါဘူး နည်းနည်းနီသွားရုံပါပဲ”

“ဘာကို နည်းနည်းနီသွားရမှာလဲ” ရှောင်ကျွင်းသည် အိတ်တစ်လုံးကို ကိုင်ထားလျက် ဝင်လာသည်။

တင်းရှ၏အမူအရာကိုကြည့်ပြီး တုရိုရိုသည် သူမကင်မရာကို သိမ်းကာ ဝမ်ဝမ်းဟောင်ကို သွားရှာလေသည်။

ရှောင်ကျွင်းက ထိုင်ချလိုက်သည်။ “စိတ်ဆိုးနေတုန်းပဲလား ကိုယ်တောင်းပန်ပါတယ် ကိုယ့်မှားသွားပါတယ် နောက်တစ်ခါ ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူး”

ထိုသို့ပြောရင်း အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။ “ကြည့်ပါဦး ကိုယ် နေလောင်ကာပစ္စည်းတွေ အများကြီးဝယ်လာတယ်-ဦးထုပ်၊ လက်ကာ ပြီးတော့ နေလောင်ကာစပရေးတွေရောပဲ၊ အခုကစပြီး ဒီဟာတွေကို သေသေချာချာ ဝတ်ပြီးတော့မှ အပြင်ထွက်ပါ့မယ်”

တင်းရှသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ရှောင်ကျွင်းသည် ထိုအရာကို ကြည့်ပြီး သူမစိတ်ဆိုးပြေသွားမှန်း သိလိုက်သည်။ သူသည် ပြုံးစိစိနှင့် သူမခါးလေးကို ဖက်ရန် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။

တင်းရှသည် သူ့ကို စိတ်ပျက်ပျက်နှင့် အဝေးသို့ တွန်းထုတ်လိုက်သည်။ “ရှင့်လိုနံနံစော်စော်ကများ အနားကပ်မလာနဲ့ ကျွန်မနဲ့ဝေးဝေးမှာသွားနေ၊ အသားမည်းကောင်”

ရှောင်ကျွင်းသည် သူ့အနံ့ကို သူပြန်ရှူကြည့်လိုက်သည်။ “ကိုယ်က ဘယ်မှာနံလို့လဲ! ကိုယ် အိမ်ပြန်လာတုန်းက ရေချိုးထားပါတယ်!”

တင်းရှသည် သူ့ကို စိုက်ကြည့်လိုက်သည်။ “ရှင်ကိုက နံနေတာ နေရာတိုင်းပဲ! ချွေးထွက်နေတဲ့ အနံအစော်ကောင်! ပြီးတော့ အသားကလည်း မည်းသေး!”

ရှောင်ကျွင်းသည် ထိုစကားကို ပြန်လည်ချေပဖို့ စကားလုံးများ မရှိတော့ပေ။

“ကိုယ် သွားပြီး ထပ်ဆေးကြောလိုက်ဦးမယ်” သူသည် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

တင်းရှသည် တောင်လိုယာလိုပုံနေသော နေလောင်ကာပစ္စည်းများကို တစ်ခုချင်းစီ သေချာလိုက်ကြည့်နေပြီးနောက် ထိုပစ္စည်းများကို သေသေချာချာပြန်စီရီထားလိုက်သည်။

စားသောက်ဆိုင်မှ ဝန်ထမ်းများသည် တင်းရှမှာ သူဌေးကို “ကျွင်း”ဟုမခေါ်တော့ပဲ နာမည်အသစ်တစ်မျိုးဖြင့် ခေါ်နေသည်ကို ကျေနပ်နေကြောင်း သတိထားမိကြသည်။

အသားမည်းကောင်။

တင်းရှသည် ရှောင်ကျွင်းကို လူရှေ့တွင် “အသားမည်းကောင်” ဟုပထမဆုံးအကြိမ်ခေါ်လိုက်သောအခါ ရှောင်ကျွင်းလည်း ဘာမှမတတ်နိုင်ပဲ ထိုနာမည်ကို အသိအမှတ်ပြုလိုက်ရသည်။

ဝမ်ဝမ်းဟောင်သည် ထိုနာမည်ကိုကြားပြီး တံတွေးသီးလုနီးပါးဖြစ်သွားခဲ့သည်။

တုရိုရိုသည် အဝေးကနေ တစ်ခစ်ခစ်ရယ်နေလေသည်။ “အစ်မရှ၊ အစ်မက အစ်ကိုရှောင်ကို အသားမည်းကောင်လို့ ခေါ်တယ်နော်”

“ဟင်-ဟင်း” တင်းရှသည် အလိုအလျောက် သဘောတူပြလိုက်သည်။

“အသားမည်းလွန်းလို့ မီးပိတ်လိုက်ရင်တောင် သူ့ကို ရှာမတွေ့နိုင်လို့ အသားမည်းကောင်လို့ ခေါ်လိုက်တာပေါ့နော်”

ရှောင်ကျွင်းလည်း မတတ်နိုင်ပဲ ထိုအရာကို လက်ခံလိုက်ရသည်။

ဆောင်းဦးအလယ်ပွဲတော်တွင် သူတို့စားသောက်ဆိုင်သည် လာသမျှ စားသုံးသူများကို လမုန့်လက်ဆောင် ပေးကြသည်။ ထိုမုန့်များကို စားပြီးနောက် စားသုံးသူအချို့မှာ နောက်ထပ်များ တင်းရှဆီကနေ ဝယ်လို့ရနိုင်မလား မေးကြသေးသည်။

သူမသည် များများစားစား မလုပ်ထားပေ။ ဆိုင်မှာရှိသူများအတွက်နှင့် တခြားလူများကို ပေးဖို့ကမ်းဖို့ နည်းနည်းပဲ လုပ်ထားသောကြောင့် များများစားစား မကျန်ပေ။ သူမသည် ထိုမုန့်များကို မရောင်းရန် ရိုးရှင်းစွာ စိတ်ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။

သို့သော် နောက်နှစ်တွင် တင်းရှသည် ထိုမုန့်များကို နှစ်ဦးပိုင်းတွင် ပြင်ဆင်ထားကာ ရောင်းဖို့ရန်လည်း စဉ်းစားထားသည်။

အစိုးရရုံးပိတ်ရက်များအပြီး ဝန်ထမ်းများသည် အလုပ်ကို ပြန်သွားဖို့ ပျင်းရိနေကြချိန်တွင် ရှောင်ကျွင်းသည် တင်းရှဆီ လေယာဉ်ပျံလက်မှတ်နှစ်စောင် ယူလာခဲ့သည်။

“သွားရအောင် ခရီးတိုလေးထွက်ကြမယ်”

တင်းရှသည် တစ်ခဏမျှ တန့်သွားပြီး သမ်းနေတာတောင် မေ့သွားသည်။ “ဘာ?”

သူမသည် လက်မှတ်များကို ယူကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။ ထိုလက်မှတ်များမှာ ချမ်တူကို သွားဖို့လက်မှတ်များ ဖြစ်နေသည်။

“ခရီးတို? ကျွန်မတို့ သားလေးရော? ဆိုင်ရော??”

All Chapters