← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

တင်းရှတို့အုပ်စုသည် နောက်ဆုံးတွင် သူတို့အရင်ဆိုင်လေး၏ လိပ်စာအတိုင်း မောင်းချသွားသည်။ ထင်ထားသည့်အတိုင်းပင် ထိုနေရာ ရောက်သောအခါ လူရိပ်သေးသေးလေးသည် ဖုန်တက်နေသော တံခါးကို မှီကာ အထဲသို့ ကြည့်နေသည်။

“ရှစ်ထုန်!” စီလီသည် ကားသေချာရပ်သည်ကို မစောင့်နိုင်ပဲ အမြန်ပြေးသွားကာ ရှစ်ထုန်လေးကို ကောက်ချီလိုက်သည်။

ရှစ်ထုန်တစ်ကိုယ်လုံးကို ဖက်လိုက်ကာ ဒဏ်ရာများ ရှိမရှိကြည့်လိုက်ပြီးမှသာ စီလီတစ်ယောက် နောက်ဆုံးတွင် စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။

မြေကြီးပေါ်တွင် အားနည်းစွာ ထိုင်နေပြီး ရှစ်ထုန်ကို သူဆူပစ်ချင်သည်။ သို့သော် အဆုံးတွင် သူတစ်ခွန်းမှ ပြောမထွက်ပေ။ သို့သော် ဤသို့ပြောလိုက်သေးသည်။ “မင်းကြောင့် လန့်သေတော့မှာပဲ...”

ရှစ်ထုန်လေးလည်း ထိုင်ချလိုက်ကာ နည်းနည်းမည်းနေသော သူ့မျက်နှာကို စီလီမျက်နှာနှင့် ပွတ်သပ်ပြီး ညင်သာစွာ ခေါ်လိုက်သည်။ “အစ်ကို...၊ ဒေါ်ကြီးက တံခါးမဖွင့်ပေးဘူး”

စီလီသည် လှုပ်လည်းမလှုပ် စကားလည်းမပြောပဲ ရှစ်ထုန်ကိုသာ ကြည့်နေလေသည်။

ရှစ်ထုန်က နောက်တစ်ခါ ထပ်ပြောလိုက်သည်။ “ဒေါ်ကြီးက တံခါးမဖွင့်ပေးဘူးလို့”

သူသည် အနည်းငယ် နာကျင်သလို ခံစားနေရသည် “ဒေါ်ကြီးက တံခါးမဖွင့်ပေးဘူး...ရှစ်ထုန်တံခါးခေါက်နေတာ ကြာလှနေပြီ...”

သူလက်လေး နှစ်ဖက် နီနေသည်ကို စီလီအား ပြလိုက်သည်။

ထိုလက်လေးများကို ကြည့်ပြီး စီလီသည် ရင်ဘတ်ထဲ နောက်ထပ် နာကျင်သွားသလို ခံစားလိုက်ရသည်။ “မင်းရူးနေလား ဘယ်သူမှ တံခါးလာမဖွင့်ပေးရင် တံခါးကို ဆက်ခေါက်မနေနဲ့!”

“ဒေါ်ကြီးကို သတိရလို့....” ရှစ်ထုန်သည် စီလီကို မျက်တောင်ခတ်ကြည့်ရင်း စီလီက သူ့လက်ဖဝါးပေါ်သို့ လေမှုတ်ပေးနေသည်။ ရှစ်ထုန် နောက်ထပ်ရယ်လိုက်သည်။

သူ့လက်ဖဝါးလေး လေမှုတ်ခံရပြီး ယားသောကြောင့် ဖြစ်သည်။ ရှစ်ထုန်လည်း မခံနိုင်ပဲ သူ့လည်ပင်းလေး တွန့်တက်သွားသည်။

အဒေါ်ကျွမ်းသည် ကားထဲမှထွက်လာပြီး ငပေါလေးရှစ်ထုန်သည် စီလီကို ပြုံးပြနေသည်ကို မြင်တော့မှသာ သူမစိတ်အေးသွားတော့သည်။

“ရှစ်ထုန်!”

အဒေါ်ကျွမ်း၏ သူများနှင့်မတူ လူတွေကို ခေါ်တတ်သော အသံကို ကြားပြီး ရှစ်ထုန်သည် ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူလိုက်ရှာနေသူကို တွေ့သွားသောကြောင့် သူသည် ပျော်ရွှင်စွာ စီလီကို ရိုက်လိုက်သည်။

“ဒေါ်ကြီး! ဒေါ်ကြီး!”

