အခန်း (၆၇)
Vol. 5 Ch. 67
ထိုကောင်လေးများ၏ ပုံပန်းသွင်ပြင်သည် ပုံမှန်ဖြစ်နေသော်လည်း ထူးခြားကာ အသက်အရွယ်အရ ငယ်ရွယ်ပေဦးမည်။ ရှောင်ကျွင်းသည် တင်းရှနှင့် ဖျင်အန်းလေးကို ထိုကောင်လေးများအား မမိတ်ဆက်ပေးခင် ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
ထိုကောင်လေးများသည် ကြိတ်ရယ်နေကာ သူတို့နှစ်ယောက်ကို ဖော်ရွေပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပါသည်။
ထိုကောင်လေးများနှင့် ခဏမျှ စကားပြောအပြီးတွင် တင်းရှနှင့် ဖျင်အန်းလေးသည် သူတို့ကို ထပ်ပြီးမနှောင့်ယှက်ချင်တော့သဖြင့် ဘေးသို့ထွက်နေခဲ့လေသည်။
ထိုကောင်လေးများသည် ရှောင်ကျွင်းကို ဝန်းရံလိုက်သည်။ “မဆိုးဘူးပဲ အစ်ကိုကျွင်း၊ အစ်ကို့မိန်းမက အရမ်းလှပြီး အစ်ကို့ကလေးကလည်း အရမ်းချစ်စရာကောင်းတယ်-အစ်ကို့မိသားစုက ပါဖက်ပဲ”
ရှောင်ကျွင်းသည် စိတ်ကြီးဝင်ကာ မချေမခံပြုံးလိုက်သည်မှာ အလွန်သိသာနေသည်။
ဖျင်အန်းလေးလည်း နိုးလာပြီး သိချင်စိတ်ဖြင့် လျှောက်ကြည့်နေကာ ရှောင်ကျွင်းကို မျက်တောင်မခတ်ပဲနှင့် ကြည့်နေလေသည်။ တင်းရှလည်း သူလေး အခုလိုကြည့်နေသည်ကို ဘာကြောင့်မှန်း အရမ်းသိချင်နေသည်။
ဖျင်အန်းလေးသည် သူ့အဖေကိုပဲ စိုက်ကြည့်နေသလား သို့မဟုတ် ရွေ့လျားနေသောအရာကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသလား။
နှစ်ခေါက်လောက် ပတ်စီးပြီးသောအခါ ရှောင်ကျွင်းသည် သူတို့ဆီ ပြန်လာပြီး “ပြန်ကြမယ်” ဟုပြောလိုက်သည်။
“ရှင်ထပ်မစီးတော့ဘူးလား” တင်းရှသည် ထိုအခိုက်အတန့်တွင် တစ်ခဏမျှ လန့်သွားသည်။ အကြောင်းမှာ ရှောင်ကျွင်းသည် ကြာကြာစီးတတ်သောကြောင့်ဖြစ်သည်။
“မစီးတော့ဘူး၊ ဘာလို့လဲဆိုရင် မင်းတို့ကို ဒီခေါ်လာတာ သူတို့နဲ့ပေးတွေ့ရုံပဲ၊ ကလေးကလည်း တစ်နေကုန် နေလို့မရမှန်းသိတော့ သူတို့လည်း ကိုယ့်ကို ဒီမှာကြာကြာနေဖို့ မပြောပါဘူး” ရှောင်ကျွင်းသည် ချွေးများထွက်ကာ သူ့ခန္ဓာကိုယ်မှာ ပူနေသည်။
သူသည် အရင်ဆုံး တင်းရှ၏ ရေခဲတမျှ အေးနေသော နားလေးကို အုပ်ပေးပြီးနောက် ဖျင်အန်းလေးကို ကောက်ချီလိုက်သည်။ သူတို့နှစ်ယောက်သည် အတူတူ အိမ်ပြန်သွားကြလေသည်။
