(စုလီ)
Vol. 5 Ch. 69
“သူဌေး၊ အင်တာဗျူးတစ်ခုရှိတယ်” ကျိုးယောင်သည် ဖိုင်တစ်ဖိုင်ကို ပိုက်ကာ ဝင်လာခဲ့သည်။ “ဒီအင်တာဗျူးက တရားဝင်အင်တာဗျူး၊ နည်းနည်းတော့ အရေးကြီးတယ်၊ လက်ခံလိုက်မလား”
“ကျွန်တော်ကြည့်ပြီးပြီ၊ ဒီအင်တာဗျူးက တုသတင်းထောက်က ဗျူးတာ၊ အရမ်းနာမည်ကြီးတဲ့ သတင်းထောက်ပေါ့၊ သမာသမတ်ကျပြီးတော့ နူးညံ့သိမ်မွေ့တယ်၊ မဆိုးဘူး”
ထိုသို့ကြားပြီးနောက် စုလီသည် စာရွက်စာတမ်းများကို လှန်ကြည့်နေသည်။ “မလိုဘူး၊ ငြင်းပစ်လိုက်”
“သူဌေး၊ ခေါင်းထပ်ကိုက်ပြန်ပြီလား၊ အခုတလော ကောင်းကောင်းမနားရဘူးလား” ကျိုးယောင်က ဂရုတစိုက်နှင့် မေးနေသည်။
သူဌေးသည် အခုတလော ပင်ပန်းနေပြီး တစ်ခါတစ်ရံ အိမ်ပြန်အိပ်တတ်သည်။ ကျိုးယောင်သည် သူ့သူဌေးကျန်းမာရေးအတွက် အနည်းငယ် စိုးရိမ်မိသည်။
အရင်က ကုမ္ပဏီအတွက် နေ့မအား ညမနား အလုပ်လုပ်ခဲ့ပြီး ယခုတွင်လည်း ကုမ္ပဏီသည် ကောင်းစွာလည်ပတ်နေသော်လည်း စုလီသည် မနားတမ်း အလုပ်လုပ်နေတုန်းပဲဖြစ်သည်။
“မဟုတ်ဘူး၊ နည်းနည်းပင်ပန်းသလိုဖြစ်နေတာ” စုလီသည် ထိုထက်ပိုပြီး ဘာမှမပြောချင်ပေ။ သူသည် ထိုခြံဝန်းလေးအကြောင်း နောက်တစ်ခါ အိပ်မက်မမက်တော့ချေ။
“ဒါဆိုရင် ကျွန်တော် ရိုက်ကူးရေးဌာနကို ဒီအင်တာဗျူးကိုလက်မခံကြောင်း အကြောင်းကြားလိုက်ပါ့မယ်”
ကျိုးယောင်က ပြောခဲ့ပြီး “နှမြောတော့နှမြောစရာပဲဗျာ့၊ တုရိုရို သတင်းထောက်က အရမ်းတော်တယ်လို့ ကြားတယ်၊ ကျွန်တော့်တစ်ဝမ်းကွဲရဲ့ ရှစ်နှစ်အရွယ်သမီးလေးတောင် သူ့ကိုအားကျပြီး ကြီးလာရင် သတင်းထောက်လုပ်မယ် ပြောနေတာ”
“နေဦး! ဘယ်သူလို့ ပြောလိုက်တာလဲ” စုလီသည် တစ်ခဏမျှ ရပ်တန့်သွားသည်။
“တုသတင်းထောက်ပါ” ကျိုးယောင်က နားမလည်သလိုဖြစ်သွားကာ ပြန်ဖြေခဲ့သည်။
“သူ့နာမည်က ဘာလဲ” စုလီကအသံအက်အက်ဖြင့် မေးလိုက်သည်။
“တုရိုရို၊ ရို ဆိုတာက နူးညံ့တာကို ပြောတာ” ကျိုးယောင်က ပြန်ဖြေလိုက်သည်။
“သွားပြောစမ်း...သူတို့ကို၊ ငါ ဒီအင်တာဗျူးဖြေဖို့ သဘောတူတယ်ဆိုတာ” စုလီသည် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းမသိ ဖြစ်နေသည်။
ကျိုးယောင်လည်း ထွက်သွားခဲ့သည်။ စုလီသည် သူ့နေရာတွင် ပြန်ထိုင်နေပြီး အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားနေရသည်။
တုရိုရို။ သူသည် ထိုနာမည်ကို အရင်ကကြားဖူးသည်...
