အခန်း (၆၆)
Vol. 5 Ch. 66
ဆောင်းရာသီ၏ ပထမဆုံးနှင်းသည် ထင်ထားသည်ထက် စော၍ ကျဆင်းလို့လာခဲ့သည်။
သူတို့သည် မနေ့တနေ့ကမှ ဖျင်အန်းလေးအတွက် ဆောင်ဦးမှာဝတ်ဖို့ ဆွယ်တာ ထိုးပေးရန် ဆွေးနွေးနေကြတုန်းပဲ ရှိသေးသည်။ ယနေ့တွင်မူ ကလေးလေးအတွက် အနွေးထည်ကို ချက်ချင်း သွားဝယ်ပေးရတော့မည် ဖြစ်သည်။
တင်းရှ သတိမထားမိလိုက်စဉ်တွင် အချိန်ကုန်မြန်သွားခဲ့သည်။
မနှစ်က ယခုလိုအချိန်တွင် တင်းရှသည် ဖျင်အန်းလေးကို စိုးရိမ်တကြီးနှင့် ကိုယ်ဝန်ဆောင်ခဲ့သည်ကို ပြန်လည်စဉ်းစားရင်း ယခုနှစ်တွင် ထိုကလေးလေးမှာ ဂူးဂူးဂါးဂါးအသံလေးများ ထွက်တတ်နေပြီဖြစ်ပြီး တင်းရှတစ်ယောက် အံ့သြကြည်နူးဖွယ်ရာအဖြစ် စိတ်ထဲတွင် ခံစားမိလေသည်။
နှစ်သစ်ကူးနေ့တွင် သူတို့သည် ဆိုင်တံခါးကို အစောကြီးဖွင့်ခဲ့သည်။ ရှောင်ကျွင်းသည် ဆိုင်တွင် ထန်ယွမ်ထမင်းလုံးများကို ရောင်းဖို့စီစဉ်ထားသည်။ တင်းရှကလည်း သူနဲ့အတူ ကူညီရောင်းချပေးသည်။
သူတို့သည် အထဲတွင် ဌာပနာထည့်ရန်အတွက် နှမ်း၊ မြေပဲ၊ ပဲနီအနှစ်အပြင် အသားအနှစ်များကိုလည်း ပြင်ဆင်ထားသေးသည်။ ထိုအနှစ်အားလုံးကို တင်းရှကိုယ်တိုင် လုပ်ထားလေသည်။
ချက်ထားသော ထန်ယွမ်တွင် မွှေးပျံ့သောကျို့ချန်းဝိုင်ပါဝင်ပြီး ချိုမြိန်ကာ စားလိုက်ရသူအဖို့ မျက်လုံးစုံမှိတ်သွားရလောက်သည့်အထိ စားကောင်းလှသည်။
တုရိုရိုသည် သူလက်များကို အအေးဓါတ်ကြောင့် အကျောဆန့်ရန် တွန့်ဆုတ်နေပြီး တစ်ပန်းကန်တည်း အတူတူစားရန် ဝမ်ဝမ်းဟောင်ဘေးနားတွင် အတင်းတိုးထိုင်လိုက်သည်။
စီလီသည် သူ မစားခင် ရှစ်ထုန်ကို ခွံကျွေးနေသည်။
ယောင်းမကုန်းသည် အပူထိန်းခွက်ကြီးထဲသို့ ပန်းကန်လုံးကို ထည့်လိုက်ပြီး တကျွမ်းဆီ ယူသွားပေးရန် လုပ်နေသည်။
စီလီကို ကြည့်ရင်း အဒေါ်ကျွမ်းတစ်ယောက် အလွန်ကြင်နာတတ်သော အပြုံးလေး ပြုံးလိုက်သည်။
လင်းကျားယွီသည် တံခါးကိုခေါက်ပြီး အထဲသို့ဝင်လာခဲ့သည်။ “ကောင်းသောနံနက်ခင်းပါ!”
