အခန်း (၅၄)
Vol. 4 Ch. 54
“ရှင်လာပြီပေါ့ မတွေ့တာကြာပြီနော်” တင်းရှက ပြုံးပြပြီး ပူဒီနာ လီမွန်ဖျော်ရည်တစ်ခွက် ယူလာပေးပြီး ထိုင်ချလိုက်သည်။ “ဘာစားဦးမလဲ”
“ဟိုပြီးခဲ့တဲ့ရက်ပိုင်းက တင်ထားတဲ့ ဗီဒီယိုထဲကလို ပျိုနီပန်းခေါက်ဆွဲ ရှိသေးလား” လင်းကျားယွီက အပြုံးလေးနှင့် ပြောပြီး “အဲ့ဗီဒီယိုကိုကြည့်ပြီးတော့ ဒီကိုလာချင်သွားတာ”
“လုပ်ပေးရတာ မခက်ပါဘူးရှင်၊ ဒီနေ့အတွက် လုပ်ပေးဖို့ နည်းနည်းရှိပါသေးတယ်” တင်းရှသည် မတ်တပ်ရပ်ပြီး တုရိုရိုကို လက်ဖက်ခြောက်နှပ်ရန် ခေါ်လိုက်သည်။
တရုတ်အချိုပွဲမုန့်များသည် လက်ဖက်ရည်နှင့်သာ လိုက်ဖက်ပေသည်။
တုရိုရိုသည် ဝမ်ဝမ်းဟောင်၏ အဖိုးတန် ထိုက်ဖျင်ဟိုကွေ့လက်ဖက်ခြောက်ကို အိုးတစ်အိုးထဲ ထည့်ကာ နှပ်နေပြီး ဝမ်ဝမ်းဟောင်ကို စိတ်ဓါတ်ကျအောင် လုပ်နေသည်။
တုရိုရိုသည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ လက်ဖက်ခြောက်အိုးကို အောက်ချလိုက်သည်။ “တစ်ဆိတ်လောက်ပါရှင့်၊ ရှင်က ပရောဖက်ဆာလင်းလား မသိဘူး”
လင်းကျားယွီသည် ခဏငြိမ်သွားပြီး “ကျွန်တော့်ကိုသိနေတာလား”
“သိတာပေါ့ သိပါ့ ကျွန်မက ပရောဖက်ဆာ လျှိုယုံဖန့်ရဲ့တပည့်လေ၊ ကျွန်မတို့ ပရောဖက်ဆာက ရှင့်အကြောင်းကို အတန်းထဲမှာ တစ်ခါတစ်လေ ပြောတတ်တယ်” တုရိုရိုသည် ခေါင်းကို ဆက်တိုက် ညိမ့်လိုက်သည်။
“ပရောဖက်ဆာလျှိုကိုး” လင်းကျားယွီသည် သိမ်မွေ့စွာ ပြုံးလိုက်သည်။ “ပရောဖက်လျှိုက တကယ့်ဆရာသမားကောင်းတစ်ယောက်ပဲ ကျွန်တော့်ကို ဗဟုသုတတွေအများကြီး သင်ခဲ့ပေးဖူးတယ်လေ၊ မင်းလည်း သူ့ဆီကနေ ကောင်းကောင်း အသင်ခံရမှာပဲ”
တုရိုရိုသည် အားတက်သရော ခေါင်းညိမ့်ပြနေပြီး မနေနိုင်ပဲ သူ့ကိုထပ်မေးလိုက်သည်။ “အန်...ဟိုလေ၊ ပရောဖက်ဆာလင်း၊ အစ်မရှရှရဲ့ ဗီဒီယိုတော်တော်များများက ကျွန်မပဲ edit ထားတာ၊ အဲ့ဒါ ဘယ်လိုနေလဲ ပြောပေးလို့ရမလား”
သူမသည် အနည်းငယ် ရှက်သွားသည်။
လင်းကျားယွီလည်း အလွန်ပျော်သွားသည်။ ကျောင်းသားတိုင်းက အားတက်သရော သင်ယူချင်မှုကို ဆရာတိုင်းက မြင်ချင်ကြသည်။ သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပိုတိုးတက်လာဖို့ အကြံဉာဏ်တစ်ချို့လည်း ပေးလိုက်သေးသည်။
တုရိုရိုသည် မီနူးကို ကောက်ကိုင်လိုက်ကာ စတင်မှတ်ပါလေတော့သည်။
တင်းရှပြန်ထွက်လာသောအခါ ထိုမြင်ကွင်းကို တွေ့နေရသည်။
