← Chapters

(စုလီ) ဇာတ်သိမ်းပိုင်း

Vol. 5 Ch. 75

(စုလီ) ဇာတ်သိမ်းပိုင်း

Vol. 5 Ch. 75

ကျိုးယောင်သည် စုလီကြောင့် လန့်သေတော့မလိုဖြစ်နေသည်။ ရက်ပေါင်းများစွာကြာသည်အထိ သူသည် စုလီဘေးမှ လုံးဝမခွာရဲပဲ စုလီသွားသမျှနေရာတိုင်း နောက်မှတကောက်ကောက်လိုက်နေပြီး အမေရိကားမှ ကျိုးဝမ်ယုကိုလည်း ပြန်ခေါ်ထားသည်။

စုလီလည်း သူ့ကိုပြန်တော်လှန်ဖို့ အားအင်မရှိဖြစ်ကာ ကျိုးယောင်ကို ဒီအတိုင်းပဲ ထားထားလိုက်သည်။ သူသည် လှုပ်ကုလားထိုင်တွင် ထိုင်နေပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အတွေးထဲ နစ်မြောနေသည်။

သူသည် တကယ်တမ်းတော့ နောက်ထပ် အဲ့လောက်ထိ စိတ်ပျက်မနေတော့ပေ။

နှစ်ပေါင်းများစွာကြာပြီးနောက် သူ့အတိတ်ဘဝကို ပြန်လည်ကြည့်ကာ ထိုအတိတ်ဘဝသည် ခါးသီးလား သို့မဟုတ် ချိုမြိန်လား ဆိုသည်ကို သိချင်သော ပြင်းပြသည့် ခံစားချက်များ နောက်ထပ်မရှိတော့ပေ။

သူခံစားခဲ့ရသော ဒဏ်ရာများ၊ သူကြားခဲ့ရသော မကြားဝံ့မနာသာ စကားလုံးများ၊ တော်တော်များများကို သူမေ့ပစ်လိုက်ပြီဖြစ်သည်။

ထိုအရာများအပေါ် ဆတ်ဆတ်ထိမခံဖြစ်တတ်ခဲ့ဖူးခြင်းမှာ သူခေါင်းမာခဲ့သောကြောင့်ဖြစ်သည်။ ထိုခံစားချက်များကို ခေါင်းမာမာနှင့် အမှတ်ရနေခြင်းကြောင့်ဖြစ်သည်။ ခံပြင်းမှု၊ စိတ်အလိုဆန္ဒမပါမှု၊ အနစ်နာခံခဲ့ရမှုနှင့် စိတ်ဓါတ်ကျစရာများ ဖြစ်ပေသည်။

စုလီသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး သူ့ခေါင်းအောက်တွင် လက်ကို ထားကာ သီချင်းလေး ညည်းလိုက်ပါသည်။

ကျိုးယောင်သည် အခန်းထဲတွင် စာရွက်စာတမ်းများနှင့် အလုပ်လုပ်နေသည်။ သူ့အခန်းပြတင်းပေါက်မှာ ခြံဝန်းထဲသို့ တန်းမြင်နေရသည်။ ခဏကြာသောအခါ သူသည် စိုးရိမ်တကြီးနှင့် ခေါင်းကိုမော့လိုက်ပြီး စုလီကို သွားစစ်ဆေးဖို့ ပြင်နေသည်။

ထိုနေရာတွင် အချိန်ခဏကြာအောင် လှဲလျောင်းနေပြီးနောက် စုလီသည် မတ်တပ်ရပ်လိုက်သည်။ “ငါ သင်္ချိုင်းကို သွားမလို့”

“ကျွန်တော်လည်း အတူလိုက်ခဲ့မယ်!” ကျိုးယောင်သည် ချက်ချင်းပင် ထခုန်မိတော့မလို ဖြစ်သွားသည်။

“မင်းအလုပ်ရှုပ်နေတယ်မလား” စုလီသည် ကျိုးယောင်စားပွဲပေါ်ရှိ စာရွက်စာတမ်းတစ်ထပ်ကြီးကို မြင်ပြီးပြောလိုက်သည်။

