← Chapters

(စုလီ)

Vol. 5 Ch. 68

(စုလီ)

Vol. 5 Ch. 68

ညသည် အလွန်မှောင်မိုက်ပြီး တိတ်ဆိတ်နေသည်။

စုလီသည် ပျော့ပြောင်းပြီး ကျယ်ဝန်းသော အိပ်ရာပေါ်တွင် လှဲလျောင်းနေပမဲ့လည်း အိပ်မပျော်ဖြစ်နေသည်။

သူသည် အိပ်မပျော်ခြင်းကို ခံစားနေရသည်မှာ ဘယ်နှကြိမ်ဘယ်နှခါ ရှိပြီမှန်း မသိတော့ပါ။

ပြတင်းပေါက်အပြင်ဖက်ရှိ လမင်းကြီးကို လှမ်းကြည့်ရန် ခေါင်းကို စောင်းလိုက်သည်။ လမင်းကြီးသည် အလွန်လှပနေပြီး လုံးဝန်းနေသည်။ ယနေ့သည် ဆောင်းဦးအလယ် ပွဲတော်နေ့ဖြစ်သည်ဟု သူကြားခဲ့ရသည်။

သူသည် လမုန့်များမှာ မည်သို့အရသာဖြစ်မည်နည်းကို သိချင်နေသည်။

ခေါင်းထဲတွင် အတွေးပေါင်းစုံနှင့် ချာချာလည်ရင်း စုလီသည် နာရီကို လှမ်းကြည့်လိုက်သည်။ အချိန်မှာ မနက်၃နာရီခွဲနေပြီဖြစ်သည်။

သူသည် လှဲလျောင်းနေရင်း မျက်နှာကြက်ကို စိုက်ကြည့်နေပြီး အာရုဏ်တက်အထိ အတွေးများထဲ နစ်မြောနေသည်။

သူ၏အတွင်းရေးမှူးကျိုးယောင်သည် စောစောရောက်လာပြီး မနက်စာကို ယူလာပေးခဲ့သည်။ ထိုသူသည် တံခါးဖွင့်ဝင်လာသောအခါ စုလီတစ်ယောက် အိပ်ရာမှ ထနှင့်နေပြီးဖြစ်သည်။

ကျိုးယောင်သည် တစ်နေ့လုံးစာအတွက် အချိန်ဇယားအတိုင်း လုပ်ဆောင်ပေးနေသည်။ ထိုအချိန်ဇယားမှာလည်း အပြည့်ဖြစ်နေသည်။

အချိန်ဇယားကို ပြင်ဆင်ပြီးသောအခါ ကျိုးယောင်သည် တစ်ခဏမျှ တုံ့ဆိုင်းနေသည်။ “သူဌေး၊ မိန်းကလေးလီက ကျွန်တော့်ကို မနေ့က ဖုန်းဆက်ခဲ့တယ်၊ သူက...သူ့မိသားစုကို အကူအညီပေးဖို့ သူဌေးဖက်က ရင်းနှီးမြုပ်နှံမှာကို မျှော်လင့်မိတယ်ဆိုပြီး ပြောတယ်”

“သူကပြောသေးတယ် သူဌေးသာ ရင်းနှီးမြုပ်နှံပေးမယ်ဆိုရင် သူဌေးကို လက်ထပ်ပါ့မယ်လို့ ပြောတယ်”

စုလီသည် အလွန်ပင် ငြိမ်သက်နေသည်။

သူသည် ဘာမှပြန်မပြောပဲ ပုစွန်ဖက်ထုပ်ကို အရသာရှိစွာ စားနေသည်။

ကျိုးယောင်သည် သူ့နှုတ်ခမ်းကို ကိုက်ရင်း ခဏစောင့်နေသည်။ “သူဌေး၊ မိန်းကလေးလီက နည်းနည်းသနားစရာကောင်းတယ်လို့ မြင်မိတယ်၊ ကျွန်တော်နဲ့ ဖုန်းပြောနေတုန်းက အသည်းအသန် ငိုနေခဲ့တာ၊ သူ့မိသားစုကုမ္ပဏီက သေချာပေါက် ဒေဝါလီခံခါနီးပြီဆိုတော့၊ အဲ့ဒါ သူဌေး...”