တုရိုရိုသည် သူမမှတ်ထားသည်ကို ပွေ့ဖက်လိုက်ပြီး လေ့ကျင့်ဖို့အတွက် ထွက်သွားလေသည်။ တင်းရှသည် ပြုံးနေပြီး သူ့ဆီ စားစရာကိုယူလာခဲ့သည်။ “ဒီမှာ ရပါပြီ၊ စမ်းစားကြည့်ပါဦး”
လင်းကျားယွီသည် သေသေချာချာကြည့်ပြီး “လှလိုက်တာ”
“ဒီမုန့်အကြောင်း အသေးစိတ်ပြောပြပေးလို့ရမလား”
“ရတာပေါ့ရှင်” တင်းရှလည်း ထိုင်ချလိုက်သည်။
“ဒီအချိုပွဲမုန့် သေးသေးလေးက ဖွားတော်လျှိုက ဥယျာဉ်တော်ရဲ့ အလှအပကို ဒုတိယအကြိမ် ကြည့်ရှုခံစားဖို့အတွက် အနီရောင်အိပ်ဆောင်မှာ ခဏနား မှေးရင်း အိပ်မက်မက်ခဲ့တဲ့ မုန့်လေးလေ”
“ကောက်ညှင်းဆန်မှုန့်နဲ့ ဂျုံကော်မှုန့်ကို ပြင်ထားပြီး အဲ့ဒီနောက်မှာ ရေနွေးလောင်းထည့်ပြီး အမျှင်တွေဖြစ်လာတဲ့အထိ မွှေပေးရတယ်၊ အဲ့ဒါပြီးရင် ဒယ်ပြားပေါ်တင်ပြီး ဝက်ဆီနဲ့ ဂျုံလုံးဖြစ်သွားတဲ့အထိ နယ်ပေးရမယ်”
“သလဲသီးအစေ့လေးတွေကို ထုတ်ပြီး အရည်ညှစ်၊ အစေ့တွေအများကြီး ရှိနေတဲ့အတွက် အရည်ညှစ်စက်နဲ့ ညှစ်ပြီးလို့ပဲဖြစ်ဖြစ် ကျောက်ဆုံထဲ ထည့်ထောင်းတာပဲဖြစ်ဖြစ် ရေစစ်နဲ့ပြန်စစ်ပေးရမယ်”
“အဲ့ဂျုံလုံးရဲ့ အပိုင်းတစ်ပိုင်းကို ယူပြီး သလဲသီးအရည်နဲ့ ပန်းရောင်ဖျော့ဖျော့ဖြစ်သွားအောင် နယ်ပေးရမယ်၊ နောက်တစ်ပိုင်းကိုတော့ ရွှေဖရုံသီးအရည်နဲ့ အဝါရောင်ဖြစ်အောင် နယ်ပေးရမယ်”
“လုပ်ရတာတော့ မခက်ပါဘူး၊ အဓိကက ဂျုံလုံးကို ပန်းပုံစံဖော်တဲ့နေရာမှာပဲ ပညာသားပါရတယ်”
တင်းရှသည် ထိုသို့ပြောဆိုရင်း လင်းကျားယွီဆီ ပန်းကန်ပြားကို တွန်းပို့လိုက်သည်။ “ပန်းပုံစံဖော်ပြီးပြီဆိုရင် လေးမိနစ် ငါးမိနစ်လောက်ပေါင်းလိုက်ရင် စားလို့ရပြီ”
အလွန်လက်ရာမြောက်ပြီး လှပနေသော အချိုပွဲမုန့်များကို ကြည့်ရင်း လင်းကျားယွီသည် တစ်ခဏမျှ စားချင်စိတ်ကို အောင့်အင်းမထားနိုင်ဖြစ်နေသည်။
ပန်းရောင်နှင့် အဖြူရောင် ပွင့်ဖတ်များ၊ အဝါရောင် အရိုးတံများကို တစ်ထပ်ချင်းစီ အထပ်လိုက်လုပ်ထားပြီး အလွန်တရာ လှပနေသည်။
ကြွကြွရွရွလေးဖြစ်နေပြီး သက်ဝင်နေသည်။
“တကယ့်ကို အနုပညာတစ်ခုပဲ!” လင်းကျားယွီက ပြောလိုက်သည်။
“စမ်းစားကြည့်ပါလား” တင်းရှက ပြောခဲ့သည်။
“အရသာကတော့ ပုံပန်းသွင်ပြင်လောက် သိပ်မကောင်းပေမဲ့ တော်တော်တော့ လှတယ်”
သူသည် တစ်ကိုက်စားရန် စိတ်ဆုံးဖြတ်ပြီးနောက် သူမပြောသည်ကို သဘောတူလိုက်သည်။
လက်ဖက်ရည်သောက်၍ ခံတွင်းရှင်းပြီးသွားသောအခါ လင်းကျားယွီသည် လာရင်းအကြောင်းအရင်းကို ပြောပြလေသည်။