ငြိမ်ငြိမ်ထိုင်မနေနိုင်သော ရှောင်ကျွင်းသည် အားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ဝယ်ပေးရန် စျေးသို့ မောင်းလာခဲ့သည်။
တင်းရှသည် အိမ်မှာနေရင်း ကြက်ဥပူတင်းများ ဖုတ်နေလေသည်။ သူမသည် တစ်နေ့က ကိတ်မုန့်ဆိုင်ရှေ့ ဖြတ်သွားတုန်း အနံ့မွှေးမွှေးများကို တဝကြီးရှူနေခဲ့သည်။ ထို့ကြောင့် ယနေ့တွင် သူမဘာသာ လုပ်စားရန် ဆုံးဖြတ်လိုက်သည်။
တုရိုရိုသည် ကြက်ဥပူတင်းများကို စောင့်ရင်း သူမလက်ပ်တော့ပ်နှင့် ဗီဒီယို edit လုပ်နေသည်။
တင်းရှ၏ ဘလော့ကာအသက်မွေးဝမ်းကြောင်းတစ်ခုသည် တစ်စတစ်စနှင့် လမ်းကြောင်းပေါ် ကောင်းကောင်းရောက်လာခဲ့ပေသည်။
တစ်ယောက်တည်း မလုပ်နိုင်သောကြောင့် တုရိုရိုကို ဝိုင်းကူစေကာ ထိုအတွက်လည်း သူမကို လစာသပ်သပ်ပေးထားသည်။
တုရိုရိုသည် သူမနှင့် သင့်တော် ကျွမ်းကျင်ရာ အလုပ်ကို ရှာတွေ့ခဲ့ပြီး ထိုအလုပ်ကို နေ့တိုင်းလုပ်ရသည်ကို ဘဝင်ခိုက်နေလေသည်။
ယခုနှစ် နှစ်သစ်ကူးသည် စောစောရောက်လာပြီး နွေဦးပွဲတော်ပြီးဆုံးသွားပြီး မကြာခင်တွင် နှစ်သစ်ကူးပွဲတော် ရောက်လာသည်။
ရှောင်ကျွင်းသည် ဝန်ထမ်းများကို နှစ်သစ်ကူးခရီးသွားခွင့်နှင့် မုန့်ဖိုးများပေးပြီးနောက် သူတို့မိသားစုသုံးယောက်တည်းသာ ကျန်ခဲ့လေသည်။ ထို့ပြင် အဒေါ်ကျွမ်း၊ စီလီနှင့် အခြားသူများကိုလည်း ခွင့်ပေးလိုက်သေးသည်။
သူတို့သည် အတူတူထိုင်ကာ ဖက်ထုပ်များကို ထုပ်နေပြီး ဟင်းလျာများကို ကြော်လှော်သည့်သူက ကြော်လှော် ကိတ်မုန့်ဖုတ်သည့်သူက ဖုတ်နှင့် ဖျင်အန်းလေး၏ အသက်တစ်နှစ်ပြည့်မွေးနေ့ပွဲကို နှစ်သစ်ကူးပွဲတော်ရက်များ တစ်လျှောက် ဂုဏ်ပြုပေးနေသည်။
စားပွဲတစ်ခုလုံးသည် စားစရာနှင့် ဝိုင်အကောင်းစားများ အပြည့်ဖြစ်နေကာ ရှောင်ကျွင်းသည် စားပွဲခေါင်းရင်းတွင် ထိုင်နေပြီး ခွက်ချင်းတိုက်ဖို့ကိုလည်း ဘာတစ်လုံးမျှ မပြောခဲ့ချေ။
ရှောင်ကျွင်းသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ “ဒီနေ့က နှစ်သစ်ကူးနေ့ပဲ၊ အဲ့တော့ အားလုံးအတွက် ပျော်စရာနှစ်သစ်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”
အားလုံးက ပျော်ရွှင်စွာဖြင့် သူတို့ခွက်များကို မြှောက်လိုက်သည်။