စီလီသည် ပြုံးပြီးသူ့ကို ကောက်ချီလိုက်သည်။ “ဟုတ်တယ် ဒေါ်ကြီးပဲ ဒါပေမဲ့အခုကစပြီး အမေလို့ခေါ်ရမယ်”

“အမေ?” ရှစ်ထုန်သည် နားမလည်သည့်ပုံစံဖြင့် ထပ်ခါထပ်ခါ ခေါ်နေသည်၊ စီလီလက်မောင်းရှိ တွန့်နေသော လက်မောင်းစည်းကို ထိရင်း “အမေက အိပ်နေတယ်လေ...”

သူသည် နောက်ဆုံးတွေ့ခဲ့သော သူ့အမေမှာ လူသေရုံတွင် လှဲလျောင်းနေသည်ကို ပြောနေခြင်းဖြစ်သည်။ သူဘယ်လောက်ခေါ်ခေါ် မနိုးတော့ပေ။

“မင်း အခုထိနားမလည်သေးဘူးလား…” စီလီက နောက်တစ်ခေါက်ပြုံးပြလိုက်သည်။ “ထားလိုက်ပါတော့၊ မင်း နောက်ကျရင် သိလာလိမ့်မယ်”

သူသည် ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်နေသော ရှစ်ထုန်လေးကို အဒေါ်ကျောက်ဆီ လှမ်းပေးလိုက်သည်။ အဒေါ်ကျောက်သည် သူ့ကို ချီလိုက်ပြီး “အမလေး၊ ဒေါ်ကြီး ကြည့်ဦးမယ်၊ မင်း ဘယ်လိုဖြစ်လို့ ဒီလိုပိန်ပိန်လေး ဖြစ်သွားတာလဲ ငါ့ရဲ့ ဝက်ကလေး ဘယ်ရောက်သွားပြီလဲ”

ရှစ်ထုန်သည် အရင်လအနည်းငယ်ကဖြစ်ပျက်ခဲ့သမျှကို အချိန်တိုအတွင်း မေ့သွားခဲ့လေသည်။ အဒေါ်ကျွမ်းလက်ပေါ်တွင် ပျော်ပျော်ကြီး အချီခံရင်း တင်းရှနှင့်ရှောင်ကျွင်းသည် သူ့ဆီလျှောက်လာသည်ကို တွေ့ပြီး တင်းရှကိုကြည့်ပြီး ခေါ်လိုက်သည်။ “ဗိုက်ပူကြီး….”

“ဗိုက်ပူကြီး မဟုတ်တော့ဘူး၊ ညီလေးတစ်ယောက် မွေးလာပြီ၊ သွားကြည့်ကြမလား” တင်းရှသည် သူ့မျက်နှာလေးကို ဆွဲဆိတ်ရင်း ပြောလိုက်သည်။

“ညီလေး!ညီလေး!” ရှစ်ထုန်သည် အလွန်ပျော်သွားသည်။

ထို့နောက် ထိုလူအုပ်စုမှာ ကလေးနှစ်ယောက်နှင့်အတူ ဆိုင်လေးသို့ မောင်းပြန်သွားသည်။

တုရိုရိုသည် ဟိုလှမ်းကြည့် သည်လှမ်းကြည့်နှင့် စိတ်နှင့်ကိုယ်မကပ်ပဲ တံခါးဝတွင် တစ်ချိန်လုံး စောင့်နေလေသည်။ ရင်းနှီနေသော ကားပုံစံကို အဝေးကနေ လှမ်းမြင်လိုက်ရတော့မှသာ သူမသည် ပျော်ရွှင်စွာ အော်လိုက်သည်။ “သူတို့ပြန်လာပြီ၊ သူတို့ပြန်လာပြီ!”

ကားရပ်လိုက်သောအခါ သူမသည် တံခါးကိုဖွင့်ကာ ပြေးသွားလေသည်။ “ဘယ်လိုလဲ ရှစ်ထုန်လေးကို ရှာတွေ့ရဲ့လား”

အဒေါ်ကျွမ်းသည် ရှစ်ထုန်လေးကို ချီရင်း ကားထဲမှ ထွက်လာသည်။ “ဒီမှာလေ သူပေါ့ ကောင်စုတ်လေးက...”

