အခန်း (၄၇)
Vol. 4 Ch. 47
“ငါတကယ် တောင်းပန်ပါတယ်၊ ငါ့ညီရာ!”
တကျွမ်းသည် သူနှင့်ညစာအတူစားခဲ့သော လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကို နောက်ထပ် တွေ့သွားခဲ့လေသည်။
တကျွမ်းပြောသည်ကို ကြားပြီးနောက် ထိုကိုယ်စားလှယ်သည် သူ့နှာဖူးကို ရိုက်လိုက်ကာ “ငါတို့တွေ ဒါကို သေချာ မကိုင်တွယ်နိုင်ခဲ့ဘူးပဲ”
ကိုယ်စားလှယ်သည် သူအရမ်းလွမ်းနေသော သူ့အိမ်ဟင်းအရသာကို စားနိုင်သည့် နေရာကိုတွေ့သွားပြီး အမှန်တကယ် ပျော်သွားခဲ့သည်။ သို့သော် ထိုသို့ပြသာနာ တစ်စုံတစ်ရာ ရှိဖို့မမျှော်လင့်ထားပေ။
“ငါဖုန်းဆက်ပြီး မေးပေးပါ့မယ်၊ စိတ်မပူနဲ့”
ထိုတာဝန်ရှိသူသည် သုန်မှုန်သော အမူအရာနှင့် နောက်လှည့်သွားကာ မန်နေဂျာကို ဖုန်းဆက်လိုက်သည်။
“ဟယ်လို မန်နေဂျာလျှိုလား ခင်ဗျာ?” ထိုလူအသံမှာ အလွန်ရိုကျိုးနေပုံရသည်။
“လျှိုလေးရေ မင်းကို မေးစရာရှိလို့ ဟိုအနောက်ဖက် ဆင်ခြင်ဖုံးရပ်ကွက် ပရောဂျက်က ဘယ်လိုဖြစ်သွားပြီလဲ ငါမင်းကို လွှဲပေးခဲ့တယ်မလား” ဟုပြောခဲ့ပြီး အခြားတစ်ဖက်က မန်နေဂျာလျှိုအသံသည် ခံစားချက်မဲ့ကာ သူ့ပုံစံအတိုင်း ကြောက်စရာကောင်းနေသည်။
ထိုလူသည် မန်နေဂျာလျှို၏ မုန်တိုင်းထန်နေသော အမူအရာကို မမြင်ရပေ။ “အိုး အဲ့လိုဖြစ်သွားတာကိုး၊ မန်နေဂျာလျှို ငါတစ်ချက် ကြည့်လိုက်ပါမယ်၊ လီကျွမ်းတို့အဖွဲ့က အလုပ်ရုံသေးသေးလေးဆိုပြီး အနောက်ဖက် ဆင်ခြင်ဖုံးရပ်ကွက်လို ပရောဂျက်မျိုးကို အပ်ဖို့က စွန့်စားရာကျလွန်းတယ်ပေါ့၊ အဲ့ဒါနဲ့ လုံထန့်ကုမ္ပဏီက သင့်တော်တဲ့ အရည်အချင်းတွေရှိတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်နေတော့...”
“ငါထင်တာ...”
“အဲ့တော့ ခင်ဗျားထင်တာက ကျွန်တော်ဖက်က နောက်ဆုတ်ပေးဖို့ အချိန်ကျနေပြီး ခင်ဗျားကတော့ ကုမ္ပဏီရဲ့ သူဌေးအနေနဲ့ အပိုင်သိမ်းဖို့ ကြံနေတာမလား”
“မန်နေဂျာလျှို?” ထိုလူကဲ့သို့ ပေါပေါတောတောလူသည်ပင်လျှင် အမှားမှား အယွင်းယွင်း ဖြစ်သွားအောင် ပြောမိသွားနိုင်သည်။
“ငါလည်း လီကျွမ်းကုမ္ပဏီကို ထောင့်ပေါင်းစုံက စစ်ကြည့်ပြီးသွားပြီ သူတို့က တော်တော်ကောင်းပါတယ်၊ သူတို့အဖွဲ့ ရှေ့ကလုပ်သွားတဲ့ ပရောဂျက်ဆိုရင်လည်း လက်ရာအရမ်းမြောက်တယ်” အားတက်သရောပြောခဲ့သည်။ “ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေတာလား”
“အဲ့လိုမဟုတ်ပါဘူးကွာ....ငါက ကုမ္ပဏီကောင်းဖို့အတွက်ပဲ စဉ်းစားပေးတာပါ....” ထိုကိုယ်စားလှယ်အသံမှာ အထိတ်တလန့်ဖြစ်နေသည်။
“တော်လောက်ပြီ၊ ဒီကိစ္စအကြောင်းပြောတာ ဒီမှာတင်ပဲ ရပ်လိုက်တော့” မန်နေဂျာလျှိုသည် ထိုကိုယ်စားလှယ်စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ “HRဌာနကို သွားပြီး စာရွက်စာတမ်း ကိစ္စသွားလုပ်ချည်၊ ခင်ဗျား လုံထန့်ကုမ္ပဏီရဲ့ မန်နေဂျာသွားလုပ်လို့ ရပြီ”
“မန်နေဂျာလျှို!”
