အခန်း (၅၉)
Vol. 4 Ch. 59
“မြောင်!”
တင်းရှသည် နားနေခန်းထဲသို့ ဝင်လာသောအခါ ကြက်ဥနှစ်လေး၏ ကျယ်လောင်သော အသက်ရှူထုတ်သံနှင့် ဒေါသကြီးစွာ အော်နေသံတို့ကို ကြားလိုက်ရသည်။
ထို့နောက် တုရိုရို၏ အံ့အားသင့်သော အော်သံကို ကြားခဲ့သည်။
တင်းရှသည် ဧည့်ကြိုနေရာသို့ ခြေနှစ်လှမ်းတည်းနှင့် အပြေးသွားလိုက်ပြီး “ဘာဖြစ်တာလဲ”
သူမထိုနေရာသို့ ရောက်သောအခါ ကြီးမားပြီး ညစ်ပတ်နေသော ခွေးတစ်ကောင်မှာ ရွှံများ ပေကျံနေကာ အဝင်ဝတွင် အပြစ်ကင်းသော ပုံစံလေးနှင့် ထိုင်နေသည်။
“ဒီခွေးက ဘယ်ကလာတာလဲ” တင်းရှသည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
“ကျွန်မလည်း မသိဘူး၊ ကျွန်မက ကြက်ဥနှစ်လေးကို အမွှေးဖီးပေးမလို့ လုပ်နေတုန်း သူက ရုတ်တရက်ကြီး အဝင်ဝမှာ ပေါ်လာတော့ ကြက်ဥနှစ်လေးခမျာ လန့်သွားရှာတယ်” ဟုတုရိုရိုက ပြောခဲ့သည်။
သို့ပေမဲ့လည်း ထိုခွေးမှာ လိမ္မာလှသည်။ အဝင်ဝရှိ ခြေသုတ်ခုံတွင် ရောက်လာကတည်းက ထိုအတိုင်း ထိုင်နေလေသည်။ တစ်ကိုယ်လုံး ရွှံများပေကျံပြီး ခြေသုတ်ခုံတွင်လည်း ရွှံများပေနေသည်။
“ကဲပါ အဲ့ကောင်လေးကို ခေါ်ထုတ်ပြီး အရင်ရေချိုးပေးလိုက်ဦးမယ် တစ်ကိုယ်လုံး ညစ်ပတ်နေတာပဲ” တင်းရှသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး ထိုခွေးကို မည်သို့ ခေါ်ထုတ်ရမည်ကို စဉ်းစားရကြပ်နေသည်။
ထိုခွေးသည် အမြီးကို ယှမ်းခါနေသည်။ တင်းရှသည် ကြက်ဥနှစ်လေးအတွက် ကြက်ကြော်ယူလာကာ ထိုခွေးကိုလည်း ထိုကြက်ကြော်ဖြင့် အပြင်ခေါ်ထုတ်သွားသည်။
ယောင်းမကုန်းသည် ထိုခွေးကြောင့် လန့်သွားခဲ့သည်။ “ရွံစရာကောင်းလိုက်တဲ့ ခွေး!”
