အခန်း (၆၄)
Vol. 5 Ch. 64
တုရိုရိုပြောသည့်စကားအရ ‘အသင့်စားမွှေးရနံ့မိသားစု’ စားသောက်ဆိုင်သည် အသင့်စား စားသောက်ကုန်များ ထုတ်လုပ်ရေးကို ဖွင့်လှစ်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ အရသာမှာ မကောင်းသောကြောင့်သော်လည်းကောင်း ပရိုရှင်းဆင်းသည်မှာ မလုံလောက်သောကြောင့်သော်လည်းကောင်း စီးပွားရေးသည် ကံမကောင်းစွာနှင့် အရှုံးများသာပေါ်နေခဲ့သည်။
တာဝန်ရှိသူသည်လည်း အကြံကုန်နေပြီဖြစ်ပြီး တင်းရှသည် ဟင်းသီးဟင်းရွက်ချဉ်ဖတ်များကို ကူရောင်းပေးသည်ဟု ကြားသိရသောကြောင့် သူသည် နောက်ထပ် ကံ ကောင်းမကောင်းကို စမ်းကြည့်ချင်မိသည်။
တင်းရှသည် ချက်ချင်းသဘောမတူသေးပဲ ထိုနေရာသို့ သွားရောက်ကာ စုံစမ်းခဲ့သည်။ အထင်အရှားပင် ထိုထုတ်လုပ်ရေးမှာ အရမ်းကောင်းပြီး ပါဝင်ပစ္စည်းများသည်လည်း သန့်ရှင်းလတ်ဆတ်သောအရာများကိုသာ အသုံးပြုထားကြောင်း တွေ့ရသည်။
တင်းရှ ပြန်ရောက်လာသောအခါ သူမသည် မည်သို့သော ဟင်းလျာမျိုးက အသင့်စား စားသောက်ကုန်များထဲတွင် ပရိုမိုးရှင်းဆင်းရန် သင့်တော်မည်နည်းကို လေ့လာစမ်းစစ်နေသည်။
သူမသည် ‘အသင့်စားမွှေးရနံ့မိသားစု’ နှင့် နောက်ထပ်စာချုပ် ထပ်မံချုပ်ခဲ့သည်။ တာဝန်ရှိသူသည် ပြုံးနေကာ သူမနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ “နောက်ကျရင် ပိုပြီး လက်တွဲလုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ကျွန်တော်တို့ မိသားစုစက်ရုံတစ်ခုလုံးက ခင်ဗျားရဲ့ပူးပေါင်းပေးမှုကို အရမ်းမျှော်လင့်နေတာပါ”
တင်းရှလည်း ပြုံးပြပြီး ရိုသေသမှုပြုလိုက်ပါသည်။
အိမ်ပြန်ရောက်သောအခါ သူမသည် စျေးကွက်ထဲရှိ အနံ့အရသာမျိုးစုံရှိသော အသင့်စား စားသောက်ကုန်များကို ဝယ်လာခဲ့သည်။ ၎င်းတို့မှာ ဆန်၊ ဟော့ပေါ့၊ ချဉ်စပ်ခေါက်ဆွဲ စသဖြင့်ပါဝင်သည်။
‘အသင့်စားမွှေးရနံ့မိသားစု’သည် အဓိကအားဖြင့် ကိုယ်တိုင်အပူပေးပြီး စားရသော အသင့်စား စားသောက်ကုန်ကို ထုတ်လုပ်သည်။ တင်းရှသည် နေ့တိုင်း အသင့်စား ထမင်းဟင်း စားစရာအထုတ်များကို ဖွင့်ဖောက်ကာ ရှောင်ကျွင်း၊ တုရိုရိုတို့နှင့်အတူ စားသောက်လေသည်။ နောက်ဆုံးတွင် တုရိုရိုသည် ထိုအသင့်စား ထမင်းဟင်း စားစရာများကို အများကြီး စားခဲ့ရသောကြောင့် ၎င်းတို့ကို မြင်ရုံနဲ့တင် မအီမသာဖြစ်လာပါသည်။