“ကျွန်တော့်မှာ ခင်ဗျားနဲ့ဆွေးနွေးချင်တာလေး ရှိလို့” လင်းကျားယွီသည် စာရွက်အထပ်လိုက် တစ်ထပ်ကို ထုတ်ယူပြီး “ကျွန်တော့် သင်နေတဲ့ သင်တန်းရဲ့ ထူးခြားချက်က လက်တွေ့ဆင်းတဲ့နေရာကို အဓိကထားပြီး သေချာလုပ်တဲ့ဟာပဲ၊ အဲ့တော့ ကျွန်တော့်ရဲ့ ကျောင်းသားတွေကို ဒီခေါ်လာပြီး ရိုက်ကူးရေးလုပ်ချင်လို့ပါ”
“သူတို့က ဘွဲ့ရတော့မယ် ပြီးရင် ဘွဲ့ရဖို့ လက်တွေ့ဆင်းတာတွေလည်း လုပ်ပြီး အလုပ်လျှောက်ဖို့ ကိုယ်ရေးရာဇဝင်မှာ အဲ့ဟာတွေကို ထည့်ရမှာဆိုတော့”
လင်းကျားယွီယူလာသည်မှာ စာချုပ်တစ်ခုဖြစ်သည်။ ထိုစာချုပ်တွင် နေရာ၊ အချိန်၊ ရိုက်ကူးရေးအတွက် လိုအပ်သည်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။
“အရင်တစ်ခေါက်တုန်းကဆိုရင် ဥယျာဉ်အသေးစားကို ငှားလိုက်တာ အဲ့မှာက အရည်အသွေးတွေ ဘာတွေအတွက် စိတ်ချရပြီး အကုန်လုပ်လို့ရတယ်ဆိုပေမဲ့ ဒီတစ်နှစ် အနေအထားကတော့ ထူးခြားသွားတယ် အဲ့ဒီအတွက် ကျွန်တော့်မှာလည်း တခြားရွေးချယ်စရာမရှိပဲ ခင်ဗျားရဲ့ နေရာလေးကို ရိုက်ကူးရေးအတွက် အသင့်တော်ဆုံးနေရာဆိုပြီး ရည်ရွယ်ထားလိုက်တယ်”
လင်းကျားယွီသည် အကြံကြီးစွာဖြင့် မျက်တောင်ခတ်နေပြီး ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်လို တွေ့ရခဲသော အကြည့်မျိုးတွေ့နေရသည်။
တင်းရှသည် စာချုပ်ကို လှန်ကြည့်ပြီး သိပ်မစဉ်းစားပဲ သဘောတူလိုက်သည်။ “အိုကေလေ၊ ဘယ်နေ့လာမလဲသာ ပြောထားလိုက် အဲ့ဒါမှ ကျွန်မလည်း ဒီနေရာကို သန့်ရှင်းရေးကြိုလုပ်ထားလို့ ရမှာ”
“မလိုပါဘူးဗျာ၊ ဒီစားသောက်ဆိုင်ရဲ့ အပြင်အဆင်က ကောင်းပြီးသားပါ၊ ဒီမှာရှိတဲ့ တခြားလူတွေရဲ့ ခွင့်ပြုချက်လည်း ရရင်တော့ ပိုကောင်းတာပေါ့” လင်းကျားယွီသည် ခေါင်းယမ်းရင်း ပြောလိုက်သည်။
အရာအားလုံး အဆင်ပြေသွားသောအခါ လင်းကျားယွီသည် မတ်တပ်ရပ်ကာ သူ့အဝတ်အစားကို ဖုတ်ဖက်ခါလိုက်သည်။ “နောက်ကျနေပြီဆိုတော့ ကျွန်တော်သွားတော့မယ်နော်”
တင်းရှသည် သူ့ကို တံခါးဝအထိ လိုက်ပို့ခဲ့သည်။ “ဆိုင်ကို နောက်တစ်ခေါက်လာပါဦးနော်”
“လာပါ့မယ်ဗျာ့” လင်းကျားယွီသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းပြပြီး ခြေလှမ်းကျယ်ကြီးဖြင့် ထွက်သွားလေသည်။
“ဘာလို့ သူ့အပေါ် အဲ့လောက်ကောင်းပြနေရတာလဲ ရှရှ” ရှောင်ကျွင်းသည် သူမဆီ လျှောက်လာပြီး မပျော်သလို ခံစားနေရသည်။