တင်းရှသည် ဖြစ်ကြောင်းကုန်စင်ကို ပေါ့ပေါ့ပါးပါး ရှင်းပြခဲ့သည်။ ယောင်းမကုန်းသည် ချက်ချင်းပင် ကြမ်းတိုက်တံကို ကောက်ယူလိုက်ပြီး အလျင်အမြန် ကြမ်းတိုက်လိုက်သည်။
တင်းရှသည် ကြက်ကြော်ကို ထိုခွေးပါးစပ်ထဲ ထည့်ပေးနေပြီး ခြံထဲတွင် ဆိုလာစွမ်းအားသုံး ရေပူစက်ကို ဖွင့်ကာ တုရိုရိုနှင့်အတူ ထိုခွေးကြီးကို သေချာပွတ်တိုက်ပေးပြီး ရေချိုးပေးနေသည်။
သူတို့သည် ထိုခွေးကို တစ်ကိုယ်လုံးသန့်ရှင်းသွားအောင် အိမ်မွေးတိရစ္ဆာန်သုံး ရှန်ပူကို တော်တော်များများ အသုံးပြုလိုက်ရသည်။
ထိုခွေးသည် ထိုနေရာတွင် ဆောင့်ကြောင့်လေးထိုင်နေကာ သူတို့ပြောသည့်အတိုင်း လက်ကလေးကို မပေးလိုက်၊ ကိုယ်လုံးလေးကို လှည့်ပေးလိုက်နှင့် တင်ပါးလေးကို ပုတ်ပေးလိုက်သည့်အခါ နေရာရွှေ့ပေးလိုက်နှင့် အလွန်ပင် ပြောစကားနားထောင်နေသည်။
ဆေးကြောသန့်စင်ပေးပြီးသောအခါ တင်းရှသည် ထိုခွေးကြီးမှာ အနည်းငယ်အသက်ကြီးနေပြီး မျက်နှာဖြူဖြူနှင့် အကောင်ကြီးကြီး ဂိုးလ်ဒန်းရီတရီဗာကြီးမှန်း သိသွားလေသည်။
မျက်လုံးများမှာ နက်မှောင်နေပြီး ပါးစပ်ကို ဟလျက် မောပြနေကာ ပြုံးသယောင်ယောင်ရှိနေသည်။
ကြည့်ရသည်မှာ အလွန်လိမ္မာသော ခွေးတစ်ကောင်ပုံစံဖြစ်နေသည်။
သို့သော် သူ့၏အမွှေးခြောက်သွားအောင် မနဲလုပ်ပေးနေရပြီး သူတို့နှစ်ယောက်မှာ လက်မောင်းများပြုတ်ထွက်မတတ် လုပ်ပေးနေရကာ နောက်ဆုံးတွင် ရှောင်ကျွင်း လာလုပ်ပေးတော့မှသာ ပြီးသွားလေသည်။
မျက်နှာ ခပ်ပြုံးပြုံးဖြစ်နေသော ထိုခွေးသည် တင်းရှဆီ လျှောက်သွားပြီး သူမခြေထောက်ကို ပွတ်သတ်နေကာ စပျစ်သီးနှင့်တူသော သူ၏မျက်လုံးများဖြင့် တင်းရှကို စိုက်ကြည့်နေလေသည်။
တင်းရှသည် သူ့ခေါင်းနှင့် နားရွက်ကြီးများကို ပွတ်ပေးလိုက်ပြီး သူမသည် ထိုသို့ပွတ်ပေးရသည်ကို မရပ်တန့်နိုင်ဖြစ်သွားသည်။
သို့သော် လိမ္မာလှသော ထိုခွေး၏ ပုံစံကိုကြည့်ခြင်းဖြင့် ပိုင်ရှင်ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
ထိုခွေးသည် ထိုနေရာမှ နည်းနည်းတောင် မရွေ့ပေ။ တင်းရှခြေထောက်နားတွင် လှဲလျောင်းနေပြီး တစ်စက်မှမရွှေ့ပဲ သူ့အမွှေးထူထူ ခန္ဓာကိုယ်ကြီးရှိ ထူထဲသော အမွှေးများဖြင့် တင်းရှခြေထောက်ကို ဖိအိပ်ထားလေသည်။ တင်းရှသည် ဆောင့်ကြောင့်ထိုင်ကာ သူ့ကိုပွတ်ပေးနေသည်။
“မင်း လမ်းပျောက်နေတာလား”