ထိုခြံဝန်းငယ်လေးတွင် ဖျက်လတ်ပြီး တက်ကြွနေတတ်သော မိန်းကလေးငယ်နာမည်မှာ တုရိုရိုဖြစ်ပြီး သူမသည် အမေ့ဘေးနားတွင် ရှိနေတတ်သည်။
သူမှတ်မိနေသည်။
စုလီသည် တစ်နေ့လုံး အာရုံထွေပြားနေသည်။
ကျိုးယောင်သည် အနည်းငယ် စိုးရိမ်သွားသည်။ “သူဌေး၊ အိမ်ပြန်ပြီး နားလိုက်ပါလား ကျန်တဲ့အလုပ်တွေကို ကျွန်တော်နဲ့ ထားခဲ့”
“အင်တာဗျူးက ဘယ်တော့လဲ” စုလီက မေးလိုက်သည်။
“နောက်တစ်ပတ် စနေနေ့ပါ” ကျိုးယောင် ပြန်ဖြေလိုက်သည်။
“မနက်ဖြန်ကို ရွှေ့ပေးလို့ရလား” စုလီက ပြန်မေးလိုက်သည်။
“ဘာလို့အလျင်လိုနေတာလဲ” ကျိုးယောင်သည် ခေါင်းကုတ်ရင်း မေးလိုက်သည်။ “သူတို့နဲ့အရင် ဆက်သွယ်လိုက်ပါဦးမယ်”
နာရီဝက်အကြာတွင် ကျိုးယောင်သည် ချွေးပြန်ပြီး ပြန်လာခဲ့သည်။ “ရတယ်တဲ့၊ မနက်ဖြန် နေ့လည် ၃နာရီခွဲ တုသတင်းထောက်က ကျွန်တော်တို့ ကုမ္ပဏီကို လာလိမ့်မယ်”
စုလီသည် ရှုပ်ထွေးနေသလို ခံစားရတုန်းပဲ ဖြစ်သည်။ “ကောင်းပြီ၊ ငါမင်းကို လစာတိုးပေးမယ်”
စုလီထိုသို့ဖြစ်နေသည်ကို မြင်ပြီး ကျိုးယောင်သည် သေချာပေါက် အလွန်သိချင်နေသည်။ “သူဌေး၊ အခုရက်ပိုင်း အရမ်းထူးဆန်းနေတယ်”
“ဟုတ်လို့လား” စုလီက အနည်းငယ်ပြုံးပြီး “ငါသိချင်တာရှိနေလို့ အခုလိုဖြစ်သွားတာပါ”
“ဘာကိုသိချင်တာလဲ” ကျိုးယောင်လည်း သိချင်နေခဲ့သည်။
“သိချင်တာကလား...မှော်အစွမ်းတို့ ဒါမှမဟုတ် ထူးဆန်းအံ့သြဖွယ်တို့”
နောက်တစ်နေ့ နေ့လည်တွင် သတင်းထောက်သည် အချိန်တိကျစွာ ရောက်လာခဲ့သည်။
စုလီသည် သေသေသပ်သပ် ဝတ်စားထားပြီး ချောမောနေကာ ရုံးခန်းထဲတွင် စောင့်နေလေသည်။
တုရိုရိုသည် ဝင်လာပြီး “မစ်စတာစု၊ ကျွန်မ ရှင်နာမည်ကို ကြားပြီး အားကျနေခဲ့တာ အတော်ကြာပြီ၊ ကျွန်မက တုရိုရိုပါ”
ထိုရင်းနှီးနေသော မျက်နှာကို မြင်ပြီး စုလီသည် အသင့်အတင့်ပြုံးပြလိုက်သည်။ “တွေ့ရတာဝမ်းသာပါတယ် တုသတင်းထောက်”