“သူက အံ့သြစရာကောင်းတယ်လို့ မထင်ဘူးလား” တင်းရှသည် လင်းကျားယွီနောက်ကျောကို ကြည့်နေရင်း ပြောလိုက်သည်။
“ကိုယ်လည်းပဲ အံ့သြစရာကောင်းပါတယ်” ရှောင်ကျွင်းသည် သူ့လက်မောင်းကို မြှောက်ပြီး လက်မောင်းကြွက်သားများကို ပြလိုက်သည်။
“မတူဘူးလေ” တင်းရှသည် သူ့လက်မောင်းကို ပေါ့ပါးစွာ ကိုင်လိုက်သည်။ “ပရောဖက်ဆာလင်းက နူးညံ့သိမ်မွေ့တဲ့လူတစ်ယောက် ဒါပေမဲ့ အရမ်းကို စိတ်ဓါတ်သန်မာတယ်”
“သူက တကယ်ကို အသည်းကွဲနေပေမဲ့လည်း ရင့်ကျက်ပြီး တည်ကြည်တယ် သူ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင် တစ်စက်မှ မတွေ့ရဘူး၊ ဆယ်နှစ်တောင် ကြာခဲ့တဲ့ ခံစားချက်ကို အဲ့လိုဖျောက်ပစ်နိုင်တယ်၊ နောက်ပြီး သူ့ကိုသူ ချက်ချင်း ထိန်းထားနိုင်တယ်”
“အဲ့တော့ သူ့ကိုဘယ်အရာကမှ ကျရှံးအောင် လုပ်လို့မရဘူးဆိုတဲ့ သဘောပဲ”
“အချစ်တွေနဲ့ သိမ်မွေ့မှု အဲ့ဒါတွေ့နဲ့ ရှေ့ဆက်သွားနိုင်တယ်ဆိုတာပဲ”
ရှောင်ကျွင်းသည် သူမဆိုလိုသည့်အရာကို နားလည်ခဲ့ပြီး သူမခေါင်းလေးကို ပုတ်ပေးကာ သူ့ပုခုံးပေါ်တွင် သူမကို မှီနားခွင့်ပြုလိုက်သည်။ “ကိုယ်တို့လည်း အဲ့လိုပါပဲ၊ အချစ်တွေနဲ့ ရှေ့ဆက်ကြမယ်”
တင်းရှ ပြုံးသွားသည်။
“အစ်မတင်းရှ!” တုရိုရိုသည် အခန်းထဲမှ ပြေးထွက်လာသည်။ “ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ!”
“ဘာဖြစ်တာလဲ ဖြေးဖြေးပြော အရမ်းပြာမနေနဲ့” တင်းရှသည် သူမကြောင့် လန့်သွားသည်။
“ဟိုနာမည်ကြီးတဲ့ ချဉ်ဖတ်စက်ရုံ “ဖန်ရှန်းရှန်း”ကို သိတယ်မလား”
“သိတယ်လေ သူတို့ဆီက ပစ္စည်းတွေ အစ်မတို့မှာတောင် အများကြီးရှိနေသေးတယ်လေ” တင်းရှသည် မီးဖိုချောင်ကို လက်ညှိုးထိုးပြလိုက်သည်။ သူမ၏ အိမ်လုပ်ချဉ်ဖတ်များ ကုန်သွားသည့်အခါ ဖန်ရှန်းရှန်းက ချဉ်ဖတ်များကို သုံးလေ့ရှိသည်။ သူတို့ဟာများသည် အရသာရှိပြီး သန့်ရှင်းလှသည်။
“သူ...သူ....သူက ကျွန်မကို မက်ဆေ့ဂျ်ပို့လာတယ်” တုရိုရိုသည် စိတ်လှုပ်ရှားစွာဖြင့် သူမဖုန်းကို ညွှန်ပြနေသည်။
“ဘာဖြစ်တာလဲ သူတို့က မင်းကို သူတို့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းလာလို့လား” ဝမ်ဝမ်းဟောင်က ဝင်ပြောနေသည်။
“သွားစမ်းပါ!” တုရိုရိုသည် သူ့ကို စိတ်ဆိုးဆိုးဖြင့် အော်လိုက်သည်။ ထို့နောက် ဆက်ပြောသည်မှာ-“ကျွန်မမဟုတ်ဘူး၊ အစ်မရှရှအကောင့်ကို!”