နောက်ဆုံးတော့ သူတို့သည် အားလူးနှင့် အမဲသားဟင်းကို ချက်စားရန် ဆုံးဖြတ်လိုက်သည်။ နူးညံ့ပြီး ပျော့ပျောင်းသော အားလူးများနှင့် နူးညံ့၍ ကောင်းစွာ ပြုတ်ထားသော အမဲသားတို့၏ ပေါင်းစပ်မှုသည် အလွန်ပင် အရသာစုံပြီး စားကောင်းသည်။ ပျစ်နှစ်သော ဟင်းအနှစ်သည် လျှာပေါ်ရှိ အရသာခံဖုလေးများကို ဆွဲဆောင်နေသည်။
တင်းရှသည် ထိုဟင်းကို မည်သူမျှ ခုခံနိုင်မည်မဟုတ်ဟု တွေးထင်ထားပြီးသားဖြစ်သည်။
‘အသင့်စားမွှေးရနံ့မိသားစု’ဆီသို့ အိမ်ချက်ဟင်းလျာ၏ ပါဝင်ပစ္စည်းများ အချိုးအစားကို ပို့လိုက်ပြီးမှသာ တင်းရှလည်း အနားယူနိုင်တော့သည်။
သူမသည် လွန်ခဲ့သောရက်ပိုင်းက အလုပ်ရှုပ်နေခဲ့သည်။ ဗီဒီယိုအတွက် သူမသည် အသင့်စား စားသောက်ကုန်ရီဗျူးကိုလည်း ထည့်သွင်းရိုက်ကူးခဲ့သေးသည်။
ပရိသတ်များသည် တင်းရှမှာ သူမကိုယ်ပိုင်ထုတ်ကုန်ကို လုပ်နိုင်သည်ဟူ၍ စနောက်နေကြသည်။ အကြောင်းမှာ သူမသည် အသင့်စား စားသောက်ကုန်များ၏ အရသာကို မစားနိုင်သောကြောင့်ဖြစ်သည်။
တစ်နည်းအားဖြင့် ပရိသတ်များက စောင့်ကြည့်နေကြသည့် သဘောဖြစ်ပေသည်။
တင်းရှသည် ငွေရှင်းကောင်တာတွင် ထိုင်နေသည်။ သူမသည် ထိုနေရာတွင် အကြာကြီး ထိုင်နေသည်ဟူ၍ မဟုတ်သော်လည်း တစ်ခဏမျှ ဝတ္ထုထဲရောက်နေသည်ကို ပြန်ခံစားမိသွားသည်။
အသားညိုညို အရိုးခြောက်လို လက်တစ်စုံက တံခါးကို ညင်သာစွာ လာခေါက်သည်။ ပိန်ချုံးနေသော အဖိုးအိုသည် ကျေးလက်တောရွာဖက် လေယူလေသိမ်းအသံဖြင့် သူမကို မေးနေသည်။ “မိန်းကလေးငယ် ဒီမှာ ထမင်းကြမ်း ရောင်းလား”
တင်းရှသည် အဖိုးအိုပြောသည်ကို နားမလည်ဖြစ်ကာ နေရခက်သလို ဖြစ်သွားသည်။ တုရိုရိုသည် သူမ ရှိရာသို့လာခဲ့ပြီး ပြောပြပေးနေသည်။
ဆိုင်တွင် ထမင်းကြမ်းနှင့် ဟင်းကျန်များမှာ သိပ်မရှိပေ။ ဟင်းကျန်ထမင်းကျန်များကို အပြင်က အမှိုက်ပုံးထဲတွင် ပစ်ပြီး ညဖက်တွင် အမှိုက်ကားက လာသိမ်းနေကျ ဖြစ်သည်။
အဖိုးအိုသည် တံခါးနားတွင် ခါးကုန်းကုန်းနှင့် ရပ်နေပြီး စိုးရိမ်တကြီး ကြည့်နေသည်။
တုရိုရိုသည် တင်းရှကို တိုးတိုးလေးပြောခဲ့သည်။ ထိုအဖိုးအိုမှာ အစုတ်အပြတ်များကို ဝယ်ယူတောင်းစားသူဖြစ်ကြောင်း။
အဖိုးအို အသက်ကြီးနေပြီကို မြင်ပြီး တင်းရှသည် ကိုယ်ချင်းစာသွားခဲ့သည်။