“အလုပ်မရှုပ်ပါဘူး!” ကျိုးယောင်သည် သူ့ကွန်ပျူတာကို ပိတ်ပြီး စုလီရှေ့တွင် ရပ်ရန် အနည်းငယ်စိုးရိမ်နေသည့်ပုံစံဖြင့် လျှောက်လာခဲ့သည်။

“ဒါဆိုရင် သွားကြစို့” စုလီသည် သူ့ကို မငြင်းတော့ပေ။

သင်္ချိုင်းသည် အလွန်အေးချမ်းလှပြီး လူသူတစ်ဦးမှ မရှိပေ။ စုလီသည် လတ်လတ်ဆတ်ဆတ်ပန်းနှစ်စည်းကို ယူလာပြီး အုတ်ဂူရှေ့တွင် ချထားလိုက်သည်။

သူသည် အုတ်ဂူပေါ်က သစ်ရွက်ခြောက်များကို ဖယ်ရှားရင်း ကျိုးယောင်ကို သူပြောလိုက်သည်။

“ငါသူတို့ကို စကားခဏပြောလိုက်ဦးမယ် နည်းနည်းတော့ကြာမယ် မင်းဘာသာ လျှောက်ပတ်ကြည့်လို့ရတယ် ငါပြန်မယ်ဆိုရင် မင်းကိုလှမ်းခေါ်လိုက်မယ်”

ကျိုးယောင်သည် ခေါင်းညိမ့်ခဲ့ပြီး နည်းနည်းဝေးဝေးသို့ ထွက်သွားသော်လည်း ဒီထက်ဝေးဝေးသို့ ထွက်မသွားရဲပေ။ သူသည် ခုံတန်းရှည်တစ်ခုကို တွေ့သွားပြီး ထိုင်လိုက်ရာ စုလီကို အဝေးမှ လှမ်းကြည့်နေသည်။

စုလီသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။

“ကျွန်တော်...ကျွန်တော် သမိုင်းကြောင်းကို ပြန်ပြောင်းနိုင်ရင် ကောင်းမယ်လို့ ဆုတောင်းနေမိတယ်”

“ကြားရတာ အရမ်းများ စိတ်ကူးယဉ်ဆန်သွားလား”

“ကျွန်တော် ဘာလို့အမေတို့ကို အိပ်မက်မက်ခဲ့လဲ မသိတော့ဘူး နောက်ပြီး အဲ့အိပ်မက်မက်ပြီး ဘာဆက်လုပ်ရမလဲ မသိတော့ဘူး ဘာပဲလုပ်လုပ် ကျွန်တော်လုပ်တာတွေ မမှန်ဘူးလို့ ခံစားရတယ် နောက်ပြီး ဘာမှမလုပ်ပြန်တော့လည်း မှားနေတယ်လို့ ခံစားရပြန်တယ် အဲ့ဒါကြောင့် ဒီယုတ္တိမရှိတဲ့ သုတေသနကို လက်ခံခဲ့တာ”

“အဖေတို့အမေတို့သာ သိရင် ကျွန်တော့်ကို ဆူကြမှာပဲနော် ဟုတ်တယ်မလား”

စုလီသည် ရယ်မောရင်း ပြောလိုက်သည်။

“ကျွန်တော်တွေးနေတာကတော့ ဘယ်လောက်ပဲကြာကြာ သူ့ကိုသုတေသန ဆက်လုပ်ခွင့် ပေးလိုက်မယ် ဒီအရာကို ကျွန်တော့်တစ်ဘဝလုံးမျှော်လင့်လာတဲ့ အရာတစ်ခုလို့ သဘောထားလိုက်မယ် ကျွန်တော်တို့ မိသားစုသုံးယောက် တစ်ခြားကမ္ဘာမှာ အတူပြန်ရှိအောင် လုပ်နိုင်မဲ့အခွင့်အရေးကို ရထားတယ်လို့ စဉ်းစားလိုက်မိရင် တကယ့်ကို ကျေနပ်မိတယ်”