“အဲ့တော့ သူတို့ကို ငါ့ပိုက်ဆံတွေ ပေးလိုက်ရင် ရေတွင်းထဲပစ်ချသလို ဖြစ်သွားမှာပေါ့” ဟုစုလီက ပြောခဲ့သည်။

“မင်းက ငါ့ထက် ပိုသိမှာပါ သူ့မိသားစုကုမ္ပဏီကို ကယ်သင့်မကယ်သင့်ဆိုတာ”

“ငါ့ပိုက်ဆံတွေကို အကြောင်းမဲ့ ပေးပစ်လိုက်ရုံမက နောက်ပြီး နှလုံးသားထဲမှာ သူချစ်တဲ့လူတစ်ယောက်တည်းသာ ရှိနေတဲ့ သူ့ကို ငါနဲ့လက်ထပ်ဖို့ အတင်းအကြပ် လုပ်ခိုင်းသလို ဖြစ်သွားမှာပေါ့”

“ကျိုးယောင်၊ ငါအဲ့လောက်ထိ သူတစ်ပါးကို နှိပ်စက်ဖို့ ပျော်မွေ့တဲ့သူ မဟုတ်ဘူး”

စုလီသည် သူ့ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်း ဒီလိုပြောတာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ”

ကျိုးယောင်လည်း ခေါင်းကိုငုတ်လိုက်ပြီး သူ့စကားကြောင့် အရှက်ရသွားသည်။

သူသည် အရင်တုန်းက လီချင်းချင်းမှာ သူဌေး၏ ခံစားချက်ကို အခွင့်ကောင်းယူကာ မည်သို့ဆက်ဆံခဲ့ပြီး သူဌေး အသက်သေစေသည်အထိ လုပ်ခဲ့သည်များကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ ထိုအရာများကို သူသတိထားမိနေသည်။

ကျိုးယောင်သည် မနေ့က လီချင်းချင်း၏ အသံကို ကြားပြီး ငြင်းဆိုလိုက်ဖို့ကို ဘာကြောင့် တွန့်ဆုတ်သွားမှန်း သူကိုယ်တိုင် နားမလည်နိုင်ဖြစ်ကာ စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

သူမကို စက်ဆုပ်ရွံရှာခဲ့သည် ဖြစ်ပေမယ့်ပေါ့။

စုလီသည် ကျိုးယောင်၏ နှောင့်ယှက်မှုကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ မနက်စာစားပြီးနောက် ကုမ္ပဏီသို့ ထွက်လာခဲ့သည်။

တစ်နေ့လုံးစာ စုပုံနေသော အလုပ်ကိစ္စများသည် များပြားကာ ဖြေရှင်းစရာများ ဖြစ်နေသည်။ မွန်းတည့်ချိန်တွင် သူသည် အလုပ်တွဲဖက်လုပ်ကိုင်နေသော ကုမ္ပဏီမှ သူဌေးတစ်ယောက်နှင့် ထမင်းသွားစားရန် အစီအစဉ်ရှိသည်။

ထိုသူဌေးသည် သာမာန်အကျင့်ကောင်းသူတစ်ယောက်နှင့် တူသော်လည်း စုလီ၏ နောက်ခံသမိုင်းကို လူလိမ္မာနည်းဖြင့် တစ်ချိန်လုံး သိက္ခာလိုက်ချနေသည်။

ထိုသူဌေးမှာ တဖြေးဖြေး သူ့မိဘအကြောင်းကို မချေမငံမပြောခင်အထိ စုလီမှာ တပြုံးပြုံးနှင့် တည်ငြိမ်အောင် ကြိုးစားနေသည်။ ထို့နောက် စုလီသည် စားပွဲပေါ်ရှိ ပုဝါအသေးလေးကို ကောက်ယူပြီး နှုတ်ခမ်းကို သုတ်လိုက်ကာ “ကျန့်လူကြီး၊ နောက်သုံးရက်နေရင် ကျွန်တော်တို့ သဘောတူစာချုပ်ကို အဆုံးသတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်ခင်ဗျာ့”

ထိုသူဌေးမှာ တစ်ဒင်္ဂ ကြောင်သွားပြီး မျက်နှာပျက်သွားသည်။ “ဥက္ကဌစု၊ ကြမ်းကျွံရင် နုတ်လို့ရတယ် စကားကျွံရင် နုတ်လို့မရဘူး၊ အဲ့ဒါကြောင့် နောက်တစ်ခါ ထပ်စဉ်းစားပြီးမှ ပြောပါဦး”

