← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

“လုအိမ်တော်၏ တားမြစ်ခံထားရသော စာအုပ်”သည် တကယ်တမ်းတွင် ဆေးဖက်ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းချက်နည်းများကို တွေ့နိုင်သည်။ လူတိုင်းသည် ထိုစာအုပ်မှ လေ့လာသင်ယူနိုင်သည်။ သို့သော် နေမကောင်းဖြစ်ခဲ့လျှင်မူ ဆေးရုံသို့ မဖြစ်မနေသွားရပေမည်။ ထိုစာအုပ်ကို ဖတ်ပြီး မိမိဘာသာ အိမ်တွင် မစမ်းကြည့်သင့်ပေ။

လှပသော လက်တစ်စုံသည် ပေါင်းအိုးကို ဖွင့်လိုက်ပြီး ဝါးတူတစ်စုံကို ယူကာ ကြက်ဥကြာစေ့ လိုင်ချီးကိတ်မုန့်ပေါင်းကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်ပြီး သစ်သားပန်းကန်ပြားပေါ်တွင် တင်ထားလိုက်သည်။ ထိုမုန့်များကို ကြည့်ရသည်မှာ စိတ်ကို လန်းဆန်းစေပြီး အရသာရှိမည့်ပုံ ပေါ်နေသည်။

ဟယ်ရှီသည် မနေနိုင်ပဲ ဗီဒီယိုကို ရပ်လိုက်ကာ စားလက်စကို မျိုချလိုက်သည်။ သူမသည် ထိုအချိုပွဲမုန့်ဗီဒီယိုကို အမှတ်မထင်တွေ့ခဲ့ပြီး ထိုမုန့်များမှာ အရသာအလွန်ရှိမည့်ပုံပေါ်နေသည်....။

ထိုမုန့်မှာ အဖြူရောင်မှို ဝဥကိတ်မုန့်ဖြစ်သည်။ ဗီဒီယိုထဲ အဘယ်ကြောင့် မွှေးပျံ့နေသည့်ပုံပေါ်နေသနည်း။

နောက်ခံစကားပြောအနေနှင့်လည်း ညင်သာသိမ်မွေ့သော အမျိုးသမီး၏ အသံနှင့် ရှည်လျားသေးသွယ်သော လက်ချောင်းများ၊ ကျက်သရေရှိသော အသွင်အပြင်တို့ကို တွေ့နေရသည်...။

ဟယ်ရှီသည် ဆိုဖာပေါ်တွင် မှီလိုက်ကာ သူမသည် ထိုဘလော့ကာမှာ ဘယ်လိုပုံစံဖြစ်မည်နည်းဟူ၍ သူမကိုယ်တိုင်တွေ့ဖူးချင်မိသည်ဟု တွေးတောနေသည်။

တစ်ချိန်တည်းမှာပင် ရှောင်ကျွင်းသည် နောက်ဆုံးတင်ထားသော ဗီဒီယိုကို ကြည့်ကာ မကျေမနပ်ဖြစ်နေသည်။

တုရိုရိုသည် ကိုးရိုးကားယားပုံစံဖြင့် တင်းရှကို သွားရှာခဲ့သည်။ “သူဌေးမ...ကျွန်မ...”

“သူ့ကို စိတ်ထဲထားမနေနဲ့” တင်းရှက ပြောလိုက်သည်။

“မင်းရဲ့ အလုပ်ကိုသာ အာရုံစိုက်လုပ်၊ အစ်မနောက်မှ သူ့ကို နားဝင်အောင် ပြောလိုက်မယ်”

တုရိုရိုသည် အပြင်ပန်းတွင် ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း သူမလမ်းလျှောက်သွားတိုင်း စိတ်ထဲတွင် မအေးမချမ်းဖြစ်နေသည်။

သူမသည် ထိုအရာနှင့် နေသားမကျဖြစ်နေသည်။

တုရိုရိုသည် ပုံမှန်အားဖြင့် အေးစက်တတ်သော သူဌေးနှင့် သူဌေးမတို့ တစ်ယောက်ကို တစ်ယောက် ချော့မော့ပြောသည်ကို မြင်တိုင်း သူမကြောင့် အတင်းအကြပ် လုပ်နေရသလိုမျိုး ခံစားနေရသည်။

