အခန်း (၅၇)
Vol. 4 Ch. 57
ဆိုင်ထဲသို့ ဝင်လာသော စားသုံးသူဧည့်သည်မှာ အလွန်လိုက်ဖက်နေသော ဇနီးမောင်နှံပင် ဖြစ်ပေသည်။
ယောကျ်ားဖြစ်သူသည် သူ့မိန်းမ၏ လက်ကို တွဲထားပြီး “မင်း ဘာစားချင်လဲ” ဟုမေးနေသည်။
ထိုမိန်းမသည် ခေါင်းကို ယမ်းလိုက်ပြီး သူမပုံစံမှာ စားချင်စိတ်မရှိဖြစ်နေသည်။
တင်းရှသည် မီနူးကိုကြည့်လိုက်ကာ တုရိုရိုကို လှမ်းပေးလိုက်သည်၊ “ဟင်း…ကွန်ဖောင်ပုစွန်ဆိတ်လုံး၊ ကျားအရေခွံငရုတ်သီး(ငရုတ်ပွအရှည်တစ်မျိုး)တစ်ပန်းကန်၊ အမဲသားစွပ်ပြုတ်တစ်ပွဲ(west lake beef soup)နဲ့ ထမင်းနှစ်ပန်းကန်မှာမယ်”
စားစရာများသည် လျင်မြန်စွာ ရောက်လာလေသည်။ လေထဲတွင် ဟင်းနံ့များ သင်းပျံ့နေသောကြောင့် ထိုမိန်းမမှာ ဗိုက်ဆာလာသည်ကို ထိန်းမရတော့ပေ။
“အရသာက မဆိုးပါဘူး၊ စားကြည့်ပါဦး” ထိုယောကျ်ားသည် ပုစွန်ဆိတ်လုံးတစ်လုံးကို သူမအတွက် ကောက်ယူပေးလိုက်သည်။ “ဒီပုစွန်ဆိတ်လုံးကို စားရတာ ထုပ်ထုပ်လေးနဲ့ လတ်ဆတ်နေတာပဲ”
တစ်ကိုက်နှစ်ကိုက် ထပ်စားပြီးနောက် ထိုမိန်းမသည် ချီးကျူးနေလေသည်။ “တကယ်ကို အရသာရှိတာပဲနော်”
နှစ်ယောက်စလုံး အဝစားပြီးနောက် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ထို့နောက် ထိုယောကျ်ားက စကားစပြောလိုက်သည်။ “ဗိုက်ဝသွားပြီလား အချိုပွဲအတွက် ရေခဲခြစ်စားမလား ခုနက မီနူးမှာ တွေ့လိုက်တယ်”
“မစားတော့ဘူး၊ ကျွန်မ ပြီးခဲ့တဲ့ရက်တွေကတည်းက အစာသိပ်မကြေချင်သလို ဖြစ်နေခဲ့တာ” ထိုမိန်းမက ခေါင်းခါပြလိုက်သည်။
နောက်ထပ် တိတ်ဆိတ်သွားပြန်လေသည်။
“ကဲ...ဒါဆိုရင် သွားကြမယ်လေ” ထိုမိန်းမက နောက်ဆုံးတော့ ပြောလိုက်သည်။
“အရမ်းကောင်းတယ် ကျွန်မတို့ ကောင်းကောင်းစားခဲ့ကြတယ်နော်” ထိုမိန်းမက ပြုံးပြလိုက်သည်။
“အခုလိုကြားရတဲ့အတွက် ဝမ်းသာမိပါတယ်၊ ရှင်တို့နှစ်ယောက်က အရမ်းလိုက်ဖက်သလို ဆက်ဆံရေးလည်း ကောင်းကြမှာပဲနော်!” တုရိုရိုက အလိုက်သင့် ပြောဆိုလိုက်သည်။
“ကျွန်တော်တို့က လိုက်ဖက်တယ်?” ထိုယောကျာ်းသည် သူ့မိန်းမကို တစ်ချက်ကြည့်လိုက်သည်။