ရှောင်ကျွင်းသည် တစ်ခွက်သောက်လိုက်ပြီး နောက်တစ်ခွက်ကို ထပ်ထည့်လိုက်သည်။
“ဒီတစ်ခွက်က အဒေါ်ကျွမ်းကို သူရဲ့ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ဖို့၊ အဒေါ်သာမရှိရင် ကျွန်တော် တင်းရှကို နောက်တစ်ခါ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး”
ထိုအကြောင်းအရာကို အရင်ကထုတ်မပြောခဲ့ပေမဲ့လည်း သူမရှိသည့်အချိန်တွင် ဖျင်အန်းလေး မွေးလာသည်မှာ သူ့ဘဝတစ်ခုလုံးတွင် မမေ့နိုင်သော အမှတ်ရစရာတစ်ခု ဖြစ်နေခဲ့သည်။
တတိယမြောက်တစ်ခွက်ကို မြှောက်လိုက်ရင်း။
“ဒီတစ်ခွက်ကတော့ အားလုံးရှေ့မှာ သက်သေခံဖို့” ရှောင်ကျွင်းသည် တင်းရှဖက်ကို လှည့်ပြီး “ဧပြီလ ၃ရက်နေ့က ကောင်းတဲ့နေ့တစ်နေ့ပဲ၊ ကိုယ်တို့ အဲ့နေ့ကျရင် မင်္ဂလာပွဲ လုပ်ကြမလား”
တင်းရှသည် ထိုအခိုက်အတန့်တွင် လန့်သွားခဲ့ပြီး “ကောင်းပြီလေ” ဟုပြောခဲ့သည်။
တင်းရှသည် ဤတစ်ကြိမ်တွင် ငိုလည်းမငိုပဲ စားပွဲအောက်တွင် တစ်ချိန်လုံး တုန်နေသော ရှောင်ကျွင်းလက်ကို ပြုံး၍သာ ဆုပ်ကိုင်ထားသည်။
“ကိုယ် အစီအစဉ်တွေ အများကြီး ပြင်ဆင်ထားတယ်၊ တရုတ်ရိုးရာနဲ့ အနောက်တိုင်းစတိုင်၊ မင်းကြိုက်တာကို ပြော” ရှောင်ကျွင်းက ပြောခဲ့သည်။
တင်းရှသည် သူတို့သဘောတူထားသည်ကို ရေရွတ်ရင်း ရုတ်တရက် ဧပြီလ ၃ရက်နေ့တွင် ပါဝင်ရန် စတင်ခဲ့သည်။
သို့သော် ရှည်ကြာပြီး ငြီးငွေ့စရာကောင်းသော ရိုမန်တစ်ဆန်ဆန် မင်္ဂလာပွဲ၏ ပြင်ဆင်မှုများမတိုင်ခင်တွင် တင်းရှသည် ဝတ်စုံများကို ဝတ်ကြည့်ခြင်းနှင့် အရာအားလုံးကို အဆင်သင့်ဖြစ်အောင် လုပ်ခြင်းတို့ကြောင့် ပင်ပန်းနေပြီး ထိုကိစ္စအဝဝကို တစ်ခါတည်းသာ အပြတ်ဖြတ်ပစ်လိုက်ချင်နေသည်။
ရှောင်ကျွင်းကသာ ပို၍ အားအင်အပြည့်ဖြစ်နေပြီး နေ့တိုင်း သူမကို ပြင်ဆင်မှုများလုပ်ဖို့ အားတက်သရော အိပ်ရာထဖို့နှိုးပေးနေသည်။ တင်းရှသည် သူ့ကို ထိုပြင်ဆင်မှုများ လုပ်ရန် လက်လွှဲထားပြီး သူမကတော့ ဆိုင်ရှိ မီနူးများကို ပြင်ဆင်ပေးပြီး ဆိုင်အလုပ်များ လုပ်နေခဲ့သည်။
ရှောင်ကျွင်းသည် တစ်နေ့တစ်နေ့ ဝင်လိုက်ထွက်လိုက်နှင့် ပင်ပန်းသည့်ပုံ လုံးဝမပေါက်ပေ။