“မင်းအိမ်က ဘယ်မှာလဲဆိုတာရော မှတ်မိရဲ့လား”
“အိမ်ပြန်ခေါ်သွားပေးရမလား”
ထိုခွေးသည် ပါးစပ်ကိုဟပြီး ပျင်းရိစွာ သမ်းနေလေသည်။ ထို့နောက် ခေါင်းလေးကို သူ၏ လက်နှစ်ဖက်ယှက်ထားသည့်အပေါ် တင်ကာ တင်းရှကို တစ်ခါတစ်ရံ လှမ်းကြည့်နေပြီး ပဲစေ့နှင့်တူသော မျက်လုံးလေးများဖြင့် ပြောစကား နားထောင်သည့်ပုံစံလုပ်ပြနေသည်။
တင်းရှသည် သက်ပြင်းချလိုက်သည်။ ခဏအကြာတွင် နေပူထဲ၌ ဆက်မနေနိုင်သောကြောင့် သူမသည် ခွေးကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
အိမ်ထဲရောက်သည်နှင့် ထိုခွေးသည် နေရာတိုင်းကို အနံ့လိုက်ခံနေပြီးနောက် ဖျင်အန်းလေး၏ ပုခက်ဆီ တည့်တည့်လျှောက်သွားလေသည်။
တင်းရှလည်း လန့်သွားပြီး ထိုခွေးနောက် အမြန်လိုက်သွားကာ ခွေးမှာ ပုခက်နားတစ်ဝိုက် အနံ့လိုက်ခံနေသည်။
ဖျင်အန်းလေးသည် အဒေါ်ကျောက်အခန်းထဲတွင် ရှိနေသည်။ အဒေါ်ကျောက်သည် ဖျင်အန်းလေးကို ချီလျက် မထွက်လာခင် ထိုခွေးသည် ပုခက်နားတွင် နှစ်ကြိမ်ခန့် လှည့်ပတ်ကာ အနံ့ခံနေသည်။
“ဝေါင်း! ဒီခွေးကြီးက ဘယ်ကရောက်လာတာလဲ” အဒေါ်ကျောက် ရောက်လာသောအခါ ခွေးကို သတိထားမိပြီး ပြောလိုက်သည်။
“သူ့ဘာသာ ရောက်လာတာ” တင်းရှသည် ဖျင်အန်းလက်ကလေးကို ပုတ်ပေးရင်း ပြောနေသည်။ ဖျင်အန်းလေးသည် သူ့အမေ အချီခံချင်သဖြင့် လက်ကလေးကို အမြန်ကမ်းပေးနေသည်။
တင်းရှလည်း သူ့ကိုကောက်ချီလိုက်ပြီး သူ့လက်နုနုလေးကို ခွေး၏ ခေါင်းနှင့်နားရွက်ကြီးများကို ပွတ်သပ်ပေးစေရန် လုပ်ပေးလိုက်သည်။ ဖျင်အန်းလေးသည် အခုမှ ပထမဦးဆုံးအကြိမ် ခွေးကို ကိုင်ဖူးခြင်းဖြစ်သည်။
ကြက်ဥနှစ်လေးကို ကိုင်ရသည်နှင့် မတူချေ။ ကြက်ဥနှစ်လေးသည် အမွှေးများ နူးညံ့ကာ ကိုယ်လုံးလေးမှာ ဝဝကစ်ကစ်ဖြစ်နေသည်။ ထိုခွေးကို ကိုင်ရသည်မှာ အမွှေးများထူထဲနေပြီး ခွေးများသဘာဝ ပြေးလွှားနေမှုကြောင့် ကြွက်သားများ အတော်အသင့်ထွက်နေသည်။
ဖျင်အန်းလေးသည် မပီကလာ ပီကလာဖြင့် စကားများပြောနေကာ ပျော်နေလေသည်။
ခွေးနှင့် တစ်ခဏမျှ ကစားပြီးနောက် တင်းရှသည် “အဒေါ်ကျောက်ရေ ဖျင်အန်းလေးကို နေ့လည်စာကျွေးပြီး တစ်ရေးတစ်မော သိပ်လိုက်ပါဦးနော်၊ ညကကောင်းကောင်းမအိပ်ထားဘူး ဟိုလှိမ့်ဒီလှိမ့်နဲ့ တစ်ညလုံးပွေးနေတာ”