ဆိုင်ထဲရှိ စားပွဲများတွင် ဧည့်သည်အနည်းငယ်သာ ရှိပါသေးသည်။ တင်းရှသည် တုရိုရိုအား ထိုအဖိုးအိုကို နောက်ဖေးခြံဝန်းထဲသို့ ခေါ်လာရန် ပြောပြီး ဝမ်ဝမ်းဟောင်ကို အမဲသားခေါက်ဆွဲတစ်ပွဲ လုပ်ထားရန် ပြောလေသည်။
အမဲသားကို ပြုတ်ထားပြီး အချပ်ပြားများဖြစ်အောင် လှီးထားကာ ခေါက်ဆွဲပေါ် ဖုံးလိုက်သည်။ အဖိုးအိုသည် တစ်ခဏမျှ နားမလည်သလို ဖြစ်သွားကာ တင်းရှကို ငေးကြည့်နေမိသည်။
“စားလိုက်ပါဦးရှင့်” တင်းရှသည် အဖိုးအိုကို ထိုင်ခိုင်းလိုက်ပြီးနောက် အဖိုးအိုအရှေ့တွင် ပန်းကန်လုံးတစ်လုံးကို လာချပေးသည်။
အဖိုးအိုသည် သူ၏တုန်ရီနေသော လက်များဖြင့် တူကိုကောက်မယူခင် သူ့လက်များကိုပွတ်ပြီးနောက် လက်အုပ်ချီ၍ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
အဖိုးအိုသည် ခပ်မြန်မြန်မစားသော်လည်း ခံတွင်းတွေ့နေခဲ့သည်။ တင်းရှသည် အဖိုးအိုစားနေသည်ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ ခပ်လှမ်းလှမ်းတွင် ဖျင်အန်းလေးကို ချီကာ ဒန်းပေါ်တွင် ကစားပေးနေသည်။
အဖိုးအိုက စားပြီးသွားသောအခါ သူမသည် အဖိုးအိုရှိရာသို့ လျှောက်လာလိုက်သည်။ “ဗိုက်ပြည့်ရဲ့လားရှင့် ဗိုက်မပြည့်သေးရင် ထပ်စားလို့ရတယ်နော်”
အဖိုးအိုသည် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ “တော်ပါပြီ တော်ပါပြီ”
အဖိုးအိုသည် အသားဖြူဖြူ ဝဝကစ်ကစ် ဖျင်အန်းလေးကို ကြည့်လိုက်သည်။ “အင်မတန် ရုပ်ရည်ချောမောလိုက်တဲ့ ကလေးလေးပဲ ကောင်းချီးပေးခံရတဲ့ ကလေးလေး”
အဖိုးအိုသည် အနေအေးပြီး စကားနည်းသောသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူသည် ရောက်လာပြီး ပြန်ထွက်သွားသည်အထိ ထိုစကားတစ်ခွန်းကိုသာ ပြောခဲ့သည်။ တင်းရှလည်း ရယ်မောကာ အဖိုးအိုကို ကျေးဇူးတင်လိုက်သည်။ သို့သော် အဖိုးအိုသည် လက်ကိုသာ ဝှေ့ယမ်းနေခဲ့သည်။
တင်းရှသည် အဖိုးအိုကို လိုက်ပို့ပြီး တံခါးနားသို့ ရောက်သောအခါ သူမက ထိုသို့ပြောလိုက်သည်။ “နောက်ခါ ဗိုက်ဆာရင်လည်း ဒီကိုပဲ လာခဲ့နော်၊ တခြားအရာတွေတော့ မပေးနိုင်ပေမဲ့ အနည်းဆုံးတော့ ကျွန်မက တစ်နပ်စာ ဗိုက်ပြည့်အောင်တော့ ကျွေးနိုင်ပါတယ်”
