← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

“ဆန်ရိုးရိုးနဲ့ ကောက်ညှင်းဆန်ကို အမှုန့်ဖြစ်အောင် ထောင်းပစ်ရပါမယ်၊ လက်နဲ့ထောင်းရတာ အဆင်မပြေဘူးဆိုရင် ကြိတ်စက်ကို သုံးလို့ရပါတယ်၊ ရလာမည့်ဟာကတော့ အတူတူပါပဲ...”

“အဲ့ဒါပြီးရင် ရေနဲ့သကြားကို သင့်တင့်တဲ့အချိုးအစား ပြင်ထားပြီး ဖောင်းဖောင်းလေး ဖြစ်သွားစေမဲ့ အနေအထားလေးရအောင် လောင်းထည့်ပေးရပါမယ်၊ အဲ့အတွက်လည်း စိတ်မပူပါနဲ့၊ ဒီဗီဒီယိုရဲ့အဆုံးမှာ မှန်ကန်တဲ့ အချိုးအဆကို ကျွန်မပြပေးထားမယ်၊ အဲ့တော့ စိတ်ဝင်စားတဲ့လူတွေ အဆုံးထိ ကြည့်ပေးဖို့ မျှော်လင့်ပါတယ်ရှင့်”

“ဖောင်းဖောင်းလေး ဖြစ်လာပြီဆိုတော့ ဆန်ခါနဲ့ ထပ်စစ်ဖို့လိုပါသေးတယ်၊ အဲ့ဒါမှ ဒီအမှုန့်တွေကို ပိုနူးညံ့သွားစေပြီး texture(တက်စ်ချာ)လည်း ပိုကောင်းသွားစေမှာဖြစ်ပါတယ်....”

[texture(တက်စ်ချာ)ဆိုသည်မှာ အမှုန့်များ၏ အကြမ်း အချော အနေအထားကို ရည်ညွှန်းသော စကားလုံးဖြစ်ပါသည်။]

“နောက်တစ်ခေါက် ထပ်စစ်ရမှာကတော့ သကြားညိုအမှုန့်တွေပဲ ဖြစ်ပါတယ်၊ သူကတော့ ပိုနုတဲ့အမှုန့်တွေဖြစ်ဖို့ လိုပါတယ်၊ အကယ်၍ အိမ်မှာသုံးမဲ့ သကြားညိုက အခဲလိုက်ကြီးတွေဖြစ်နေတယ် ဆိုရင်တော့ ကြိတ်စက်နှင့် ကြိတ်လိုက်လို့ရပါတယ်ရှင့်”

“နောက်တစ်ဆင့်ကတော့ ကျွန်မတို့ ခုနက ယူလာတဲ့ လေးထောင့်ပုံစံခွက်လေးတွေကို ထုတ်ယူပြီး အဲ့ခွက်ထဲကို ကိတ်မုန့်ပေါင်ဒါ တစ်လွှာထည့်၊ သကြားညိုတစ်လွှာထည့် ပြီးရင် နောက်ထပ်ကိတ်မုန့်ပေါင်ဒါတစ်လွှာ ထပ်ထည့်ပြီး မျက်နှာပြင်ကို ညီအောင် လုပ်ရပါမယ်၊ ပုံစံခွက်ရဲ့ အရွယ်အစားပေါ်မူတည်ပြီး အတုံးသေးလေးတွေ ဖြစ်အောင်တုံးဖို့ လိုပါမယ်၊ ကျွန်မရဲ့ ပုံစံခွက်က သိပ်ပြီးမကြီးတော့ အတုံးလေးတွေ တုံးပြီး ပေါင်းလိုက်ရင် ဘာမှသိပ်မကျန်သလို ဖြစ်သွားမှာမို့ ကျွန်မကတော့ မတုံးတော့ပါဘူးရှင့်”

“အဲ့ဒါပြီးရင်တော့ မိနစ်သုံးဆယ်ခန့် ပေါင်းပြီး ကျက်သွားတဲ့အခါ အပြင်ကို ထုတ်လိုက်ပါ၊ ပုံစံခွက်ကနေ ထုတ်ပြီးရင်တော့ ပြင်ဆင်ထားတဲ့ သကြားရည်စိမ်သစ်သီးလေးတွေကို အပေါ်ကနေတင်လိုက်ရင် ရသွားပါပြီရှင့်”