တုရိုရိုသည် သူ့ကို နည်းနည်း စနောက်လိုက်သည်။ သရေကျကာ အိပ်ငိုက်နေသည်ကို မြင်ပြီး တုရိုရိုသည် သူ့ကို အထဲပေးဝင်ခိုင်းလိုက်သည်။

အဒေါ်ကျွမ်းသည် ရှစ်ထုန်လေးကို ချော့သိပ်ပြီးနောက် တင်းရှသည် စီလီကို မေးခဲ့သည်။ “ရှစ်ထုန် ဘာဖြစ်ခဲ့တာလဲ”

သူမသည် ရှစ်ထုန်မှာ ကပ်ရောဂါကြီး မဖြစ်ခင်တုန်းကနှင့် ယခုပုံစံမတူမှန်း သိလိုက်သည်။

“သူ...” စီလီသည် အနည်းငယ် စိတ်ညှိုးနွမ်းနေသည်။

“အဲ့တုန်းက ကျွန်တော်လည်း မသိလိုက်ဘူး ဘာလို့လဲဆိုရင် ညနေပိုင်းအတန်းတက်နေခဲ့လို့၊ ကျွန်တော်အိမ်ပြန်ရောက်တော့ သူတစ်နေ့လုံး ဖျားနေခဲ့တာ ဂရုစိုက်ပေးမဲ့လူလည်း တစ်ယောက်မှ မရှိခဲ့ဘူး၊ အမေ ဘယ်ထွက်သွားလဲ မသိခဲ့ဘူး၊ တံခါးကလည်း သော့ခတ်ထားတော့ ရှစ်ထုန်လေးခမျာ အပြင်မထွက်နိုင်ခဲ့ဘူး”

“ကျွန်တော် ဆေးရုံကို ခေါ်သွားတဲ့အချိန်မှာ ရှစ်ထုန်က ဒီလိုပုံစံဖြစ်သွားတာ”

“ဆရာဝန်ပြောတာတော့ သူကနည်းနည်း ဉာဏ်ထိုင်းသွားလိမ့်မယ်တဲ့ နှေးနှေးကွေးကွေး တုံ့ပြန်လိမ့်မယ် ဒါပေမဲ့ ဉာဏ်လုံးဝ တုံးသွားတာတော့ မဟုတ်ဘူးတဲ့”

စီလီသည် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ သူသာ အိမ်ကို နောက်ကျမှ ပြန်မလာခဲ့ဘူးဆိုလျှင် ရှစ်ထုန်လည်း ဤသို့ဖြစ်သွားမည် မဟုတ်ပေ။

“ရှစ်ထုန်က အခုနှေးနှေးကွေးကွေးနဲ့ ဉာဏ်ထိုင်းသွားတော့ သူ အနိုင်ကျင့်ခံရမှာ ကျွန်တော် ကြောက်မိတယ်၊ အဲ့ဒါကြောင့် သူ့ကို အဲ့မိဘမဲ့ဂေဟာဆီ မသွားစေချင်ဘူး၊ အဲ့နေရာက အရမ်းကြောက်ဖို့ကောင်းတယ်”

“အခုတော့ စိတ်ချသွားရပြီ၊ နောက်ဆို သူ့ကို ကျွန်တော်တို့ ဖြေးဖြေးချင်း သင်ပေးပြီး ဖြေးဖြေးချင်း ကုသွားမှာပါ၊ သူလုံးဝကို ပြန်ကောင်းလာစေရမယ်” တင်းရှသည် စီလီ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “သူနှေးနှေးလေးပဲ တုံ့ပြန်တတ်တယ်ဆိုတော့ အစ်မတို့တွေ ဖြေးဖြေးချင်း လေ့ကျင့်ပေးကြမယ်လေ”

စီလီခေါင်းအနောက်ကို ကြည့်ရင်း တင်းရှသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူသည် ကလေးသာ ရှိသေးသည်။ အဘယ်ကြောင့် ဤသို့ကိစ္စများကို ခံစားနေရသနည်း။

ရှောင်ကျွင်းသည် တင်းရှပုခုံးပေါ် ပုတ်လိုက်သည်။ တင်းရှသည် သူ့ကို ပြုံးပြပြီး မီးဖိုချောင်ဖက်သို့ လှည့်ထွက်သွားခဲ့သည်။

ကလေးနှစ်ယောက်သည် ဒီလိုပုံစံနှင့် ဆာလောင်နေမည်မှာ အသေအချာပင်၊ သူမသည် သူတို့နှစ်ယောက်အတွက် စားကောင်းသောအရာ တစ်ခုခု လုပ်ပေးချင်နေသည်။

သူမသည် ကြက်ရင်ဘုံသားကို အတုံးများတုံးလိုက်ကာ အသားအနှစ်ဖြစ်သည်အထိ ကြိတ်လိုက်သည်။ ရေနွေးဖျောထားသော ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီနှင့် ပြောင်းဖူးဆံ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းနှင့် မုန်လာဥနီတို့ကို အတုံးသေးများ တုံးလိုက်သည်။