အဒေါ်ကျောက်သည် ကလေးလေးကို ခေါ်သွားခဲ့သည်။ တင်းရှလည်း တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပိုးသားလက်စည်းလေးကို ယာယီလည်ပတ်အနေနှင့် သူ့လည်ပင်းတစ်ဝိုက် ချည်ထားပေးကာ အနီးနားဝန်းကျင်သို့ လမ်းလျှောက်ထွက်ရန် ခေါ်သွားပြီး သူ့သခင်ရှိလို့ရှိငြား လိုက်ရှာပေးနေခဲ့သည်။
လိမ္မာသော ခွေးလေးသည် သူမနောက် တကောက်ကောက်လိုက်လာပြီး သူမနံဘေးတွင် တစ်လမ်းလုံး အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ သူမရပ်လိုက်သည့်အခါ သူလည်းရပ်လိုက်သည်။
တင်းရှသည် ထိုသို့လမ်းလျှောက်ပေးရသည်ကို အလွန်သဘောကျနေမိသည်။
လမ်းတစ်ပတ်လောက်လျှောက်ပြီးသောအခါ သူမသည် တစ်လမ်းလုံးတွင် ခွေးပျောက်၍ လိုက်ရှာနေသူဟူ၍ တစ်ယောက်မှ မတွေ့မိချေ။ ထို့ကြောင့် တင်းရှလည်း အိမ်မွေးတိရစ္ဆာန်ပစ္စည်းဆိုင်တွင် ရပ်လိုက်ကာ လည်ပတ်ကလေးဝယ်ပေး၍ တပ်ပေးခဲ့ပြီးနောက် ခွေးကို အိမ်သို့ ပြန်ခေါ်သွားလေသည်။
သူမသည် အိမ်ကိုပြန်ရောက်သည်နှင့် နားနေခန်းတွင် လိမ္မာရောင်နှင့် အနီရောင်ပါသော ဝတ်စုံများကို ဝတ်ထားသည့် မီးသတ်သမားများ တစ်ခန်းလုံးအပြည့် ရောက်နေသည်ကို တွေ့နေရသည်။ တင်းရှက တုရိုရိုကို မေးလိုက်သည်။ “ဘာလို့ ဒီလူတွေရောက်နေတာလဲ”
တုရိုရိုသည် ဖျော်ရည်များ ဖျော်ကာ အလုပ်ရှုပ်နေသည် “ဟိုဖက်တစ်လမ်းကျော်မှာ မိန်းမတစ်ယောက်ကြောင့် မီးလောင်သွားလို့၊ အဲ့မိန်းမက သူ့ယောကျ်ား ဖောက်ပြန်တာကို သိသွားပြီး စိတ်ရူးပေါက်ပေါက်နဲ့ အိမ်ကို မီးထရှို့တာ၊ သူနဲ့ ခြံချင်းကပ်နေတဲ့ အိမ်နီးချင်းနှစ်အိမ်စလုံးလည်း မီးစွဲသွားတယ်ပြောတယ်၊ အဲ့ဒါ ဒီလူတွေက မီးငြိမ်းအောင်လုပ်လိုက်နိုင်ပြီးတော့ ဒီမှာ ထမင်းလာစားကြတာ”
“ယူနန်၊ ကွေ့ကျိုးနဲ့ စီချွမ်က ငယ်ငယ်ရွယ်ရွယ် မီးသတ်သမားတစ်ချို့လည်း ပါသေးတယ် အသက်က ၁၈ ၁၉လောက်ပဲ ရှိဦးမယ်၊ ကလေးမျက်နှာလေးတွေနှင့် ချောမောပြီး ရှက်နေလိုက်တာဆိုတာ...၊ အစ်ကိုရှောင်လည်း သူတို့ရဲ့လေယူလေသိမ်းကို ကြားမိပြီးတော့ သူတို့ အတွက် မီးဖိုချောင်ထဲမှာ ဟော့ပေါ့အစပ် ချက်ပေးနေတယ်လေ”
တုရိုရိုသည် ထိုသို့ပြောလိုက်ပြီးနောက် မေးလိုက်သည်။ “ခွေးပိုင်ရှင်ကို မရှာတွေ့ခဲ့ဘူးလား”
“မတွေ့ခဲ့ဘူး” တင်းရှသည် ခေါင်းခါပြလိုက်သည်။ “အစ်မနောက်ဖေးခြံဝန်းထဲ ခဏသွားပြီးရင် လာကူပေးမယ်နော်”
ထို့နောက် မီးသတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ခွေးကို တစ်ချက်ကြည့်မိပြီး ရုတ်တရက် ထအော်လိုက်သည်။ “ဟေးရှန်!”
