← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ယနေ့သည် ရှောင်စီကျင်းလေး တစ်ယောက် တရားဝင် နေထိုင်သူ ဖြစ်လာသောနေ့ဖြစ်ပြီး ရှောင်ကျွင်းသည် သူ့အတွက် ဂုဏ်ပြုပွဲလုပ်ပေးဖို့ စီစဉ်နေလေသည်။

အထင်အရှားပင် ရှောင်စီကျင်းလေးမှာ ထိုအကြောင်းကို လုံးဝမသိထားပေ။

လူအများဖြစ်ကြသော ကူးစက်ရောဂါ၏ ရိုက်ခက်မှုသည်လည်း တဖြေးဖြေး လျော့ပါးလာခဲ့ပြီး လူတိုင်းသည် အရင်တုန်းကလို ပြန်လည် သွားလာနေနိုင်ကြပြီ ဖြစ်သည်။

နွေဦးလေပြည်လေးသည် အနွေးဓါတ်ကို သယ်ဆောင်လာပြီး လမ်းများပေါ်တွင်လည်း လူများ သွားလိုက် လာလိုက်နှင့် ပြန်လည် စည်ကားလာပါသည်။

တုရိုရိုသည် ဆိုင်ဝင်ပေါက်မှ တဟုန်ထိုး ဝင်လာပြီး “အား အား အား! ကျွန်မ နောက်ကျတော့မလို့!”

ဝမ်ဝမ်းဟောင်သည် နားနေခန်းတွင် အာလူးများကို အခွံခွာနေသည်။ တုရိုရိုကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွန့်သွားသည် “မင်း စောစောလာသင့်တယ်မလား နေ့တိုင်းကို နောက်ကျနေတော့တာပဲ...”

“ကျွန်မ ဝေ့လည်ကြောင်ပတ် လုပ်မိသွားလို့ပါ...” တုရိုရိုသည် ဘာမှမတတ်နိုင်ပဲ ပြောလိုက်သည်။

“မင်းကိုယ်မင်း ဝေ့လည်ကြောင်ပတ် လုပ်နေတာတော့ သိတယ်ပေါ့၊ အဲ့ဒါတောင် မြန်မြန်လည်း မလုပ်၊ စောစောလည်း မလာ” ဝမ်ဝမ်းဟောင်က ပြောလိုက်သည်။

“ကျွန်မ သိပါတယ်၊ ကျွန်မ သိပါတယ်! နောက်တစ်ခါကျရင် သတိထားပါ့မယ်!”

“သတိထားရင်တော့ ပိုကောင်းတာပေါ့!” ဝမ်ဝမ်းဟောင်သည် သူမစကားကို မယုံ့တယုံ့ဖြင့် ပြောလိုက်သည်။

တုရိုရိုသည် လက်ကို ဆေးကြောပြီး အာလူးအခွံခွာဖို့ ထိုင်လိုက်၍ သူမအသက်ရှူသံကြားကနေ မကြားတကြားပြောလိုက်သည်။ “ဘာလို့ အာလူးတွေ ဒီလောက်အများကြီး လုပ်ရတာလဲ”

“ခွာစရာရှိ ခွာစမ်းပါ၊ ဘာလို့ လျှောက်မေးနေတာလဲ၊ ငါ ပြောပြလည်း မင်းနားလည်မှာ မဟုတ်ဘူး”

“ရှင် ကျွန်မကို တစ်နေ့တစ်နေ့ မပြောရ မဆိုရရင် နေမထိထိုင်မသာ ဖြစ်တယ်မလား” တုရိုရိုသည် မပျော်မရွှင် ဖြစ်သွားသည်။

“မဟုတ်ပါဘူး...” ဝမ်ဝမ်းဟောင်သည် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

“ဟွန့်၊ မသိရင် ကျွန်မက ရှင့်ကို အကြောင်းမရှိ အကြောင်းရှာ ပြောတာကျနေတာပဲ” တုရိုရိုသည် အာလူးကို ပစ်ချလိုက်ပြီး အိမ်နောက်ဖေးသို့ ကျောက်ချဉ်မှုန့် ယူရန် ထွက်သွားသည်။