ဖျင်အန်းလေးသည် နေ့တိုင်းကို ပျော်ရွှင်စွာ အစားတွေစားနေပြီး မပီကလာ ပီကလာနှင့် စကားတွေပြောနေကာ အရသာရှိသည့်စားစရာကို စားပြီးတိုင်း စိတ်လှုပ်ရှားသွား၍ သူ့ခြေထောက်လေးများဖြင့် ထခုန်နေတတ်သည်။
သူသည် အလျင်အမြန် ကြီးထွားလာပြီး သူ၏ ခန္ဓာကိုယ်သွင်ပြင်များသည် ရှောင်ကျွင်းနှင့် ချွတ်စွပ်တူနေသော ရှောင်ကျွင်းအသေးစားဖြစ်လာသည်။
တင်းရှသည် လူပြောများသော စကားတစ်ခုကို သွားသတိရမိသည်။ သားယောကျ်ားလေးများသည် အမေနှင့်တူပြီး သမီးမိန်းကလေးများကသာ အဖေနှင့်တူသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဖျင်အန်းလေးသည် အဘယ်ကြောင့် သူ့အဖေနှင့် တူနေပါသနည်း။
တင်းရှသည် စစ်ဆေးစရာလေး တစ်ခုရှိသောကြောင့် သူ့သေးခံကို တိတ်တိတ်ကလေး လှန်ကြည့်လိုက်သည်။
“မင်းက တကယ့် ကောင်ကလေးပဲ...”
အဒေါ်ကျောက်သည် တင်းရှ ပေါတောတောလုပ်နေသည်ကို သိသွားပြီး ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့၊ သူကြီးလာရင် အမေနဲ့ ပိုတူလာလိမ့်မယ်”
တင်းရှသည် လျှာထုတ်ပြလိုက်သည်။
မင်္ဂလာပွဲသည် အရမ်းမကြီးမားပေ။ ဧည့်သည်များများ မဖိတ်ပဲ တက်ရောက်သူအားလုံးမှာ ရင်းနှီးသူများသာ ဖြစ်ပေသည်။
တင်းရှသည် အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ပြီး လျှောက်လှမ်းလာသည်ကို မြင်၍ ရှောင်ကျွင်းတစ်ယောက် မျက်ရည်များ မထိန်းနိုင်ဖြစ်သွားသည်။
“အရူးကောင်၊ ဘာလို့ ငိုနေတာလဲ” တင်းရှသည် သူ့မျက်ရည်များကို သုတ်ပေးလိုက်သည်။
“ကိုယ် အရမ်းပျော်လို့ပါ” ရှောင်ကျွင်းအသံသည် တုန်တုန်ရီရီ ဖြစ်နေသည်။
တင်းရှလည်း ဘာပြန်ပြောရမှန်းမသိဖြစ်ကာ သူ့မျက်ရည်များကိုသာ သုတ်ပေးနေသည်။
“ကျွန်ုပ်တို့သည် အကြင်လင်မယားအဖြစ် စိတ်ဆန္ဒအလျောက် အတူတကွ လာခဲ့ကြသည်။ ယနေ့မှစ၍ လက်ထပ်ခြင်း၏ တာဝန်များနှင့် နည်းနာများအတိုင်း လိုက်နာပါမည်- ကျွန်ုပ်တို့၏ မိဘများအတွက် သားသမီးပီသခြင်း၊ ကျွန်ုပ်တို့၏ သားသမီးများကို သွန်သင်ဆုံးမခြင်း၊ တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်ခြင်း၊ တစ်ဦးကိုတစ်ဦး ယုံကြည်စွာ အားပေးခြင်း၊ နားလည်ပေးခြင်း၊ ငိုကြွေးပေးခြင်း၊ ပျော်ရွှင်ပေးခြင်းတို့ကို တစ်သက်တာ မြတ်နိုးစွာ မျှဝေခံစားသွားပါမည်။
