← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

တင်းရှသည် သူမ၏ ပထမဆုံးလိုက်ဖ်လွှင့်ခြင်းတွင် အစမှအဆုံး နေရခက်ပြီး အဆင်မပြေသလို ခံစားနေရသော်လည်း လူအများ၏ တုံ့ပြန်မှုမှာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေပြီး တစ်ခဏအတွင်း ထိပ်တန်းဆယ်ဆင့်အတွင်းသို့ ရောက်ရှိသွားလေသည်။

တင်းရှသည် လိုက်ဖ်လွှင့်ခြင်းပြီးဆုံးသွားသောအခါ သူမသည် သက်ပြင်းကြီးကြီးချလိုက်ပြီး ရင်ဘတ်ကို လက်ဖြင့်ဖိထားကာ “လန့်သေတော့မှာပဲ၊ တော်ပါသေးရဲ့ နောက်ဆုံးတော့ ပြီးသွားလို့”

တုရိုရိုသည် မှတ်ချက်များကို ဖတ်နေရင်း အလန့်တကြားနှင့် ထအော်လိုက်သည်။ “အိုးမိုင်ဂေါ့၊ များလိုက်တဲ့ ပိုက်ဆံတွေ!”

တင်းရှသည် သိချင်ဇောဖြင့် ကိုယ်ကို ညွှတ်ကိုင်းပြီး ကြည့်လိုက်သည်၊ သူမလည်း အံ့သြသွားပြီး မျက်လုံးများ ကျယ်သွားသည်။ “ဝေါင်း! တကယ်ကို အများကြီးပဲ!”

“ဒါပေမဲ့ အစ်မတို့ ဗီဒီယိုတွေတင်နေတဲ့နေရာကို တစ်ဝက်ပေးရဦးမယ်မလား” တင်းရှက ထိုအကြောင်း စဉ်းစားလိုက်ပြီး ပြောလိုက်သေးသည်။ “ပေးပြီးလို့ နည်းနည်း ကျန်နေသေးရင် လှူကြမယ်လေ”

“ဟမ်? လှူမယ်?” တုရိုရိုသည် နားမလည်နိုင်ဖြစ်သွားသည်။

“ဟုတ်တယ် လှူကြမယ်လေ၊ ဆေးရုံကိုပဲဖြစ်ဖြစ် ကျောင်းကိုပဲဖြစ်ဖြစ် မဟုတ်ရင်လည်း ဆရာဝန်တွေ၊ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေအတွက် လိုအပ်တာတွေ လှူကြမယ်လေ” တင်းရှသည် အပျင်းဆန့်ရင်း ပြောလိုက်သည်။

“အစ်မတို့လည်း ပိုက်ဆံရှာနိုင်တာပဲ ပြီးတော့ အခုလည်း ပိုက်ဆံပြတ်လတ်နေတာမှ မဟုတ်တာ၊ အဲ့တော့ အဲ့ပိုက်ဆံတွေကို သုံးပြီး တခြားလူတွေကို ကူညီကြမယ်လေ”

“အစ်မတင်းရှ၊ အစ်မက သနားညှာတာတတ်တဲ့ နတ်ဘုရားမများလား” တုရိုရိုသည် မနေနိုင်ပဲ သူမပါးစပ်ကို လက်ဖြင့် ပိတ်ကာ ကြိတ်ရယ်နေလေသည်။ “တခြားလူတွေသာ အစ်မကအဲ့လိုမှန်းသိသွားရင် အစ်မဆီမှာ သူတော်စင်နှလုံးသား ရှိတယ်လို့ ပြောကြမှာပဲ”

“အစ်မက သူတို့ပြောတာတွေကို လိုက်ဂရုစိုက်နေဖို့ အရမ်းပျင်းတယ်” တင်းရှသည် ထိုစကားများကို စိတ်ထဲမထားပေ။ “အဲ့လိုလုပ်တာက ဖျင်အာလေးအတွက် ကောင်းမှု ကုသိုလ်လုပ်ပေးတယ်လို့ သဘောထားလိုက်တယ်”

ထိုသို့ပြောရင်း သူမသည် လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီကာ မျက်လုံးများကို မှိတ်ထားပြီး ရွတ်ဆိုနေသည်။ “အရှင် ဗုဒ္ဓမြတ်စွာဘုရား တပည့်တော်မအသံကို ကြားတော်မူပါသလား တပည့်တော်မ ပြုသမျှ ကောင်းမှုကုသိုလ်အလုံးစုံသည် တပည့်တော်မ၏သားဖြစ်သူ ရှောင်စစ်ကျင်းအတွက် ဖြစ်ပါသည်။ သူ့အတွက် ကောင်းမှုကုသိုလ်များကို ဝေမျှပေးပါ၏”