“အရမ်းကို လိုက်ဖက်တယ်၊ သူများနဲ့မတူတဲ့ စိတ်နေစိတ်ထားလည်းရှိတယ် အဲ့ဒါက အသေအချာကို ထူးခြားနေတာပဲ ပြီးတော့ နှစ်ယောက်သား အရောင်အဝါကလည်း လိုက်ဖက်ညီနေတော့ ရှင်တို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တယ်” တုရိုရိုက အားပေးလိုက်သည်။
ထိုမိန်းမသည် ပြုံးပြလိုက်သည် “ကျေးဇူးပါနော် မိန်းကလေး”
“ရပါတယ်ရှင့်၊ နောက်လည်း ထပ်လာပါဦးနော်!” တုရိုရိုသည် သူတို့ကို တံခါးဝအထိ လိုက်ပို့ခဲ့သည်။
နောက်တစ်ပတ်ကြာသောအခါ ထိုစုံတွဲသည် ထပ်ရောက်လာပြီး ဟိုတစ်ခေါက်က မှာခဲ့သော ဟင်းလျာများကိုပင် ထပ်မှာခဲ့သည်။
တုရိုရိုသည် သူတို့ကို မှတ်မိနေ၍ ဟင်းလျာများကို ချပေးရင်း အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။
ထိုမိန်းမကလည်း နွေးထွေးစွာ ပြန်၍ ပြုံးပြခဲ့သည်။
ဆိုင်ထဲတွင် စားသုံးသူများ အနည်းငယ်သာရှိနေပြီး တုရိုရိုသည် သူတို့နှင့် အနီးနားက စားပွဲတွင် ဖတ်စာအုပ်ထူထူကို ဖတ်နေလေသည်။
ထိုယောကျ်ားက ရုတ်တရက် ထမေးလိုက်သည်။ “မကွာရှင်းဘူးလား”
“မကွာရှင်းဘူး” ထိုမိန်းမက ပြောခဲ့သည်။ “ကျွန်မလည်း အဲ့ဒါကို ပြန်စဉ်းစားပြီးပြီ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ လက်ခံနိုင်စရာ ဘာအကြောင်းမှမရှိဘူး”
“ရှင်က နိုင်ငံ့တာဝန်ကို ထမ်းဆောင်တယ် ကျွန်မက ဆေးရုံမှာ လူတွေအသက်ကို ကယ်ပေးတယ် အဲ့တော့ ဟိုမိန်းကလေးပြောတဲ့အတိုင်းပဲ ကျွန်မတို့က လိုက်ဖက်တယ်” သူမက ပြန်ပြောခဲ့သည်။
“ဒါပေမဲ့...” ထိုယောကျ်ားသည် ချီတုန်ချတုန်ဖြစ်နေသည်။
“ဘာအတွက် စိတ်ပူနေတာလဲ” ထိုမိန်းမသည် သူ့ကို အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မပြောခဲ့သလိုပဲ ကျွန်မတို့က လိုက်ဖက်ပြီးသား”
သူမသည် ထပ်ပြောလိုက်သေးသည်။ “ကျွန်မ ကွာရှင်းဖို့ စဉ်းစားခဲ့တယ်ဆိုတာက ကျွန်မတို့တွေ တစ်နှစ်မှာ တွေ့တဲ့အကြိမ်ရေက နည်းတယ် ပြီးတော့ နှစ်ယောက်သားအတူတူ အချိန်ကုန်ဖူးတာကလည်း ရှားတယ် အဲ့တော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့တာ”