ဝမ်ဝမ်းဟောင်သည် နောင်တရသွားသလိုမျိုး ပုံစံဖြင့် တုရိုရိုနောက်ကျောကို ကြည့်လိုက်သည်။

“မင်း သူ့ကို ကြိုက်နေရင် ဘာလို့ ဒီလို စကားလုံး ကြမ်းကြမ်းတမ်းတမ်းတွေနဲ့ ပြောနေရတာလဲ” ရှောင်ကျွင်းက တိုးတိုးလေး ပြောလိုက်သည်။

သူသည် သူတို့နှစ်ယောက်ကို အတော်ကြာ ရပ်ကြည့်နေခဲ့သည်။

“အား! လန့်လိုက်တာဗျာ!” ဝမ်ဝမ်းဟောင်သည် ထိုင်ခုံကနေ ထခုန်မတတ် လန့်သွားသည်။

ရှောင်ကျွင်းမှန်း သိလိုက်သောအခါ သူစိတ်အေးသွားသည် “ဆရာရယ်၊ ကျွန်တော် လန့်သေတော့မှာပဲ”

“ကောင်မလေးရဲ့ နှလုံးသားကို ဒီလိုပုံစံနဲ့ မင်းရနိုင်မယ် ထင်နေလား” ရှောင်ကျွင်းက ထပ်မေးလိုက်သည်။

“ကျွန်တော်.....” ဝမ်ဝမ်းဟောင်သည် သူ့ကိုယ်သူ ပြန်ထိန်းကာ ချောင်းဟန့်လိုက်ပြီး နေ့တစ်ဝက်လောက် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။

ရှောင်ကျွင်းသည် နေ့တစ်ဝက်လောက် ထိုင်စောင့်နေပြီး ဝမ်ဝမ်းဟောင်က ပြန်ပြောမည့် အရိပ်အယောင် မတွေ့သောကြောင့် မီးဖိုချောင်သို့ ပြန်သွားလေသည်။

တုရိုရို ပြန်ထွက်လာသောအခါ ဝမ်ဝမ်းဟောင်သည် ရုတ်တရက် သူမကို မေးလိုက်သည်။ “မင်း....ဘယ်လိုချစ်သူကောင်လေးမျိုး ကြိုက်လဲ”

တုရိုရိုသည် ခဏမျှ တန့်သွားသည်။ “ဘာလို့မေးတာလဲ”

“ဒီတိုင်း မေးကြည့်တာပါ”

“ကျွန်မ အကြိုက်က....ရုပ်ကလည်း ချောရမယ်၊ ချမ်းသာရမယ် ပြီးတော့ ကျွန်မအပေါ် ကောင်းပေးတဲ့လူစားမျိုး” တုရိုရိုသည် မရေရာသော ကိုယ်ကျင့်စရိုက်အနည်းငယ်ကို ပြောပြနေသည်။

ဝမ်ဝမ်းဟောင်သည် ထိုသို့ကြားလိုက်ရသောအခါ သူ့ခန္ဓာကိုယ် တစ်ခြမ်းသည် အေးခဲသွားသလို ခံစားလိုက်ရသည်။

“အို” သူသည် အသံကို မသဲမကွဲပြောကာ မှုန်သုန်သုန် ဖြစ်သွားသည်။

“ရှင် ဘာလို့ ထူးထူးဆန်းဆန်းတွေ မေးနေတာလဲ” တုရိုရိုက သိချင်ဇောဖြင့် မေးလိုက်သည် “မဟုတ်မှလွဲရော....”

သူမသည် ဝမ်ဝမ်းဟောင်၏ ပုခုံးနားသို့ ရင်းနှီးသောပုံစံဖြင့် ကိုယ်ကို ကိုင်းညွှတ်လာပြီး ဆန်းဆန်းပြားပြား အရာကို တွေ့လိုက်ရသလိုမျိုးနှင့် စချင်နောက်ချင်သောစိတ်ဖြင့် သူ့နား ပို၍ ကပ်လာခဲ့သည်။

ဝမ်ဝမ်းဟောင် နှလုံးခုန် မြန်လာသည်။ သူမ များသိသွားပြီလား...