“ရှန်းရှင်းက အရမ်းမှတ်သားထိုက်စရာကောင်းပါတယ် ဒါပေမဲ့ ကျွန်တော်တို့လို အတူလက်တွဲခဲ့တာ ကြာပြီဖြစ်တဲ့ ကုမ္ပဏီနှစ်ခုအကြား မဟုတ်တာတွေ ပြောစရာအကြောင်းမှ မရှိတာ၊ ဒီလို ခင်ဗျားရဲ့ အထက်လူကြီးတွေကို မလေးမစားလုပ်တတ်တဲ့အကျင့်က ခင်ဗျားအတွက်လည်း မကောင်းဘူး”

“အဲ့ဒါကြောင့် ကျွန်တော်တို့တွေ နောက်ထပ် လက်တွဲသွားစရာအကြောင်း မရှိတော့ဘူး၊ ကျွန်တော့်ရဲ့ ရှန်းရှင်းက ခင်ဗျားရဲ့ ကျန်းတလိုမျိုး နောက်ခံလည်းမရှိသလို သက်တမ်းလည်း မရင့်သေးပေမဲ့ နစ်နာကြေးလောက်တော့ တက်နိုင်ပါသေးတယ်၊ ရှေ့လျှောက်လည်း ကျွန်တော့်ကုမ္ပဏီက ဆော့ဖ်ဝဲအသစ်တွေနဲ့ ဂိမ်းအသစ်တွေ ထုတ်လုပ်သွားဖို့ ရှိပါသေးတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒါတွေက တော်တော်ကောင်းတယ်လို့ ထင်မိတယ်၊ အဲ့တော့ အဲ့ဒါတွေထွက်လာတဲ့အခါ အချိန်ရှိခဲ့မယ်ဆိုရင် ခင်ဗျားလည်း ဒေါင်းပြီးစမ်းကြည့်ဖို့အကြံပေးပါရစေ”

ထိုသို့ပြောခဲ့ပြီးနောက် သူသည် စားပွဲမှ ထကာ သီးသန့်ခန်းထဲတွင် ပစ္စည်းများကို ပစ်ပေါက်နေသော ထိုသူဌေးကို လျစ်လျူရှူပြီး ကျိုးယောင်နဲ့အတူ ထွက်လာခဲ့လိုက်သည်။

ကျိုးယောင်သည် စုလီမိဘများမှာ ပြောမထွက်နိုင်လောက်အောင် တားမြစ်ထားသောအရာကို ကျူးလွန်ခဲ့ကြသောကြောင့် သူလည်း စုလီကို ဖျောင်းဖျဖို့ မကြိုးစားခဲ့ပေ။

စုလီသည် ကားနောက်ခုံတွင် မျက်စိမှိတ်ကာ ထိုင်နေလိုက်သည်။ သူသည် နောက်ထပ်သွားမည့်နေရာကို မပြောသဖြင့် ကျိုးယောင်လည်း တိတ်တဆိတ် ထိုင်စောင့်လိုက်သည်။

အချိန်အတော်ကြာတော့မှသာ စုလီသည် အသံတိုးတိုးဖြင့် ပြောခဲ့သည်။ “ငါအိပ်မက်တစ်ခု မက်ခဲ့တယ်”

သူ့ဘေးနားမှ ဆူညံသံ သဲ့သဲ့များကို ခံစားမိပြီး စုလီသည် မျက်မှောင်ကြောင်ကာ ထိုအသံလာရာကို ထကြည့်ချင်သော်လည်း သူ့မျက်လုံးများက လေးလံသလို ခံစားလာရသည်။

သူသည် ထိုအရာကို ရုန်းကန်ရင်း ပြန်အိပ်ပျော်သွားခဲ့သည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က သူ့ကိုညင်သာစွာ ခေါ်နိုးနေသည်။

“ဖျင်အန်းလေး၊ အသည်းတုံးလေး~”

စုလီသည် ထိုအသံကို ရင်းနှီးသလိုခံစားနေရပြီး သိမ်မွေ့သော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က သူ့လက်မောင်းကို အသာအယာပုတ်ပေးနေသည်ကို မျက်လွှာများကို ဖြေးဖြေးချင်း ဖွင့်ကာကြည့်လိုက်သည်။

