အခန်း (၆၁)
Vol. 5 Ch. 61
လေယာဉ်ပေါ်က ဆင်းလာသောအခါ တင်းရှသည် ခေါင်းမူးနေဆဲဖြစ်ပြီး ရှောင်ကျွင်းနှင့်အတူ အပန်းဖြေခရီးထွက်ရန်အတွက် သူမ၏ အဖိုးတန်သားလေးဖျင်အန်းလေးကို ထားခဲ့ရသည်ကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည်။
ရှောင်ကျွင်းသည် သူမလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ အခြားလူများနည်းတူ ခရီးဆောင်အိတ်များကို ဆွဲလာလေသည်။ “မင်း အရင်နားချင်လား ဒါမှမဟုတ် အရင်အစား စားမလား”
တင်းရှသည် ကြီးမားသော လေဆိပ်ကြီးကို လှည့်ပတ်ကြည့်နေပြီး အရာအားလုံးကို နားလည်အောင် ကြိုးစားနေသည်။
“ဒါဆိုရင် ကိုယ်တို့ ဟိုတယ်ကို အရင်သွားကြမလား ကိုယ်တို့ အိတ်တွေ အဲ့မှာထားခဲ့ပြီးရင် အပြင်ထပ်ထွက်လို့ရတယ်လေ” ရှောင်ကျွင်းက ပြောလိုက်ပြီး သူမကို မြေအောက်ရထားဆီ ခေါ်သွားခဲ့သည်။
“ကိုယ် ချွန်းရှီးလမ်းနားမှာရှိတဲ့ Airbnbမှာ ဘိုကင်လုပ်ထားတယ် အဲ့နေရာက ထန်ဆိုတဲ့ ဘဲသွေးစားသောက်ဆိုင်ရဲ့ မျက်နှာချင်းဆိုင် ဟိုဖက်ခြမ်းမှာ ရှိတယ်” ရှောင်ကျွင်းက ပြောပြနေသည်။
“ကိုယ်တို့ အရင်ဆုံး ချွန်းရှီးလမ်းကို လျှောက်ပတ်ကြည့်လို့ရတယ်၊ မင်းကအမြဲတမ်း အဲ့နေရာက လူတွေနဲ့ စည်းကားတာကို ကြုံဖူးချင်တယ်လို့ ပြောဖူးတယ်လေ ပြီးတော့ ဓါတ်ပုံလည်းရိုက်ချင်တယ်ဆိုတော့ ကိုယ်တို့ အဲ့ကိုသွားကြည့်ကြမယ်”
[Airbnbဆိုသည်မှာခရီးသွားများ တည်းခိုရန်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ လုပ်ဆောင်နေသော အမေရိကန်အခြေစိုက် ကုမ္ပဏီဖြစ်သည်။]
တင်းရှသည် သူမဖုန်းကို ထုတ်လိုက်သည်။ “တုရိုရိုနဲ့ ဆိုင်မှာကျန်ခဲ့တဲ့လူတွေကို အဆင်ပြေလားဆိုတာ ဖုန်းဆက်မေးကြည့်ဦးမယ်”
သူမသည် ထိုသို့ပြောပြီးသည်နှင့် ဖျင်အန်းလေးကို အလွမ်းသယ်ပါတော့သည်။
တင်းရှသည် ပုံမှန်ဆိုလျှင် ထိုကောင်ကလေးကို တစ်နေ့တွင် တစ်ကြိမ်သွားသွားကြည့်တတ်ပြီး မသွားခင် အနမ်းမိုးများရွာချကာ ဖက်ထားပေးပြီး ထားခဲ့ဖို့ တွန့်ဆုတ်နေခဲ့သည်။ ရုတ်တရက် သူမဘေးတွင် ထိုကောင်လေးမရှိဖြစ်သွားသဖြင့် နေရထိုင်ရ တစ်မျိုးလိုနေသည်။
“အစ်မ!” ဗီဒီယိုကော ခေါ်လိုက်ပြီး တုရိုရိုမျက်နှာ ပေါ်လာခဲ့သည်။ သူမပြုံးလိုက်သည်။ “အစ်မ ရောက်သွားပြီလား ဘယ်လိုနေလဲ ခရီးပန်းနေလား”
“မပန်းပါဘူး” တင်းရှသည် ခေါင်းယမ်းပြလိုက်သည်။ “ဆိုင်မှာရော အလုပ်ရှုပ်နေလား ဖျင်အန်းလေရော ဘယ်လိုနေလဲ”
“အလုပ်မရှုပ်ပါဘူး” တုရိုရိုသည် ကင်မရာကို ကိုင်ရင်း လျှောက်သွားပြနေသည်။ “ဖျင်အန်းလေးက ခုနလေးတင် အိပ်ရာနိုးလာပြီး အစ်မကို လိုက်ရှာနေသေးတယ်၊ အစ်မကို ရှာမတွေ့တော့ ခဏလောက် ဂျီကျနေသေးတယ်၊ အဲ့ဒါနဲ့ အဒေါ်ကျောက်က သူအာရုံပြောင်းသွားအောင် ဆော့ပေးလိုက်တယ်၊ ဒါပေမဲ့လည်း အမေကို လိုက်ရှာနေတုန်းပဲ”