မန်နေဂျာလျှိုသည် ထိုကိုယ်စားလှယ် စကားမဆုံးခင် အရင်ဖုန်းချသွားလေသည်။
“ငါတကယ် တောင်းပန်ပါတယ်၊ ငါ့ညီလေးရာ” ကိုယ်စားလှယ်သည် သူ့ကို မျက်နှာမပြဝံ့ဖြစ်နေသည်။
သူသည် တကျွမ်းကို ထိုပရောဂျက်ပေးမည်ဟု ညီအစ်ကိုရင်းသဖွယ် ဝိုင်ကိုအတူတူ သောက်ခဲ့ပေးသေးသည်။ သို့သော် အဆုံးတွင် အခြားလူတစ်ယောက်၏ လက်အောက်ခံဖြစ်သောသူသည် ထိုလမ်းအတိုင်းသာ သွားခဲ့ရလေသည်။
ဤအရာသည် တကယ့်ကို....
လီကျွမ်းသည် အနည်းငယ် စိတ်ကျသွားပြီး ဤကိစ္စကို ပြန်ပြင်ဖို့ မဖြစ်နိုင်ကြောင်း သိနေသည်။ သူသည် မပြုံးချင်ပြုံးချင်နှင့် ပြုံးလိုက်ပြီး “ကောင်းပါပြီ....ကျေးဇူးပါ၊ ကိုယ်စားလှယ်...”
သူသည် တယိမ်းတယိုင်ဖြင့် စိတ်ဓါတ်ကျစွာ ထွက်သွားပြီး ဤကိစ္စကို သူ့ညီအစ်ကိုများထံ မည်သို့ပြန်ရှင်းပြလျှင် ကောင်းမလဲ တွေးတောနေလေသည်။
“မသွားနဲ့ဦး၊ ငါ့ညီ” တကျွမ်း၏ စိတ်ညှိုးနွမ်းနေသော ပုံစံကြောင့် ထိုကိုယ်စားလှယ်မှာ မနေနိုင်ပဲ သူ့ကိုပြန်လှမ်းခေါ်လိုက်သည်။
ထိုလူပုံစံမှာ ကိစ္စကြီးတစ်ခုကို ဆုံးဖြတ်လိုက်ပုံရသည်။ “ငါ့မှာ နောက်ထပ် ပရောဂျက်တစ်ခု ရှိသေးတယ်...”
လီကျွမ်းသည် မနေနိုင်ပဲ သူ့မျက်လုံးများ အရောင်တောက်လာလေသည်။
ကိုယ်စားလှယ်သည် သူ့အလုပ်စားပွဲဆီသို့ သွက်သွက်လျှောက်သွားပြီး အံဆွဲကိုဖွင့်ကာ သပ်သပ်ရပ်ရပ်နှင့် သိမ်းထားသော ဖိုင်တစ်ဖိုင်ကို ထုတ်ယူလိုက်ပြီး တကျွမ်းဆီ ကမ်းပေးလိုက်သည်။ “ဒီဟာကို တစ်ချက်ကြည့်ကြည့်ဦး”
“မင်းလုပ်နိုင်မလား ကြည့်ကြည့်”
တကျွမ်းသည် သူ့လက်ဖဝါးမှ ချွေးကို သုတ်ကာ ယူလိုက်သည်။ အံ့သြမှုနှင့်အတူ သူ့မျက်လုံးကျယ်လာသည်။
ထိုအရာမှာ “အစိုးရအဆောက်အအုံ ပြုပြင်ရေး သဘောတူစာချုပ်” ဖြစ်သည်။
“ဒီစာချုပ်ကို ဆက်မလုပ်ပဲ ပစ်ထားတာ ကြာပြီ”
ကိုယ်စားလှယ်မှာ လေးနက်သော အကြည့်ဖြင့် “ငါ့ကုမ္ပဏီကလည်း သေးတော့ ဒီစာချုပ်က ငါ့အတွက် အရမ်းအရေးကြီးတယ်၊ အဲ့ဒါကြောင့် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမှရမှာမို့”
လီကျွမ်းသည် ပြန်ပြင်ရမည့် နေရာနှင့် အချိန်အတိုင်းအတာကို ကြည့်လိုက်ပြီး “ကျွန်တော်လုပ်နိုင်ပါတယ်”
