← Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

“ကျွန်မတို့ဆိုင်မှာ မှော်အစွမ်းများ ရှိနေတာလား” တုရိုရိုသည် နားမလည်နိုင်ဖြစ်နေပြီး ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ” တင်းရှသည် ချဉ်ဖတ်လေးများ စိမ်ဖို့အတွက် လုပ်နည်းကို တတိယအကြိမ် ပြန်လည် ချိန်ဆနေရင်း တုရိုရိုပြောသည်ကို စိတ်ဝင်စားသွားသည်။

“ဒီတိုင်း ဒီလထဲမှာတင် အတွဲတွေပြတ်တာ အခုနဲ့ဆို သုံးတွဲမြောက်ဖြစ်နေပြီဆိုတာ ကြားလိုက်လို့...” တုရိုရိုသည် ပြောစရာ စကားမရှိဖြစ်သွားသည်။

“အန်...အတွဲတွေပြတ်တဲ့ ရာသီလား” တင်းရှက တွေးရင်းပြောလိုက်သည်။

တုရိုရိုလည်း ထိုအကြောင်းကို စဉ်းစားပြီးနောက် ခေါင်းညိမ့်ပြလိုက်သည်။ “ကပ်ရောဂါကြီးသာ မဖြစ်ခဲ့ရင် ဒီအချိန်ဆို ဘွဲ့ရပြီး လမ်းခွဲတဲ့ ရာသီဖြစ်နေလောက်ပြီ...” ဟုသူမပြောခဲ့ပြီး “ကြည့်ရတာ ဒီအချိန်ရောက်တိုင်း တက္ကသိုလ်ဝန်းထဲက သစ်ပင်တွေကနေ သစ်ရွက်တွေကြွေတာ များလာသလိုပဲ...”

“ဟားဟားဟား ဒါဆို ဒီနေ့ အသည်းခွဲလျန့်ဖန်တစ်ပွဲလုပ်စားကြမလား” တင်းရှသည် အကြံကောင်းထွက်လာခဲ့သည်။

“အသည်းခွဲလျန့်ဖန်?” တုရိုရို တစ်ခဏမျှ သဘောမပေါက်သလို ဖြစ်သွားပြီး ရှာကြည့်လိုက်သည့်အခါ “အဲဒါက အစပ်ချောင်းမလား”

“မဟုတ်ဘူး” တင်းရှသည် ဖန်ပုလင်းအသေးထဲသို့ လတ်လတ်ဆတ်ဆတ်စိမ်ထားသော ချဉ်ဖတ်သေးသေးလေးများကို ရေလည်းမပါ ဆီလည်းမပါပဲ ထည့်နေပြီးနောက် ထိုပုလင်းကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။

“အဲ့ဒါက စီချွမ်မြောက်ပိုင်းက လျန့်ဖန်ခေါက်ဆွဲနဲ့တော့ တူတယ်၊ လျန့်ဖန်ခေါက်ဆွဲတစ်မျိုးပဲ သူက စားလိုက်တဲ့အခါ ထုံထုံလေးနဲ့ စပ်တယ်”

“အချိုပွဲမုန့်တွေ မလုပ်တော့ဘူးလား”

“အထူးအခြေအနေအတွက် အထူးကုစားမှု၊ လုပ်ပြီးရင် မီနူးမှာထပ်ထည့်လိုက်လို့ရတယ်” တင်းရှက ပြောခဲ့သည်။

လျန့်ဖန်ကို ပဲမှုန့်ဖြင့် ပြုလုပ်ရသည်။ မွှေပြီးသွားသောအခါ အခဲဖြစ်သွားအောင် အချိန်အတော်ကြာ ထားထားလိုက်သည်။ ထို့နောက် တင်းရှသည် ဗိုက်အိုးဝိုင်းဝိုင်းနှင့် ပန်းအိုးအသစ်ကို ယူလာပြီး ပန်းများထည့်နေသည်။

များစွာသော ပန်းမျိုးစုံတို့သည် ခြံဝန်းထဲတွင် အများအပြား ကြီးထွား ပွင့်လာကြပြီး အဆူးရှိသော ပန်းပင်အကိုင်းများသည် နဂိုရှိပြီးသား ပန်းခင်း၏ အပြင်ဖက် လမ်းမဖက်ကို ကိုင်းကျနေကြသည်။ အဒေါ်ကျောက်သည် ထိုအပင်များကို လွန်ခဲ့သောရက်ပိုင်းက ပြန်လုပ်ပေးထားသည်။