ရှောင်ကျွင်းလည်း အနားကဖြတ်သွားရင်း စပြီးရွတ်ဆိုလိုက်သည်။ “အရှင် ဗုဒ္ဓမြတ်စွာဘုရား သူပြောသမျှကို နားမထောင်ပေးပါနဲ့ဘုရား တပည့်တော်၏ ဇနီးသည်နှင့် သားဖြစ်သူ နှစ်ယောက်စလုံးအတွက် ညီတူညီမျှ ကုသိုလ်ရခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်...”

ထိုစကားသံကို ကြားပြီး တင်းရှသည် မျက်လုံးများကို ဖွင့်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်၊ သူမနှုတ်ခမ်းတွင် ပြုံးယောင်သမ်းသွားသည်။

“အိုး ဟုတ်သား ဆရာလင်းက သူ့ကျောင်းသားတွေကို သောကြာနေ့မနက်မှာ ခေါ်လာမယ် ပြောတယ်” ရှောင်ကျွင်းသည် သူ့ဆီဖုန်းဆက်ပြီး ပြောခဲ့သည်ကို မှတ်မိသွားပြီး ပြောလိုက်သည်။

“နှစ်ရက်လောက် လိုသေးတာပေါ့နော်၊ သန့်ရှင်းရေးလုပ်ဖို့ အချိန်လုံလုံလောက်လောက် ရတာပေါ့” တင်းရှသည် ထိုသို့တွေးလိုက်သည်။

သူတို့သည် သူတို့နေရာမှာ ဖုန်တက်ကာ ဖရိုဖရဲဖြစ်နေသည်ကို အခြားသူများ ရိုက်ကူးမည်ကို မလိုလားပေ။

“အိုး ဟုတ်သားပဲ! အစ်မတင်းရှ၊ ညီမ မနက်ဖြန် ခွင့်တစ်ရက်ယူချင်တယ်၊ ညီမအဖိုးရဲ့ နှစ်ကိုးဆယ်ပြည့်မွေးနေ့မို့လို့ပါ” တုရိုရိုသည် ပြောဖို့မေ့နေသည်ကို ချက်ချင်းသတိရပြီး ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး ခွင့်ယူလို့ရပါတယ်” တင်းရှသည် သူမလက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။

“ပြီးတော့ ညီမ ဟင်းလျာတစ်ချို့ကိုလည်း မှာချင်သေးတယ်၊ ညီမနောက်မှ မှာမည့်စာရင်းကိုပေးမယ် ပြီးရင် မနက်ဖြန်မှ လာယူမယ်နော်၊ ရတယ်မလား” တုရိုရိုက မေးလိုက်သည်။

“ရတာပေါ့ မနက်၁၁နာရီလောက် အကုန်အဆင်သင့်ဖြစ်အောင် လုပ်ထားပေးမယ်၊ လာသာယူလှည့်”

တုရိုရိုသည် ချက်ပုံချက်နည်းအနည်းငယ်ရှုပ်ထွေးပြီး အိမ်တွင်ချက်၍မလွယ်သော ဟင်းလျာများကို မှာယူလေသည်။ တင်းရှသည် အပိုလက်ဆောင်အနေနှင့် ကန်စွန်းဥကိုအထဲတွင် ဌာပနာထားသော သက်ရှည်မက်မွန်သီးပေါင်မုန့်ကိုလည်း လုပ်ပေးလိုက်သေးသည်။ ၎င်းမှာ အမြင်လှပြီး အရသာရှိသည်။

တုရိုရိုသည် နောက်တစ်နေ့ မနက်၁၁နာရီလောက်တွင် မှာထားသော ဟင်းလျာများကို လာယူရာ အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ တင်းရှသည် ထိုဟင်းလျာများကို သူမအတွက် ထုပ်ပိုးပေးကာ “အိုး ဟုတ်သား၊ မင်းအဖိုးကို သူ့ရဲ့အသက်ရှည်ခြင်းအတွက် ဂုဏ်ယူပါတယ်လို့ ပြောပေးပါဦး” ဟုပြောလိုက်သည်။

တုရိုရိုသည် ပြုံးစိစိနှင့် “အစ်မ သူဌေးမကြီးရယ် အလုပ်မရှုပ်ဘူးဆိုရင် လိုက်ခဲ့ပါလား၊ အဖိုးက အစ်မကို ခေါ်လာစေချင်နေတာ”

“ဟင်?” တင်းရှသည် တစ်ခဏမျှ တန့်သွားသည်။

“အစ်မလိုက်လာဖို့ သင့်တော်ပါ့မလား...”