“ကြည့်ရတာ အလိုလိုက်ခံချင်နေပုံရတယ်” တုရိုရိုသည် ထိုသို့ပြောပြီး ကင်မရာကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ ထို့နောက် တင်းရှသည် ဖျင်အန်းလေးမှာ အဒေါ်ကျောက်နှင့် နောက်ဖေးခြံဝန်းထဲတွင် ပျော်ရွှင်စွာ ကစားနေပုံကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းသည် တင်းရှကို ပို၍ စိတ်လှုပ်ရှားအောင် လုပ်နေသည်။ “ဟုတ်ပါပြီ မင်းတို့အားလုံး အဆင်ပြေရဲ့လားဆိုတာ သိချင်ရုံပါပဲ၊ ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး၊ အခုတော့ ဖုန်းချလိုက်တော့မယ်နော်”
သူမ ဆက်ပြောနေလျှင် သူမသည် အိမ်ကို ချက်ချင်းပြန်လာဖို့အတွက် လေယာဉ်ပျံလက်မှတ် ဝယ်မိသွားမည်ဖြစ်သည်။
ရှောင်ကျွင်းသည် သူမပုခုံးကို ဖက်လိုက်သည်။ “ဖျင်အန်းလေးကို သတိရနေပြီလား”
“ဟင်း၊ သူလေးနဲ့ အရင်ကတည်းက အကြာကြီး ခွဲဖူးတာမဟုတ်တော့...”
“သူ့အတွက်နဲ့ မင်း ခြေချုပ်မိနေလို့မရဘူးလေ၊ မင်းအရင်ကပြောဖူးတယ်လေ အသက်ငယ်တုန်း ခရီးတွေထွက်ချင်တယ်ဆိုတာ...” ရှောင်ကျွင်းက ပြောခဲ့သည်။
“ကလေးက အရေးကြီးပါတယ်၊ ဒါပေမဲ့ မင်းလည်း အရေးကြီးတာပဲလေ”
တင်းရှသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုံးလိုက်သည်။ “ရှင်ပြောတာမှန်ပါတယ်၊ ကျွန်မ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်”
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘယ်သူကမှ မွေးလာကတည်းက အခြားလူတစ်ယောက်အတွက် သူ့ဘဝကြီးကို ပုံအပ်ထားဖို့ရာ မလိုအပ်ပေ။
ဥပမာ အမေတစ်ယောက်ဖြစ်နေရင်တောင် သူမဘဝကြီးကို သူ့ကလေးဆီမှာပဲ ပုံအပ်ထားဖို့ရာ မဖြစ်နိုင်ပေ။
မိန်းမတစ်ယောက်သည် အမေတစ်ယောက်မဖြစ်လာခင်ကတည်းကပင် နူးညံ့သိမ်မွေ့သော မင်းသမီးလေးတစ်ယောက်အဖြစ် ဖြစ်တည်နေပြီးသား ဖြစ်သည်။
မြေအောက်ရထားမှ ထွက်လာပြီး လမ်းခဏလျှောက်လိုက်သောအခါ လူအများသည် သူတို့ပုခုံးများကို တိုးဝှေ့သွားကြသည်။ ချွန်းရှီးလမ်းမှာ ပိတ်ရက်မဟုတ်သည့် ရက်တွင်တောင် လူအများကို ဆွဲဆောင်နေသည်မှာ အလွန်ပင် ယုံကြည်ရဖို့ခက်နေသည်။
ရှောင်ကျွင်း ဘိုကင်ယူထားသော Airbnb၏အခန်းမှာ ကျယ်ဝန်းလှပြီး အလင်းရောင်ရ၍ ကျယ်ဝန်းလှသော မီးဖိုချောင်နှင့် လေဝင်လေထွက်ကောင်းသော ရေချိုးခန်းတို့ပါ ပါဝင်သည်။
အခန်းထဲရှိ အပြင်အဆင်မှာလည်း စိတ်ကျေနပ်ဖွယ်ကောင်းပြီး ပြီးပြည့်စုံနေသကဲ့သို့ ဖြစ်နေသည်။ တင်းရှသည် တစ်ခန်းလုံးကို ပတ်ကြည့်နေကာ ထိုအခန်းအပြင်အဆင်မှာ အရှေ့အလယ်ပိုင်းစတိုင် သို့မဟုတ် အာရပ်စတိုင်များဖြစ်နေမလား ဝေခွဲမရဖြစ်နေသည်။