ထို့ကြောင့် တင်းရှသည် ပန်းအိုးအမြောက်အမြားကို ယူလာခဲ့ခြင်းဖြစ်သည်။ ဖြတ်ပစ်သင့်သည့် အကိုင်းများကို ဖြတ်ပစ်ပြီး လွှတ်ပစ်သင့်သည့်ဟာကို လွှင့်ပစ်ကာ စားပွဲများနှင့် အိမ်ထဲအတွက် အလှဆင်ရန် ပန်းထိုးထားလေသည်။ ကြည့်၍လှပြီး ရနံ့များ မွှေးပျံ့နေအောင် အလှဆင်ထားသည်။

လျန့်ဖန်လည်း အခဲဖြစ်လာသောအခါ အတုံးသေးလေးများဖြစ်အောင် လှီးပြီး ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ နံနံပင်နှင့် စီချွမ်စတိုင် အထူးပြုလုပ်ထားသော ပူပြီးစပ်သည့် အရသာတို့ကို အပေါ်ကနေ ဖြူးချလိုက်သည်။

ပူပြီးစပ်ကာ အနံ့မွှေးလှသော အရသာသည် စားသုံးသူများအတွက် မခံနိုင်လောက်အောင် မျက်ရည်များကျစေကာ ချွေးဒီးဒီးများ ကျလာသောကြောင့် အသည်းခွဲလျန့်ဖန်ဟူသော နာမည်နှင့် တကယ်ကို လိုက်ဖက်လှပေသည်။

လျန့်ဖန်အများစုမှာ ကျန်နေသေးသည်။ ထို့ကြောင့်တုရိုရိုသည် မီနူးကို ပြန်ယူလိုက်ကာ တင်းရှအား ထိုဟင်းလျာနာမည်ကို ၎င်းပေါ်ချရေးပေးရန် တောင်းဆိုနေသည်။ တစ်ချိန်တည်းမှာပင် သူမသည် အလှဆင်ဖို့အတွက် ပန်းထိုးသည်ကို ကူညီပေးနေသည်။

များစွာသော အလှဆင်ပစ္စည်းနှင့် အဆင်တန်ဆာအသစ်များကို စားသောက်ဆိုင်တွင် မကြာသေးခင်ကမှ တပ်ဆင်ထားကြသည်။ အများစုမှာ ဦးလေးဝေက ပို့ထားသည်များဖြစ်ပြီး တစ်ချို့တစ်လေမှာ ရှောင်ကျွင်းကိုယ်တိုင် ရှာဖွေတပ်ဆင်ထားသော အရာများဖြစ်သည်။ စားသောက်ဆိုင်ကို ပို၍ စိတ်ကူးယဉ်ဆန် လှပသွားစေလိုသောကြောင့် ဖြစ်သည်။

အဒေါ်ကျောက်သည် နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်နေပြီး ရှောင်ကျွင်းမှာ ဘာလုပ်ဖို့ ဘယ်ထွက်သွားမှန်း မသိလိုက်ပေ။

ဝမ်ဝမ်းဟောင်သည် မီးဖိုချောင်ထဲတွင် ဓါးကိုင်ကျွမ်းကျင်အောင် လေ့ကျင့်နေသည်။ သူသည် ပိန်၍ အားအင်သိပ်မရှိဖြစ်နေခဲ့ပြီး မကြာသေးမီကပင် ကိုယ်အလေးချိန်များ တက်လာအောင် အစားကို ပို၍ စားလာခဲ့သည်။

ကောင်မလေးတစ်ယောက်ဝင်လာပြီး “ဆိုင်ဖွင့်လားရှင့်”

“ဟုတ်၊ ဖွင့်ပါတယ်ရှင့်၊ ထိုင်ပါဦးလား၊ ခဏနော် မီနူးသွားယူပေးမယ်” တင်းရှသည် သူမကို မီနူးစာရွက် ကမ်းပေးလိုက်သည်။

“ဟင်း၊ ဝက်နံရိုးချိုချဉ်တစ်ပွဲ၊ အသည်းခွဲလျန့်ဖန်တစ်ပန်းကန် အိုး ပြီးတော့ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တစ်ခွက်လောက်” ကောင်မလေးသည် မြန်မြန်ဆန်ဆန်ပင် ဟင်းလျာများ မှာယူလိုက်သည်။