“ရယ်ဒီမိတ် သကြားရည်စိမ်သစ်သီးတွေကိုလည်း ဝယ်ပြီး သုံးလို့ရပါတယ်ရှင့်၊ အဲ့အရသာကို မကြိုက်ဘူးဆိုရင်တော့ နောက်တစ်ခါ သကြားရည်စိမ်တရုတ်ဇီးသီးတွေ လုပ်နည်းကို သင်ပေးပါ့မယ်ရှင်”

တုရိုရိုသည် စားပွဲပေါ်ရှိ ကိတ်မုန့်များဆီသို့ ကင်မရာကို ချိန်ထားလေသည်။ အဖြူရောင်လေးထောင့်ကိတ်မုန့်လေးများကို စားပွဲပေါ်ရှိ သစ်သားပြားပေါ်တွင် သေသေသပ်သပ် အစီအရီထားထားသည်မှာ လက်ရာမြောက်ပြီး အလွန်တရာ လှပနေပါသည်။

“ကောင်းပါပြီရှင့်” တုရိုရိုသည် ရိုက်ကူးပြီးသောအခါ သူမသည် ကင်မရာကို ပိတ်လိုက်လေသည်။ “ကျွန်မ ဗီဒီယိုကို သွားအက်ဒစ်(edit)လိုက်ဦးမယ်နော်၊ နောက်မှပဲ အစ်မကို လာကူလို့ရတော့မယ်!”

“အင်းပါ သွားသွား ရတယ် စိတ်မပူနဲ့” တင်းရှသည် ခေါင်းညိမ့်ပြပြီး ရှောင်ကျွင်းဆီ ကိတ်မုန့်များ ယူသွားလေသည်။

သူမသည် ဗီဒီယိုရိုက်ပြီးတိုင်း လုပ်ထားသော ကိတ်မုန့်လေးတို့သည် ရှောင်ကျွင်းစားဖို့အတွက် သရေစာများ ဖြစ်လာလေသည်။

အချိုများကို နေ့တိုင်းစားသောကြောင့် သူမကြာခဏ သွားနာသည်ဟုပြောသည်မှာ သွားများတွင် အပေါက်များဖြစ်လာမလားဟူ၍ တင်းရှသည် အသည်းအသန် သံသယဖြစ်နေသည်။

အိမ်က လူအားလုံးသည် ဧည့်ခန်းတွင် အတူစုကာ တီဗွီကြည့်နေကြသည်၊ တင်းရှသည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး “ယောင်းမကုန်းရော ဘယ်ရောက်သွားလဲ ဘာလို့ မလာသေးတာလဲ”

“အိုး ယောင်းမကုန်းလား သူက စာဖတ်မျက်မှန်ဝယ်ဖို့ အပြင်ထွက်သွားတယ် လူကြီးကျွမ်းရဲ့ အဝတ်တွေက ပြဲတတ်တော့ သူကပြောတယ် အဲ့လူကြီးရဲ့ အဝတ်တွေကို သူပြန်ချုပ်ပေးနေကျတဲ့ ဒါပေမဲ့ အသက်ကကြီးလာပြီဆိုတော့ သိပ်မမြင်ရတော့ ပစ္စည်းကောင်းတွေရောင်းတတ်တဲ့ အဟောင်းဆိုင်မှာ စာဖတ်မျက်မှန် သွားဝယ်မလို့တဲ့” ဟု အဒေါ်ကျွမ်းက ပြောလိုက်သည်။

သူမထိုသို့ ပြောပြီးသည့်နောက်တွင် ယောင်းမကုန်းသည် စီလီလေးကို တွန်းကာ ဝင်လာခဲ့သည်။

“ရှောင်လဲ့?” တင်းရှသည် အံ့သြသွားပြီး သူ့ကို ကြည့်လိုက်သည်။ သူ့လက်မောင်းတွင် သေဆုံးမှုဝမ်းနည်းခြင်း အထိမ်းအမှတ် အမည်းရောင် လက်မောင်းစည်းကို ပတ်ထားမှန်း တွေ့လိုက်ရသည်။

“အစ်မတင်းရှ...” စီလီသည် ခေါင်းမာစွာနှင့် ထိန်းထားဖို့ ကြိုးစားသော်လည်း အားလုံး၏ ရင်းနှီးသော မျက်နှာများ၏ ဂရုစိုက်မှုကို မြင်လိုက်ရသောကြောင့် သူသည် မနေနိုင်တော့ပဲ ငိုချပစ်လိုက်သည်။

“ကျွန်တော့်အမေ....ကျွန်တော်....ကျွန်တော့်မှာ အမေမရှိတော့ဘူး....”