“ဒါပေမဲ့ အခုတော့ ကျွန်မရဲ့မပျော်ရွှင်မှုမှာ အခြားလူတစ်ယောက်ကို ဆွဲမထည့်ချင်တော့ဘူး၊ အဲ့တော့ ကျွန်မတို့တွေ အတူတူရှိနေသင့်တယ်”
“ဒီလိုနဲ့ ကျွန်မတို့တွေ အငြိမ်းစားယူကြတဲ့အခါ ပြန်ပြီး ဒိတ်ကြမယ် အဲ့ဒါမှ တစ်ယောက်ကို တစ်ယောက် မငြီးငွေ့တော့မှာ”
ထိုယောကျ်ားသည် ခေါင်းမော့လိုက်သည်၊ မျက်ရည်ဝဲနေခဲ့သည် “ကိုယ် မင်းကို အထင်မှားခဲ့ပြီ ချင်းလေးရေ”
“ဒီမှာတော့ မမှားတော့ပါဘူး” သူမသည် ညင်သာစွာ ပြောဆိုလိုက်သည်။ “ကျွန်မပြောသားပဲ ကျွန်မတို့က လိုက်ဖက်ပါတယ်လို့”
သူတို့နှစ်ယောက်၏ စကားဝိုင်းမှာ တိတ်ဆိတ်မနေခဲ့ပေ၊ သို့သော် တုရိုရိုသည် ဘာမှန်းမသိပဲ အာရုံစိုက်ပြီး နားထောင်နေခဲ့သည်။ ထိုစုံတွဲမှာ စားစရာများကို ပြန်စားသည်ကို မြင်သော် သူမသည် နောက်ဖေးသို့ ထွက်သွားခဲ့သည်။
“အစ်မတင်းရှ!” တုရိုရိုသည် တင်းရှကို ပြေးရှာနေပြီး သူမ ကြားသမျှကို ဖောက်သည် ပြန်ချလေသည်။
“ကျွန်...ကျွန်မ သူတို့အတွက် ကိတ်မုန့်သေးသေးလေး ဝယ်ပေးချင်တယ်...အဲ့ဒါ အစ်မ....ဟို.....” တုရိုရိုသည် တင်းရှကို လက်တန်း ကိတ်မုန့် ဖုတ်ခိုင်းရန်အတွက် ပြောဖို့ အနည်းငယ် ရှက်နေလေသည်။
တင်းရှသည် ရယ်မောပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ “ရတာပေါ့၊ ဒါပေမဲ့ အခုက ကိတ်မုန့်ဖုတ်ဖို့ အချိန်တောင် မရှိဘူးဖြစ်နေတယ်၊ သူတို့နှစ်ယောက်အတွက် ရေခဲခြစ်နှစ်ပန်းကန် ချပေးလိုက်မယ်ဆိုရင်ရော၊ အစ်မ ကျွေးတယ်လို့ သဘောထားလိုက်”
တုရိုရိုသည် အမျိုးအစားအလွန်ကောင်းသော ရေခဲခြစ်ပန်းကန်နှစ်လုံးကို ပြင်ဆင်ထားလိုက်ပြီး သူမသည် ထိုရေခဲခြစ်များအတွက် ကောင်တာတွင် ပိုက်ဆံရှင်းပြီးနောက် ထိုစုံတွဲဆီ ယူသွားလိုက်သည်။
“မိန်းကလေး အစ်မတို့ ဒီဟာ မမှာထားပါဘူး” ထိုမိန်းမက အံ့အားသင့်စွာ ပြောလိုက်သည်။
“ကျွန်မ ကျွေးတာပါ” တုရိုရိုက ပျာယာခတ်သွားပြီး ရှင်းပြလိုက်သေးသည်။ “ကျွန်မက ခုနက ရှင်တို့စကားပြောနေတာကို အမှတ်မထင်ကြားသွားခဲ့တယ်....အဲ့ဒါအတွက် တောင်းပန်ပါတယ်၊ ဒီဟာကို ကျွန်မရဲ့ တောင်းပန်မှုအနေနဲ့ လက်ခံပေးပါ”
ထိုမိန်းမမှာ ခဏမျှ တန့်သွားသည် “အိုး၊ ဒါပေမဲ့....”