တင်းရှသည် ချက်ချင်းပင် လက်ကို ယှမ်းကာ ငြင်းလိုက်သည်။

“ဘာကို မသင့်တော်ရမှာလဲ အဖိုးက မကြာမကြာပြောနေတာ အမကိုတွေ့ချင်လို့တဲ့ သူကအသက်အရမ်းကြီးနေတော့ အပြင်ထွက်ဖို့ မလွယ်လို့သာ ဒီကိုလာလို့မရတာ၊ အခုက သူ့မွေးနေ့ဆိုတော့ အစ်မနဲ့ သူဌေးကိုလည်း တွေ့ချင်နေတယ်လေ” တုရိုရိုသည် တင်းရှလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

တင်းရှလည်း မငြင်းရက်တော့ပဲ ရှောင်ကျွင်းကိုပါ ခေါ်လိုက်ပြီး နှစ်ယောက်သား တုရိုရိုအဖိုးအိမ်သို့ မသွားခင် သိမ်းစရာရှိတာများ သိမ်းဆည်းခဲ့လိုက်သည်။

အဖိုးအိုမှာ သေးငယ်သော စီဟယ်ယွမ်အိမ်ရာလေးထဲတွင် နေထိုင်ပြီး ထိုနေရာလေးမှာ ကျက်သရေရှိပြီး အထဲတွင် ဇိမ်ရှိလှသည်။

အသက်ကြီးကြီး လူကြီးလူကောင်း၏ မွေးနေ့ပွဲဖြစ်သောကြောင့် လူအနည်းငယ် တက်ရောက်ကြပြီး ထိုလူများသည် ပြုံးပြကာ တုရိုရိုကို မြင်လျှင်မြင်ချင်း နှုတ်ဆက်ကြသည်။ “တုရိုရို မင်းပြန်လာပြီပဲ”

တုရိုရိုသည် ထိုလူများကို တစ်ယောက်ချင်းစီ လိုက်နှုတ်ဆက်နေပြီး သူမ ယူလာသော စားစရာများကို သူမအမေစားဖို့ရာအတွက် မီးဖိုချောင်ထဲသို့ ယူသွားလေသည်။ ထို့နောက် တင်းရှနှင့် ရှောင်ကျွင်းတို့ကို စာဖတ်ခန်းထဲသို့ ခေါ်သွားခဲ့သည်။

ထိုအသက်ကြီးကြီး လူကြီးလူကောင်းကြီးသည် ဆံပင်များ အလုံးစုံဖြူနေသည်။ သို့သော် သူ့ပုံစံမှာ ဝှီးချဲပေါ်တွင် ထိုင်နေသည်မှလွဲ၍ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပုံရသည်။ မျက်နှာမှာ ပြုံးယောင်သမ်းနေပြီး မျက်လုံးများမှာ သဘောကောင်းသောအကြည့်ဖြင့် ကြည့်နေသည်။

“တုရိုရို သမီးပြန်ရောက်ပြီကိုး” ဝမ်ရူရွှမ်သည် တုရိုရိုကို မြင်လိုက်ရသည့်အတွက် အလွန်ပျော်သွားသည်။

တုရိုရိုသည် ပြုံးလျက် သူ့အဖိုးဆီ လျှောက်လာပြီး ဝပ်တွားလိုက်သည်။ “သမီးပြန်ရောက်ပြီ အဖိုး! ပြီးတော့ အစ်မတင်းရှနဲ့ သူဌေးရှောင်တို့ကိုလည်း ခေါ်လာခဲ့သေးတယ်!”

“ကောင်းတာပေါ့ ပျော်စရာကြီး” ဝမ်ရူရွှမ်သည် အလွန်ဝမ်းသာသွားသည်။ သူသည် တင်းရှနှင့် ရှောင်ကျွင်းတို့ကို ရှက်သလိုလို စိတ်လှုပ်ရှားသလိုလို အကြည့်ဖြင့် ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကို သူ့ဆီလာဖို့ လက်ယပ်ခေါ်နေသည် “ဒီကိုလာပါဦး ကလေးတွေ”