ဟင်း.....သက်ပြင်းချလိုက်သည်။

တုရိုရိုသည် သက်ပြင်းချကာ သူမမျက်နှာဝိုင်းဝိုင်းလေးကို ကိုင်လိုက်သည်။ “ယောင်းမရေ! ကျွန်မတို့ ဒီနေ့ည ဘာစားကြမှာလဲဟင်”

ဝမ်ဝမ်းဟောင်သည် နားမလည်နိုင်သည့်ပုံစံဖြင့် တုရိုရို၏နောက်ကျောကို ကြည့်ရင်း ဒီကောင်မလေး တစ်နေ့လုံး ဘာတွေများ စဉ်းစားနေသလဲဟု တွေးတောနေမိသည်။

သူသည် လုံးဝနားမလည်နိုင်ခဲ့ပေ။

တင်းရှသည် ရှောင်ကျွင်းကို ဒန်းပေါ်တွင် သွားမရှာမီ သူမသည် မနက်ဖြန် ဗီဒီယိုရိုက်ကူးရန်အတွက် အားလုံးကို အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်သည်။

ရှောင်ကျွင်းမျက်နှာသည် ခံစားချက်မဲ့နေသလို ဖြစ်ကာ အတွေးထဲတွင် နစ်မြောနေသည်။

တင်းရှသည် သူစိတ်ကောက်နေမှန်း သိလိုက်သည်။

သူမသည် သူ့ဆီလျှောက်သွားကာ အသစ်ရိတ်ထားသော သူ၏ ကတုံးဆံပင်ပေါက်လေးများကို ပွတ်ပေးရင်း “စိတ်ဆိုးနေတုန်းပဲလား”

ရှောင်ကျွင်းသည် ဘာမှပြန်မပြောပေ၊ သူမရင်ခွင်ထဲသို့ သူ့ခေါင်းဖြင့် တိုးဝင်လိုက်သည်။

သူမချစ်သူ၏ ရေငုံနှုတ်ပိတ်နေမှုကြောင့် သူမနှုတ်ခမ်းမှာ အနည်းငယ် ပြုံးယောင်သမ်းသွားသည်။ “ရှင်ဘယ်အချိန်ထိ စိတ်ကောက်နေမှာလဲ”

ရှောင်ကျွင်းသည် မသဲမကွဲပြောလိုက်သည်။ “နည်းနည်းကြာတဲ့အထိ”

တင်းရှသည် ညင်သာစွာ ရယ်လိုက်သည်။

သူမသည် သူ့ကို “ကဲ အခုစိတ်ကောက်ပြေပြီလား” ဟုမမေးခင် သူ့ကို ငါးမိနစ်ခန့် ဖက်ထားလိုက်သည်။

“ဟင့်အင်း.....”ရှောင်ကျွင်းသည် စကားတစ်လုံးတည်း ပြောလိုက်ပြီး သူမခါးလေးကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ “နည်းနည်းကြာကြာလေး.....”

တင်းရှသည် သူ့ခေါင်းနောက်ဖက်ကို ပွတ်ပေးရင်း နောက်ထပ် သုံးမိနစ်ခန့် စောင့်ပေးနေသည်။ “မရသေးဘူးလား”

“မရသေးဘူး....” ရှောင်ကျွင်းသည် သူမကို ပို၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။ “နောက်ထပ်နည်းနည်းကြာကြာလေး....”