အဖိုးအိုသည် လက်အုပ်ချီကာ သူမကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ တင်းရှသည် ပြုံးပြီး အဖိုးအိုထွက်သွားရန် လမ်းဖယ်ပေးလိုက်သည်။ အဖိုးအိုသည် ခြေနှစ်လှမ်းကို တုန်ရီစွာလှမ်းလိုက်ပြီးနောက် နောက်လှည့်ကြည့်ခဲ့သည်။ တင်းရှက အဖိုးအိုအား လက်ကိုဝှေ့ယမ်းပြပြီး နှုတ်ဆက်နေခဲ့သည်။
အဖိုးအိုသည် တုန်တုန်ရီရီနှင့် လက်ကိုပြန်ဝှေ့ယမ်းပြပြီးနောက် သူ့မြွေအရေခွံအိတ်ကို ကျောပေါ်တွင် လွယ်ကာ တဖြေးဖြေး လမ်းလျှောက်၍ ထွက်သွားသည်။
တုရိုရိုလည်း သူမဆီ လျှောက်လာသည်။ “အစ်မ အစ်မက အရမ်းကြင်နာတတ်တာပဲ”
“ဘာကို ကြင်နာလို့လဲ” တင်းရှက ခေါင်းခါပြသည်။
“အစ်မကတော့ လူအားလုံးကို နည်းနည်းပိုကောင်းအောင် နေနိုင်ဖို့အတွက် လုပ်ပေးလိုက်ရုံပါပဲ”
“အားလုံးက အသက်ကြီးလာကြမှာလေ၊ အခုတော့ တခြားလူတွေကို ကူညီပေးချင်ရုံပါပဲ၊ အစ်မနဲ့ အစ်မသားလေးလည်း အသက်ကြီးလာတဲ့အခါကျရင် အခက်အခဲတွေ ကြုံလာရမှာပဲ အဲ့ခါကျရင် အစ်မတို့ကို ကူညီပေးမဲ့လူရှိပါစေလို့ မျှော်လင့်မိတယ်”
တုရိုရိုသည် “အိုး” ဟုပြောလိုက်ပြီး “ဘာပဲဖြစ်ဖြစ်ပါ အဲ့အဖိုးအတွက်တော့ အစ်မက အရမ်းကို စိတ်ထားကောင်းတဲ့လူတစ်ယောက် ဖြစ်သွားတယ်လေ”
တင်းရှလည်း ပြုံးပြပြီး ခေါင်းကို နောက်တစ်ခါ ခါယမ်းလိုက်သည်။
သူမအတွက် ခေါက်ဆွဲတစ်ပန်းကန်သာ ဖြစ်ပြီး အဖိုးအိုအတွက်လည်း ထိုခေါက်ဆွဲတစ်ပန်းကန်တန်ဖိုး ထက်မကြီးမားနိုင်ပေ၊ အရမ်းလည်း အရေးကြီးမည့်အရာ ဖြစ်နိုင်မည် မဟုတ်ဟု တွေးထင်နေသည်။
ကူညီ၍ရသည်ကို ကူညီပေးခဲ့ရုံဖြစ်သည်။
တင်းရှသည် ဖျင်အန်းလေးကို အခန်းထဲသို့ ချီလာပေးသည်။ လေတိုက်ကြမ်းနေသဖြင့် ဖျင်အန်းလေး အအေးမိသွားမည်ကို စိုးရိမ်နေသည်။
ပို၍အေးလာလေ နွေးစေမည့်အရာကို သူမ ပိုလိုချင်လာလေဖြစ်သည်။ ‘အသင့်စားမွှေးရနံ့မိသားစု’၏ တိုက်တွန်းမှုကြောင့် တင်းရှသည် ဟော့ပေါ့ဟင်းရည် လုပ်နည်းကိုလည်း သူတို့အား ပေးလိုက်သည်။
၎င်းတို့တွင် မာလာ၊ မှိုနှင့် ခရမ်းချဉ်သီး အရသာများ ပါဝင်နေသည်။
‘အသင့်စားမွှေးရနံ့မိသားစု’သည် ရည်ရွယ်ချက် ကြီးမားပြီး အောင်မြင်မှုကြီးကြီးဖြင့် လူအများရှေ့သို့ ပြန်လည်ပေါ်ထွက်လာချင်နေသည်။
ဟင်းလျာအချို့သည်လည်း ထိုဆိုင်လေး၏ မီနူးမှ ဖယ်ရှားခံလိုက်ရသည်။ အဓိကအနေနှင့် အာဟာရဖြစ်စေသော စွပ်ပြုတ်များကိုသာ ပရိုမိုးရှင်းလုပ်နေခဲ့သည်။ ထို့ကြောင့် စီးပွားရေးသည် နောက်ပိုင်းတွင် ထင်မှတ်ထားသည့်ထက် ပို၍ကောင်းလာခဲ့သည်။