တင်းရှသည် သူရှိရာသို့ ရှောင်ကျွင်းနှင့်အတူ အလျင်အမြန် လျှောက်သွားလိုက်သည်။ “ကောင်းသောနေ့ပါ လူကြီးမင်း၊ အသက်ရှည်ခြင်းအတွက် ဂုဏ်ယူပါတယ်၊ အရှေ့ပင်လယ်ကြီးလို သက်တမ်းကြာရှည် နေရပါစေ”

ဝမ်ရူရွှမ်သည် ကြင်ကြင်နာနာနှင့် ရယ်လိုက်သည်။ “ကျေးဇူးပါကွယ် မိန်းကလေး၊ ငါ့မိန်းမက ကျန်းမာရေးသိပ်မကောင်းတော့ အိပ်နေတယ်၊ နိုးလာရင် မင်းတို့နဲ့တွေ့ဖို့ ခေါ်လာပေးမယ်”

တင်းရှသည် အလျင်အမြန်ပြောလိုက်သည်။ “နေပါစေ အဖွား ကောင်းကောင်း အနားယူပါစေ...”

ဝမ်ရူရွှမ်သည် တုရိုရိုကို တင်းရှတို့အတွက် လက်ဖက်ရည်သွားဖျော်ခိုင်းလိုက်သည်။ “ထိုင်ပါဦး မတ်တပ်ပဲရပ်မနေပါနဲ့ ပင်ပန်းရောပေါ့”

“တုရိုရိုက မင်းတို့အကြောင်း တစ်ချိန်လုံးပြောနေတော့ မင်းတို့ကို တွေ့ချင်သွားတာ၊ ကောင်မလေးက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အကျင့်ရှိတော့ မင်းတို့ကို ဒုက္ခရောက်စေမှာပဲနော်”

“ဘာဒုက္ခမှ မရောက်စေပါဘူးရှင်၊ ကျွန်မအတွက်လည်း တော်တော်ကူဖော်ရပါတယ်၊ ကျွန်မကသာ သူ့ကို ကျေးဇူးတင်ရမှာ” တင်းရှသည် စိတ်အားထက်သန်စွာ ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ဝမ်ရူရွှမ်လည်း အလွန်ပျော်သွားသည်။ “ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်၊ ဒီကလေးမက ငါ့ကို မင်းတို့အကြောင်းအများကြီး ပြောပြနေကလည်းက သိလိုက်တယ်၊ သူ့အတွက် မင်းတို့နဲ့ဆုံရတာက ကံကောင်းခြင်းတစ်မျိုးပဲဆိုတာ”

ထိုသို့ ပြောနေပြီး သူသည် တုန်တုန်ရီရီနှင့် ဝှီးချဲဘီးကို ဘေးသို့ တွန်းလိုက်သည်။ တင်းရှသည် သူ့ကိုကူဖို့ ထလိုက်သည်။ သူသည် စာကြည့်စားပွဲဆီ ညွှန်ပြလိုက်ပြီး တင်းရှက ထိုနေရာသို့ရောက်အောင် တွန်းပေးလိုက်သည်။

ဝမ်ရူရွှမ်သည် အံဆွဲကို ဆွဲဖွင့်ပြီး သေးငယ်သော ရွှေရောင် အဆင်တန်ဆာတစ်စုံကို ထုတ်ယူလိုက်သည်။ “မင်းတို့ကို ပေးစရာတစ်ခုရှိတယ်”

“အဲ့လောက် အကောင်းစားလက်ဆောင်ကို ကျွန်မတို့ မလက်ခံပါရစေနဲ့” တင်းရှက အမြန်ငြင်းလိုက်သည်။

“ဒီဟာလေးတွေက အဲ့လောက်တန်ဖိုးမရှိပါဘူး” ဝမ်ရူရွှမ်သည် လက်ဖဝါးပေါ်တွင် ဖြန့်ချရင်း “ငါ့မိန်းမနဲ့ ငါတို့ ငယ်ရွယ်စဉ်တုန်းက ရှိခဲ့ကြတဲ့ဟာလေးပါ၊ ဒီဟာလေးမှာ အဓိပ္ပါယ်ကောင်းကောင်းရှိတယ်၊ မင်းတို့လင်မယား အိုအောင်မင်းအောင် ဆံဖြူသည်အထိ ပေါင်းသင်းရပါစေဆိုတဲ့ ကောင်းချီးအဓိပ္ပါယ်ပေါ့”

ရှောင်ကျွင်းသည် သူ့ဆီ လျှောက်လာလိုက်သည်။

အိုမင်းပြီး တုန်ရီနေသော လက်တစ်စုံပေါ်တွင် သေးငယ်သော ပဲစေ့ဆွဲပြားအဆင်တန်ဆာလေး နှစ်ခု။