တင်းရှသည် သူ့ကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး “ဟေး၊ ရှင်ဒီလိုလုပ်တာ ရပ်ပေးမယ်လို့ ပြောထားတယ်မလား”

ရှောင်ကျွင်းသည် ဘာမှလည်းမပြော လွှတ်လည်းမလွှတ်ပေးချေ။

တင်းရှသည် သူ့ကျောပြင်ကို ပုတ်ပေးရင်း “ဘာဖြစ်နေတာလဲ ဘာလို့ သဝန်တိုပြန်ပြီလဲ ကျွန်မ ဘယ်သူ့ရဲ့ လိပ်စာကဒ်တွေ ဘာတွေလည်း မယူထားပဲနဲ့”

“လူအများကြီးက မင်းကို မိန်းမရေဆိုပြီး ခေါ်ကြတယ်လေ….” ရှောင်ကျွင်းသည် ရင်ထဲနာကျင်နေသော အသံဖြင့် ပြောလိုက်ပြီး “မင်းက အသေအချာ ကိုယ့်မိန်းမပဲကို……”

တင်းရှအရှေ့တွင်သာ ရှောင်ကျွင်းသည် ကလေးလေးတစ်ယောက်လို ချွဲလည်း ချွဲတတ်သလို စိတ်လည်းကောက်တတ်ပြီး အလိုလိုက်ခံချင်သလိုမျိုး လုပ်တတ်လေသည်။ တင်းရှသည်လည်း သူ့ကိုထိုသို့အလိုလိုက်ပေးရသည်ကို ပျော်နေပေသည်။

သို့သော် ရှောင်ကျွင်း၏ ထိုစကားများကို ကြားသောအခါ သူမရယ်ချင်သွားသည်။ သူမသည် ချင့်ချိန်စဉ်းစားပြီးနောက် ပြောလိုက်သည်မှာ -“အဲဒါက တရားဝင် မဟုတ်သေးဘူးလေ၊ ကျွန်မတို့က တရားဝင်လက်ထပ်စာချုပ်မှ မချုပ်ရသေးတာ…”

ထင်ထားသည့်အတိုင်းပင် ရှောင်ကျွင်းသည် သူမကို သေသေချာချာ စိုက်ကြည့်ပြီး “မင်း စောင့်ကြည့်နေလိုက်…” ဟုပြောလိုက်သည်။

သူသည် အံကြိတ်ရင်း “ကိုယ့်မွေးနေ့က မကြာခင်ရောက်တော့မယ်! အဲ့တော့ ကိုယ် တရားဝင် အရွယ်ရောက်လာပြီ!”

ထိုစကားကိုကြားပြီး ရုတ်တရက် တင်းရှသည် ရှောင်ကျွင်း၏ မွေးနေ့နီးလာမှန်း သတိရသွားလေသည်။ သူမသည် ဤရက်ပိုင်း အလုပ်ရှုပ်နေသောကြောင့် ထိုရက်ကို မေ့နေလေသည်။

ထို့ကြောင့် သူမသည် သူ့ကို အချိန်အတော်ကြာ ချော့နေသော်လည်း စိတ်ဆိုးမပြေသည်မှာ မထူးဆန်းပေ။

တင်းရှသည် အလျင်အမြန် တောင်းပန်လိုက်သည်။ “ကျွန်မမှားသွားပါတယ်ရှင့်.....ဘာစားချင်လဲပြော တစ်ခုခုလုပ်ကျွေးမယ်လေနော်”

ထိုသို့မှသာ ရှောင်ကျွင်း၏ မျက်မှောင်ကြုတ်တာကြီးနှင့် ဆူပုတ်နေသည်မှာလည်း ပြေလျော့သွားပြီး ရင်ထဲနာကျင်ခံစားနေရသော အရပ်၁.၈မီတာကျော်ရှည်သော ထိုလူကြီးသည် တင်းရှကို ကြည့်ရင်း “ခေါက်ဆွဲအေးကို နှမ်းအနှစ်နဲ့ စားချင်တယ်!”

“ကောင်းပါပြီရှင့်၊ ကျွန်မလုပ်ပေးမယ် ကျွန်မတို့ ဒီနေ့လုပ်စားကြမယ်နော် အိုကေ?”