ထိုအင်တာဗျူးသည် ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့သည်။ အဆုံးတွင် စုလီကပြောခဲ့သည်။ “ကျွန်တော် ရှင်းဥယျာဉ်မှာ ဘိုကင်ယူထားတယ် တုသတင်းထောက် ကျွန်တော်နဲ့အတူ ညစာလိုက်စားနိုင်မလား”
တုရိုရို မျက်ခုံးပင့်တက်သွားသည်။
ရှင်းဥယျာဉ်ဆိုသည်မှာ အထက်တန်းစား သီးသန့်မီးဖိုချောင်ပါသည့် စားသောက်ဆိုင်ဖြစ်ပြီး အဖွဲ့ဝင်စနစ်ဖြင့်သာ ဝင်ခွင့်ရသည့် နေရာမျိုးဖြစ်သည်။ အဖွဲ့ဝင်များသာ တက်ရောက်စားသုံးခွင့်ရှိပြီး အဖွဲ့ဝင်ဖြစ်ဖို့ဆိုသည်မှာလည်း အလွန်ခဲယဉ်းလှသည်။
“ရပါတယ်ရှင့်” တုရိုရိုက ပြုံးပြလိုက်သည်။
သီးသန့်တွေ့ဆုံခြင်းသည် ပို၍ သက်သောင့်သက်သာရှိလှသည်။ တုရိုရို၏ အမူအရာသည်လည်း ပို၍ သက်သောင့်သက်သာဖြစ်နေသည်။ “ကျွန်မကို ဒီမှာဖိတ်ခေါ်ကျွေးမွေးတဲ့ မစ်စတာစုရဲ့ ရက်ရောမှုကို ကျေးဇူးတင်မိပါတယ်ရှင်”
စုလီသည် ပြုံးရင်း ရှန်ပိန်ကို ငဲ့နေသည်။ “ကျွန်တော်လည်း တုသတင်းထောက်ကို လေးစားနေခဲ့တာ ကြာပါပြီ၊ ခင်ဗျားက အရမ်းကို အထင်ကြီးစရာကောင်းတယ်”
“အမှန်အတိုင်းပြောရရင် ရှင်က ဒီအင်တာဗျူးကို လက်မခံတော့ဘူး ထင်ခဲ့တာ၊ ကျွန်မ ဖိတ်ကြားလိုက်တာကို လက်ခံဖို့ အကြာကြီးစောင့်ရမယ်ထင်နေခဲ့တာ ဒါပေမဲ့ အခုတော့ ရှင်လက်ခံလိုက်တယ်လေ ကျွန်မဖြင့် အံ့သြသွားတာပဲ” တုရိုရိုက ပြောခဲ့သည်။
သူမသည် ကျက်သရေရှိစွာ သားနားစွာ ဝတ်စားထားပြီး မျက်နှာပေါ်တွင် ပါးရေများတွန့်နေပေမဲ့လည်း အလွန်ပညာရှိပြီး သိမ်မွေ့သည့်ပုံပေါက်နေသည်။
စုလီလည်း ပြုံးပြပြီး ဘာမှပြန်မပြောခဲ့ပေ။
“မစ်စ်တုက တက္ကသိုလ်မှာ သတင်းထောက်ပညာရပ်ကို မလေ့လာခဲ့ဖူးဘူးလို့ ကျွန်တော်ကြားမိတယ်”
“ဟုတ်ပါတယ်၊ ကျွန်မက နန်ယန်းတက္ကသိုလ်မှာ တည်းဖြတ်တဲ့ပညာရပ်ကိုပဲ သင်ခဲ့တာ၊ ဘွဲ့လွန်ကျောင်းမှာတော့ ဘွဲ့နှစ်ခုရခဲ့တယ်၊ အဲ့ဒီနောက် ရိုက်ကူးရေးဌာနတစ်ခုကိုဝင်ပြီး သတင်းထောက်ဖြစ်လာတော့တာပဲ” တုရိုရိုက ပြောခဲ့သည်။
“ဒါဆိုရင်...ဝမ်ဝမ်းဟောင်ကို သိလား” စုလီက ထပ်မေးလိုက်သည်။