တင်းရှသည် နောက်ဖေးသို့သွားကာ ဝမ်ဝမ်းဟောင်ကို မှာယူမည့် ဟင်းလျာများ ပြောလိုက်ပြီးနောက် လျန့်ဖန်တစ်ပွဲ ယူလာခဲ့သည်။

ကောင်မလေးသည် အစပ်စားနိုင်ပုံမပေါ်ပေ။ တစ်လုတ်စားပြီးနောက် သူမ၏ နှာခေါင်းနှင့် မျက်လုံးများ နီရဲလာသည်။ သို့သော် သူမသည် တင်းရှကို ပြုံးပြကာ “အရမ်းစပ်တာပဲ!”

တင်းရှသည် သူမအတွက် အသီးဖျော်ရည်ယူလာခဲ့သည်။ “အစပ်ပြေအောင် တစ်ငုံသောက်လိုက်ပါဦး”

ကောင်မလေးသည် တစ်ငုံသောက်ပစ်လိုက်သည်။ “ဒါပေမဲ့ အဲ့ဒါက အရသာအရမ်းရှိတယ်”

ဟင်းလျာများကို တည်ခင်းပြီးနောက် တင်းရှသည် သူမကို မနှောင့်ယှက်တော့ပဲ ထောင့်တစ်နေရာတွင် တိတ်တိတ်လေးသွားထိုင်နေကာ စားစရာများ၏ ရနံ့များကို ခံစားနေသည်။

ကောင်မလေးသည် စားပြီးသွားသောအခါ ချက်ချင်း မထွက်သွားသေးပဲ ခဏလောက် ဆက်ထိုင်နေပြီး တင်းရှကို ကြည့်ကာ စကားစတင် ပြောခဲ့သည်။ “ရာသီဥတုက ဒီနေ့ တော်တော် သာယာတယ်နော်!”

“ဟုတ်ပ၊ လေပြည်လေးလည်း တိုက်နေပြီး နေရောင်ပျပျလေးထိုးနေတယ်လေ၊ ဒါပေမဲ့ အရမ်းလည်း မပူဘူး” တင်းရှကလည်း ပြန်၍ ပြုံးပြလိုက်သည်။

“ဆိုင်ကလည်း လှလိုက်တာနော်” ကောင်မလေးက ပြောနေသည်။

“ကျေးဇူးပါရှင့်၊ နောက်တစ်ခေါက် လာလှည့်ပါဦး!” တင်းရှသည် ခဏစဉ်းစားလိုက်ပြီး ထိုကောင်မလေး ခံတွင်းရှင်းသွားစေရန်အတွက် ဇီးသီးသကြားကို လက်တစ်ခုပ်စာ ယူလာပေးသည်။

“နောက်တစ်ခေါက်?” ကောင်မလေးသည် ပြုံးပြကာ “သိပ်မသေချာဘူး”

ကောင်မလေးသည် ဘေရှင်းရန် ထလိုက်သည်။ “ဧည့်ခံပေးတဲ့အတွက် ကျေးဇူးပါရှင် ဒီနေ့ ဒီဆိုင်လေးနဲ့ ရှင့်ကို တွေ့ခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်”

တင်းရှသည် သူမရင်ထဲတွင် ဘာကြောင့် ထူးဆန်းသလို ခံစားသွားရမှန်း မသိဖြစ်နေသည်။ သို့သော် ဘာကြောင့်မှန်းလည်း အဖြေမထွက်ခဲ့ချေ။ သူမသည် ထပ်ခါထပ်ခါသာ ပြုံးပဲပြုံးပြနိုင်တော့သည်။

“ကျွန်မရောပဲ၊ ရှင့်ကို ဒီနေ့ တွေ့လိုက်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ် နောက်တစ်ခေါက် လာပါဦးနော်”

ကောင်မလေးသည် ထွက်သွားခဲ့သော်လည်း တင်းရှသည် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။

ခဏအကြာတွင် များစွာသော လူတို့သည် ဆိုင်အပြင်ဖက်ရှိ နေရာတစ်နေရာတည်းသို့ ရုတ်တရက် ပြေးသွားကြသည်။

သူမသည် တံခါးကို တွန်းဖွင့်ပြီး ထိုနေရာမှ ပြန်လာသော အိမ်နီးချင်းအစ်မတစ်ယောက်ကို တားပြီး မေးလိုက်သည်။ “ဘာလို့ လူတွေ ဟိုနေရာမှာ အများကြီး ဖြစ်နေတာလဲ ပွဲတစ်ခုခု ရှိလို့လား”