“ကျွန်တော် မဆိုးဘူးမလား ပရောဖက်ဆာက သုတေသေနကို မရိုးမဖြောင့် ဆက်လုပ်မယ် ပစ္စည်းတွေကို ပြောင်းလဲဖို့ ပြောနေမယ် အဲ့လိုမျိုးတွေလုပ်နေရင်တောင် ကျွန်တော့်စိတ်ကို ပြင်ဆင်လိုက်နိုင်မယ်ဆိုရင် အဲ့ဒါလည်း ကောင်းသွားတာပဲ”

“ဒါပေမဲ့ ကျွန်တော် လူတွေအများကြီး တွေ့ခဲ့ပြီးပြီ အဒေါ်တုရိုရို၊ ကျိုးယောင်၊ ဝမ်ယု၊ ရှန်ရှန် ပြီးတော့ အများကြီးရှိသေးတယ် သူတို့အားလုံး ကောင်းကောင်းမွန်မွန် နေထိုင်နေကြတယ် ကျွန်တော် သူတို့ဘဝတွေကို နှောင့်ယှက်မိသွားမှာစိုးတယ်”

“ပရောဖက်ဆာက ပြောတယ် ခန့်မှန်းလို့မရနိုင်တဲ့အရာတွေ ဖြစ်သွားနိုင်တယ်တဲ့ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့တွေက ကွဲပြားတဲ့ ရွေးချယ်မှုတွေကို ရွေးချယ်မိပြီး ကွဲပြားတဲ့ အနာဂတ်တွေကို ဖြစ်စေမှာတဲ့ ဒီဟာက ဘာကိုပြောချင်တာလဲဆိုရင် ကျွန်တော်တို့သာ နောက်တစ်ဖန် ဘဝကို ပြန်စလို့ရခဲ့ရင် သူတို့တွေက အခုရှိနေသလိုမျိုး ရှိနေတော့မှာ မဟုတ်ဘူးတဲ့”

“သူတို့လို ပျော်ပျော်ရွှင်ရွှင် နေရမဲ့လူတွေက ကျွန်တော့်ကြောင့် ကံဆိုးမိုးမှောင်ကျသွားမှာ တကယ်မလိုလားဘူး”

“အဖေတို့ကို မကယ်နိုင်ခဲ့လို့ ခွင့်လွှတ်ပေးနိုင်မလား”

“ကျွန်တော့်ဘာသာ ပြန်တည်ငြိမ်အောင် ကြိုးစားမှာပါ ကျွန်တော့်အသက်လည်း ၃၃ နှစ်ပြည့်တော့မှာဆိုတော့ ကလေးလည်း မဟုတ်တော့ဘူးလေ အမေတို့အဖေတို့ဘေးမှာနေပြီး မကြီးပြင်းခဲ့ရပေမဲ့ ကျွန်တော့်ကို အမေတို့အဖေတို့နဲ့ ပေးတွေ့ဖို့ အခွင့်အရေးလေးပေးခဲ့လို့ ရင်ထဲကနေ တကယ် ကျေးဇူးတင်မိတယ်”

“အဖေ အမေ သားချစ်တယ်နော်”

စုလီသည် သူငယ်ငယ်ကနေ ကြီးလာသည်အထိ သူ့အကြောင်းများကို ဖြေးဖြေးချင်းပြောပြနေသည်။ အမှတ်ကောင်း၍ အရသာရှိသောစားစရာဖြင့် ဆုချခံရခြင်း၊ သူ့မုန့်လုစားခံရ၍ ငိုယိုနေခြင်း၊ စနောက်ခံရ၍ ငိုသွားခြင်းစသည်တို့...