ယခုအချိန်မှစ၍ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ နာမကျန်းဖြစ်သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အိုသည်ဖြစ်စေ ကျွန်ုပ်တို့သည် တစ်လှေတည်းစီးကာ ခါးသီးချိုမြိန်မှုများကို မျှဝေခံစားရင်း အသက်ထက်ဆုံး တစ်သက်တာအဖော်အဖြစ် လက်တွဲသွားကြမည်။ ယနေ့ ကတိသစ္စာများကို ကျွန်ုပ်တို့ အသေအချာပင် လိုက်နာသွားမည်ဖြစ်ပါသည်။”
သူတို့ရွတ်ဆိုနေသော ကတိသစ္စာများသည် မင်္ဂလာပွဲများတွင် ပုံမှန်ရွတ်ဆိုနေကျ ကတိသစ္စာများ မဟုတ်ပေ။
ရှောင်ကျွင်းသည် လက်ထပ်စာချုပ်ကို ရပြီးကတည်းက မင်္ဂလာပွဲအတွက် ကတိသစ္စာကို လေးနက်စွာ အားကြီးမာန်တက် အချိန်အကြာကြီးယူကာ ပြင်ဆင်နေခဲ့သည်။
သူတို့သည် မင်္ဂလာမှတ်ပုံတင်၍ မရသေးသော်လည်း သူတို့နည်းသူတို့ဟန်ဖြင့် လုပ်၍ရအောင် လုပ်ထားခြင်းဖြစ်သည်။
မင်္ဂလာပွဲက ပြီးဆုံးသွားပြီဖြစ်သည်။ သို့သော် ရှောင်ကျွင်းသည် တင်းရှနှင့် မနားသေးပေ။ ရေမိုးချိုး အဝတ်အစားလဲကာ သူတို့သည် တိတ်တိတ်လေး ခိုးထွက်ပြီး ညခင်းအလှတရားအောက်တွင် တစ်နေရာသို့ မောင်းထွက်သွားသည်။
ရှောင်ကျွင်းသည် သူမကို နန်ကျင်းမြို့ရှိ တောင်တန်းများဆီကိုသာ ခေါ်လာခဲ့သည်။
တောင်ထိပ်ရှိ ကျိုးတိုကျဲတဲနှင့် စိုက်ထားသော ဟင်းသီးဟင်းရွက်ခင်းမှ ကျယ်ပြောလှသော ကောင်းကင်ကြီးမှာ မိုးကုတ်စက်ဝိုင်းအထိ ကြယ်များစွာဖြင့် လှပစွာလင်းလက်နေသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။
သူတို့နှစ်ယောက်သည် ကားပေါ်တွင် ထိုင်ကာ ချိုမြိန်သော စကားလုံးလေးများကို ရွေးပြောနေသည်။
ရှောင်ကျွင်းပုခုံးပေါ်တွင် မှီလျက် တင်းရှက မေးလိုက်သည်။ “ကျွန်မတို့ တစ်သက်လုံး အတူရှိသွားမှာလား”
“ဒါပေါ့”
“ရှင် ကျွန်မကို တစ်သက်လုံး ချစ်သွားမှာလား”
“ကိုယ် တစ်သက်လုံး မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာ”
“ကျွန်မနဲ့ ကျွန်မသားလေးကိုရော ရှင်ပစ်သွားမှာလား”
“ဘယ်တော့မှ အဲ့လိုမလုပ်ဘူး”
“သားလေးကို ဘယ်မူကြိုကျောင်းပို့ရင် ကောင်းမယ်လို့ ရှင်ထင်လဲ”
“....အဲ့တာတော့ ကိုယ်လည်း မသိဘူး”