တင်းရှသည် လန့်ပြီးထခုန်လိုက်သည်။ ချက်ချင်းပင် သူ့ကို ထိုင်ဖို့ ဆွဲခေါ်လိုက်သည်။ “မငိုနဲ့ မငိုနဲ့ ဘာဖြစ်တာလဲ ပြော”

“အစ်မတင်းရှ...” စီလီသည် ငိုရှိုက်နေသည် “ကျွန်တော့်အမေ...အရက်အရမ်းသောက်ပြီး အရက်အဆိပ်တက်ပြီး....ကယ်လို့မရတော့ဘူး...”

တင်းရှသည် ခဏမျှ တန့်သွားသည်။ “...အိုး ဘုရားရေ….ဒါဆို.....အခုဘယ်လိုဖြစ်သွားပြီလဲ သေချာရော စီစဉ်ပြီးပြီလား နောက်ဆိုရင်ရော မင်းဘာဆက်လုပ်မှာလဲ ရှစ်ထုန်လေးရော ဘယ်လိုနေလဲ အဆင်ပြေရဲ့လား”

စီလီသည် မျက်ရည်ဝဲပြီး ပြောနေသည်။ “အိမ်နီးနာချင်းတွေက အသုဘအတွက် ကူပြီးစီစဉ်ပေးတယ် သူတို့ပြောတာက ရှစ်ထုန်လေးကို မိဘမဲ့ကျောင်း ပို့ရမယ်လို့ပြောတယ်၊ ကျွန်တော်...ကျွန်တော်လည်း သွားရမယ်တဲ့....”

တင်းရှသည် လမ်းပျောက်သွားသလို ခံစားနေရသည်။

“ကျွန်တော် မသွားလို့ မရဘူးလား၊ သူတို့ပြောတဲ့ အဲ့ဂေဟာကို ကျွန်တော်တစ်ခါ ရောက်ဖူးတယ်၊ အဲ့ကကလေးတွေအကုန် ငပေငတေ လူဆိုးတွေချည်းပဲ နေ့တိုင်း လူတွေကို အနိုင်ကျင့်ပြီး ရန်ဖြစ်နေကြတာ ရှစ်ထုန်လေးကို အဲ့ကို မသွားစေချင်ဘူး...”

တင်းရှသည် သူမစိတ်ကို စုစည်းလိုက်ပြီး ရှောင်ကျွင်းကို အသနားခံသလိုဖြင့် ကြည့်လိုက်သည်။

ရှောင်ကျွင်းသည် သူမဆီ လျှောက်လာပြီး စိတ်လေးလေးဖြင့် ပြောလိုက်သည်။ “မကြောက်ပါနဲ့ မင်းအခုဘာလုပ်ဖို့ တွေးထားလဲ ကိုယ် ကူညီပေးပါ့မယ်”

“ကျွန်တော်....ကျွန်တော် အစ်ကို့ဆီမှာ အလုပ်လုပ်ချင်တယ် အဲ့ဒါမှ ရှစ်ထုန်လေးကို ထောက်ပံ့ပေးလို့ရမှာမို့...” စီလီက ပြောခဲ့သည်။

“မင်းရှာတဲ့ပိုက်ဆံက မင်းတို့နှစ်ယောက် အတွက် မလောက်ဘူးဆိုတဲ့ဟာရော စဉ်းစားဖူးလား ပြီးတော့ ရှစ်ထုန်လေးက နောက်ဆို ကျောင်းတက်ရတော့မယ် သူလည်း ဆက်ပြီး ရှင်သန်ဖို့ လိုတယ်လေ”

“နောက်တစ်ခုရှိသေးတယ် မင်းအလုပ်လုပ်မယ်ဆိုရင် မင်းစာသင်တာအတွက် အနှောင့်အယှက်ဖြစ်လိမ့်မယ် အဲ့ခါကျ ဘယ်လိုလုပ်မလဲ အဲ့အတွက်ရော ထည့်စဉ်းစားပြီးပြီလား နောက်ထပ် လက်တွေ့ဆန်ဆန် စဉ်းစားရမှာ ရှိသေးတယ် မင်းတဖြေးဖြေးနဲ့ တက္ကသိုလ်တက်ဖို့ အရွယ်ရောက်လာရင်ရော အဲ့ဟာရော စဉ်းစားပြီးပြီလား”