တစ်ခါတစ်ရံ သူသည် ရယ်မောနေပြီး သူ့တွင် အူကြောင်ကြောင်ဖြစ်ရပ်များ ရှိခဲ့ကြောင်းကို အံ့သြတကြီးဖြင့် ပြောပြနေလေသည်။

ကျိုးယောင်သည် ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း သူ့မျက်လုံးများသည် စုလီဆီကနေ မခွာပေ။ စုလီမှာ မျက်မှောင်ကြုတ်လိုက် ရယ်မောလိုက်ဖြစ်နေသည်ကို ကြည့်ပြီး အလွန်အမင်း စိုးရိမ်နေသည်။

စုလီသည် သင်္ချိုင်းတွင် ညနေခင်း နေစောင်းသွားသည့်အချိန်အထိ နေနေခဲ့သည်။ အိမ်ပြန်လမ်းတွင် စုလီသည် ညစာအတွက် ဝမ်စားသောက်ဆိုင်ကို သွားချင်ကြောင်း ပြောလေသည်။

ထိုစားသောက်ဆိုင်၌ ယနေ့တွင် စားသုံးသူများ အများအပြားမရှိပေ။ သူတို့ဝင်သွားသောအခါ စုလီသည် ဆိုင်ငယ်လေးအတွင်းရှိ နံရံပေါ်တွင် တွေ့ခဲ့ဖူးသော ဟင်းလျာများကို မှာခဲ့သည်။

ထိုဟင်းလျာများသည် အလျင်အမြန်ရောက်လာလေသည်။ စုလီသည် ထိုဟင်းများကို ဖြေးဖြေးချင်း အရသာခံကာ စားနေသည်-အရသာသည် အလွန်ကောင်းသည်။ သို့သော် တစ်ခုခုလိုနေသလို ခံစားနေရသည်။

သူတို့နှစ်ယောက် ထိုစားသောက်ဆိုင်မှ ထွက်လာသောအခါ စုလီက ရုတ်တရက် မေးလိုက်သည်။ “ဒီအနီးနားမှာ စာအုပ်ဆိုင်ရှိလား”

“စာအုပ်ဆိုင်?” နားမလည်သလို ဖြစ်နေသော်လည်း ကျိုးယောင်သည် စာအုပ်ဆိုင်တစ်ဆိုင်သို့ မောင်းသွားပေးခဲ့သည်။

စုလီသည် ဆိုင်ထဲသို့ ဝင်လိုက်ပြီး ဟင်းချက်စာအုပ်တန်းကို တွေ့သွားခဲ့ပြီး များစွာသော စာအုပ်များကို ဂရုတစိုက် ရွေးချယ်နေသည်။

ကျိုးယောင်သည် သူလုပ်နေသမျှကို ကြောင်ကြည့်နေသည်။

အိမ်ပြန်ရောက်သောအခါ စုလီသည် ကျိုးယောင်ကို ခေါ်လိုက်သည်။ “မင်းကို ကုမ္ပဏီရဲ့ ပရောဖက်ရှင်နယ် စီးပွားရေး မန်နေဂျာအဖြစ် ခန့်အပ်မလို့”

“ဟမ်?” ကျိုးယောင်သည် ချက်ချင်းပင် ထိုသို့ပြန်ပြောလိုက်ပြီး နောက်ထပ် စိတ်လှုပ်ရှားကာ စိုးရိမ်လာခဲ့သည်။

“ငါစဉ်းစားနေတာက ငါဟင်းချက်သင်ဖို့ရယ် သစ်သားပန်းပုထုဖို့ရယ် ပြီးတော့ စကိတ်ဘုတ်စီးတာလည်း သင်ချင်သေးတယ် အဲ့တော့ ဒါတွေသင်ရင်း ကုမ္ပဏီကို စီမံခန့်ခွဲဖို့ကျတော့ အဲ့လောက် အားအင်တွေရှိမှာ မဟုတ်ဘူးလေ” စုလီသည် ဖြေးဖြေးချင်း ပြောနေသည်။

“နောင်အနာဂတ်မှာ ငါလည်း...ခရီးတွေထွက်နိုင်တယ် အဲ့ဒါကြောင့် မင်းကို ဒုက္ခများအောင် လုပ်မလို့ ကျိုးယောင်”

ကျိုးယောင်သည် မျက်တောင်ခတ်ပြီး စုလီ၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပါယ်ကို ဖြေးဖြေးချင်း သိလာခဲ့သည်။

“အိုကေ...အိုကေ!” ကျိုးယောင်က လေးနက်စွာ ပြောပြီး “ကျွန်တော် ကုမ္ပဏီကို ကောင်းကောင်းစီမံပေးပြီး သူဌေးရဲ့ ငွေရှာစက်ဖြစ်လာပေးပြီး ရှိသမျှ ပညာတွေကို သင်ယူပါ့မယ်!”