“ကျွန်တော်တို့တွေ ပေးထားတဲ့အချိန်အတွင်း ပြီးအောင်လုပ်နိုင်ပါတယ်” ဟုပြောခဲ့ပြီး ဆောက်လုပ်ရေးအတွက် သင့်တော်မည့် ပစ္စည်းပစ္စယာများကို တန်းစဉ်းစားလိုက်သည်။
ကိုယ်စားလှယ်သည် ခဏမျှငြိမ်သွားပြီး “ငါ့ညီ၊ မင်း ငါ့ကို အဲ့ပုံစံစာရွက် ခဏပြန်ပေးဦး၊ အရမ်းလည်း နည်းစနစ်ကျစရာ မလိုပါဘူး၊ လုပ်ပေးရမည့်ဟာသာ လုပ်ပေးလိုက်၊ အဲ့တော့ မင်းလုပ်နိုင်မယ်လို့ ထင်တယ်”
“ကိစ္စမရှိပါဘူး” တကျွမ်းသည် တစ်ခါတည်း သဘောတူကြောင်းပြောလိုက်သည်။ “မနက်ဖြန်ကျရင် ဟိုတစ်နေ့က အချိန်အတိုင်းပဲ ဆိုင်လေးမှာ ခင်ဗျားလာဖို့ စောင့်နေမယ်၊ အိုကေလား”
“အိုကေ!” ကိုယ်စားလှယ်မှာ ပျော်ပျော်ကြီး သဘောတူလိုက်သည်။
တကျွမ်းသည် အိမ်ပြန်ရောက်သောအခါ အခန်းထဲသို့ တဟုန်ထိုး ဝင်သွားပြီး ညစာစားချိန်မှာတောင် အခန်းထဲက လုံးဝထွက်မလာပေ။
ယောင်းမကုန်းသည် သူ့အတွက် ဟင်းပန်းကန်နှင့် ထမင်းပန်းကန်များ ယူလာပေးသည်။
သူမ အခန်းထဲက ပြန်ထွက်လာသောအခါ “သူက အဆောက်အအုံပုံစံအကြောင်း ရေးနေတာတော့၊ စကားလုံးတွေ မမှတ်မိလို့တောင် အဘိဓာန်စာအုပ်ထဲ ရှာကြည့်နေရတယ်”
“အဲ့ဒါလည်း ကောင်းပါတယ်” တင်းရှသည် ရယ်လိုက်သည်။ “အစ်ကိုတကျွမ်းက ကျွန်မကို ပြောတယ်၊ မနက်ဖြန် ဟိုကိုယ်စားလှယ်ကို ထမင်းကျွေးရမယ်တဲ့၊ အဲ့အတွက် ပြင်ဆင်ပေးရမယ်တဲ့”
“မျှော်လင့်ချက်ထားတတ်ခြင်းက ဘာမှမရှိတာထက်စာရင် အမြဲတမ်းပိုကောင်းတဲ့အရာပဲ”
ညစာစားပြီးချိန်တွင် တင်းရှသည် နန်းတွင်းကိတ်မုန့်များ လုပ်ရန်အတွက် အခန်းထဲတွင် ရှာဖွေလေ့လာနေလေသည်။ ယောင်းမကုန်းသည် တံခါးခေါက်ပြီး ဝင်လာခဲ့သည်။
“ရှရှ၊ အလုပ်ရှုပ်နေလား”
“မရှုပ်ပါဘူး၊ ဒီတိုင်း ဟိုရှာ ဒီရှာလုပ်နေတာ” တင်းရှသည် သူမကို ဝင်လာခိုင်းလိုက်သည် “ဘာဖြစ်လို့လဲ ယောင်းမကုန်း”
“ဘာမှမဟုတ်ပါဘူး...ဒီတိုင်း၊ တကျွမ်းရဲ့ ဧည့်သည်တွေကို ဒီရက်ပိုင်း စားစရာတွေနဲ့ ဧည့်ခံတဲ့ဟာလေ၊ နောက်မှ ကျွန်မရဲ့ လစာထဲကနေပဲ ဖြတ်လိုက်ပါနော်...” ယောင်းမကုန်းသည် အနည်းငယ်ရှက်သွားသည်။
သူမသည် ကပ်စားနေရသည့်အပြင် ဧည့်သည်များ၏ စားစရိတ်ကိုပါ အကုန်ကျခံခိုင်းသလို လုပ်မိလျှင် ထိုအရာများကြောင့် နေရခက်နေမည် ဖြစ်သည်။