“အိုး ဘုရားရေ၊ ဘာပွဲမှ မရှိရပါဘူးကွယ်” အိမ်နီးချင်းအစ်မမှာ သက်ပြင်းသာ ချနိုင်လေတော့သည် “ကောင်မလေးတစ်ယောက် မြစ်ကမ်းဘေးမှာ သတ်သေဖို့ လုပ်နေတာ”

“သတ်သေဖို့?” တင်းရှ လန့်သွားသည်။

“ဟုတ်တယ်၊ အဲ့ကောင်မလေးကို ကြည့်ရတာ တော်တော်လှပြီး အရမ်းလည်း တည်ငြိမ်နေပုံရတယ်၊ ပန်းရောင်နဲ့ အဖြူရောင် ဂါဝန်ကို ဝတ်ထားတယ်၊ ဆံပင်ရှည်ရှည်နဲ့၊ ဘာလို့ အဲ့လောက်တောင် မျှော်လင့်ချက်မဲ့သလို ခံစားနေရလဲ မသိပါဘူး...”

တင်းရှသည် တစ်ခဏမျှ တန့်သွားသည်။ ထိုကောင်မလေးသည် ခုနက ဆိုင်မှာ လာစားသော ကောင်မလေး မဟုတ်ဘူးလား?

သူမသည် အလိုအလျောက် ထိုနေရာသို့ ပြေးထွက်မိသွားသည်။ တုရိုရိုသည် သူမကို အကြိမ်များစွာ အော်ခေါ်နေသော်လည်း သူမ မရပ်တန့်ခဲ့ပေ။

တင်းရှသည် မြစ်ကမ်းဘေးသို့ ရောက်သောအခါ အသက်ရှုမဝသလို ဖြစ်နေသည်။ ထိုနေရာသည် သူမစားသောက်ဆိုင်သေးသေးလေးနှင့် သိပ်မဝေးပေ။ ထိုနေရာတွင် လူအုပ်ကြီးသည် စုရုံးကာ ရောက်ရှိနေပြီးဖြစ်နေကာ ရဲကားအော်သံ သဲ့သဲ့ကိုသာ သူမကြားနေရသည်။

ကောင်မလေးက မိုးကုပ်စက်ဝိုင်းကို မော့ကြည့်ရင်း မြစ်ကမ်းနားက တိုင်တစ်ခုပေါ်မှာ အလွန်ပင် အေးဆေးတည်ငြိမ်နေသော အမူအရာဖြင့် ထိုင်နေသည်။ သတ်သေတော့မည့် လူတစ်ယောက်နှင့် မတူပေ။

ဘေးနားရှိလူများသည် လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။ တင်းရှတစ်ယောက်တည်းသာ ပို၍ စိုးရိမ်လို့လာခဲ့သည်။

သူမသည် သတ္တိမွေးကာ ခြေနှစ်လှမ်း ရှေ့ဆက်သွားပြီး ထိုကောင်မလေးကို စကားပြောဖို့ ကြိုးစားလိုက်သည်။ “ကောင်မလေး?”

ကောင်မလေးသည် သူမကို တွေ့နေရပြီး ပြုံးပြခဲ့သည်။ “ကျေးဇူပါ သူဌေးမ”

“အဲ့မှာ အရမ်းအန္တရာယ်ရှိတယ်၊ ကျေးဇူးပြုပြီး ဒီဖက် ပြန်လာခဲ့၊ အစ်မကူညီပေးမယ်၊ ဟုတ်ပြီလား” တင်းရှသည် နောက်ထပ် ခြေနှစ်လှမ်း ထပ်လှမ်းလိုက်သည်။

“ဒီကို မလာနဲ့ အစ်မ” ကောင်မလေးသည် အနောက်သို့ အနည်းဆုတ်လိုက်သည်။ သူမပုံစံသည် မရေမရာဖြစ်နေကာ လေတစ်ချက်ဝှေ့လိုက်လျှင် ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားနိုင်သည်။

“ဒီနေ့အတွက် ကျွန်မကို စကားပြောပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရမ်းဝမ်းသာမိတယ်”