ထိုယောကျ်ားသည် တွေ့ရခဲသော အကြည့်ဖြင့် ပြုံးပြလိုက်ပြီး “ကျေးဇူးပါ မိန်းကလေး”
တုရိုရိုသည် ရှက်ပြုံးလေးနှင့် ခေါင်းယမ်းပြခဲ့ပြီး သူတို့နှင့် ခပ်ဝေးဝေးတွင် စာအုပ်တစ်အုပ်နှင့် သွားထိုင်နေလေသည်။
ချိုမြိန်သော ဖရဲသီးအေးအေးလေးကို တစ်ဇွန်းမောက်မောက်စားလိုက်ပြီး ထိုမိန်းမသည် စားလိုက်သည်နှင့် လန်းဆန်းသွားသလို ခံစားသွားရသည်။ သူတို့ပြန်သွားပြီးနောက် ထိုမိန်းမသည် သူမဘာသာစဉ်းစားလိုက်သည်မှာ သူမသည် နောက်ထပ် အားလပ်သွားခဲ့လျှင် ဒီကိုထပ်လာဖို့ပင် ဖြစ်ပေသည်။
အလုပ်များပြီးစီးသွားသောအခါ တင်းရှသည် သူမ ကြုံခဲ့ရသော အဖြစ်အပျက်မှန်သမျှ ရှောင်ကျွင်းအား ပြန်ပြောပြလေသည်။ သူမသည် ဤကမ္ဘာထဲသို့ ကူးပြောင်းလာခဲ့ပြီးကတည်းက သူ့ကို တစ်ခုမကျန် အကုန်ပြန်ပြောပြနေခဲ့လေသည်။
ရှောင်ကျွင်းက အကြံပေးလိုက်သေးသည်။ “ဖျင်အာလေး နည်းနည်းကြီးလာရင် ကိုယ်တို့တွေ ခရီးတိုလေး သွားကြမယ်၊ ကမ်းခြေကို သွားမယ်ဆိုရင်ရော ဘယ်လိုလဲ”
တင်းရှသည် မျက်တောင်ခတ်ရင်း စိတ်ရှုပ်ထွေးသွားသည်။ “ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်း ပြောတာလဲ”
“မင်း ပင်ပန်းနေမယ်ထင်လို့ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အမေတစ်ယောက် ဖြစ်လာရတာ၊ မင်းကို ဒီနေရာမှာပဲ ကြိုးနဲ့ချည်ထားပြီး ဘယ်မှသွားမရသလိုမျိုး မနေစေချင်ဘူး အပြင်ထွက်ပြီး ကမ္ဘာကြီးကို သွားကြည့်ရအောင်!”
“ဒါဆို ဖျင်အာကရော၊ ကျွန်မတို့သွားရင် သူ့ကိုထားခဲ့မှာလား”
“ဒီမှာက အဒေါ်ကျောက်လည်း ရှိတယ် ပြီးတော့ ယောင်းမကုန်းနဲ့ အဒေါ်ရောပဲ ရှိသေးတယ်လေ!”
“ဒါပေမဲ့ ဆိုင်ကရော”
“ဝမ်ဟောင်ရှိတယ်လေ!”
“..........”
သူတို့စကားဝိုင်းသည် တင်းရှ၏ ပွစိပွစိပြောနေမှုဖြင့် မရေမရာနှင့်ပြီးဆုံးသွားလေသည်။ “ကြည့်ကြသေးတာပေါ့ ကြည့်ကြသေးတာပေါ့”
တိုရိုရိုသည် ကန့်လန့်ကာကြားထဲသို့ ခေါင်းကို တိုးဝင်ပစ်လိုက်သည်။
“အစ်မတင်းရှ! “စားကောင်းဆန်” ကုမ္ပဏီက နမူနာတွေ ပို့ပေးလိုက်ပြီ!”
တင်းရှသည် သူမဆီ အလျင်အမြန် ထွက်သွားလိုက်သည်။ “အိုး? ကြည့်ရတာ ဘယ်လိုနေလဲ”
“စမ်းတော့ မစမ်းကြည့်ရသေးဘူး ဒါပေမဲ့ ထုပ်ပိုးထားတာကတော့ တော်တော်ကောင်းတယ်!”
သူတို့သည် ဒီဇိုင်းပုံဖော်သူကို အခကြေးငွေပေးပြီး တင်းရှ၏ တောရွာနှင့် သူမ၏ နောက်ခံအသိုင်းအဝိုင်း ပုံသဏ္ဍာန်ကို ပုံဖော်ထားသော ထုပ်ပိုးမှုဒီဇိုင်းကို လုပ်ခိုင်းထားသည်။
တင်းရှသည် သံဘူးတစ်ဘူးကို ဖွင့်လိုက်ကာ တစ်ဇွန်းခပ်လိုက်သည်။ “စားကြည့်ပါဦး ဘယ်လိုနေလဲ”
တုရိုရိုသည် တစ်ဇွန်းမောက်မောက် ခပ်စားပြီး မျက်လုံးများ အရောင်တောက်လာသည်။ “အရမ်းစားကောင်းတယ်! ထမင်းနဲ့ဆို အတော်ပဲ!”