ရှောင်ကျွင်းသည် စီလီနှင့် မျက်လုံးချင်းဆုံရန် ဆောင့်ကြောင့် တစ်ဝက်ထိုင်လိုက်ပြီး “မင်းက အခု အရွယ်ရောက်နေပါပြီ၊ ယောကျ်ားတစ်ယောက် ဖြစ်နေပြီ၊ မင်းမိသားစုအတွက် ပုခုံးပြောင်း တာဝန် ထမ်းချင်နေတာ သိပါတယ် ဒါပေမဲ့ မင်းမလုပ်ခင် သေသေချာချာ ဆုံးဖြတ်ချက်ချဖို့ လိုတယ် အဲ့လိုမှမလုပ်ရင် မင်းအတွက် အချိန်ကုန်ရကျိုးနပ်မှာမဟုတ်ဘူး”

“ကျွန်တော် သိပါတယ်” စီလီသည် ခေါင်းကို ငိုင့်စိုက်လုပ်ရင်း ပြောနေသည်။ “ကျွန်တော်လုပ်နိုင်တယ်၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ်၊ ကျွန်တော် ခံနိုင်ရည်ရှိပါတယ်...”

ရှောင်ကျွင်းသည် သူနားလည်အောင် မည်သို့ထပ်ရှင်းပြရမှန်း မသိဖြစ်နေပြီး ဤကိစ္စသည် စကားတစ်ခွန်းတည်းနှင့် ပြီးသွားသည့်အရာ မဟုတ်မှန်း သူ့ကို သိစေချင်နေသည်။

ထိုသို့ဖြစ်နေခြင်းမှာ ရှောင်ကျွင်းသည် သူ့ပိုက်ဆံကို ထပ်မသုံးချင်သောကြောင့်မဟုတ် စီလီနောက်ကျမှ နောင်တရသွားမည်ကို စိုးရိမ်နေသည်။ တစ်ညလုံးနောင်တများစွာနှင့် မျက်စိကြောင်နိုးနေပြီး နောက်တစ်နေ့ကို နောင်တများစွာနှင့် ဖြတ်ကျော်ရမည်ကို စိုးရိမ်နေသည်။

ယနေ့လုပ်ခဲ့သော သူ့ဆုံးဖြတ်ချက်သည် နောင်ဆယ်စုနှစ်များစွာတွင် ထိုဆုံးဖြတ်ချက်သည် မှန်လား မှားလားဟူ၍ ပြန်စဉ်းစားနေရမည့်အရာ ဖြစ်နေမှာစိုးသည်။

ပတ်ဝန်းကျင်အခြေအနေသည် ဟန်ပန်မကျသော အခြေအနေသို့ ရောက်လာလေသည်။

အဒေါ်ကျွမ်းသည် စီလီကို ကြည့်လိုက် ရှောင်ကျွင်းကို ကြည့်လိုက်နှင့် ရုတ်တရက် သူမပါးစပ်ကနေ “ကျွန်မမှာ အကြံတစ်ခုရှိတယ်” ပြောလိုက်သည်။

တင်းရှသည် သူမကို အံ့သြတကြီး ကြည့်လိုက်သည်။ “အဒေါ်?”

“ကျွန်မ....” အဒေါ်ကျွမ်းသည် ထိုစကားကို မနည်းပြောထွက်အောင် လုပ်နေပြီးနောက် တည့်တည့်ပင် ပြောချလိုက်သည်။