“အဲ့ဒီလောက်နဲ့ မရသေးဘူး”

“ရှင်က ဘာထပ်လိုချင်သေးလို့လဲ”

ရှောင်ကျွင်းသည် သူမနားထဲသို့ တိုးတိုးလေးမပြောခင် သူမကို တစ်ခဏမျှ ကြည့်လိုက်သည်။ တင်းရှမျက်နှာသည် ကြက်သွေးရောင်နီးပါး နီမြန်းသွားခဲ့သည်။

ရှောင်ကျွင်းသည် ဒီနေ့ညဖျင်အန်းလေးကို အဒေါ်ကျောက်ဆီ ပို့ထားဖို့ ပြောခဲ့သည်။

တင်းရှသည်လည်း မသဲမကွဲအသံလေးဖြင့် သဘောတူလိုက်သည်။

ရှောင်ကျွင်းသည် ထိုမှသာ စိတ်ပျော်ရွှင်လာတော့သည်။ သူသည် ပေါင်ပေါ်တွင် တင်းရှကို တင်လျက် ဒန်းပေါ်တွင် ထိုင်နေလေသည်။ တင်းရှသည် စိုးထိတ်မှုဖြင့် ကိုယ်လုံးလေး တွန့်တက်သွားသည်။ “ဒါကြီး ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”

မီးဖိုချောင်ထဲတွင် ဝမ်ဝမ်းဟောင်သည် တစ်ခုခုကို ခံစားနေရသကဲ့သို့ သက်ပြင်းချရင်း ဟင်းချက်ပစ္စည်းပစ္စယာများကို အစီအရီထားနေပြီး တုရိုရိုနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်သည်။ “လုံးဝကို အသည်းအသန်ပဲ...”

ထိုသို့ပြောပြီးနောက် တုရိုရိုသည် သူ့ကို တစ်ချက်ရိုက်လိုက်သည်။ “ခွေးကောင်!”

ထို့နောက် သူမထွက်သွားခဲ့သည်။

ဝမ်ဝမ်းဟောင်သည် ခေါင်းကို ပွတ်ရင်း “....သူတို့တွေ အသည်းအသန် ရန်ဖြစ်နေကြတာလေ၊ တစ်ယောက်ယောက် ဒဏ်ရာထပ်ရသွားရင် ဘယ်လိုလုပ်မလဲ...”

“အဲ့ဒါဆိုလည်း ရှင် သူတို့နှစ်ယောက်ကို ကွဲအောင် သွားလုပ်လိုက်ပါလား”

တင်းရှသည် မီးဖိုချောင်ထဲတွင် နှမ်းအနှစ်ကို မရှာဖွေခင် ရှောင်ကျွင်းကို ခေါက်ဆွဲသွားဝယ်ခိုင်းလိုက်သည်။

သူမသည် ဖန်ဘူးနှစ်ဘူးစာ နှမ်းအနှစ်ကို ဇလုံအကြီးတစ်လုံးထဲသို့ လောင်းထည့်လိုက်ပြီး ရေနှင့်နှမ်းဆီ နည်းနည်းထည့်လိုက်သည်။ ထိုအနှစ်ကို ချောမွေ့ပြီး မကပ်တော့သည်အထိ မွှေနေသည်။ ထို့နောက် သူမသည် ကြက်သားပြုတ်ရည်၊ ပဲငံပြာရည် အကြည်နှင့် အနှောက်၊ ရှာလကာရည်တို့ကို ထည့်ကာ သမအောင် မွှေလိုက်သည်။

သူမဘေးတွင် ဝမ်ဝမ်းဟောင်သည် သခွားသီးများကို ဓါးဖြင့် ရွှတ်ခနဲ ရွှတ်ခနဲ အချောင်းလိုက် ပါးပါးလှီးနေသည်။ ဓါးဖြင့်လှီးခိုင်းခြင်းမှာ ရှောင်ကျွင်းသည် အခြားကိရိယာများကို သုံးပြီးမလုပ်စေပဲ ဝမ်ဝမ်းဟောင်၏ ဓါးကိုင်သည့်စကေး တိုးတက်လာစေချင်သောကြောင့် ဖြစ်သည်။