တင်းရှသည်လည်း စမ်းစားကြည့်လိုက်သည်။ သူမလက်လုပ်လိုမျိုး အရသာသိပ်မရှိသော်လည်း စျေးထဲက စီးပွားဖြစ် ဆန်ပြုတ်ဘူးများထက်တော့ ပို၍ကောင်းနေပါသေးသည်။
“ ‘စားကောင်းဆန်’က စျေးနည်းနည်း တင်ထားလိုက်သေးတယ်” တုရိုရိုသည် သူမဖုန်းပေါ်က မက်ဆေ့ဂျ်ကို ဖတ်ရင်း စားနေသည် “သူတို့က အဲ့ပစ္စည်းကို လိုက်ဖ်လွှင့်ပြီး ကြော်ညာပေးဖို့ကိုလည်း ပြောထားသေးတယ်”
“လိုက်ဖ်လွှင့်တာ?” တင်းရှသည် ခေါင်းကို ပြတ်ပြတ်သားသား ခါပြလိုက်သေးသည်။
“အစ်မ ကိုယ့်အကြောင်းကို သိတယ်၊ အစ်မမှာ ဖော်လိုဝါတွေများတာ တစ်ခုပဲရှိတာ”
“ကိုယ့်ကိုယ်ကို လျှော့မတွက်လိုက်ပါနဲ့ အစ်မ!” တုရိုရိုက ပြန်ချေပလိုက်သည်။
“အရင်ကတည်းက ဖော်လိုဝါ ငါးသောင်းတောင် ရှိပြီးသားကို! အခြေအနေ အရမ်းကောင်းပြီးသား!”
သူမသည် တင်းရှလို အလျင်အမြန် လူသိများလာသည့် ဆယ်လီများမရှိကြောင်းကို ဆယ်လီများ စာရင်းလုပ်ပြနေသေးသည်။
တုရိုရို၏ လှုံ့ဆော်မှုကြောင့် တင်းရှသည် ကင်မရာကို မရှက်တော့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်ကြောင့်ကြနေပါသေးသည်။
“အမှားတစ်ခုခု လုပ်မိရင်ရော ဘယ်လိုလုပ်မလဲ”
“အစ်မ လုပ်မိမှာမဟုတ်ဘူး” အသက်အရွယ်အရ စမ်းစစ်ကြည့်ပြီးပြီနောက် တုရိုရိုသည် နိဂုံးချုပ်အနေနှင့် ပြောလိုက်ပါသေးသည်။ “ကျရှုံးသွားလည်းပဲ ကြိုးစားကြည့်ရမှာပဲ”
ရှောင်ကျွင်း ခေါင်းညိမ့်ပြသည်ကို ကြည့်ရင်း တင်းရှသည် သူမကိုယ်သူမ မျှော်လင့်ချက်ထားကာ “ကဲ...ဒါဆိုရင် လုပ်ကြည့်ကြမလား”
တုရိုရိုသည် စိတ်လှုပ်ရှားစွာဖြင့် “စားကောင်းဆန်”ဖက်ကို မက်ဆေ့ဂျ်ပြန်ပို့ရင်း တင်းရှသည် ဘယ်လိုအကောင်းဆုံး ပြင်ဆင်ရမလဲ စဉ်းစားနေသည်။
မိန်းမဖြစ်သူမှာ လိုက်ဖ်လွှင့်တော့မည့် အကြောင်းကို အခိုင်အမာပရိတ်သတ်များဆီသို့ အတိအလင်းကြော်ညာထားလိုက်ပြီး ရှောင်ကျွင်း၏ သဝန်တိုမှုကို လျစ်လျူရှုထားသလို ဖြစ်နေသည်။
စိတ်ကောက်နေသော ရှောင်ကျွင်းသည် ဖက်ထုပ်များကို နေ့တိုင်းလုပ်ဖို့ တွေးထားပါလေသည်။
အကြာကြီးစောင့်လိုက်ရသော လိုက်ဖ်လွှင့်မည့်နေ့သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။ တင်းရှသည် စိတ်လှုပ်ရှားစွာ ကင်မရာရှေ့တွင် ထိုင်နေလေသည်။
“အန်...အားလုံးပဲ မင်္ဂလာပါ....ကျွန်မက အေးဆေးတဲ့ လေပြည်နဲ့ လမင်းပါ...”
[အေးဆေးတဲ့ လေပြည်နဲ့ လမင်းဆိုသည်မှာ သူမအကောင့်နာမည်ဖြစ်သည်။]