“တည့်တည့်ပဲ ပြောလိုက်တော့မယ်၊ မင်းတို့ကို မွေးစားဖို့ စဉ်းစားနေတာပဲ” အဒေါ်ကျွမ်းက ပြောခဲ့သည်။ “ငါကလည်း အခု တစ်ယောက်တည်းသမား၊ ငါ့ရဲ့ အဖိုးကြီးနဲ့ကလေးတွေကို ဆုံးရှံးခဲ့ပြီးပြီ၊ ပြီးတော့ ဒီအသက်အရွယ်နဲ့လည်း နောက်ထပ် ဘယ်သူ့ကိုမှ မလုပ်ပေးချင်တော့ပါဘူး၊ သူများကိစ္စကိုလည်း ဝင်မစွက်ဖက်ချင်ပါဘူး၊ ဒါပေမဲ့ မင်းတို့ကို မွေးစားပြီး ရှစ်ထုန်လေးနဲ့အတူ ငါ့ရဲနေ့ရက်တွေကို ဖြတ်သန်းချင်တယ်၊ မင်းတို့အတွက် စာသင်ဖို့နဲ့ စားဖို့သောက်ဖို့ ထောက်ပံ့ပေးမယ်၊ နောက်ပြီး နောက်ပိုင်း မင်းတို့အတွက် မလုပ်ပေးနိုင်တော့ရင် ငါအသက်ကြီးလာတဲ့ အဲ့ခါကျမှ ပြန်ပြီးထောက်ပံ့ပေါ့” ဟူ၍ စီလီကိုပြောလိုက်သည်။

“မင်းဘယ်လို သဘောရလဲ၊ အဲ့လိုလုပ်ချင်ဖို့ ဆန္ဒရှိရဲ့လား”

စီလီသည် မျက်ရည်များကို သုတ်လိုက်ပြီး “ ကျွန်တော် ဆန္ဒရှိပါတယ်”

သူသည် ထိုလူများကို ပတမဆုံးတွေ့လိုက်သောအချိန်တွင် သူတို့၏ ကြင်နာမှုကို လက်ခံရရှိပြီး သူ့ကိုယ်သူ တိတ်တိတ်လေး တွေးလိုက်သည်မှာ သူတို့သည် မိသားစုဖြစ်ခဲ့လျှင်....

အခုတော့ တကယ်ဖြစ်လာနိုင်ခဲ့လေပြီ။

စီလီသည် သူ့လက်မောင်းတွင် ပတ်ထားသော သေဆုံးမှုဝမ်းနည်းခြင်း အထိမ်းအမှတ် အမည်းရောင် လက်မောင်းစည်းကို ထိကိုင်လိုက်ပြီး သူ့နှလုံးသားထဲတွင် တိတ်ဆိတ်စွာ ဖြေရှင်းချက်ပေးနေသည်။

အမေ၊ ကျွန်တော့်ကို မွေးပေးခဲ့ပေမဲ့ တစ်ခါမှ ကျွန်တော့်ကို ထွေးပွေ့ဖက်ပေးတာမျိုးမရှိခဲ့ဘူး၊ ရှစ်ထုန်လေးလည်း အမေ့မေတ္တာကို တစ်စက်မှ မရခဲ့ဘူး။

ကျွန်တော်အလုပ်လုပ်ရင်း သိလာတာက ဒီနှစ်တွေမှာ ကျွန်တော်ပိုက်ဆံရှာပြီး အမေ့အတွက် အရက်ဖိုးနဲ့ စားဖို့သောက်ဖို့ ရှာပေးခဲ့တဲ့အတွက် သားတစ်ယောက် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပြီး ကျေးဇူးဆပ်နိုင်ခဲ့ပြီးပြီလို့ ထင်တယ်။

အခုကစပြီး ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေတော့မယ်။

ရေစက်သာရှိဦးမယ်ဆိုရင် ကျွန်တော်တို့တတွေ နောက်ဘဝမှာ သားအမိတွေအဖြစ် တရင်းတနှီး နေကြမယ်။

ထိုသို့စဉ်းစားပြီး စီလီသည် မတ်တပ်ရပ်ကာ စိတ်ရောကိုယ်ပါ နက်ရှိုင်းစွာဖြင့် အဒေါ်ကျောက်ကို ဦးညွှတ်လိုက်ပါသည်။ “ ကျွန်တော်တို့ကို မွေးစားပေးတာကို ဆန္ဒရှိပါတယ်”

အဒေါ်ကျွမ်းလည်း ပျော်ရွှင်စွာ ပြုံးရယ်သွားပြီး “ကောင်းပြီ ကောင်းပြီ....”