တင်းရှသည် သူ့ကိုပြန်နှုတ်ဆက်လိုက်သည်။ “ကောင်းသောနံနက်ခင်းပါရှင့် ဆရာလင်း ထမင်းစားပြီးပြီလား ထန်ယွမ်တစ်ပန်းကန်လောက် စားဦးမလား”
တင်းရှသည် ပြုံးလျက် မည်သည့်အနှစ် ထည့်ပေးရမည်ကို သူ့အားမေးနေသည်။
လင်းကျားယွီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး မတူညီသည့် အနှစ်နှစ်မျိုးကို ပေါင်းထည့်ပေးရန် ပြောလိုက်သည်။
ထန်ယွမ်းများသည် အလွန်သေးငယ်ပြီး နှစ်ကိုက်စာအရွယ်သာ ရှိသောကြောင့် ထိုတစ်ပန်းကန်လုံးစားမည်ဆို လျှင်တောင် ဗိုက်ပြည့်သွားမည် မဟုတ်ပေ။
ဆောင်းရာသီတွင် မနက်စာကို အစောကြီးထစားသူမှာ ရှားလှသည်။ အများစုမှာ အိပ်မွှန်စုံမွှားဖြစ်နေတတ်ပြီး ခွေးကိုလမ်းလျှောက်ပေးခြင်း သို့မဟုတ် အလုပ်ကိုအချိန်ပိုလုပ်ခြင်းတို့ လုပ်တတ်ကြသည်။ သူတို့သည် ထန်ယွမ်ကို တစ်ယောက်တစ်ပန်းကန်စီ ဝယ်ကာ အပူလောင်ခံပြီး တစ်ကြိတ်တည်းမော့ပြီးနောက် ဘတ်စ်ကားလွတ်မည်စိုး၍ တရှိန်ထိုး ပြေးသွားကြသည်။
ပြတင်းပေါက်နားတွင် ထိုင်၍ အပြင်ဖက်တွင် လူများ သွားလာလှုပ်ရှားနေသည်ကို ကြည့်ရင်း လင်းကျားယွီသည် အားရကျေနပ်သောပုံစံဖြင့် သက်ပြင်းချလိုက်သည်။
“ကျွန်တော် နွေရာသီမှာလည်း အခုလိုလုပ်ချင်မိတယ်၊ ကျွန်တော်ဒီကိုပထမဆုံးလာခဲ့တုန်းက အရမ်းဝမ်းနည်းနေတာလည်း မဟုတ်ခဲ့ဘူး အဲ့တုန်းက ဆောင်းရာသီရောက်ရင် ဒီနေရာလေးမှာ ထိုင်ပြီး လက်ဖက်ရည်ကြမ်း သောက်ရတာက ပိုပြီး သက်သောင့်သက်သာ ဖြစ်မယ်လို့ စိတ်ထဲကနေ ခံစားမိခဲ့တယ်”
တင်းရှက သူ့ကိုမေးလိုက်သည်။ “အခုရော ဘယ်လိုလဲ”
သူမ မေးသည်ကို မည်သို့ပြန်ဖြေရမည်ကို သိလိုက်ပြီး လင်းကျားယွီသည် ပျင်းရိစွာဖြင့် မေးထောက်ကာ စိတ်ကျေနပ်နေသော ကြောင်ကြီးတစ်ကောင်နှင့် တူနေလေသည်။ “တော်တော်တော့ ကောင်းပါတယ်၊ လီမွန်သီးတွေအသင့်ရှိလို့ လီမွန်ဖျော်ရည် ဖျော်လို့ ရသလိုမျိုးပေါ့”
တင်းရှသည် ခေါင်းညိမ့်လိုက်သည်။
ထို့နောက် လင်းကျားယွီသည် ထိုအကြောင်းကို ဆက်ပြောလေသည်။
သူသည် သူ၏လိင်စိတ်တိမ်းညွှတ်မှုနှင့် ပတ်သက်ပြီး သိုသိုသိပ်သိပ်နေခဲ့ကာ မည်သူ့ကိုမျှ တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။ ထိုသို့အကြာကြီး နေလာရသည်နှင့်အမျှ သူ့နှလုံးသားလေးမှာ ခံစားလာရသည်။ တင်းရှလို ယုံကြည်စိတ်ချရသော သူတစ်ယောက်ရှိလာသောကြောင့် သူမကို ထုတ်ပြောရသည်မှာ သူ့အတွက် ကိစ္စမရှိချေ။
“ကျွန်တော့်မိဘတွေက ကျွန်တော်တို့ အတူနေမှာကို သဘောမတူခဲ့ဘူးလေ၊ တက္ကသိုလ်တက်တော့ အိမ်ကနေ ထွက်လာခဲ့တယ်၊ တစ်မြို့တည်းမှာ နေနေခဲ့ပေမဲ့လည်း အဲ့ကတည်းက သူတို့နဲ့ထပ်မတွေ့ဖြစ်ကြတော့ဘူး”
“ကျွန်တော်သိပါတယ် သူတို့တွေ ကျွန်တော်ရှိတဲ့နေရာကို တမင်တကာ ရှောင်နေတယ်ဆိုတာ”