သို့သော် တုရိုရိုသည် အတင်းပြောသလိုဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “မဟုတ်မှလွဲရော....ရှင့်အမေက ရှင့်ကို ကြင်ယာဖက် တွေ့ခိုင်းနေလို့လား”

ဝမ်ဝမ်းဟောင်သည် ခေတ္တ အသက်ရှူရပ်သွားသည်။ “မဟုတ်ပါဘူး”

သူသည် တုရိုရို၏ အမူအရာကို ကြည့်ကာ ပြုံးပြီးခေါင်းယမ်းလိုက်သည်။ ထားလိုက်ပါတော့၊ ဖြေးဖြေးချင်းပဲ သွားကြတာပေါ့။

ရှောင်ကျွင်းသည် တင်းရှကလေးမွေးထားသောကြောင့် သူမကို ဂရုစိုက်ပေးရန် ယွဲ့စောင်(မီးနေသည် စောင့်ရှောက်ပေးသူ)တစ်ယောက်ကို ငှားထားလေသည်။

သူသည် တင်းရှတစ်ဘဝလုံးကို ဖျင်းအာတစ်ယောက်တည်းအတွက်ပဲ မကုန်ဆုံးစေချင်သောကြောင့် စိတ်ကျေနပ်ဖွယ် အလုပ်တာဝန်များကို ပြီးအောင်လုပ်နိုင်သော ယွဲ့စောင်တစ်ယောက်ကို ဂရုတစိုက် ရွေးချယ်ထားသည်။

ပထမတွင် တင်းရှသည် ထိုအရာကို မလိုအပ်ဟု ထင်သော်လည်း ယွဲ့စောင် ပထမဆုံးရောက်သည့် နေ့တွင် တင်းရှတစ်ယောက် သိသိသာသာပင် မပင်ပန်းတော့ပဲ နားနေနိုင်ပေသည်။

သူမသည် ညသန်းခေါင်ကြီး ကလေးနို့ထတိုက်စရာ မလိုတော့သည့်အပြင် ကလေးကို ချီကာ ဆက်တိုက်လမ်းလျှောက်ပြီး မြူပေးနေစရာမလို၊ ကလေးအငိုနှင့် သေးခံလဲပေးရခြင်းစသည်တို့ကြောင့် အနှောက်အယှက်မဖြစ်ပဲ ကောင်းစွာ နားနေနိုင်သည်။

ထိုကိစ္စများအစား သူမကိုယ်ပိုင်ချိန်အတွက် အချိန်ပိုထွက်လာပြီး သူမ၏ ဟင်းချက်စကေးကို ဒီထက်ပို တိုးတက်အောင် လုပ်ကာ ကောင်းကောင်းလည်း အနားယူနိုင်သည်။

ဆိုင်ဖွင့်သည့်ရက်များတွင်လည်း ပြတိုက်သို့ အလည်အပတ် တစ်ခဏ သွားနိုင်ခဲ့သည်။

တကျွမ်းသည် အလောတကြီးနှင့် “ညီမရေ မင်းကူညီနိုင်လောက်မည့် ကိစ္စတစ်ခုရှိတယ်၊ ငါလေ ထပ်ခါထပ်ခါစဉ်းစားပြီးပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းကအသင့်တော်ဆုံးဖြစ်နေတယ်၊ ကူညီပေးနိုင်မလား”