ပါဝင်ပစ္စည်းအားလုံးကို ရောသမမွှေပြီးနောက် သူမသည် ငရုတ်ကောင်း၊ ကော်မှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ ခရုဆီနှင့် ဆားတို့ကို အရသာအတွက် ထည့်လိုက်သည်။ သူမသည် လက်တစ်ဖဝါးစာ မုန့်ပြားများအဖြစ် ပုံစံမဖော်ခင် လားရာတစ်ဖက်တည်းကိုသာ ပုံသေမွှေနေသည်။ မျက်နှာပြင်နှစ်ဖက်စလုံး ရွှေညိုရောင် သမ်းလာသည်အထိ ဒယ်အိုးထဲ ထည့်ကြော်လိုက်သည်။

သူမသည် တစ်ဖက်တွင်လည်း ဝမ်ဝမ်းဟောင်ကို ကြက်ဥအစက်ချ ရေညှိဟင်းရည်တစ်အိုးကို ချက်ထားခိုင်းသည်။

စားစရာများ အဆင်သင့်ဖြစ်သွားသောအခါရှစ်ထုန်လေးလည်း ယိုင်တိယိုင်တိုင်ဖြင့် နိုးလာသည်။ အိပ်ရာပေါ်တွင် ငူငူကြီး ထိုင်နေပြီး ငိုလည်းမငို ပြသာနာလည်း မရှာပေ။ မျက်စိက မသဲမကွဲနှင့် သူ့ခြေထောက်လေးကို ငေးကြည့်နေသည်။

အဒေါ်ကျွမ်းသည် ဝင်လာပြီး သူ့မျက်နှာသေးသေးလေးကို ကိုင်လိုက်သည်။ “ဗိုက်ဆာနေလား”

ရှစ်ထုန်သည် ငူငူကြီး ခေါင်းညိမ့်လိုက်သည်။

“လာသွားစားကြရအောင်!” အဒေါ်ကျွမ်းက သူ့ကို ကောက်ချီခဲ့သည်။

မုန့်ပြားလေးများသည် အနံ့မွှေးပြီး နူးညံ့ကာ အသားများသည်။ ထိုကောင်လေးနှစ်ယောက်သည် ခေါင်းမထောင်စတမ်း စားနေကြသည်။

နောက်ဆုံးတွင် သူတို့သည် ဟင်းရည်တစ်အိုးလုံးကို သောက်ချပစ်လိုက်သည်။ ထိုအိုးမှာ စီလီသောက်ထားသောကြောင့် ဟင်းရည်မှာ အိုးတစ်ဝက်ကျိုးနေပြီးသားဖြစ်နေသည်။ ရှစ်ထုန်သည် ဗိုက်တင်းသွားပြီ ဖြစ်သောကြောင့် အမှတ်မထင် သူ့လက်ချောင်းလေးများကို ဆော့နေလေသည်။

“အဒေါ်၊ ကျွန်တော် အိမ်ကိုရောင်းပြီး ရှစ်ထုန်လေးကို အဒေါ်နဲ့ အတူနေစေချင်တယ်၊ အဲ့လိုဆို အဆင်ပြေနိုင်မလား” စီလီက ပြောခဲ့သည်။

“အား?ဘာ?အိမ်ကိုရောင်းမယ်?မင်းဘယ်မှာ သွားနေမလို့လဲ?” အဒေါ်ကျွမ်း လန့်သွားသည်။

“ကျွန်တော် ကျောင်းမှာနေလိုက်လို့ရတယ်၊ အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲကလည်း လာတော့မှာဆိုတော့၊ အထက်တန်းကျောင်း ဝင်ခွင့်ရပြီးရင် ကျောင်းမှာနေဖို့ လျှောက်ထားလိုက်မယ်၊ ရှစ်ထုန်က အဒေါ့်ကို သိပ်သဘောကျတာ ပြီးတော့ အဒေါ်နဲ့ဆိုရင် ကျွန်တော် သူ့ကိုစိတ်ချလို့ရပြီ”

“နောက်ရက်ပိုင်းလောက်ကျရင် အမေ့အသုဘအစီအစဉ်တွေလည်း ပြီးတော့မှာဆိုတော့ အိမ်ရောင်းဖို့ ပွဲစားရှာထားလိုက်တော့မယ်”

