← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

“မင်းကို ထွက်သွားစေချင်တာ မဟုတ်ပါဘူး၊ ငါဒီလိုလုပ်ဖို့ ရည်ရွယ်ထားတာ ကြာပြီ” ရှောင်ကျွင်းက ပြောခဲ့သည်။

“ဝမ်မိသားစုရဲ့ဟင်းလျာတွေကိုလည်း ကောင်းကောင်း လေ့လာခဲ့ပြီးပြီဆိုတော့ မင်းမိသားစုဆိုင်ကို ပြန်သွားသင့်ပြီ၊ မင်းကို ဒီမှာဆက်ခေါ်ထားဖို့က မသင့်တော်ဘူးလေ”

“ဘာကို မသင့်တော်ရမှာလဲဗျာ” ဝမ်ဝမ်းဟောင်သည် ခေါင်းကို ခါရင်း ပြောနေခဲ့သည်။ “ကျွန်တော် ဒီမှာနေရတာကို ကြိုက်တယ် ကျေးဇူပြုပြီး ကျွန်တော့်ကို နေခွင့်ပြုပါ ဆရာ”

“မင်းအဖေဒီနေ့လာသွားပြီး ပြန်ခေါ်သွားချင်နေပြီ” ရှောင်ကျွင်းက ပြောခဲ့သည်။ “ဘာလို့ သူသေချာ ထုတ်မပြောခဲ့လဲဆိုတာကိုတော့ မသိပေမဲ့ မင်းကို ပြန်လာစေချင်ပြီး သူ့စီးပွားရေးကို လက်လွှဲယူစေချင်ပြီထင်တယ်”

“ကျွန်တော်တော့ အဲ့လိုမလုပ်ချင်ပါဘူး” ဝမ်ဝမ်းဟောင်က ဆူပုတ်ပြီး ပြောခဲ့သည်။ “ကျွန်တော်က မွေးကတည်းက ခေါင်းမာတယ်၊ ကျွန်တော် ပြန်မသွားဘူး၊ အဲ့လိုလုပ်တာပဲ ကောင်းတယ်၊ ကျွန်တော် ဒီမှာပဲ နေချင်တယ်”

“ဒီကောင်စုတ်ကတော့” ရှောင်ကျွင်းသည် ရယ်မောရင်း သူ့ကို ပြောနေခဲ့သည်။ “မင်း မိသားစုစီးပွားရေးကို မလုပ်တော့ဘူးလား မင်း မိဘတွေကိုရော မလိုချင်တော့ဘူးလား”

“အဖေက တပည့်တွေ မွေးထားပြီးသား၊ အဲ့တော့ အသေအချာပဲလေ အဲ့စားသောက်ဆိုင်က ဆက်ပြီးလည်ပတ်နေလို့ရတယ်၊ ပြီးတော့ အဖေက အသက်၅၀ပဲရှိသေးတယ် ကျန်းမာရေးဒေါင်ဒေါင်မြည်နေတာပဲ၊ သူ့ကိုသာ အငြိမ်းစားယူဖို့ အိမ်ပြန်ခိုင်းရင် ပျော်မှာတောင်မဟုတ်ဘူး” ဝမ်ဝမ်းဟောင်သည် ထိုသို့ပြောခဲ့ပြီး “အခုတော့ ကျွန်တော့်ကို ဒီမှာပဲ ဆက်နေခွင့်ပြုပါနော်၊ သွားဖို့အချိန်တန်ရင် ကျွန်တော့်ဘာသာ ပြန်သွားမှာပါ”

ရှောင်ကျွင်းသည် သူ့ကို နောက်ထပ် မတိုက်တွန်းတော့သလို သဘောတူသည်ဟူ၍လည်း မပြောခဲ့ပေ။

တုရိုရိုသည် တံခါးဖွင့်ဝင်လာပြီး “ဝမ်ဝမ်းဟောင် ရှင်ထွက်သွားတော့မှာလား”

သူမသည် ရေသွားယူဖို့အသွားတွင် သူဌေးနှင့် ဝမ်ဝမ်းဟောင်တို့ စကားပြောနေသည်ကို မတော်တဆ ကြားမိသွားသည်။ သူမရင်ထဲ ဗြောင်းဆန်သွားပြီး မနေနိုင်တော့ပဲ ထွက်လာပြီး သေချာအောင် မေးလိုက်သည်။