စုလီသည် အချီခံလိုက်ရသောအခါ သူမသည် မည်သူမည်ဝါဖြစ်ကြောင်းကို မေးကြည့်ရန် အစပြုလိုက်သည်။

“ဖျင်အန်းလေး နိုးလာပြီလား” အဒေါ်ကျောက်သည် သူ့ကိုချီရင်း အခန်းတစ်ပတ် ပတ်ပြနေပြီး “ဗိုက်ဆာနေပြီလား” ဟုမေးလိုက်သည်။

စုလီသည် သူ၏ တိုတုတ်ပြီး ပြည့်ပြည့်ဖောင်းဖောင်း ဖြစ်နေသော ခန္ဓာကိုယ်လေးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ငါအိပ်မက် မက်နေတာလား။

ဟုတ်လောက်မှာပါ။

ထို့နောက် သူသည် မရုန်းတော့ပေ။ သူ့ပထမဆုံး တုံပြန်မှုမှာ သူသည် ကလေးသာရှိနေသေးပြီး မိဘမဲ့ကျောင်းကိုလည်း အပို့မခံရသေးသောကြောင့် အကယ်၍ သူသည် ထိုအရာကို ပြန်မြင်နိုင်...။

သူသည်ထိုသို့တွေးရင်း တံခါးပွင့်လာသည်ကို မြင်လိုက်သည်။

ဆံပင်မှာ ခါးလောက်ရှိသော လှပသော အမျိုးသမီးတစ်ယောက် ဝင်လာသည်။ သူ့ကိုမြင်သွားသောအခါ သူမသည် ပြုံးပြနေကာ လက်ခုပ်တီးလျက် ဝင်လာလေသည်။

“ဖျင်အန်းလေး နိုးပြီတော့! ကောင်းကောင်း အိပ်ပျော်ရဲ့လား ဗိုက်ဆာနေပြီလား လာပါဦး မေမေ ဖက်ထားပါရစေ”

အမေ...

စုလီရင်ထဲ ဗြောင်းဆန်သွားသည်။ သူ့ခန္ဓာကိုယ်သည် အလိုအလျောက် လက်လှမ်းပေးနေသည်။

ခန္ဓာကိုယ်က လိမ်လို့မရပေ။ သူသည် ထိုအမျိုးသမီးနှင့် အလွန်ရင်းနှီးလှသည်။

စုလီသည် ထိုအမျိုးသမီး၏ ပုခုံးပေါ်တွင် မှီထားပြီး သူမလည်ပင်းကို တင်းကြပ်စွာ ဖက်ထားသည်။

အဲ့ဒါ အမေပဲ...

သူသည် ပါးစပ်ကိုဖွင့်လိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာချေ။

ထိုအမျိုးသမီးသည် လိုက်ကာကို ဖယ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ အမျိုးသားနှစ်ယောက်သည် မီးဖိုချောင်ထဲတွင် ပုခုံးချင်းယှဉ်ကာ ကျောပေးပြီး ရပ်နေကြသည်။ ထိုအမျိုးသမီးက ကျယ်ပြောပြီး တောင့်တောင့်တင်းတင်းရှိလှသော ကျောပြင်ဖက်သို့ ဦးတည်လျှောက်လာသည်။ “ကျွင်း”

စုလီလည်း ထိုခေါ်သံကို ကြားလိုက်သည်။ သူသည် ထိုအမျိုးသားကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသားမှာ ပြတ်သားသည့်ဟန်နှင့် ချောမောပြီး စုလီ၏ အရွယ်ရောက်ပြီးသော မျက်နှာကဲ့သို့ ၇၀ရာခိုင်နှုန်း တူနေသော မျက်နှာကို ပိုင်ဆိုင်ထားသည်။

ထိုအမျိုးသားသည် ချွေးများကို သုတ်လိုက်သည်။ သူသည် တစ်ခုခုကို ခုတ်ထစ်နေသည်။ သူ့မိန်းမနှင့်သားကို တွေ့လိုက်ပြီးသောအခါ သူသည် သူ့ကလေးလေးကို မချီခင် လက်သွားဆေးခဲ့သည်။

“သားလိမ္မာလေး အဖေ့ကို လွမ်းနေလား”