“ဒီပဲစေ့အဆင်တန်ဆာလေးတွေက ရွှေနဲ့လုပ်ထားတယ်ဆိုပေမဲ့ အဲ့လောက်ထိ တန်ဖိုးမရှိပါဘူး၊ အရမ်းသေးတယ်လေ” ဝမ်ရူရွှမ်သည် ထိုသို့ပြောလိုက်ပြီး “ဒါပေမဲ့ ဒီဟာလေးတွေက ထွင်းထုထားတဲ့ အသည်းပုံပဲစေ့လေးတွေပဲ”

သူသည် တင်းရှဆီ ပေးလိုက်သည် “ကောင်းသောနိမိတ်တွေကို ယူဆောင်လာပေးဖို့ပါ၊ ကလေးရေ ကျေးဇူးပြု၍ လက်ခံပေးပါ”

တင်းရှသည် ထိုအရာလေးများကို လှမ်းယူလိုက်သည်၊ ထို့နောက် ရှောင်ကျွင်းကို ပြန်ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း” ရှောင်ကျွင်းသည် အခိုင်အမာ ပြောခဲ့သည်။

“ငါက အခုအိုနေပါပြီ ပြီးတော့ အရာအားလုံး တော်တော်များများကိုလည်း မြင်ဖူးပြီးပြီ” ဝမ်ရူရွှမ်က ပြောခဲ့သည် “လူအားလုံးရဲ့ ကောင်းကောင်းမွန်မွန်နေထိုင်တာကို မျှော်လင့်ခြင်းမှတစ်ပါး အခြားဘာနောင်တရစရာမှ မရှိပါဘူး”

“အဖိုးကိုကြည့်ရတာ စိတ်ချမ်းသာလိုက်တာ”

မွေးနေ့စားသောက်ပွဲပြီးသွားပြီး ညနက်လာသောအခါ တင်းရှသည် အသည်းပုံ ပဲစေ့ဆွဲပြားလေးများကို ခဏခဏထုတ်ကြည့်ကာ ထိကြည့်နေသည်။

“ကျွန်မ အဲ့လူကြီးလူကောင်းကြီးကို တော်တော် သဘောကျမိတယ်” တင်းရှက ရုတ်တရက်ပြောလိုက်သည်။

ရှောင်ကျွင်းသည် ထိုစကားကို သဝန်တိုသောအပြုအမူဖြင့်လည်း မတုံ့ပြန်ခဲ့ပေ၊ ထို့ပြင် ထိုဆွဲပြားအဆင်တန်ဆာလေးကို အလွန်သဘောကျနေသည်။ “ဟင်း”

“သူတို့နှစ်ယောက် ဆက်ဆံရေးက အရမ်းကောင်းမဲ့ပုံပဲ”

“အဲ့လူကြီးလူကောင်းကြီးက သူ့မိန်းမလက်ကို လွှတ်ကိုမလွှတ်ပေးတော့ဘူး”

“သူက အဖွားကို အချစ်တွေပြည့်နေတဲ့ အရောင်တောက်နေတဲ့ အကြည့်တစ်စုံနဲ့ ကြည့်နေခဲ့တာ”

“ကျွန်မတို့လည်း သူတို့လိုဖြစ်လာမှာပဲ အသက်၉၀အရွယ်ရောက်ရင်တောင် မွေးနေ့တွေကို အတူတူဖြတ်သန်းသွားကြမယ် ဟုတ်တယ်မလား” တင်းရှသည် ရှောင်ကျွင်းကို မျက်စိလှန်ကြည့်လိုက်သည်။

“အသေအချာပဲပေါ့ ကိုယ် အာမခံတယ်” ရှောင်ကျွင်းသည် သူမနှာဖျားလေးပေါ် တဏှာရမက်တစ်စက်မှမပါပဲ အနမ်းတစ်ပွင့်ကို ခြွေလိုက်သည်။

“ကိုယ် မင်းရဲ့ဘေးနားမှာပဲ အတူရှိနေမှာပါ အသက်၉၀အရွယ်ရောက်ခဲ့ရင်တောင်မှ”

တင်းရှသည် ဘာမှပြန်မပြောခဲ့ပဲ သူ့ထွေးပွေ့မှုထဲသို့ တိုးဝှေ့ဝင်သွားပါလေတော့သည်။

“အိပ်တော့နော်”

ထိုအခိုက်အတန့်လေးတွင် နှစ်ယောက်သား၏ နှလုံးသားများမှာ အနီးစပ်ဆုံး ဖြစ်နေခဲ့သည်။

All Chapters