အခန်း (၆၂)
Vol. 5 Ch. 62
နောက်တစ်နေ့တွင် ရှောင်ကျွင်းသည် မနက်၈နာရီ ၉နာရီလောက်ထိ အိပ်နေခဲ့သည်။ သူ့မျက်နှာသည် အလွန်အိပ်ထားသဖြင့် ဖောင်းကားနေကာ မျက်စိမှာ မဖွင့်နိုင်ဖြစ်နေပြီး ဆံပင်မှာလည်း ထိုးထိုးထောင်ထောင်ဖြစ်နေသည်။
တင်းရှသည် သူ့ပုံစံကိုကြည့်ပြီး ရယ်မိသွားသည်။ “နောက်ထပ်အိပ်ချင်သေးလား”
ရှောင်ကျွင်းသည် ခေါင်းခါလိုက်ပြီး ဆေးကြောသန့်စင်ကာ အကြောဆန့်နေသည်။
ရေမှာအေးနေသောကြောင့် ရှောင်ကျွင်းသည် ရုတ်တရက် လန့်သွားခဲ့သည်။
တင်းရှသည် ပန်းထိုးထားသော တရုတ်ရိုးရာချောင်ဆမ်အပြာနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမဆံပင်ကို ခေါင်းအနောက်ဖက်တွင် ဆံထိုးဖြင့်ထိုးထားပြီး အလွန်သိမ်မွေ့သော ပုံစံပေါက်နေသည်။
ရှောင်ကျွင်းသည် အဖြူရောင်တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ထားသည်။ သူတို့နှစ်ယောက်သည် အခန်းအပြင်သို့ ထွက်လာကာ စိတ်ကြည်လင်လန်းဆန်းနေပြီး အေးချမ်းနေသည်။
ပထမဦးစွာ သူတို့သည် လမ်းဘေးဆိုင်မှ ကြက်သွန်မြိတ်အစာသွတ် ပေါင်မုန့်ကို စားလိုက်ပြီးနောက် အန်မေတို့ဖူးပူတင်းတစ်ပန်းကန်ကို သောက်ခဲ့ပြီး ကွမ်ကျိုက်ဖက်သို့ မြေအောက်ရထားစီးကာ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။
ထိုမြေအောက်ရထားပေါ်တွင် လူအများကြီး မရှိပေ။ ထို့ကြောင့် တင်းရှနှင့် ရှောင်ကျွင်းတို့ ထိုင်ဖို့နေရာ ရသွားသည်။ ရထားပေါ်မှ လူအားလုံးသည် ကိုယ်စီဖုန်းပွတ်ကြည့်ရင်း အေးဆေးစွာ ရထားစီးနေကြသည်။
ကောင်မလေးများသည် လျှောက်လည်ဖို့ရာ လှလှပပဝတ်စားထားပြီး မိတ်ကပ်များ ကျကျနနလိမ်းထားကာ နှစ်ယောက်တစ်စု သုံးယောက်တစ်စုနှင့် စကားပြောနေကြသည်။
တင်းရှသည် သတိမထားမိပဲ ပြုံးမိသွားသည်။ “ဒီနေရာက တကယ်နေလို့ ကောင်းတာပဲနော်”
“ဒီမှာရှိတဲ့လူတွေက သူတို့ဘဝကို အေးအေးဆေးဆေးနဲ့ အခက်အခဲတွေသိပ်မရှိပဲ ဖြတ်သန်းနေထိုင်ကြပုံပဲ၊ ကျွန်မတို့ အသက်ကြီးလာတဲ့အခါကျရင် ဒီကိုနောက်တစ်ခေါက်ထပ်လာကြမယ်နော်၊ ကျွန်မ မနေ့က ပန်းခြံထဲမှာ အဖိုးအဖွားစုံတွဲတွေ လက်ချင်းချိတ်ပြီး လမ်းလျှောက်နေကြတာ တွေ့ခဲ့တယ်”
“ကောင်းပြီ ကိုယ်တို့အသက်ကြီးလာတဲ့အခါ ဒီကို နောက်တစ်ခေါက်ထပ်လာကြမယ် ပြီးရင် မင်းကို လမ်းလျှောက်ဖို့ နေ့တိုင်းခေါ်သွားမယ်” ရှောင်ကျွင်းသည် ထိုသို့ပြောရင်း သူမမျက်နှာပေါ်ကျနေသော ဆံပင်လေးများကို ဘေးသို့ သပ်ချပေးနေသည်။