ရေလည်း စတင်ပွက်လာသည့်အချိန်တွင် ဝယ်ခိုင်းထားသော ခေါက်ဆွဲများလည်း ရောက်လာခဲ့သည်။ တင်းရှသည် အိုးကြီးထဲသို့ လက်တစ်ဆုပ်စာ ခေါက်ဆွဲများကို ပြုတ်ရန် ထည့်လိုက်သည်။ ထို့နောက် ထိုခေါက်ဆွဲများကို ရေခဲရည်ထည့်ထားသော ပန်းကန်လုံးကြီးထဲသို့ ထည့်ကာ အလျင်အမြန် အအေးခံလိုက်သည်။ ထိုသို့လုပ်ခြင်းသည် ခေါက်ဆွဲသားကို ကိုက်လိုက်သည့်အခါ ထုပ်ထုပ်လေး ဖြစ်စေသည်။

အအေးခံပြီးသောအခါ ခေါက်ဆွဲများကို ဆည်ပြီး နှမ်းဆီနှင့်လှိမ့်ကာ ဇလုံအကြီးထဲသို့ ထည့်ထားလိုက်သည်။

သူမသည် လှီးထားသော နံနံပင်၊ နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူနှင့် မတ်ပဲပင်ပေါက်တို့ကို ဘေးတွင် ပုံထားသည်။

နောက်ဆုံးတွင် သူမသည် စားပွဲပေါ်၌ ခေါက်ဆွဲ၊ သခွားခြစ်၊ မတ်ပဲပင်ပေါက်၊ နံနံပင်၊ နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်ဆီအစပ်၊ နှမ်းအနှစ်တို့ကို စားမည့်လူများ သူတို့စိတ်ကြိုက် အနည်းအများထည့်စားနိုင်စေရန် တစ်ပုံချင်းစီ ပုံထားလိုက်ပြီး ပန်းကန်လုံးများကို ချထားပေးသည်။

ရှောင်ကျွင်းသည် ခေါက်ဆွဲစားရသည်ကို ကြိုက်သောကြောင့် သူအရင်ဆုံး ပန်းကန်လုံးကြီးတစ်လုံး ယူကာ ထည့်စားလေသည်။ သူသည် ကြက်သွန်ဖြူအစိမ်း နှစ်မွှာကိုတောင် ခွာပြီး ခေါက်ဆွဲကို ပါးစပ်အပြည့်တစ်လုပ်စားတိုင်း တွဲစားရန်အတွက် ဖြစ်သည်။ အနံ့အရသာစူးရှနေမှုသည် ပါးစပ်သရေကျသဖွယ်ဖြစ်နေသည်။

ထိုသို့ပူလောင်သောနေ့တွင် ပါးစပ်အပြည့် အနံ့အရသာပြည့်စုံသော ခေါက်ဆွဲအေးတစ်ခွက်ကို စားလိုက်ရသည်မှာ အပူဒဏ်မှ ကယ်တင်ခြင်းကို ခံလိုက်ရသလို ဖြစ်နေသည်။

တုရိုရိုသည် ပျော်ရွှင်သော မျက်နှာအမူအရာဖြင့် စားသောက်နေလေသည်။

အဆုံးတွင် သူတို့အားလုံးသည် ခေါက်ဆွဲများကို ကုန်အောင် အပြတ်ရှင်းလိုက်ပြီး ဗိုက်တင်းတင်းဖြင့် မလှုပ်မယှက်နိုင် ထိုင်နေကြသည်။

အပြင်ဖက်တွင် ပုရစ်များသည် နွေရာသီ၏ ရှေ့တော်ပြေးများအဖြစ် တေးသံသာများ တွန်ကြူးနေစဉ် ချွေးများစိုရွဲနေသော လမ်းသွားလမ်းလာသည် ဆိုင်ထဲသို့ ဝင်လာသည်။ “စားပွဲထိုးလေး စားစရာ အေးအေးလေး တစ်ခု ချပေးစမ်း”

“ပူလိုက်တဲ့ ရာသီဥတု!”