အပြာရောင်ကို ခပ်များများသုံးထားပြီး အရောင်တောက်ပနေသော လေးထောင့်ကွက်များ တစ်ခုကိုတစ်ခု ထပ်နေသော ပုံစံများသည် အလွန်ပင် ကြည့်ပျော်ရှုပျော်ဖြစ်နေသည်။
သူတို့နှစ်ယောက်သည် အခန်းပြင်သို့ ပြန်မထွက်သွားခင် အခန်းအပြင်အဆင်ကို ကြည့်ကာ စိတ်များ လန်းဆန်းသွားသည်။
သူတို့သည် ချွန်းရှီးလမ်းကို အရင်ဦးစွာ သွားကြည့်ခဲ့သည်။
တင်းရှသည် ဓါတ်ပုံများစွာကို ရိုက်ခဲ့ပြီးနောက် သူတို့သည် IFSကုန်တိုက်ထဲ ဝင်သွားပြီး ဓါတ်လှေကားဖြင့် ခေါင်မိုးထပ်သို့သွားကာ ပန်ဒါရုပ်တုနှင့် ဓါတ်ပုံလှလှများ ရိုက်ခဲ့သည်။
ထိုရုပ်တုတွင် လူအများသည် ဓါတ်ပုံရိုက်ရန် စုဝေးမနေသဖြင့် တင်းရှသည် ထိုရုပ်တုနှင့် ခပ်မြန်မြန်ဓါတ်ပုံရိုက်ခဲ့သည်။ ထို့နောက် သူမနှင့်ရှောင်ကျွင်းသည် ထိုနေရာဘေးနားရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလေသည်။
ထိုစားသောက်ဆိုင်ပုံစံသည် အနောက်တိုင်းစားသောက်ဆိုင်ပုံစံဖြစ်နေသည်။ ထိုဆိုင်၏ နေ့လည်လက်ဖက်ရည်နှင့် စားစရာအတွက် ရွေးချယ်စရာများသည် အတော်ကျယ်ပြန့်သည်။ ထို့ကြောင့် တင်းရှသည် ရိုးရိုးရှင်းရှင်းစားစရာများကို ဗိုက်ဖြည့်ရန် မှာယူခဲ့သည်။
ထိုစားစရာများသည် သူမထင်ထားသည်ထက် ပို၍ စားကောင်းနေခဲ့သည်။ သူတို့နှစ်ယောက်စားပြီးသောအခါ ချွန်းရှီးလမ်းကို လျှောက်ကြည့်ရန် ထိုအထပ်မှ ဆင်းလာခဲ့သည်။
တင်းရှသည် ချွန်းရှီးလမ်းမှ စားစရာများကို မဝယ်ယူရန် ပြောထားခံရသဖြင့် သူမသည် ထိုအကြံပြုချက်ကို အသေအချာ လိုက်နာနေသည်။ ဝင်းဒိုးရှောပင်းသာထွက်နေရပြီး ချမ်တူ၏ နေ့လည်ခင်းကို အေးအေးဆေးဆေးနှင့် ဖြတ်သန်းနေသည်။
ညစာအတွက် သူတို့သည် ဝေးဝေးလံလံကို ထပ်မသွားတော့ပဲ အနီးအနားရှိ သိုးငယ်လေး ဟူသော စားသောက်ဆိုင်တွင် ဟော့ပေါ့စားလိုက်ကြသည်။ ရှောင်ကျွင်းသည် အစပ်ကြောင့် မျက်နှာမှာ နီမြန်းနေပြီး ရေသောက်ချသော်လည်း အစပ်ပြေမသွားပေ။
ညစာစားပြီးသောအခါ သူတို့သည် တည်းခိုသည့်နေရာသို့ ချက်ချင်းမပြန်သေးပဲ လမ်းတစ်လျှောက် လက်ချင်းချိတ်ကာ အေးအေးဆေးဆေး လမ်းလျှောက်နေကြသည်။
အချိန်မှာ ည၁၁နာရီဖြစ်နေသော်လည်း နေ့ဖက်ထက် လူပိုများနေပြီး လူတိုင်း၏ ညဥ့်ဘဝ သည် ယခုမှ စတင်သကဲ့သို့ဖြစ်နေသည်။
သူတို့ပြန်ရာလမ်းတွင် ကျောင်းသားတစ်ချို့မှာ ကွမ်လမ်းကြားနားရှိ ကွင်ရှင်းလူလမ်းတွင် မနက်ဖြန် သွားစားကြမည့်အကြောင်း ပြောနေသည်ကို တင်းရှတစ်ယောက် ကြားလိုက်သည်။
ထို့ကြောင့် သူမသည် သူတို့၏ ချန်တူအစားအသောက်ခရီးစဉ်အတွက် နောက်ထပ်သွားရမည့်နေရာကို ထိုနေရာအဖြစ် သတ်မှတ်လိုက်လေသည်။