“ပြောကြည့်ပါဦး” တင်းရှက ရက်ရောစွာပြောလိုက်သည်။

“ကိစ္စက ဒီလို-ရှီချန်ခရိုင်ရဲ့ ဆင်ခြင်ဖုံးရပ်ကွက်တွေမှာလုပ်မဲ့ ဆောက်လုပ်ရေးပရောဂျက်ကို လေလံဆွဲဖို့ အခွင့်အရေးတစ်ခု ရလာတယ်၊ အဲ့ဒါ အဲ့ပရောဂျက်ကို အရယူချင်နေတာ၊ ဆုံးဖြတ်ပေးနိုင်ဖို့ တစ်ခြားအဖွဲ့အစည်းက လုပ်ပိုင်ခွင့်ရှိတဲ့သူကို ငါနဲ့ ညစာစားအောင် လုပ်လိုက်နိုင်ပြီ၊ အဲ့ဒါ မင်းဆိုင်မှာ လာစားရင် ပိုကောင်းမယ်ဆိုပြီး စဉ်းစားနေတာ”

တကျွမ်းသည် အနည်းငယ် ရှက်သွားပြီး “မေးကြည့်လိုက်တော့ သူက ကွမ်တုံဟင်းလျာတွေကို အရမ်းကြိုက်တာတဲ့၊ အဲ့ဒါ လုပ်ပေး.....” သူသည် တင်းရှကို အသနားခံနေသော ပုံစံဖြင့် ကြည့်လိုက်သည်။

တင်းရှသည် ခဏပဲ စဉ်းစားလိုက်သည်။ “ရပါတယ်ရှင့်၊ သူတို့စားနေကျနဲ့ ပက်သတ်ပြီး ကန့်သတ်ထားတာတွေ ရှိသေးလား၊ ဘယ်အချိန်လာကြမှာလဲ၊ ပြီးတော့ အားလုံးပေါင်း လူဘယ်နှယောက်လဲ”

“အဲ့လို ကန့်သတ်ထားတာတော့ မရှိပါဘူး၊ သူက ကွမ်တုံ ဟင်းလျာစစ်စစ်ကို အရမ်းကြိုက်တာပဲရှိတယ်၊ သူတို့တွေ မနက်ဖြန်နေ့လည် လာလိမ့်မယ်၊ လူဦးရေက ခြောက်ယောက် ခုနှစ်ယောက်လောက် ဖြစ်မယ်”

“ကောင်းပြီ၊ သူတို့လာရင် သီးသန့်အခန်းထဲကို ရှင် တိုက်ရိုက်ခေါ်သွားလို့ ရပါတယ်”

အစီအစဉ်များ ချပြီးနောက် တင်းရှသည် ဟင်းချက်ဖို့ပစ္စည်းပစ္စယာများကို စစ်ရန် မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။

သူမသည် ပဲပိစပ်ငါးဗိုက်သားပြုတ်ကြော်၊ ပိန်းဥနှင့် ဝက်နံရိုးဟင်းချို၊ ကင်းမွန်နှင့်ပန်းဂေါ်ဖီစိမ်း၊ အချဉ်စိမ်ထားသော ဇီးသီး ဝက်လက်ဟင်းရည်နှင့် ဝက်ကင်ထမင်းကြော်တို့ကို ချက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုဟင်းလျာများသည် သူမကျွမ်းကျင်စွာ ချက်နိုင်သော အကောင်းဆုံး ကွမ်တုံ ဟင်းလျာများပင် ဖြစ်သည်။

ကုန်စုံဆိုင်ကို လိုအပ်သော ဟင်းသီးဟင်းရွက်များအတွက် အော်ဒါမှာပြီးနောက် တင်းရှသည် အဒေါ်ကျွမ်း အား သီးသန့်အခန်းကို သန့်ရှင်းရေးလုပ်ထားပေးရန် ပြောခဲ့သည်။

နောက်တစ်နေ့ မနက်အာရုဏ်တက်ချိန်တွင် တင်းရှသည် သူမ၏ ပြင်ဆင်မှုများကို စလုပ်လေပြီပင်။