ထိုလမ်းသွားလမ်းလာတစ်ယောက်သည် မကျေမနပ်နှင့် ပွစိပွစိပြောနေပြီး မျက်နှာတွင်လည်း ချွေးများ တောက်တောက်ကျနေသည်။ “ငါ အပြင်ထွက်လာတာ စျေးဝယ်ထွက်ဖို့လား ရေချိုးဖို့လားတောင် မသိတော့ဘူး”

တုရိုရိုသည် မနေနိုင်ပဲ ကြိတ်ပြီးရယ်လိုက်သည်။ “ဟုတ်ပ အခုရက်ပိုင်းက အရင်ရက်တွေထက် ပိုပူလာတယ် အပြင်ထွက်ပြီး လမ်းလျှောက်ထွက်တာက ကိုယ့်ကိုကိုယ် နှိပ်စက်နေသလိုပဲ ဟုတ်တယ်မလား”

“ဟုတ်ပ” လမ်းသွားလမ်းလာသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “ထပ်ပြီး မလျှောက်နိုင်တော့ဘူး တော်ပြီ ဒီမှာစားပြီးရင် အိမ်ပြန်ပြီး လှဲပဲလှဲနေတော့မယ် ပူလောင်နေတာပဲ”

“အိုး? အနံ့မွှေးမွှေးနဲ့ ခင်ဗျားတို့ ဘာစားနေကြတာလဲ” သူသည် နှာခေါင်းကို ရှံ့လိုက်ပြီး လေထဲတွင် သင်းပျံ့နေသော ရနံ့လေးကို ရှူရှိုက်လိုက်သည်။

“ကျွန်မတို့ စားလို့ပြီးသွားပြီ” တုရိုရိုသည် စားပွဲပေါ်ရှိ အထဲတွင် သိပ်မပြောင်သေးသော ပန်းကန်လုံးများနှင့် တူများကို လက်ညှိုးထိုးပြလိုက်သည်။ “နှမ်းခေါက်ဆွဲအေးပါ”

“ဟေး ငါ့ကိုလည်း တစ်ပွဲလုပ်ပေး! နှမ်းခေါက်ဆွဲအေး!” သူသည် ချက်ချင်းပင် စွာတာတာအသံဖြင့် ပြောလိုက်သည်။ “အဲ့ဟာအရမ်းကြိုက်တယ်၊ ကြက်သွန်ဖြူလည်း ထည့်ပေးဦး၊ အရမ်းအရသာရှိ!”

တင်းရှသည် မနေနိုင်ပဲ ရှောင်ကျွင်းဖက် လှည့်ပြောလိုက်သည်။ “ရှင့်အတိုင်းပဲ”

ရှောင်ကျွင်းသည် သူ့ပါးစပ်မှ ဘာမှမပြောထွက်ပေ။ အကြောင်းမှာ သူ့ပါးစပ်မှ ကြက်သွန်ဖြူနံ့မှာ ထွက်လာပြီး တင်းရှ ထွက်ပြေးသွားမည် စိုးသောကြောင့် ဖြစ်သည်။

ဝမ်ဝမ်းဟောင်သည် မတ်တပ်ရပ်လိုက်ပြီး “ကျွန်တော်သွားလုပ်လိုက်မယ်၊ ကျွန်တော့်ရဲ့ ဆရာနဲ့ ဆရာကတော် နားပါစေ”

သူသည် ထိုသို့ပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

အခန်းအတွင်း အမှုန့်အမွှားလေးများ ကျလာပြီး အလင်းရောင်သည်လည်း နံရံပေါ်သို့ သင့်တင့်သော ထောင့်အနေအထားကနေ ကျရောက်သောအခါ တုရိုရိုသည် သူမ ကင်မရာကို ကောက်ယူလိုက်ပြီး “အစ်မတင်းရှ ကျွန်မတို့ ဒီနေ့ဘာဗီဒီယို ရိုက်ကြမလဲ”

“ချိုမြိန်တဲ့ ဟင်းနုနွယ် လိုင်ချီး နှင်းပွင့်ကိတ်မုန့်တွေ”

All Chapters