ထိုအမျိုးသမီး၏ နူးညံ့ပြီး နွေးထွေးသော ပွေ့ဖက်ခြင်းနှင့်မတူပဲ ထိုအမျိုးသားလက်များမှာ အနည်းငယ် ပိန်ပါးနေသော်လည်း သူ့လက်ပေါ်ရောက်သွားသည့်အခါ ကြီးမားသော လုံခြုံမှုကို ခံစားလိုက်ရသည်။

စုလီသည် ထိုအမျိုးသားကို နောက်ထပ် တင်းကြပ်စွာ ဖက်လိုက်သည်။

ထိုအရာသည် အိပ်မက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း သူသည် ထိုအိပ်မက်ထဲတွင် နည်းနည်းကြာကြာ နေချင်ပါသေးသည်။

သူသည် ထိုအမျိုးသားနှင့် အမျိုးသမီးလက်ပေါ်တွင် တစ်နေကုန် တွယ်ကပ်နေပြီး သူတို့၏ လည်ပင်းများကို လွှတ်ပေးဖို့ တုံ့ဆိုင်းနေသည်။

ညအချိန်ရောက်မှသာ ထိုအမျိုးသမီးသည် သူ့ကိုချော့သိပ်နေသဖြင့် သူ၏ ကလေးခန္ဓာကိုယ်သည်လည်း ကြာကြာ တောင့်မခံနိုင်တော့ပေ။ သူသည် မကြာခင် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

သူ့လက်ချောင်းလေးများသည် ထိုအမျိုးသမီး၏ အင်္ကျီလက်စကို ဆွဲထားပြီး အိပ်ရာမှနိုးလာလျှင် သူ့ဘေးနားတွင် ထိုအမျိုးသမီး နောက်ထပ်ရှိနေစေရန် မျှော်လင့်နေသည်။

သို့သော် သူနိုးလာသောအခါ အလွန်တရာ မှောင်မိုက်နေသော မဟူရာညသာ ဖြစ်နေခဲ့သည်။

ကြီးမားပြီး ဗလာဖြစ်နေသော အိမ်ကြီးထဲတွင် မည်သူမျှမရှိပဲ တိတ်ဆိတ်နေသည်။

သက်ဝင်လှုပ်ရှားမှုလုံးဝမရှိပဲ လူအရိပ်အယောင်လည်း ကင်းမဲ့နေသည်။

စုလီသည် ထိုအရာကြီးထဲတွင် သူ့ကိုယ်သူ ဆုံးရှုံးသလို ခံစားနေရပြီး ထိုအရာကြီးမှ လုံးဝမရုန်းထွက်နိုင်ချေ။

ထိုအိပ်မက်သည် လက်တွေ့ဆန်လွန်းလှသည်။ ထိုအိပ်မက်သည် သူ့ကိုယ်သူ ဖျင်အန်းဆိုသော၊ မိဘများက ဝိုင်းချစ်တာကို ခံရသော ကလေးလေးဟု တွေးထင်စေသည်။

စုလီသည် ကားနောက်ခုံတွင် ထိုင်ရင်းထိုအိပ်မက်အကြောင်းကို စဉ်းစားနေသည်။ သူသည် အနားယူသည့်အချိန်တိုင်း ထိုအိပ်မက်အကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပေ။ သူ၏ ထိုသို့ကြီးမားသော ဆုံးရှုံးမှုနှင့် စိတ်ရှုပ်ထွေးနေမှုသည် သူ့ကိုစိတ်အားငယ်စေသည်။

ကျိုးယောင်သည် စုလီမှာ ဘာကြောင့် အလွန်ဝမ်းနည်းပြီး စိတ်ညှိုးနွမ်းနေပုံ ပေါက်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။ အိပ်မက်မှာ မည်သို့သော အိပ်မက်ဖြစ်ကြောင်း မေးလိုက်သောအခါ စုလီသည် ဘာမှပြန်မပြောပဲ အတွေးများထဲသာ နစ်မြောနေသည်။

ကျိုးယောင်သည် မျက်တောင်ခတ်လိုက်သည်။ “ကျွန်တော်တို့ သွားကြတော့မလား သူဌေး”

“သွားကြမယ်”

“ဘယ်ကိုလဲ ကုမ္ပဏီကိုလား”

“မဟုတ်ဘူး အဲ့ကိုမသွားဘူး ငါ့ကိုအိမ်ပြန်ပို့ပေး”

“အိမ်ကို?”

“အင်း ငါခဏလောက် အိပ်မလို့”

All Chapters