“မဖြစ်ဘူး မင်းအိမ်ကို ဆက်ထားထားတာ ကောင်းမယ်” အဒေါ်ကျွမ်းက သဘောမတူကြောင်း ပြောလိုက်သည်။ “အိမ်ရောင်းပြီး ဘာလုပ်မလို့လဲ? ငါပြောတာနားထောင်၊ စကားကို ဒဲ့ဒိုးပြောတတ်တယ်တော့ မထင်လိုက်နဲ့၊ ဒါပေမဲ့ အိမ်ရှိနေရင် မင်းမှာ စိတ်အေးအေးနေစရာ အိမ်တစ်လုံးကို အမြဲပိုင်ဆိုင်ထားနိုင်မှာလေ”

“မင်းအိမ်သာရောင်းလိုက်ရင်၊ မင်းမှာ အိမ်ဆိုတာ နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး”

သို့သော် စီလီသည် ခေါင်းခါလိုက်သည်။ “ဒီအိမ်က ကျွန်တော့်အတွက် အဲ့လောက် အဓိပ္ပါယ်မရှိဘူး၊ ရောင်းပြီး ပိုက်ဆံရတာကသာ ကျွန်တော်နဲ့ ရှစ်ထုန်အတွက် ပိုကောင်းလိမ့်မယ်”

“စိတ်မပူပါနဲ့၊ ကျွန်တော် အရွယ်ရောက်လာရင် အိမ်အကြီးကြီးတစ်လုံး ဝယ်ပေးမှာပါ”

“မင်းအိမ်ကို လိုချင်လို့ မင်းတို့ကို မွေးစားတာမဟုတ်ဘူးနော်” အဒေါ်ကျွမ်းက စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ငါ့မှာလည်း ငါ့နေရာထိုင်ခင်းနဲ့ စားစရာရှိပြီးသား၊ တင်းရှကလည်း လတိုင်းလစာ ပေးတယ်၊ ငါ့မှာ မင်းတို့နှစ်ယောက်ကို ကျွေးမွေးနိုင်တာထက် ပိုသေးတယ်”

“ကျွန်တော်သိပါတယ်” စီလီက ပြုံးပြလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် အဒေါ့်အတွက် အိမ်တစ်လုံး ဝယ်ပေးချင်လို့ပါ”

နှစ်ယောက်စလုံး အလျှော့မပေးစတမ်း နေ့တစ်ဝက်စာလောက် ငြင်းခုံကြပြီးနောက် တင်းရှ၏ ဖျောင်းဖျမှုကြောင့် စီလီသည် နောက်ဆုံးတွင် သဘောတူလိုက်သည်။ ထိုအရာမှာ သူသည် အသက်၁၈နှစ် ရောက်လာသည့်နှစ်တွင် အိမ်ကိုရောင်းချင်သေးလျှင် သူတို့ နောက်တစ်ခါ ထပ်ပြီး ဆွေးနွေးကြရပေမည်။

စီလီသည် ထိုညတွင် ထိုဆိုင်လေး၌သာ နေလိုက်သည်။

တင်းရှသည် ရှောင်ကျွင်းကိုတောင် ဟာသပြောနေသေးသည်။ ထိုသည်မှာ သူတို့သည် အိမ်ကြီးကြီးကို ပြောင်းလာမိတာ တော်ပါသေးသည်။ နို့မို့ဆို အခြားသူများနေဖို့အတွက် အခန်းရှိမည်မဟုတ်ချေ။

နောက်တစ်နေ့ မနက်စောစောတွင် စီလီသည် ကျောင်းသို့ အစီရင်ခံ အကြောင်းကြားရန် သွားခဲ့သည်။

အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေပြီးသည်နှင့် သူနဲ့ရှစ်ထုန်ကို အဒေါ်ကျွမ်းက မွေးစားမည့် လုပ်ထုံးလုပ်နည်းများနှင့် ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းတို့ကို လုပ်ဆောင်လိုက်ကြသည်။

သူတို့တတွေ ပြန်လာကြသောအခါ ရှစ်ထုန်လေးမှ လွဲ၍ သူတို့မျက်နှာပေါ်မှာ ရှပ်ထွေးသော ခံစားချက်များပေါ်နေကြသည်။

တင်းရှသည် စားပွဲအပြည့် စားစရာများကို ပြင်ဆင်ထားပြီး ဆိုင်ကိုတောင် စောစောပိတ်လိုက်ပါသေးသည်။

အဒေါ်ကျွမ်းနှင့် စီလီတို့ကို ဂုဏ်ပြုဖို့အတွက် စောင့်နေခြင်းပင်ဖြစ်သည်။

စီလီမျက်လုံးများ နီရဲနေသည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တကယ့်ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”

သူသည် တစ်ခွက်သောက်ပြီးနောက် လေးနက်စွာ ဦးညွှတ် ဂါရဝပြုလိုက်ပါတော့သည်။

All Chapters