စားသုံးသူများသည် ထိုင်ခုံကို မှီလျက် စွပ်ပြုတ်တစ်ပန်းကန်လုံးကို မော့ချရင်း သူတို့မျက်စိကို မှိတ်ကာ ပျေော်ရွှင်ချမ်းမြေ့မှုကို ခံစားနေသည်။
ဖျင်အန်းလေးသည် အလျင်အမြန် ကြီးထွားလာသည်။ ယခုတွင်မူ သူ့ဘာသာ မတ်တပ်ရပ်နိုင်သွားပြီဖြစ်သည်။ လက်တစ်ဖက်ကို အဒေါ်ကျောက်က ကိုင်ထားပေးသော်လည်း သူ့ဘာသာ တစ်လှမ်းနှစ်လှမ်း လျှောက်နိုင်သည်။ သူ့မျက်လုံးများသည် ကြီးမားကာ တောက်ပနေပြီး စပျစ်သီးနှင့် တူနေသည်။
အိမ်ဘေးနှစ်ဖက်လုံးရှိ အိမ်နီးနားချင်းများသည် ထိုကလေးမှာ အလွန်ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံလာရကြောင်း ချီးမွမ်းနေသည်။ တင်းရှသည် သူ့ကို လူကြီးများစားသော တကယ့်ဟင်းလျာများအား စားစေပြီး ဘယ်လိုအရသာရှိမှန်း သူနားလည်သွားတော့မှသာ သူမသည် နှစ်ကုန်ခါနီးမှ ထိုအိမ်နီးနားချင်းများ၏ စကားကို လက်ခံသွားလေသည်။
သူလေးသည် အစားအသောက်များ လုပ်ရောင်းသော မိသားစုမှ ကလေးတစ်ယောက်ပင် ဖြစ်သောကြောင့်သာ ဖြစ်သည်။ ဘယ်အစားအစာက ဘယ်လိုအရသာရှိသည်ကို မသိပဲ မနေပေ။ တင်းရှသည် ထိုသို့စဉ်းစားရင်း စိတ်ကျေနပ်နေသည်။
တကျွမ်းသည် သူ့ပရောဂျက်ကို အောင်မြင်စွာ အမြန်အပြီးသတ်နိုင်ပြီး သူ၏ လက်ရာမြောက်သော အလုပ်ကြောင့် ရွှင်မြူးနေသည်။
သူသည် သူ့ကလေးများနှင့် အမြဲတမ်း ပါးစပ်မှဆူပူနေသော်လည်း စိတ်ထဲတွင် အလွန်ဂရုစိုက်တတ်သော ယောင်းမကုန်းတို့အတွက် အဝတ်အစားအသစ်များနှင့် လက်ဆောင်များ ဝယ်ပေးခဲ့သည်။
ယောင်းမကုန်းလည်း ပွစိပွစိ သိပ်မပြောခင် တကျွမ်းသည် နောက်ထပ် လက်ခံရရှိသော အလုပ်အသစ်အတွက် ပြန်ထွက်သွားလေသည်။
ယောင်းမကုန်းသည် သူထွက်သွားသည်ကို သက်ပြင်းဖြေးဖြေးချရင်း တံခါးနားတွင် ရပ်ကြည့်နေခဲ့သည်။
“စိတ်မပူပါနဲ့ အစ်ကိုက မကြာခင် ပြန်လာမှာပါ” တင်းရှက သူမကို နှစ်သိမ့်ပေးနေသည်။
“ကျွန်မက သူ့ကို အိမ်တစ်လုံးဝယ်ပေးဖို့ မျှော်လင့်နေတာလည်း မဟုတ်ဘူး၊ ကလေးတွေကို ကျွေးနိုင်မွေးနိုင်ပြီး အတော်အသင့်စုနိုင်ရုံလောက်ဆို ရပါပြီ” ဟုယောင်းမကုန်းက ပြောနေခဲ့သည်။
“သူအလုပ်ကို အရမ်း ပင်ပင်ပန်းပန်းလုပ်နေရမှာကိုပဲ စိတ်ပူမိတယ်၊ သူက လူကောင်ကြီးကြီးပါ ဒါပေမဲ့ အခုတော့ ပိုပိန်လာပြီလေ”
ဝမ်ဝမ်းဟောင်က စကားဖြတ်ပြောခဲ့သည်။ “သြော် ဘဝ... ဘဝ...”