“မလိုပါဘူး” တင်းရှသည် ခေါင်းယမ်းပြလိုက်သည်၊ “ဒီတိုင်း စားစရာလေးပါပဲ၊ အဲ့ဒါအတွက် ဘာလို့ ပိုက်ဆံလိုမှာလဲ”
“ပိုက်ဆံမလိုဘူးဆိုတာ ဘယ်လိုမျိုးလဲ၊ အဲ့အတွက် ပိုက်ဆံမသုံးထားဘူးလား” ယောင်းမကုန်းသည် သိမ်မွေ့သော်လည်း တကယ်တမ်းတွင် ခေါင်းမာတတ်သည်။
တင်းရှသည် စကားတွေအများကြီး ပြောပြပြီး ရှင်းပြသော်လည်း သူမကို မဖျောင်းဖျနိုင်ပဲ သူမတောင်းဆိုချက်အတိုင်း တိတ်တဆိတ်နှင့် သူမမျက်နှာကြောင့်သာ လစာထဲက အနည်းငယ် နှုတ်ပေးလိုက်ရသည်။
နောက်တစ်နေ့တွင် တင်းရှသည် အိပ်ရာထထချင်းတွင် နားမလည်နိုင်သော ဘာသာစကားကို အိပ်ရာထလာသည်နှင့် ပြောတတ်သော ဖျင်အန်းလေးကို သွားကြည့်လေသည်။ သူမသည် မီးဖိုချောင်ထဲသို့ ဝင်ပြီး တစ်နေ့တာအတွက် ဟင်းချက်စရာပစ္စည်းများကို မစစ်ဆေးမှီ ဖျင်အန်းလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကို နမ်းပြီး သူလေးနှင့် ခဏတဖြုတ် ဆော့ပေးနေသည်။
သူမသည် ကြွက်နားရွက် ဘဲသားပြုတ်ကြော်နှင့် ဆားဘဲဥအသားပေါင်း၊ အဆုံးသတ်အနေနှင့် အဝါရောင်ပန်းလေးများ ပွင့်သော မုန်ညင်းပင်တစ်မျိုးဖြစ်သည့် ချွိုင်ဆမ်(choy sum)ကို ခရုဆီနှင့်ကြော်ရန် စီစဉ်ထားသည်။
အသားမြှောင်းတစ်မြှောင်းကိုယူ၍ အတုံးများတုံးပြီးနောက် နုပ်နုပ်စင်းကာ ပန်းကန်ပြားပေါ်တွင် အပြားလိုက် မချထားခင် ပဲငံပြာရည်၊ ဆီ၊ ဆားနှင့် ကော်မှုန့်တို့ဖြင့် ရောမွှေလိုက်သည်။ ပေါင်းဖို့မလုပ်ခင်၌ ဆားဘဲဥနှစ်လုံးကို မျက်နှာပြင်တွင် နှစ်ထားလိုက်သည်။
ဆားဘဲဥအသားပေါင်းသည် ကွမ်တုံက လူကြီးများကြိုက်တတ်သော ဟင်းလျာတစ်မျိုး ဖြစ်ပြီး ထိုဟင်းလျာမှာ ရိုးရာဟင်းလျာဖြစ်သောကြောင့် ကြိုက်ကြသည်သာ ဖြစ်မည်။
တင်းရှသည် ထိုနေ့က ကိုယ်စားလှယ်မှာ ပျော်ရွှင်စွာ ကွမ်တုံဟင်းလျာများအား တူကိုလက်ကမချစတမ်း စားနေသည်ကို သတိရသွားသည်။ သူသည် ဤဆားဘဲဥအသားပေါင်းကိုလည်း ကြိုက်လောက်မည် ဖြစ်သည်ဟု သူမမှန်းဆလိုက်သည်။
သူမမှန်းထားသည့်အတိုင်းပင် ကိုယ်စားလှယ်မှာ ထိုစားစရာများကို မြင်ပြီး မျက်စိအရောင်တောက်လာသည်။ “ဆားဘဲဥအသားပေါင်း?!”