သူတို့သည် ကွမ်ကျိုက်သို့ ရောက်သောအခါ စင်္ကြ့လမ်းအရှည်ကြီးကို လျှောက်နေခဲ့သည်။ မြေအောက်ရထား အထွက်ဂိတ်ပေါက်တွင် နေကာဦးထုပ်ကြီးများကို ဆောင်းထားသော ဒေသခံများသည် မြေပုံများကို ကိုင်ထားလျက် လမ်းညွှန်ပေးဖို့ အော်ဟစ်နေကြသည်။
ပိတ်ရက်မဟုတ်သောကြောင့် ကွမ်ကျိုက်တွင် သူတို့ထင်ထားသလိုမျိုး လူအများကြီးကို မတွေ့ရပေ။ သွားလိုက် လာလိုက်လုပ်နေသော လူများသည် ဒေသခံလေယူလေသိမ်းအသံဖြင့် ပြောဆိုနေကြသည်။ လက်ကို ကျောပေါ်တွင် နောက်ပစ်ကာ နှေးတိနှေးတုံ့နှင့် လမ်းလျှောက်နေကြသည်။
ငှက်ကလေးများ၏ တေးသီသံမှာ ရှင်းရှင်းလင်းလင်းကြားနေရပြီး မိုးကောင်းကင်ကြီးမှာ ပြာနှေးနေသည်။
အမှတ်မထင်စွာ သူတို့သည် ဖြေးဖြေးလျှောက်လိုက်ကာ လူအုပ်များအကြား ရောနှောသွားလာလိုက်သည်။
ရှောင်ကျွင်းသည် စီချွမ်စကားကို မပြောတတ်ပြောတတ်နှင့် ရေခဲချောင်းတစ်ချောင်း ဘယ်လောက်လဲဟူ၍ မေးနေသည်။
လမ်းကြားနှစ်ခုကို တက်လိုက်ဆင်းလိုက်နှင့် ဘာမှ မဝယ်ပဲ ကျော်ဖြတ်ခဲ့ပြီးနောက် သူတို့သည် ပူအိုက်လာကြသည်။ သူတို့သည် ဖလိုးနီးယားသစ်ပင်ကြားများရှိရာလမ်းကို လျှောက်လာပြီး အပင်ကြီးများ အရိပ်ရသော လမ်းများကို ဖြတ်ကျော်ရင်း ထိုလမ်းများရှိ ဆိုင်များမှ ဟော့ပေါ့နှင့် အကင်အနံ့များ သင်းပျံ့နေသည်ကို အနံ့ရလိုက်သည်။ သူတို့နှစ်ယောက်သည် ဖလိုနီးယားသစ်ပင်ကြီးများနံဘေးက ဆိုင်သေးသေးလေးတွင် ကြပ်ကြပ်ညှပ်ညှပ်ထိုင်ကာ ယန်ကျစ်မန်လူ နှစ်ခွက်ကို မှာလိုက်သည်။
[ယန်ကျစ်မန်လူဆိုသည်မှာ ဟောင်ကောင်စတိုင် သောက်စရာတစ်မျိုးဖြစ်ပြီး သရက်သီးကို အခြေခံကာ သီးစုံများပါသော ချိုချိုမွှေးမွှေး အရည်ရွှမ်းရွှမ်းနှင့် သောက်လိုက်လျှင် ရင်ထဲအေးသွားစေသည်။]
ထိုအေးနေသော သောက်စရာကို သူတို့ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ သူတို့တစ်ကိုယ်လုံး အေးမြသွားသလို ခံစားလိုက်ရသည်။ ပူပြင်းသောနွေရာသီသည် လူတိုင်း၏ သည်းခံနိုင်စွမ်းကို စမ်းသပ်နေသည်။ ထိုလမ်းများကို လျှောက်ရင်း အဲကွန်းဖွင့်ထားသော ဆိုင်အတွင်းသို့ ဝင်လိုက်သည့်အခါ သူတို့စိတ်ထဲတွင် စကားလုံးလေးလုံးသာ ပေါ်လာခဲ့သည်-အသက်ရှင်ခဲ့ပြီ!