“ဘယ်သူလဲ” တုရိုရိုသည် နားမလည်နိုင်ဖြစ်သွားပြီး “ဆောရီး ကျွန်မအဲ့နာမည် တစ်ခါမှ မကြားဖူးလို့ပါ”
“ရပါတယ်ဗျာ့၊ ကျွန်တော် ဒီအတိုင်း လျှောက်မေးနေတာပါ” စုလီက ပြုံးလိုက်ပြီး စကားပြောနေသည့် အကြောင်းအရာကို ပြောင်းလိုက်သည်။
ထိုစကားဝိုင်းသည် အလွန်ပင် အတိုင်အဖောက်ညီလှသည်။ သူတို့သည် ထိုနေရာမှ ထွက်မသွားခင် တုရိုရိုက ပြောလိုက်သေးသည်။ “ကျွန်မရဲ့သားသာ မစ်စတာစုလိုမျိုး သိမ်မွေ့ပြီး အောင်မြင်နိုင်မယ်ဆိုရင် ကျွန်မနေ့တိုင်း အမွှေးတိုင်ထွန်းပြီး ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးနေလောက်ပြီ”
“ခင်ဗျားရဲ့သား?”
“ဟုတ်တယ်၊ ကျွန်မလက်တွဲဖော်နဲ့ ကျွန်မက နောက်ကျမှ အိမ်ထောင်ပြုဖြစ်ကြတာ၊ ကျွန်မသားက ဒီနှစ်မှ ကောလိပ်တက်တုန်းပဲ ရှိသေးတယ်၊ အဲ့ကောင်လေးက ကောင်ဆိုးလေး၊ အမြဲတမ်း ပြေးလွှားကစားနေတာ၊ သူ့ကို လိုက်ထိန်းလို့ကို မရဘူး”
စုလီသည် နောက်ထပ် မမေးတော့ပဲ တုရိုရိုကို အိမ်လိုက်ပို့ပေးရန် ဒါရိုက်ဘာတစ်ယောက်ကို ခေါ်ပေးလိုက်သည်။ လမ်းမတစ်လျှောက် လမ်းလျှောက်ရင်း စဉ်းစားနေခဲ့သည်။
သူသည်နန်ယန်းမြို့ကို သွားကြည့်ချင်နေသည်။
အိမ်ပြန်ရောက်သောအခါ သူသည် အနည်းငယ် ပင်ပန်းသလို ခံစားနေရသည်။ သူသည် ကျိုးယောင်အား နန်ယန်းမြို့ကို သွားဖို့ လေယာဉ်လက်မှတ်ဖြတ်ခိုင်းထားပြီးနောက် သူ့မျက်လုံးများကို တဖြေးဖြေးမှိတ်လိုက်သည်။
သူသည် ထိုခြံဝန်းလေးအကြောင်းကို ထပ်မက်ခဲ့သည်။
ဒီတစ်ကြိမ်အိပ်မက်ထဲတွင် သူသည် အနည်းငယ် အသက်ကြီးလာပြီဖြစ်သည်။
စုလီသည် အိပ်ရာမှထပြီး တံခါးကို အားပါးတရ ဖွင့်လိုက်သည်။
ထိုခြံဝန်းထဲတွင် လူအများကြီး ရှိနေသည်။ အချို့မှာ ပန်းပင်နှင့် သီးပင်များကို စိုက်ပျိုးရန်လုပ်နေကြပြီး အချို့မှာ အဝတ်လျှော်နေပြီး တံမြက်စည်းလှည်းနေကာ အချို့မှာ ပြေးတမ်းလိုက်တမ်း ကစားနေကြသည်။
စုလီသည် တံခါးတွင် ရပ်နေပြီး တံခါးဘောင်ကို ကိုင်ကာ ရှေ့ဆက်မတိုးရဲဖြစ်နေသည်။