“အစ်မ ခုနကပဲ မုန့်တွေလုပ်ထားသေးတယ်၊ ဆိုင်ကို လိုက်စားပါဦးလား” တင်းရှစိတ်မှာ ဘာမှတွေးမရဖြစ်နေသည်။ ခေါင်းထဲက ထွက်လာသမျှကိုသာ လျှောက်ပြောနေခြင်း ဖြစ်သည်။

ကောင်မလေးသည် ခေါင်းခါလိုက်သည်။ “မစားတော့ပါဘူး၊ ဒီနေ့ ရာသီဥတုက အရမ်းသာယာတယ်၊ ကျွန်မ သဘောကျတယ်”

“ဒါဆို ဘာလို့...” တင်းရှသည် မမေးပဲ မနေနိုင်တော့ပေ။

“ကျွန်မ အရမ်းပင်ပန်းနေပြီ” ကောင်မလေးသည် ခေါင်းကို အနည်းငယ် ခါပြလိုက်သည်။ “သာယာတဲ့ရာသီဥတုကို မြင်ရင်တောင်မှ သာယာတယ်လို့ မခံစားရတော့ဘူး”

“ဘဝမှာ လုပ်လို့ရတာတွေ အများကြီး ရှိပါသေးတယ်...” တင်းရှသည် သူမကို အကောင်းဆုံး ဖျောင်းဖျပေးနေရင်း သူမနားကိုလည်း ပိုနီးလာဖို့ ကြိုးစားနေသည်။

ကောင်မလေးသည် အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ “အရမ်းပင်ပန်းတယ်...”

သူမစကားပြောအပြီးတွင် တံတားအနောက်ဖက်မှ ကွေ့ပတ်လာခဲ့သော မီးသတ်သမားသည် သူမကို ရှေ့သို့ တွန်းလိုက်သည်။

ကောင်မလေးသည် မြေကြီးပေါ် ကျသွားသည်၊ သို့သော် မယုံနိုင်ဖွယ်ဖြစ်နေသေးသည်။ တင်းရှသည် ချက်ချင်းပင် သူမဆီ သွားကာ လက်မောင်းမှ ဆွဲတင်လိုက်သည်။ “အရာအားလုံးအဆင်ပြေသွားမှာပါ...”

ကောင်မလေးသည် မရုန်းတော့ပေ။ “တကယ်တော့ ခုနက စားပြီးသွားတော့ ကျွန်မလည်း နည်းနည်း နောင်တရချင်သလို ဖြစ်သွားသေးတယ်၊ နောက်တစ်ခေါက် ဒီဆိုင်မှာ လာစားချင်သေးတယ်”

“ဒါဆို နေ့တိုင်းသာ လာစား၊ အရသာရှိတဲ့ အစားအစာတွေ နေ့တိုင်း လုပ်ကျွေးမယ်” တင်းရှသည် “နောက်တစ်ခေါက် ထပ်လာပါဦး” ဆိုသော ကြိုဆိုမှုသည် သူမ နောက်ထပ် အသက်ဆက်ရှင်ချင်အောင် လုပ်ပေးနိုင်မည်ဟု တွေးနေသည်။

ကောင်မလေးသည် ဘာမှထပ်မပြောခဲ့ပေ။ သူမလက်ပေါ်တွင် မှီရင်း သူမကိုယ်တိုင် ဘာကိုတွေးနေမှန်း မသိတော့ချေ။

“ဟန်ဆောင်နေတာလေ၊ သူတကယ် ခုန်ချမယ်ထင်သွားတာ၊ ဒီတိုင်းအာရုံစိုက်ခံချင်နေတာ”

“ဟုတ်ပ ငါ့အချိန်တွေကို လာဖြုန်းနေတယ် ဘယ်လိုဟာမှန်းမသိဘူး”

“သွားရအောင် ဘာမှကြည့်စရာမရှိတော့ဘူး ဒရာမာဘုရင်မ!”