ဝမ်ဝမ်းဟောင်သည် ခေါင်းခါပြလိုက်သည်။ “ငါမထွက်သွားပါဘူး”

တုရိုရိုသည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ “မထွက်သွားဘူးပေါ့၊ တော်ပါသေးရဲ့”

“ငါ့ကို လွမ်းနေတာလား” ဝမ်ဝမ်းဟောင်သည် သူမကို စနောက်လိုက်သည်။

တုရိုရိုသည် လေထဲတွင် ခြေထောက်ဖြင့် သုံးချက်ကန်လိုက်သည်။ “ကိုယ့်ကိုယ်ကို အထင်တွေ စွတ်ကြီးမနေနဲ့၊ ဘာလို့ လွမ်းရမှာလဲ”

“ငါမနက်ဖြန် သွားတော့မယ်၊ အိမ်ကို ပြန်တော့မလို့” ဝမ်ဝမ်းဟောင်က ရုတ်တရက် ပြောလိုက်သည်။

“ရှင်ခုနကပြောတော့ မသွားတော့ဘူးဆို” တုရိုရို တစ်ခဏမျှ ရပ်တန့်သွားသည်။

“ငါစနေတာပါ၊ တစ်နေ့နေ့တော့ သွားရမှာပေါ့ ဆရာပြောခဲ့သလိုပဲ၊ ဒီမှာအကြာကြီး နေလို့မရဘူးလေ” ဝမ်ဝမ်းဟောင်က ပြောခဲ့သည်။

“အဲ့လိုဆိုရင်... အဲ့လိုဆိုရင်...” တုရိုရိုသည် သတိမထားမိပဲ သူမအဝတ်အစားကို လက်ဖြင့်ဆော့ကစားနေမိသည်။

“ရှင် တစ်ခါတစ်လေ ဒီကို ပြန်လာလည်ရမယ်နော်...”

ဝမ်ဝမ်းဟောင်သည် သူမကို ထပ်မေးလိုက်သည်။ “ငါ့ကို လွမ်းနေမှာလား”

တုရိုရိုသည် အစတွင် ဘာမှပြန်မပြောခဲ့သော်လည်း ဝမ်ဝမ်းဟောင်၏ ပုံမှန်နှင့်မတူသော လေးနက်သော မျက်နှာထားကို မြင်တွေ့လိုက်ရပြီး နောက်ဆုံးတွင် ညင်သာစွာ ခေါင်းညိမ့်ပြလိုက်သည်။ “အွန်း”

“ဘာလို့လဲ” ဝမ်ဝမ်းဟောင်သည် အသည်းအသန် မေးလိုက်သည်။

“ကျွန်မတို့...ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေလေ ပြီးတော့ သူငယ်ချင်းတွေ ဒါပေါ့ အဲ့တော့ ခွဲရမှာကို တွန့်ဆုတ်သလို ခံစားမိတာပေါ့...” တုရိုရိုက ပြန်ဖြေလိုက်သည်။

“လုပ်ဖော်ကိုင်ဖက်တွေပဲလား သူငယ်ချင်းတွေပဲလား” ဝမ်ဝမ်းဟောင်သည် တစ်ဆင့်တိုးပြီး ခြေတစ်လှမ်းနောက်ဆုတ်၍ ကြောက်ရွံနေသော တုရိုရိုကို မေးလိုက်သည်။

ဝမ်ဝမ်းဟောင်သည် သူမမျက်လုံးများကို စိုက်ကြည့်နေသည်။ တုရိုရိုသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူမသည်ပါးစပ်ကို ဟလိုက်ပြီး တစ်ခုခုပြောဖို့ လုပ်ခဲ့ပေမဲ့လည်း ပြောမထွက်ခဲ့ပေ။

ဝမ်ဝမ်းဟောင်သည် သူမကို မလှုပ်မယှက်နှင့် ဆက်၍ကြည့်နေခဲ့သည်။

တုရိုရိုသည် နောက်ဆုံးတွင် လက်လျှော့ကာ ပြောထွက်တော့မည့်ပုံစံဖြင့် “မဟုတ်ဘူး၊ သူငယ်ချင်းတွေပဲ မ...”