ယောင်းမကုန်းလည်း သက်ပြင်းထပ်ချကာ အထဲသို့ ပြန်ဝင်သွားလေသည်။
တုရိုရိုသည် ဝမ်ဝမ်းဟောင်ကို စိုက်ကြည့်လိုက်သည်။ ဝမ်ဝမ်းဟောင်သည်လည်း အပြစ်မကင်းသလို ခံစားရပြီး ခေါင်းကို ကုတ်နေလေသည်။
တင်းရှသည် ဦးလေးဝေဆီမှ မီးသွေးများကို စုထားပြီး အသားကင်ဖို့အတွက် စီစဉ်နေလေသည်။
အမဲသားအသားမြှောင်း၊ အရည်အသွေးကောင်းသော ဝက်ဗိုက်သားနှင့် ထုပ်ထုပ်လေးနှင့် စား၍ကောင်းသော ကြက်အူချောင်းတို့ကို မီးသွေးပေါ်တွင် ဆလတ်ရွက်၊ ကြက်သွန်ဖြူတို့နှင့် ထုပ်ထားပြီး ဘာဘီကျူအနှစ်တွင် နှစ်ကာ ကင်ထားပါလေသည်။ ထိုအသားများကို ပါးစပ်ထဲ တစ်လုတ်ထည့်လိုက်ရုံနှင့်တင် အလွန်ပင် စိတ်ကျေနပ်စဖွယ်ကောင်းသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုဆိုင်လေးသည် မဖြစ်မနေစားကြည့်သင့်သည့် ဒေသတွင်း စပရှယ်စားစရာစာရင်းတွင် ထိပ်တန်း၅နေရာအတွင်း ဝင်လာခဲ့သည်။
စနေ တနင်္ဂနွေပိတ်ရက်များတွင် အနီးအနားရှိ အခြားမြို့များမှ အစားအသောက် ကြိုက်နှစ်သက်သူများသည်လည်း ကားမောင်းကာ တကူးတက လာစားကြပါသေးသည်။
သူတို့သည် ထိုဆိုင်လေးအကြောင်းကို သိနေကြကြောင်းနှင့် ထိုဆိုင်တွင် အရင်က စားဖူးကြောင်းကို ရယ်မောစွာ မှတ်ချက်ချ ပြောဆိုရင်း နောင်တွင်လည်း ထိုဆိုင်လေး၏ အရသာမှ ပြေးထွက်နိုင်မည်မှာ မဖြစ်နိုင်ကြောင်းကိုလည်း ပြောနေခဲ့သည်။
အင်မတန်စိတ်ကျေနပ်သွားသော စားသုံးသူတစ်ယောက်သည် စားဖိုမှူးကို အလွန်ပင် ချီးကျူးနေသည်။
ဝမ်ဝမ်းဟောင်သည် နေ့ရက်တိုင်းတွင် စိတ်အားထက်သန်မှုဖြင့် တောက်ပနေပြီး သူ၏ အချက်အပြုတ်စကေးသည်လည်း အလွန် တိုးတက်လာခဲ့သည်။ ဝမ်မိသားစုဟင်းလျာနာမည်များနှင့်အတူ နာမည်ကြီးလာခဲ့သည်။
ထိုအကြောင်းကို ဝမ်ဇောင်ရန်ကြားသိသောအခါ အလွန်ပင် အားလိုအားရ ကျေနပ်နေသည်။ သူသည် သူ့သားဆီ တကူးတကသွားပြီး ချီးမွမ်းကာ သူ့လိုမျိုး မောက်မာပြီး မိမိကိုယ်ကို မိမိသာကျေနပ်နေသလိုမျိုး မဖြစ်လာစေရန် ဝမ်ဝမ်းဟောင်ကို သတိပေးလိုက်ပါသေးသည်။
သို့သော်လည်း ဝမ်ဝမ်းဟောင်သည် စကားလုံးများ တုန်ရီစွာ ထွက်လာပြီး ထိန်းမနိုင်သိမ်းမရမဖြစ်ခင် ဦးနှောက်နှင့် အရင်စဉ်းစားကာ ပြန်မပြောမိစေရန် နှုတ်ပိတ်၍ နေနေခဲ့သည်။ ဝမ်ဇောင်ရန်သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားနေရသောကြောင့် သူ့နှုတ်ခမ်းမွှေးများ ထောင်လာကာ အင်္ကျီလက်စများကို ဆွဲတင်ကာ ပွဲကြမ်းပါတော့သည်။
ထိုညတွင် ရှောင်ကျွင်းသည် ဝမ်ဝမ်းဟောင်ကို နေခဲ့ဖို့ အထူးတောင်းဆိုနေသော်လည်း နောက်ဆုံးတွင် “ဒီရက်ပိုင်းအတွင်း အထုပ်တွေ အပြီးထုပ်ထားတော့ အိမ်ပြန်ဖို့ အချိန်ကျပြီ” ဟုပြောလိုက်သည်။
“ဆရာ? ကျွန်တော့်ကို ထွက်သွားစေချင်တာလား” ဝမ်ဝမ်းဟောင်သည် စိုးထိတ်စွာနှင့် မေးလိုက်သည်။