ထိုခွေးသည် ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး လည်ပင်းတွင် လည်ပတ်ပတ်ထားသောကြောင့် သူ့ခြေလက်များဖြင့် ပြေးဖို့ရာ ထိန်းချုပ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ လျှာကိုလည်း ထုတ်ထားပြီး အလွန်စိတ်လှုပ်ရှားကာ ပျော်နေသည်။
တင်းရှသည် မျက်တောင်ခတ်လိုက်သည်။ “ရှင့်...ရှင့်ခွေးလား”
ခေါင်းဆောင်သည် ထိုခွေးဆီ လျှောက်လာပြီး “ကျွန်တော်တို့ စခန်းက ခွေးပါ၊ အငြိမ်းစားယူတော့မဲ့ ခွေးပေါ့”
သူသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ ထိုခွေး၏ နားရှိ အမွှေးများကို ဖွလျက် ပွတ်ပေးနေသည်။ ဟေးရှန်လည်း ပျော်ရွှင်စွာ ခန္ဓာကိုယ်ကို လှည့်ပတ်ပြနေသည်။
“ဟေးရှန်က တရားဝင် မှတ်ပုံတင်ပြီးသား ခွေးတစ်ကောင်ပါ” ဟုခေါင်းဆောင်က ပြောပြနေသည်။ “ဒီနေ့ ကျွန်တော်တို့တွေ တာဝန်တစ်ခုအတွက် အပြင်ထွက်လာတာ၊ အစက လူတွေကို သွားကယ်ပြီးအပြန်မှာ မီးလောင်နေတယ်ဆိုပြီး ဖုန်းတစ်ကောဝင်လာတာနဲ့ အမြန်သွားလိုက်တာ၊ ဟေးရှန်လည်း ရွှံ့တွေပေကျံသွားတယ်”
ခေါင်းဆောင်မှာ ရတက်မအေးဖြစ်နေသည်။ “ဟေးရှန်က အိမ်ပြန်လမ်းကို သိတတ်တယ်၊ ဒါပေမဲ့ လည်ပတ်လည်း မပတ်ထားမိတော့ သူ့ကိုတခြားလူတွေက လမ်းဘေးခွေးဆိုပြီး အမှတ်မှားမှာ စိုးရိမ်မိတယ်”
“အဖွဲ့သားတစ်ချို့က သူ့ကို သွားရှာနေကြတယ်လေ၊ အခုတော့ သူကဒီမှာ၊ သွားရှာတဲ့သူတွေကို ပြန်လာပြီး နားဖို့နဲ့ စားဖို့သောက်ဖို့ ပြန်ခေါ်လိုက်တော့မယ်”
ထို့နောက် ခေါင်းဆောင်သည် ဖုန်းတကောဆက်လိုက်သည်၊ ညွှန်ကြားချက်တစ်ချို့ ပြောကြားပြီးနောက် ဖုန်းချလိုက်သည်။
“ဟေးရှန်က အရမ်းလိမ္မာတာ၊ သူ့တစ်ကိုယ်လုံး ညစ်ပတ်နေရင်တောင် အရမ်းသိတတ်ပြီး အဝင်ဝမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တာလေ” တင်းရှက အပြုံးလေးနှင့် ပြောခဲ့သည်။