လတ်လတ်ဆတ်ဆတ် မှာထားသော ဝက်လက်ကို ညှီနံ့များပျောက်သွားအောင် ရေဖြင့်ဆေးကြောပြီးနောက် ဒယ်အိုးထဲသို့ ကြော်လှော်မချက်ခင် ထိုဝက်လက်များမှ အညစ်အကြေးများ မရှိတော့အောင် ပြုတ်လိုက်သည်။ ရေထည့်ပြီး မချက်ပြုတ်ခင် ရှောင်ရှင်းဝိုင်၊ ခရုဆီနှင့် ပဲပိစပ်ငံပြာရည်နှင့် အချဉ်စိမ်ထားသော ဇီးသီးငါးလုံး ခြောက်လုံးခန့်ကို ထည့်လိုက်သည်။

မီးပြင်းပြင်းဖြင့် ဟင်းရည်ကို အပြင်းအထန် ဆက်လက် မပွက်စေခင်တွင် ကြက်သွန်မြိတ်၊ ဂျင်းနှင့် အချဉ်စိမ်ထားသော ဇီးသီးတို့ကို သဲအိုးထဲသို့ ထည့်လိုက်သည်။

မိနစ်လေးဆယ်ခန့်ကြာသောအခါ အချဉ်စိမ်ထားသော ဇီးသီး ဝက်လက်ဟင်းရည်ကို ရရှိပြီဖြစ်သည်။ စားလိုက်လျှင် ချိုမြိန်သောအရသာနှင့်အတူ အချဉ်စိမ်ထားသော ဇီးသီး၏ ဖျော့တော့တော့ သင်းရနံ့လေးကို ခံစားရမည် ဖြစ်သည်။

တကျွမ်းသည် သူ့လုပ်ဖော်ကိုင်ဖက်များကို အလွန်နောက်ကျစွာ ခေါ်လာခဲ့သည်။ ထိုသူတို့၏ ကိုယ်စားလှယ်သည် အနည်းငယ် စိတ်မကျေနပ်သလို ဖြစ်နေသည်။ “မင်းက ငါတို့ကို ဒီလိုဆိုင်သေးလေးကို ခေါ်လာရလားကွ”

“ဆိုင်ကတော့ သိပ်မကြီးပေမဲ့ ဒီက သူဌေးနဲ့ သူဌေးဇနီးတို့ ကိုယ်တိုင် ချက်တဲ့ဟင်းလျာတွေက အရမ်းကို အရသာရှိပါတယ်”

တကျွမ်းသည် ယုံကြည်ချက် အလွန်ရှိစွာ ပြောလိုက်သည်။

ထိုလုပ်ဖော်ကိုင်ဖက်များသည် သူတို့၏ မကျေနပ်မှုနှင့် မယုံသင်္ကာဖြစ်မှုများကို ချုပ်တည်းထားပြီး တင်းရှက ဟင်းလျာများကို တည်ခင်းမည်ကို စောင့်ဆိုင်းနေကြသည်။

ပထမဆုံးလာရောက် တည်ခင်းပေးသော ဟင်းလျာမှာ ပဲပိစပ်ငါးဗိုက်သားပြုတ်ကြော်ဟင်း ဖြစ်ပြီး ကိုက်လိုက်လျှင် အသားမှာနူးညံ့နေသည်။

တစ်ကိုက်ကိုက်လိုက်သောအခါ လုပ်ဖော်ကိုင်ဖက်များသည် အလွန်ပင် ပျော်ရွှင်သွားသည်။ “ဒါမှ တကယ့်အရသာပဲကွ! အိမ်ပြန်ပြီး မစားရတာကြာတာတောင် ဒီအရသာကြောင့် တကယ့်ကို ထိမိသွားတာပဲ”

ထိုလူ ပြောနေစဉ်တွင် ကျန်ရှိနေသော ဟင်းလျာများသည် တစ်ပွဲပြီး တစ်ပွဲရောက်လာခဲ့သည်။

ခံတွင်းအရမ်းတွေ့နေကြသော လုပ်ဖော်ကိုင်ဖက်များသည် တူကို လက်ကနေ မချတော့ပေ။ တကျွမ်းသည် ထိုမြင်ကွင်းကို အလွန်ပျော်ရွှင်စွာ ကြည့်နေသည်။