ရှောင်ကျွင်းလည်း ပြောလိုက်သည်။ “ကလေးကို မူကြိုကျောင်းထားဖို့ အရမ်းစောသေးတယ် မဟုတ်ဘူးလား”
“ဒီတိုင်း ကြိုပြီးစီစဉ်ထားတာကတော့ ဘာမှမထိခိုက်သွားပါဘူး” တင်းရှလည်း သူ့သားကို ကျောင်းမထားချင်သေးပဲ လျှောက်ပြောနေခြင်းသာ ဖြစ်သည်။
“သားလေးကြီးလာရင် ဘယ်သူနဲ့ ပိုတူလာမယ်ထင်လဲ မင်းနဲ့ပိုတူလာမှာလား ဒါမှမဟုတ် ကိုယ်နဲ့ပိုတူလာမှာလား” ရှောင်ကျွင်းက ရုတ်တရက် မေးလိုက်သည်။
တင်းရှလည်း ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ သူမသည် ထိုဝတ္ထု၏ အမျိုးသားဇာတ်လိုက်မှာ ဘယ်လိုပုံစံရှိကြောင်း သိထားပြီးသားဖြစ်သည်။
“သူက အရမ်းကိုကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာမှာ-တောက်ပနေပြီးတော့ တက်ကြွနေလိမ့်မယ်၊ သူက အရသာရှိတဲ့စားစရာတွေကို ကြိုက်တတ်ပြီးတော့ မီးဖိုချောင်ထဲမှာလည်း ဟိုပြေးသည်ပြေး လုပ်နေလိမ့်မယ်၊ စကိတ်စီးတာနဲ့ ဘာ့စကစ်ဘောကစားရတာကိုလည်း အရမ်းကြိုက်ပြီး သူငယ်ချင်းကောင်းတွေလည်း အများကြီး ရှိလာလိမ့်မယ်၊ နေ့တိုင်း သူ့အုပ်စုတောင့်တောင့်နဲ့ ကစားနေလိမ့်မယ်၊ ရုပ်ရည်လည်း ချောမောပြီး ကောင်မလေးတွေ ဝိုင်းဝိုင်းလည်လိမ့်မယ်၊ ရှင့်လိုပဲ နည်းနည်းခပ်ဆိုးဆိုးနဲ့ စကားနည်းသလိုဖြစ်လာလိမ့်မယ်”
တင်းရှသည် ဖျင်အန်းလေးမှာ ထိုပုံစံသို့ ကြီးပြင်းလာမည်ကို ယုံကြည်ထားသည်။ သူမကလေးလေးသည် တစ်ယောက်တည်း အထီးကျန်စွာ မနေရပဲ ဘဝ၏အခက်အခဲများကို တစ်ယောက်တည်း မဖြတ်သန်းရပဲ မေတ္တာများနှင့် နွေးထွေးမှုများဖြင့်သာ ဝန်းရံခံရမည်။
သူသည် တောက်ပပြီး တက်ကြွနေသော ကောင်လေးတစ်ယောက် ဧကန်အမှန်ဖြစ်လာရမည်။
“ဒါပေါ့ သူသေချာပေါက် အဲ့လိုကြီးပြင်းလာလိမ့်မယ်” ရှောင်ကျွင်းသည် တင်းရှလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ခံယူချက်အပြည့်ဖြင့် ပြောနေခဲ့သည်။
ဂျူလိုင်လအကုန်တွင် တင်းရှနှင့် ရှောင်ကျွင်းသည် နောက်ဆုံးတော့ အရပ်ဖက်ရေးရာဗျူရိုရုံးတွင် ခြေချနိုင်ခဲ့ပြီး စာအုပ်အနီလေးနှစ်အုပ် ရရှိခဲ့သည်။
သူတို့သည် လက်ထပ်ကတိသစ္စာကို နောက်တစ်ကြိမ် ကျိန်ဆိုခဲ့သည်။
ပြတ်သားပြီး စိတ်ချမ်းမြေ့စွာနှင့်ပင်။
နေရောင်ခြည်သည် အနေတော်ဖြစ်နေပြီး လေပြည်သည်လည်း ပူကျစ်မနေပေ။