လူအုပ်ကြီးမှ အသံများ ဟိုတစ်ပေါက် ဒီတစ်ပေါက် ပေါ်ထွက်လာသည်။ တင်းရှလည်း လန့်သွားပြီး ကောင်မလေး၏ နားကို အလျင်အမြန် ကာထားလိုက်သည်။

ကောင်မလေးမှာ ထိုစကားများကို ကြားပြီးသွားပြီ ဖြစ်သည်။ သူမသည် မတ်တပ်ရပ်ပြီး တင်းရှကို တွန်းထုတ်လိုက်သည်။ ထို့နောက် အလွန်လျင်မြန်စွာ၊ အခြားလူများ မတုံ့ပြန်နိုင်ခင် သူမ ခုန်ချလိုက်သည်။

“အား!” တင်းရှ အော်လိုက်သည်။

မီးသတ်သမားသည် ကောင်မလေးကို အောက်သို့ ဆင်းပြီးမကယ်ခင် တစ်ခဏမျှ တန့်သွားလေသည်။

တင်းရှသည် ထိုလူများကို ဂရုမစိုက်နိုင်လောက်အောင် အလွန်ပျာယာခတ်နေသည်။ သူမသည် တံတားပေါ်ကို မှောက်ခုံမှောက်ရင်း မီးသတ်သမားက ကောင်မလေးကို အမြန်ရှာတွေ့သည်ကို တွေ့လိုက်ရတော့မှသာ နောက်ဆုံးတွင် စိတ်ချစွာ သက်ပြင်းချနိုင်သွားသည်။

သို့သော် ယခုတွင် သူမသည် ပို၍ ဒေါသထွက်လာခဲ့သည်။

တင်းရှသည် နောက်လှည့်လိုက်ပြီး ထိုရင့်သည်းသော စကားကို ပြောထွက်ခဲ့သည့် ယောကျ်ားကြီးသို့ လျှောက်သွားသည်။ “အဲ့ကောင်မလေး သေမှာကို အဲ့လောက်တောင် လိုချင်နေလား”

“အဲ့လို သူများကို စောင်းမြောင်းပြီး ပြောရတာကို အရမ်းကြိုက်နေလား ရှင့်ရဲ့အချိန်တွေ တော်တော်တန်ဖိုး ရှိနေလား ဘဝတစ်ခုထက်တောင် တန်ဖိုးရှိနေတာလား!”

“ရှင့်မှာ နှလုံးသား မရှိတော့ဘူးလား အသိတရားမရှိတာလား အဲ့ကောင်မလေးအပေါ် ရန်ငြိုးရှိတာလား သူသေဖို့ကို အဲ့လောက် တွန်းအားပေးစရာ လိုလို့လား”

ထိုယောကျ်ားကြီးမှာ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ “သူသာ တကယ်သေချင်နေရင် ငါအဲ့လို ပြောစရာမလိုတော့အောင် ခုန်ချပြီးနေလောက်ပြီ မခုန်ချချင်လို့သာ ဒီလိုမျိုး ဟန်ဆောင်နေတာ ”

“ဟေး၊ သည်းမခံနိုင်တော့ဘူး!” ထိုလူဘေးနားရှိ ဒေါသထွက်နေသော အစ်ကိုကြီးတစ်ယောက်သည် အင်္ကျီကို ဆွဲချွတ်ကာ ထိုလူကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။

“မင်း ဒါဘာလုပ်တာလဲ အကြမ်းဖက်တာလား” ထိုယောကျ်ားကြီးသည် ပယ်ပယ်နယ်နယ်ပင် အထိုးခံလိုက်ရသည်။

“လူတွေကိုတော့ အကြမ်းမဖက်တတ်ဘူး၊ ဒါပေမဲ့ လူတွေကို နှိပ်စက်၊ အတင်းပြောတတ်တဲ့ လူ့အမှိုက် လူယုတ်မာတွေကိုပဲ အကြမ်းဖက်တတ်တယ်” ထိုအစ်ကိုကြီးသည် လှောင်ရယ်လိုက်ပြီး သူ၏ ကြီးမားသော လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

ထိုယောကျ်ားကြီးသည် ရန်လိုနေသလို ဖြစ်နေသော်လည်း နောက်တစ်ခါထပ်ပြီး အထုအထောင်းမခံချင်တော့ပေ။ သူသည် မထွက်သွားခင် ထိုအစ်ကိုကြီးကို တစ်ခဏမျှ စူးစိုက်ကြည့်လိုက်သည်။ ထိုအစ်ကိုကြီးမှာ သူ့ကော်လန်ကို ဆွဲလိုက်သည်။ “မသွားနဲ့ဦး၊ ငါတို့ကိစ္စ မပြီးသေးဘူး!”

“ကောင်မလေး ဒီမှာ သတိမရခင်ထိ စောင့်၊ ပြီးရင် မင်းတောင်းပန်လိုက်၊ တောင်းပန်ပြီးရင် မင်းသွားလို့ရပြီ သဘောပေါက်လား”

All Chapters