တင်းရှနှင့် ရှောင်ကျွင်းသည် နေ့လည်စာထွက်မစားခင် ထိုဆိုင်ထဲတွင် နေ့လည် ၂နာရီအထိ ထိုင်နေသည်။
သူတို့သည် အချိန်အကြာကြီးထိုင်ကာ စကားတွေပြောနေခဲ့ကြပေမဲ့လည်း အရေးကြီးသော စကားများမဟုတ်ပဲ အလာပ သလာပ စကားများသာဖြစ်နေခဲ့သည်။ သူတို့သည် ထိုဆိုင်တွင် ထိုင်ကာ ဘဝကြီးကို ဖြေးညင်း ပျော်ရွှင်စွာ ဖြတ်သန်းနေပုံရသည်။
ကွင်ရှင်းအဆောက်အအုံလမ်းကို အစအဆုံးလျှောက်လာခဲ့ပြီးနောက် သူတို့သည် စပိန်စားသောက်ဆိုင်တွင် ဝင်စားရန် ဆုံးဖြတ်ခဲ့သည်။
ထိုဆိုင်မှာ စားရသည့်အကြောင်းမှာ ရှောင်ကျွင်းတစ်ယောက် အစပ်များစားပြီး မနက်က ဝမ်းလျှောထားသောကြောင့်ဖြစ်သည်။
ထိုစားသောက်ဆိုင်မှာ ညင်သာ ဖြေးညင်းသော သီချင်းကို ဖွင့်ထားကာ တည်ငြိမ်အေးချမ်းသော ခံစားမှုကို ရရှိစေသည်။ လှပသော မိန်းကလေးတစ်ယောက်သည် သူတို့ကို လာရောက်ကြိုဆိုခဲ့သည်။ “နှစ်ယောက်စာ စားပွဲလားရှင့် ကြိုက်တဲ့နေရာမှာ ထိုင်လို့ရပါတယ်”
သူတို့သည် ပြတင်းပေါက်နားရှိ စားပွဲတွင် နေရာယူလိုက်ပြီး ပင်လယ်စာထမင်းဟင်း၊ အားလူးသေးသေးလေးများနှင့် ပုစွန်များကို လီမွန်ရည်သောက်နေရင်း မှာယူနေသည်။
သူတို့သည် စားစရာများကို အများကြီး မမှာယူခဲ့ပေ၊ အကြောင်းမှာ သူတို့သည် နေ့လည်နေ့ခင်းတွင် မုန့်များစားရန် အစီအစဉ်ရှိသောကြောင့်ဖြစ်သည်။
စားပွဲပေါ်မှ ပန်းများသည် အလွန်လှပနေသည်။ ရှောင်ကျွင်းသည် တင်းရှကို ဓါတ်ပုံရိုက်ရန် သူ့ကင်မရာကို ထုတ်ယူလိုက်သည်။
စားစရာများ တည်ခင်းဖို့ ယူလာပေးသော မိန်းကလေးသည် တစ်ခဏမျှ ရပ်တန့်သွားသည်။ သူမသည် တင်းရှ၏ မျက်နှာကို တွေ့လိုက်သောကြောင့်ဖြစ်သည်။
ထို့နောက် မနေနိုင်မထိုင်နိုင် ချီးမွမ်းလိုက်သည်။ “အစ်မ အစ်မကအရမ်းလှတာပဲနော် အရမ်းလည်း ချစ်ဖို့ကောင်းတယ်!”
လွန်ခဲ့သောရက်ပိုင်းလောက်ကလည်း ထိုသို့ချီးမွမ်းသံများကို မကြာခဏဆိုသလို တင်းရှတစ်ယောက် ကြားနေရသည်။ ချမ်တူကလူများသည် ထိုသို့ဖြစ်ကြပေလိမ့်မည်-စိတ်အားတက်ကြွပြီး သူစိမ်းတစ်ယောက်၏အလှအပကို ရက်ရက်ရောရော ချီးမွမ်းတတ်ကြပေသည်။
ပထမတော့ တင်းရှသည် အနည်းငယ်ရှက်နေသည်။ သို့သော် များမကြာခင်တွင် သူမသည် ထိုသို့ပြောပေးကြသည်ကို ကျေးဇူးတင်ကြောင်း အပြုံးလေးနှင့် ပျော်ရွှင်စွာ ပြန်ပြောတတ်လာသည်။ သူမသည် ဒီထက်ပို၍ လှအောင်ဝတ်စားဖို့လည်း ကြံရွယ်ထားပြီး ကြည့်ရသည်မှာ သူမစိတ်ထဲတွင် ချုပ်တည်းထားသော မိန်းကလေးငယ်စိတ်သည် လွတ်မြောက်သွားပုံရသည်။
ရှောင်ကျွင်းသည် မှန်ရှေ့တွင် အဝတ်အစားများကို ရွေးနေသော တင်းရှကို ပြုံးပြုံးကြီးကြည့်နေသည်။ သူမသည် ဝတ်ပုံစားပုံကို ဂရုစိုက်လာသည့်အပြင် မိတ်ကပ်လည်း ခြယ်သလာသည်။ ရှောင်ကျွင်းသည် ထိုအရာကြောင့် စိတ်အနှောင့်အယှက်မဖြစ်သည့်အပြင် ပျော်ရွှင်ကြည်နူးမှုကိုသာ ခံစားနေရသည်။
သူသည် ပျော်ရွှင်၍ တက်ကြွနေသော တင်းရှကို မြင်ရသည်မှာ ပျော်နေမိသည်။ မသိလျှင် သူမသည် ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများကို တစ်ခါမှမဖြတ်သန်းလာခဲ့ရသလိုမျိုး ပြုံးပျော်နေသည်။