သူသည် တစ်လုတ်စာ ယူစားဖို့ မနေနိုင်တော့ပေ။ “အရမ်းအရသာရှိတာပဲ!!”
သူသည်စားနေရင်း ကွမ်တုံစကားတစ်ချို့ကိုလည်း ပြောလိုက်သေးသည်။ ထိုနေရာမှ အဝေးကြီးတွင် အချိန်ကြာကြီး နေခဲ့ရသောကြောင့် သူ့အသံထွက်မှာ မမှန်သလိုဖြစ်နေသည်။ သို့သော် သူသည် ပျော်ပျော်ကြီး စားခဲ့သည်။
နောက်ဆုံး၌ စားပွဲပေါ်တွင် ပန်းကန်အလွတ်များသာ ကျန်ခဲ့လေသည်။ ကိုယ်စားလှယ်သည် လွမ်းဆွတ်တမ်းတပြနေသည် “ဒီလို မွေးရပ်မြေအရသာမျိုး မစားရတာကြာပြီ...”
“နှစ်ပေါင်းများစွာ ပြောင်းပြီး နေခဲ့တာမိုလို့ ငါ့မိသားစုစာရင်းကလည်း ပြောင်းသွားသလို ငါ့လေသံကလည်း ပြောင်းသွားပြီလေ၊ တစ်ခါတစ်လေကျရင် ငါ့ကိုယ်ငါ ကွမ်တုံလူမျိုးမှန်း တကယ်မသိတော့ဘူး...”
သူသည် ကလေးဘဝက လမ်းဘေးတွင် ဆော့ကစားခဲ့သည်များကို လွမ်းမောဖွယ် ပြန်ပြောရင်း သက်ပြင်းများ အကြီးအကျယ်ချနေလေသည်။
သူသွားတော့မည့်အချိန်တွင် တင်းရှသည် သူ့အတွက် ပါဆယ်ထုတ်လေး ယူလာခဲ့သည်။ ကိုယ်စားလှယ်သည် ခဏမျှ အံ့သြသွားသည်။
“ရှင့်အတွက် မုန့်လေး နည်းနည်း ယူလာခဲ့တယ်” တင်းရှသည် အပြုံးလေးနှင့် ပြောလိုက်သည်။
ကိုယ်စားလှယ်လည်း ယူလိုက်ပြီး မနေနိုင်ပဲ ကုမ္ပဏီပြန်အရောက်တွင် အထုတ်ကို ဖွင့်ကြည့်လိုက်သည်။
သေသေသပ်သပ် ထည့်ထားသော ဆန်မုန့်ပေါင်းလေးများပါသည့် ဘူးတစ်ဘူးဖြစ်နေသည်။
ကိုယ်စားလှယ်သည် ထိုအခိုက်အတန့်တွင် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
သူသည် ဆန်မုန့်ပေါင်းကို စားရသည်မှာ မကြိုက်ပေ။
ငယ်ငယ်တုန်းက သူ့မိသားစုသည် ဆန်မှုန့်ပေါင်းများကို ရောင်းချခဲ့ပြီး ဗိုက်ဆာသည်ဖြစ်စေ တစ်ခုခုစားချင်သည်ဖြစ်စေ ထိုဆန်မှုန့်ပေါင်းများကိုသာ စားရလေသည်။ အန်ထွက်သည်အထိ အများကြီးစားခဲ့ဖူးသည်။
ထိုအချိန်မှစပြီး သူ့ဘဝတစ်လျှောက်လုံး ဆန်မုန့်ပေါင်းကို ထပ်မစားရတော့ဘူးဟု ထင်နေသည်။
အိမ်မှ ထွက်လာခဲ့သည့်အချိန်မှ ယခုအထိ ထိုကဲ့သို့ အရသာရှိသော ဆန်မုန့်ပေါင်းကို ထပ်မစားတော့ပေ။
ကိုယ်စားလှယ်သည် တိတ်ဆိတ်စွာ ခဏမျှကြည့်နေပြီးနောက် မုန့်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အရသာက ထိုအရသာပင် ဖြစ်နေသည်-ကလေးဘဝတုန်းက နေ့ရောညရော အသည်းအသန်ထွက်ပြေး ချင်လောက်အောင် စားခဲ့ရသော ထိုအရသာပင်ဖြစ်သည်။
သို့သော် ဤတစ်ခါတွင် သူစားလိုက်ရသည်မှာ အရသာအလွန်ကောင်းပြီး အနံ့မှာ မွှေးပျံ့နေသည်။
သူအိမ်ကို လွမ်းသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။
ကိုယ်စားလှယ်သည် မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်သည်