စုလီသည် ထိုအခိုက်အတန့်တွင် ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ “အခုတော့ သွားနားလိုက်ဦး ဒီရက်ပိုင်းတွင်း ပင်ပန်းနေတာမလား”

ကျိုးယောင်သည် ပျော်ရွှင်စွာ ထွက်သွားလေသည်။

သို့သော် စုလီမှာ မအိပ်သေးပေ။ သူသည် ဓါတ်ပုံဘောင်လုပ်ပြသည့် ကျူတိုရီရယ်ဗီဒီယိုကို ဖွင့်ထားပြီး စာကြည့်စားပွဲရှိ မီးအိမ်ကို ဖွင့်ကာ အိပ်ငိုက်လာသလို ခံစားရတော့မှသာ သူ့လက်ထဲ ကိုင်ထားသည်များကို ချထားလိုက်ပြီး အိပ်ရာဝင်ခဲ့လေသည်။

အချိန်သည် ဖြေးဖြေးချင်း ကုန်ဆုံးနေသည်၊ ဆောင်းဦးပြီးသွားသောအခါ ဆောင်းရောက်လာခဲ့သည်။

စုလီ၏ ၃၃နှစ်ပြည့်မွေးနေ့သည် ပုံမှန်အတိုင်းပဲ ဖြစ်နေပြီး မထူးခြားပေ။ ကျိုးယောင်သည် တခမ်းတနားနှင့် ကျင်းပချင်သော်လည်း စုလီက ထိုသို့လုပ်ပေးသည်ကို မလိုလားပေ။

ဆောင်းရာသီ၏ အအေးဓါတ်သည် စုလီကို လက်သမားလီဆီမှ ကြီးမားသော အဝတ်ဗီရိုတစ်လုံး နောက်ထပ် မှာယူအောင် လုပ်နေသည်။

သူသည် ထူထဲပြီး နွေးထွေးသော အဝတ်များစွာဝယ်ပြီး အိမ်တွင် အပူပေးစက်ဖွင့်ထားကာ ဟော့ပေါ့ချက်စားလေသည်။

စုခိယခိဟော့ပေါ့၊ စပိုင်စီဟော့ပေါ့၊ ဟင်းရည်ချဉ်ချဉ်နှင့်ဟော့ပေါ့၊ ချောင်ကျိုး အမဲသားဟော့ပေါ့စသဖြင့်...

(စုခိယခိဟော့ပေါ့သည် ဂျပန်ဟော့ပေါ့တစ်မျိုးဖြစ်သည်။)

ဆောင်းတွင်းတစ်တွင်းလုံး ပြီးသွားသောအခါ စုလီကိုယ်တိုင်က ကောင်းကောင်းမွန်မွန် ဖြစ်နေသော်လည်း ကျိုးယောင်သည် ဘောလုံးလေးလို လုံးလုံးလေး ဖြစ်လာသည်။

ဓါတ်ခွဲခန်းသည် တိုးတက်မှု သိပ်မရှိပဲ သုတေသနကို ဆက်လုပ်နေခဲ့သည်။ နောက်ပြီး စုလီသည် သူတို့အကောင့်ထဲသို့ ငွေများပုံမှန်လွှဲပေးနေသည်။

နှစ်သစ်ကူး အားလပ်ရက်တွင် ကျိုးဝမ်ယုသည် ထိုခြံဝန်းလေးထဲသို့ ရောက်လာပြီး သူ့နားတွင် ရှိနေပေးခဲ့သည်။