“အစ်မကို?” တင်းရှသည် နားမလည်နိုင်ဖြစ်သွားသည်။ “ဘာလို့ အစ်မကို မက်ဆေ့ဂျ်ပို့ရတာလဲ”
“သူတို့ပို့ထားတာ အကြောင်းအရာနှစ်ခု၊ ပထမတစ်ခုက သူတို့နဲ့အတူ ချဉ်ဖတ်အသစ်လုပ်ဖို့ ပူးပေါင်းပေးနိုင်မလား နောက်ပြီး ဒုတိယတစ်ခုက သူတို့ပစ္စည်းကို လူသိများအောင် ကြော်ညာပေးနိုင်မလား ဆိုပြီးမေးထားတာ”
“ကြော်ညာ? ပူးပေါင်းမယ်?” တင်းရှသည် နားမလည်နိုင် ထပ်ဖြစ်သွားသည်။
“ဒါကဒီလိုရှိတယ်အစ်မ၊ ဖန်ရှန်းရှန်းက နာမည်ကြီးပေမဲ့လည်း အမြတ်တွေက တစ်နှစ်ထက်တစ်နှစ် နည်းလာလို့ စက်ရုံပိတ်ပစ်ရတော့မလို ဖြစ်နေတယ်၊ အဲ့တော့ နောက်ဆုံးကြည်ဆံအနေနဲ့ ဒါကို လုပ်ချင်နေတာ” တုရိုရိုက ရှင်းပြလိုက်သည်။
သူမလည်း အစကနားမလည်သလို ဖြစ်သွားပေမဲ့ သူတို့အကြောင်း ရှာဖွေကြည့်လိုက်သည်။ သူမအံ့သြသွားသည်မှာ အောင်မြင်နေသော စက်ရုံသည်ပင် ဆိုးဝါးလှသော အကျပ်အတည်းနှင့် ကြံနေရခြင်းဖြစ်သည်။
တင်းရှသည် အနည်းငယ် တွန့်ဆုတ်သွားသည်။ တုရိုရိုသည် စဉ်းစားပြီး ပြောလိုက်သည်။ “အစ်မ၊ စိတ်ပူနေတယ်ဆိုရင်လေ ကျွန်မတို့တွေ အရင်ဆုံး စက်ရုံကိုသွားကြည့်ပြီး ဟုတ်မဟုတ် သွားစုံစမ်းကြမလား နောက်တော့မှ ပူးပေါင်းမလားဘာလားဆိုတာ ဆက်စဉ်းစားကြတာပေါ့ အိုကေ?”
“ကောင်းလိုက်တဲ့ အကြံဉာဏ်ပဲ” သူမသည် ထိုအကြံအစည်မှာ ဖြစ်နိုင်ချေရှိသည်ဟု တွေးကာ ချက်ချင်းပင် တုရိုရိုအား ထိုမက်ဆေ့ဂျ်ကို စာပြန်ခိုင်းလိုက်သည်။
ဖန်ရှန်းရှန်းလည်း ချက်ချင်းပင် သဘောတူလိုက်ပြီး အသွားအပြန်လေယာဉ်ခနှင့် တည်းခိုစရိတ်ကိုပါ အကုန်ကျခံပေးလိုက်သည်။
ရှောင်ကျွင်းသည် ဆိုင်ကိုစောင့်ဖို့ ကျန်နေခဲ့သည်။ တင်းရှသည် တုရိုရိုကို သူမနှင့်အတူ ခေါ်သွားသည်။
သုံးရက်ကြာပြီးနောက် သူတို့ အမြန်ပြန်လာခဲ့သည်။
လက်မှတ်ထိုးထားသော စာချုပ်နှင့်အတူ။