“သူ ကျွန်တော့်အပေါ် ဖောက်ပြန်တာကို ကျွန်တော့်မိဘတွေ သိသွားခဲ့တယ်၊ သူတို့လည်း အရမ်းဒေါသထွက်ခဲ့ပြီး ကျွန်တော့်ကို အိမ်ပြန်လာဖို့ ခေါ်ခဲ့တယ်”
“ကျွန်တော်လည်း တကယ်တမ်းတော့ အတော်ပျော်သွားတယ်လို့ ပြောရမယ်၊ ကျွန်တော့်တစ်ဘဝလုံး တစ်ယောက်တည်း နေသွားဖို့လုပ်ခဲ့တာ ဒါပေမဲ့ ရှေးရိုးစွဲနေတဲ့ ကျွန်တော့်မိဘတွေက အခုလိုမျိုး ကျွန်တော်နဲ့ ပက်သက်တဲ့ တခြားယောကျ်ားတစ်ယောက်အကြောင်းကို လိုက်စုံစမ်းနေခဲ့မယ်လို့ မထင်ထားခဲ့ဘူး”
ထိုသို့ပြောဆိုရင်း သူ့ခေါင်းလေးကို ခါ၍ “အတော်တော့ ချစ်ဖို့ကောင်းသား”
“အဲ့ဒါဆိုရင် ရှင်က......” တင်းရှသည် ထိုအခိုက်အတန့်တွင် အံ့သြမိန်းမောသွားခဲ့သည်။
“ခင်ဗျားနဲ့ ပေးတွေ့ဖို့ နောက်နေ့ကျရင် ဆိုင်ကို ခေါ်လာခဲ့မယ်၊ ဘာလို့ဆို နောက်ပိုင်းကျရင် ကျွန်တော် သူ့ကို ဒီဆိုင်ကို ခဏခဏခေါ်လာတော့မှာမို့” လင်းကျားယွီသည် ပွင့်ပွင့်လင်းလင်း ပြောပစ်လိုက်သည်။
“ဝမ်းသာလိုက်တာရှင်!” တင်းရှသည် သူ့အတွက် ရင်ထဲကနေ လှိုက်လှုက်လှဲလှဲ ပျော်သွားခဲ့သည်။
လင်းကျားယွီကို လိုက်ပို့ပြီးနောက် ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ချီလျက် ထွက်လာခဲ့သည်။
“ဘာလို့ ကလေးကို အပြင်ခေါ်လာတာလဲ ရာသီဥတုအရမ်းအေးတယ်လေ ပြီးတော့ ကလေးက အိပ်နေတုန်းပဲရှိသေးတယ်” တင်းရှသည် ဖျင်အန်းလေးကို ဂရုတစိုက်နှင့် အဝတ်များ သေချာပြန်ပတ်ပေးနေသည်။
“လေကောင်းလေသန့်ရှူမလို့၊ နေ့တိုင်း အိမ်ထဲမှာပဲ မအောင်းနိုင်ဘူး” ရှောင်ကျွင်းသည် ထိုသို့ပြောရင်း သူ့လက်တစ်ဖက်တွင် စကိတ်ဘုတ်ကို ကိုင်ထားသည်။
“ရှင် စကိတ်ဘုတ်လည်း ယူလာတယ်ပေါ့” တင်းရှ အံ့သြသွားသည်။
“စကိတ်စီးတဲ့ ကောင်လေးတွေကို ပြမလို့၊ သူတို့တွေ ကိုယ့်သားကို မြင်ဖူးချင်တယ်လို့ ပြောနေတာ ကြာပြီ” ရှောင်ကျွင်းသည် ဂုဏ်ယူစွာ ပြောလိုက်သည်။
“ရှင့်သားသာ နေမကောင်းဖြစ်လို့ကတော့ ရှင်ဒီအပြင်မှာပဲ ဂုဏ်သရေရှိစွာနဲ့ ဆက်ပြီး စကိတ်ဘုတ်စီးနေလိုက်တော့၊ ဟုတ်ပြီလား” တင်းရှ ပြုံးပြလိုက်သည်။
“ကိုယ် ကတိပေးတယ်၊ ကိုယ်သာ နေမကောင်းဖြစ်ရင်ဖြစ်သွားပါစေ၊ ကိုယ့်သားကိုတော့ ဘာမှမဖြစ်စေရဘူး” ရှောင်ကျွင်းသည် လက်သုံးချောင်းထောင်ကာ ကတိကဝတ်ပြုနေသည်။
တင်းရှက ရွဲ့ပြောလိုက်သေးသည်။ “ရှင်ပြောတာက ယုံချင်စရာကြီးကိုး”
သို့သော်လည်း သူမသည် စကိတ်စီးနေကျ ပန်းခြံကို ရှောင်ကျွင်းနှင့်အတူ သူမ သားလေးကို ချီပြီး ခေါ်လာခဲ့သည်။
ထိုနေရာသို့ ရောက်သောအခါ စကိတ်စီးနေသောကောင်လေးများသည် ကြမ်းတမ်းစွာ ဆော့ကစားနေကြသည်။
ထို့နောက် သူတို့သည် ချောမောသော ယောကျ်ားတစ်ယောက်နှင့် လှပသော မိန်းမတစ်ယောက်တို့ သေသပ်စွာ ထွင်းထုထားသော ကျောက်စိမ်းတုံးကဲ့သို့ ကြည့်ကောင်းနေသော ကလေးလေးကို ချီလာသည်ကို မြင်နေရသည်။
“ဝေါင်း!!!!!”