သူမသည် စကားဆုံးအောင် မပြောခင်မှာပင် ဝမ်ဝမ်းဟောင်က ကြားဖြတ်ပြောလိုက်သည်။

“အခုတော့ ငါနားလည်သွားပြီ” ဝမ်ဝမ်းဟောင်က ပြောခဲ့သည်။

“ဘာကို နားလည်သွားတာလဲ” တုရိုရိုသည် တစ်ခဏမျှ မလှုပ်မယှက်ဖြစ်သွားသည်။

“မင်းအတွေးတွေကို နားလည်သွားပါပြီ” ဝမ်ဝမ်းဟောင်က ပြောခဲ့သည် “ဒီကနေပဲ ဆက်ပြောပါရစေ”

“ရိုရို၊ မင်းကို သဘောကျနေတာ ကြာခဲ့ပြီ၊ မင်း ငါနဲ့အတူရှိပေးနိုင်မလား” ဝမ်ဝမ်းဟောင်သည် အလွန်လေးနက်စွာ ပြောခဲ့သည်။ သူ၏ ပုံမှန်မျက်နှာမှာ ယခုတွင် နက်ရှိုင်းသော ခံစားချက်များနှင့် ပြည့်နေခဲ့သည်။

တုရိုရိုသည် နားမလည်သွားသလိုဖြစ်နေသည်။

ဝမ်ဝမ်းဟောင်က ထပ်ပြောလိုက်သေးသည်။ “ငါက စားဖိုမှူးတစ်ယောက်ဆိုပေမဲ့ ငါကျိန်ဆိုတယ် အခုကစပြီး မင်းကိုပဲ အမြဲဦးစားပေးသွားမယ် မင်းက ကိုယ့်ရဲ့ နံပါတ်တစ် ဦးစားပေးလေးပဲ”

တုရိုရိုမျက်နှာလေး ရှက်သွေးဖြာနီမြန်းသွားသည်။ သူမသည် ညဖက်ရေသောက်ဖို့ ရေထယူရင်း ယခုလို ကြုံတွေ့ရဖို့ တစ်ခါမှ မတွေးထားပေ။ သူမသည် နှုတ်ခမ်းကို ကိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်သည်။

သူမအား ဝမ်ဝမ်းဟောင်ကို ချစ်မိသွားအောင် မည်သူက မသိမသာ လုပ်ပေးလိုက်ပါသနည်း။

တုရိုရိုသည် နှုတ်ခမ်းထောင့်မှ အပြုံးကလေး ပေါ်လာပြီး မိန်းကလေးငယ်တစ်ယောက်၏ တစ်ကိုယ်ရည် အတွေးများနှင့် မြောနေရင်း အိပ်ရာသို့ ပြန်သွားခဲ့သည်။ မကြာမီခွဲရမည်ဆိုသော ဝမ်းနည်းမှုလည်း ထိုအတွေးထဲတွင် ပါဝင်နေသည်။

နောက်တစ်နေ့မနက်တွင် သူမ နိုးလာသောအခါ ဝမ်ဝမ်းဟောင်တစ်ယောက် မီးဖိုချောင်တွင် ဓါးကိုင်ကျွမ်းအောင် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။

“ရှင် ထွက်သွားမှာ မဟုတ်ဘူးလား” တုရိုရိုသည် သူ့ဆီပြေးလာပြီး မေးလိုက်သည်။

“ငါ မင်းကို စနေခဲ့တာပါ” ဟု ဝမ်ဝမ်းဟောင်က ညင်သာစွာ ပြောပြီး တုရိုရို မရိုက်ခင်အရင်ပြေးထားနှင့်သည်။

တုရိုရိုသည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် “ဝမ်!ဝမ်း!ဟောင်!”

သူမသည် ဒေါသတကြီးနှင့် လက်သီးဆုပ်နေသည်။

“ခွေးကောင်၊ သွားသေလိုက်!!!”

All Chapters