“အဒေါ်၊ အဒေါ်က ကျွန်တော်တို့ကို မွေးစားပေးမယ်ဆိုတော့ ကျွန်တော်တို့ အိမ်က နည်းနည်း စုတ်နေပေမဲ့ လေနဲ့မိုးဒဏ်ကိုတော့ ကာနိုင်ပါသေးတယ်၊ ကျွန်တော် နေ့တိုင်း သန့်ရှင်းရေး သေချာလုပ်ထားလိုက်ပါ့မယ်၊ အချိန်မရွေး အဒေါ်လာနေဖို့ကို ကြိုဆိုပါတယ်ဗျာ” စစ်လဲ့သည် သော့ကို သူ့အိတ်ကပ်ကနေ ထုတ်လိုက်သည်။

“ဒီဟာတွေက အိမ်သော့တွေပါ၊ အလုပ်မရှုပ်ဘူးဆိုရင် ဒီသော့တွေနဲ့ ရင်းနှီးသွားအောင် ကျွန်တော်ပြောပြပေးမယ်”

“အလျင်မလိုပါဘူးကွယ် အလျင်မလိုပါဘူး” အဒေါ်ကျောက်သည် လက်ကို ဝှေ့ယမ်းရင်း သော့များကို ငြင်းလိုက်သည်။ “တရားဝင် မွေးစားဖို့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်းလုပ်ဖို့ လိုသေးတယ်၊ အဲ့တာအတွက် သေသေချာချာ လုပ်ရမယ်”

ထိုသို့ပြောပြီး အဒေါ်ကျွမ်းသည် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ “ရှစ်ထုန်လေးရော အဲ့ကောင်လေးကရော”

စီလီသည် “ကျွန်တော် သူ့ကို အိမ်နီးနားချင်း အဒေါ်တစ်ယောက်အိမ်မှာ ထားခဲ့တယ်၊ သူလည်း ခုတလော နေမကောင်းဖြစ်တတ်နေတော့ အအေးမိသွားမှာစိုးတယ်”

“ကျွန်တော့်မှာ အမေ့ဖုန်းရှိတယ်၊ အဲ့တော့တစ်ခုခုဖြစ်ရင် အဲ့အဒေါ်က ကျွန်တော့်ကို ဆက်သွယ်လိမ့်မယ်”

ထိုသို့ပြောပြီး မကြာခင်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်၊ စစ်လဲ့သည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ အိမ်နီးနားချင်း အဒေါ်၏ ဖုန်းဖြစ်နေသည်။

“အဒေါ်?”

“ရှောင်လဲ့! အခြေအနေ မကောင်းတော့ဘူး! ငါစာရွက်စာတမ်းတစ်ချို့ သွားယူဖို့ အပြင်ခဏလေးပဲ ထွက်သွားလိုက်တာ ပြန်လာတော့ ရှစ်ထုန်လေး မရှိတော့ဘူး!”

“ဘာ?” စီလီလည်း ပျာယာခတ်သွားသည်။

“ပြန်လာတော့ တံခါးကပွင့်နေပြီး ဝင်ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ လှဲနေတဲ့ ရှစ်ထုန်လေးကို မတွေ့တော့ဘူး!”

“အဒေါ်ရေ အနီးအနားဝန်းကျင်ကိုလည်း ရှာကြည့်ဦး၊ ကျွန်တော်ချက်ချင်း အိမ်ကို ပြန်လာခဲမယ်!” စီလီသည် နောက်လှည့်ပြီး ပြေးထွက်သွားသည်။

“ငါမင်းကို မောင်းပို့ပေးမယ်” ရှောင်ကျွင်းသည် အေပရွန်ကို ချွတ်ပြီး နောက်ကလိုက်ခဲ့သည်။

တင်းရှသည် ယောင်းမကုန်းနှင့် တုရိုရိုကို ဆိုင်ကိုကြည့်ထားခိုင်းပြီး အဒေါ်ကျွမ်းနှင့် ဝမ်ဝမ်းဟောင်ကို သူမနှင့်အတူ လိုက်ခဲ့ဖို့ ခေါ်လာခဲ့သည်။ လူများများနှင့် ရှာလျှင် ပိုမြန်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။

“ရှစ်ထုန်လေးက ဘယ်သွားနေပါလိမ့်.....”

စီလီသည် ထိုအကြောင်းကို စဉ်းစားမိပြီး ငိုချတော့မလို ပျာယာခတ်နေသည်။

“အား! ကျွန်တော်သိပြီ! ရှစ်ထုန်လေးက အဲ့မှာပဲ ဖြစ်လိမ့်မယ်!”

All Chapters