“အမေရိကားက ငါ့ကုမ္ပဏီကို ရောင်းလိုက်ပြီး မင်းအတွက် အလုပ်လုပ်ပေးဖို့ ပြန်လာခဲ့တာ ကျိုးယောင်က သူအလုပ်တွေအားလုံး တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူးဆိုပြီး နေ့တိုင်း ငိုပြနေတော့တာပဲ” ကျိုးဝမ်ယုသည် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်။

“ငါကြားတာက မင်းဒီမှာ ဘဝကို ကောင်းကောင်းဖြတ်သန်းနေတယ်ဆိုတာပဲ ငါလည်းပဲ ငါ့အခြေအနေကို တိုးတက်အောင် လုပ်ဖို့ပြန်လာခဲ့တာ”

ကျိုးဝမ်ယုကို ကြိုဆိုဖို့အတွက် စုလီသည် ဟော့ပေါ့ကို နောက်တစ်ခါ ချက်လိုက်သည်။

ကျိုးယောင်သည် သူ့မေးစေ့တွင် အဆီများ စီးကျရင်း ကျိုးဝမ်ယုကို ဘီယာငှဲ့ပေးနေသည်။

အရက်သမားနှစ်ယောက်သည် မကြာမှီ ကော်ဇောပေါ်တွင် မှောက်သွားကာ ဟောက်၍ အိပ်ပါလေတော့သည်။

ကံကောင်းစွာနှင့်ပင် အခန်းတွင်း အပူချိန်ကို မြှင့်တင်ထားသည်။ စုလီသည် သူတို့တစ်ယောက်ချင်းစီကို စောင်များ ခြုံပေးနေပြီးနောက် အနှောင့်အယှက်မပေးတော့ပေ။

ကျိုးဝမ်ယုသည် ခြံဝန်းငယ်ထဲ ပြောင်းရွှေ့လာသည်။ သူသည် နေ့တိုင်း စုလီ၏ဟင်းချက်လက်ရာမှာ ဘယ်လောက်ကောင်းကြောင်း ငိုယိုပြီး ပြောနေရှာသည်။ ထို့နောက်သူသည် စုလီအတွက် အွန်လိုင်းပေါ်က အလုံးစုံဟင်းချက်နည်းစာအုပ်ကို ဝယ်ပေးလိုက်သည်။

နွေဦးလေပြည်လေးများက သစ်ပင်အဖျားများကို တိုက်ခတ်ပြီး ပူနွေးအောင်လုပ်ရင်း နွေဦးရာသီ အဝတ်အစားများ ပြောင်းလဲဝတ်ဖို့ အချိန်ကျလာခဲ့ပြီ။ စုလီသည် အပြုံးကလေးနှင့် မိန်းကလေးကို တွေ့ဖို့ တံခါးကို ဖွင့်လိုက်သည်။

ရန်ရှန်ရှန်သည် ခြံဝန်းလေး၏ ဂိတ်ဝတွင် သူမလက်ဆွဲအိတ်ကို ကိုင်ဆွဲထားပြီး ရပ်နေသည်။

“ဟေး အတူတူ ခရီးထွက်ကြမလား”

စုလီသည် ရုတ်တရက် ထရယ်လိုက်သည်။

“အင်း”

ရန်ရှန်ရှန်လည်း လန့်သွားခဲ့သည်။ “ကျွန်မပြောတာက ခရီးထွက်ဖို့ အတူတူသွားမယ်ဆိုတာမျိုးပါ”

စုလီက ခေါင်းညိမ့်ပြလိုက်သည်။ “အဆင်ပြေတယ်လို့ ကိုယ်ပြောပြီးပြီလေ”

ရန်ရှန်ရှန်သည် ထပ်ရယ်လိုက်သည်။

အဲ့သည့်လိုနှင့်ပင် နွေဦးလေပြည်လေးသည် သစ်ကိုင်းများကို တစ်ဖန် စိမ်းလန်းလာအောင် ဖြေးဖြေးချင်း ပြောင်းလဲပေးလိုက်တော့သည်။

~ပြီးပါပြီ~

All Chapters