“အခုလို ကြားရတဲ့အတွက် ဝမ်းသာမိပါတယ်၊ ဟေးရှန်က သူများအိမ်လျှောက်လည်ရတာကို သဘောကျတယ်လေ၊ ခင်ဗျားရဲ့အိမ်ကို နေရာကောင်းလေးဆိုပြီး ထင်နေတာဖြစ်မယ်” ခေါင်းဆောင်သည်လည်း ပြုံးပြီး ပြောနေခဲ့သည်။
တုရိုရိုက စကားဖြတ်ပြောလိုက်သညယ “ခေါင်းဆောင် ဘာလို့သူ့ကို ဟေးရှန်လို့ ခေါ်တာလဲ”
“ဘာလို့ဆို သူ့ကို ခွေးပေါက်လေးအရွယ်လောက်တုန်းက တွေ့ခဲ့တာ၊ ပြီးတော့ အဲ့တုန်းက ကျွန်တော်တို့က တရုတ်သရဲကားတွေ ကြည့်လို့ကောင်းနေတဲ့အချိန်၊ သူကလည်း ကျွန်တော်တို့နဲ့ အတူတူလာကြည့်ရုံအပြင် အဲ့ကားထဲက တောင်နက်မိစ္ဆာကြီး ထွက်လာတဲ့အခါကျရင် စိတ်လှုပ်ရှားပြီး ထထဟောင်တတ်တယ် အဲ့ဒါနဲ့ ကျွန်တော်တို့လည်း သူ့ကို ဟေးရှန်လို့ နာမည်မှည့်ပေးလိုက်တာ”
[ဟေးရှန်ဆိုသည်မှာ တရုတ်လို တောင်နက်ဆိုသည့်အဓိပ္ပါယ်ဖြစ်သည်၊ တစ်နည်းအားဖြင့် အနက်ရောင်တောင်ဟူ၍ဖြစ်သည်။]
ဟေးရှန်သည် လိမ္မာစွာ သူတို့ခြေထောက်နားတွင် ဆောင့်ကြောင့်လေး ထိုင်နေကာ တုပ်တုပ်မျှ မလှုပ်ပေ။ သူတို့ကို တစ်ခါတစ်ရံ လှမ်းကြည့်နေသည်။ တုရိုရိုသည် သူ့ကို မပွတ်ပေးပဲ မနေနိုင်ချေ။ “အရမ်းကိုလိမ္မာတာပဲ!”
“ဟေးရှန်က ဒီနှစ် အငြိမ်းစားယူတော့မှာလေ၊ သူ့ပိုင်ရှင်က သူအငြိမ်စားယူပြီး ကောင်းကောင်းနားဖို့ အိမ်ပြန်ခေါ်သွားတော့မှာ” ခေါင်းဆောင်က ပြောလိုက်သည်။
“သူကအရမ်းလိမ္မာတာ၊ သူ့တာဝန်ချိန်ပြီးသွားရင် ဒီလိုမျိုး ပွတ်ပေးနေလို့ရတယ်လေ”
တုရိုရိုသည် သူ့ကို ဆက်ပြီးပွတ်ပေးနေသည်။
ဟေးရှန်သည် သူမကို ငြိမ်ပြီးကြည့်နေသည်။
နောက်ဆုံးတော့ ထိုအဖွဲ့မှာ ၅၀ရာခိုင်နှုန်း လျှော့စျေးရသွားလေသည်။ ခေါင်းဆောင်သည် တုရိုရိုကို မနိုင်တော့ကြောင်း ပြောခဲ့ပြီး ရယ်နေကာ ဤနေရာကို နောက်တစ်ခေါက်မလာတော့ကြောင်း ပြောနေခဲ့သည်။ နို့မို့ဆို သူဌေးမမှာ အရင်းပြုတ်သွားမည် ဖြစ်သည်ဟု ထင်နေလေသည်။
တင်းရှသည် ရှောင်ကျွင်းဖက် ချက်ချင်းလှည့်လိုက်ကာ “ကျွန်မ ခွေးတစ်ကောင် မွေးချင်တယ်! ဟေးရှန်လို ခွေးလေးမွေးမယ်ဆိုရင်ရော ဘယ်လိုလဲ”