ဘယ်သူသိနိုင်မလဲ၊ စားစရာများ သုံးဆောင်ကြပြီးနောက် ထိုလုပ်ဖော်ကိုင်ဖက်များသည် စာချုပ်ကို ပျော်ရွှင်စွာ လက်မှတ်ထိုးသွားနိုင်ပါသေးသည်။

စားစရာများနှင့် ဝိုင်ကို အစပ်အဟပ်တည့်စွာ စီစဉ်ပေးထားမှုနှင့်အတူ လုပ်ဖော်ကိုင်ဖက်သည် နောက်ဆုံးတွင် ပရောဂျက်အသစ်၏ သတင်းနှင့်အတူ တကျွမ်းကို ဂုဏ်ပြုသလို အပြုအမူဖြင့် စတင်ဆွေးနွေးလေသည်။

သူတို့ထွက်သွားသည်ကို ကြည့်ရင်း တကျွမ်းသည် ပီတိဖြစ်ကာ ဝမ်းသာမှုကြောင့် ထခုန်တော့မတတ် ဖြစ်နေသည်။ “ညီမ! ညီမ!ကျေးဇူးပဲကွာ!အလုပ်ဖြစ်သွားပြီ!”

သူသည် အခြားသူများထွက်လာသည့်တိုင်အောင် အော်ပစ်လိုက်သည်။ အရူးတစ်ယောက်လို ဖြစ်နေသော သူ့ကိုကြည့်ရင်း သခင်မကျွမ်းမှာ မရယ်ပဲမနေနိုင်တော့ပေ။

“ဂုဏ်ယူပါတယ်ဗျာ။ ဒီအလုပ်ကြီး ပြီးသွားတဲ့အခါကျရင် ကျွန်တော်တို့တွေ ဂုဏ်ပြုစားသောက်ပွဲလေး လုပ်ပေးမှာပါ” ရှောင်ကျွင်းက စနောက်လိုက်သည်။

တကျွမ်းသည် ဆူညံစွာ ပတ်ကြွားနေပြီး အလွန်ကိုပင် သူ့ကိုယ်သူ ကျေနပ်နေသည် “တကျွမ်း ဒီအလုပ်လုပ်ရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံးလုပ်ပစ်မယ်ဟေ့!”

တကျွမ်းသည် ပျော်ရွှင်စွာဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးပြီး ကတိပေးထားသည့်အတိုင်း သူတို့ဆီမှ စာချုပ်ပြန်ပို့လာမည်ကို စောင့်နေသော်လည်း အခုထိ မရောက်လာသေးပေ။

တင်းရှမှာ စိတ်ရှုပ်ထွေးသလို ခံစားနေရသည်-ဒီစာချုပ်လေးတစ်စောင်ကို မေးလ်ကနေ ပို့တာ ဘာကြောင့် ဒီလောက်ကြာနေတာလဲ။

တကျွမ်းသည် နောက်တစ်ရက် ထပ်စောင့်ခဲ့ပြီး နောက်ဆုံးတွင် မစောင့်နိုင်တော့ပဲ ဆိုင်အဝင်ဝတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ဂဏာမငြိမ် ဖြစ်နေသည်။

သူသည် မနေနိုင်ပဲ ဘာဖြစ်သွားလဲ သိချင်သောကြောင့် ထိုလုပ်ဖော်ကိုင်ဖက်များ ချန်ထားခဲ့သော ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ဆက်ပြီး မေးလိုက်သည်။

ယဉ်ကျေးသော ဧည့်ကြိုက ညင်သာစွာ သူ့ကို အကြောင်းကြားလိုက်သည်။ “ကျွန်မတို့ တကယ် တောင်းပန်ပါတယ်၊ ဒီပရောဂျက်ကို လုံထန့်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးသွားပါပြီ”

တကျွမ်းသည် ဧည့်ကြိုစကားကြားပြီးနောက် နားထဲတွင် နောက်ထပ် ဘာအသံမှ မကြားရတော့ပေ။ သူ့စိတ်ကို စကားနှစ်လုံးက နေရာအပြည့်ယူထားလိုက်သည်။

“သွားပြီ”

All Chapters