ရှောင်ကျွင်းသည် သူတံခါးတွင် ရပ်နေသည်ကို ဧည့်ခန်းကနေလှမ်းတွေ့လိုက်ပြီး သူ့သားဆီ ပြေးလာကာ ပုခုံးပေါ်သို့ မ ချီလိုက်သည်။ “လာပါ ငါ့သား အဖေက မင်းကို စကိတ်ဘုတ်စီးဖို့ ခေါ်သွားမယ်”
စုလီသည် ထိုအမျိုးသားပုခုံးပေါ်တွင် တုပ်တုပ်မျှ မလှုပ်ပေ။ သူသည် အရင်က ယခုလိုမျိုး ခံစားချက်ကို မခံစားဖူးပေ-အမြင့်ကြီးကို ရောက်သွားသော်လည်း ထိုအမျိုးသား၏ လက်များက သေချာကိုင်ပေးထားသဖြင့် ကြောက်စရာမလိုတော့ပေ။
လက်တစ်ဖက်က သူသားကို ချီထားပြီး ကျန်လက်တစ်ဖက်မှာ စကိတ်ဘုတ်ကို ကိုင်ထားကာ တံခါးဝမှ စကိတ်စီး၍ထွက်လာပြီး ပန်းခြံသို့ရောက်သည်အထိ စီးသွားပါလေတော့သည်။
လမ်းတစ်လျှောက်လုံးတွင် အိမ်နီးနားချင်းများသည် သူတို့သားအဖကို နှုတ်ဆက်ကြလေသည်။
“ရှောင်လေး စကိတ်ဘုတ်ထွက်စီးမလို့လား”
“ယို့၊ ဖျင်အန်းလေးပါ စီးမှာ!”
“ဂရုစိုက်ဦး”
စုလီသည် ထိုအမျိုးသား၏ ဦးခေါင်းကို တင်းကြပ်စွာ ဖက်ထားပြီး တိတ်ဆိတ်နေသည်။
သူတို့သည် ထိုပန်းခြံသို့ ရောက်သွားသောအခါ ထိုအမျိုးသားသည် သူ့သူငယ်ချင်းများကို မိတ်ဆက်လိုက်ပြီး မြေပြန့်သောနေရာသို့ စုလီကို စကိတ်စီးသင်ပေးဖို့ ခေါ်သွားခဲ့သည်။ သူ၏ ကလေးခန္ဓာကိုယ် သေးသေးလေးသည် ဟန်ချက်ညီအောင် ထိန်းဖို့ခက်နေလေသည်။ သူသည် အကြိမ်ကြိမ် လဲကျသော်လည်း ထိုအမျိုးသားက လဲကျတိုင်း သူ့ကိုဖမ်းပေးထားသည်။
စုလီသည် နှုတ်ခမ်းတွင် ပြုံးယောင်သမ်းနေသည်။
စကိတ်စီးပြီးသောအခါ ထိုအမျိုးသားသည် သူနှင့်အတူ အိမ်အထိ လမ်းလျှောက်ပြန်ခဲ့သည်။
သူတို့အိမ်ပြန်ရောက်သည်နှင့် တင်းရှနှင့် ပက်ပင်းတိုးပါလေတော့သည်။
တင်းရှသည် ကလေးကို ခေါ်ဖို့ လျှောက်လာပြီးနောက် ရှောင်ကျွင်းကို တစ်ချက်ကန်ခဲ့သည်။
ရှောင်ကျွင်းသည် ပြုံးစိစိလုပ်နေသည်။ “သူ့ကို လဲကျအောင် လွှတ်မထားပါဘူး၊ လဲကျတိုင်း လိုက်ဖမ်းပေးတယ်၊ ဟုတ်တယ်မလား သားလေး”
စုလီသည် ချက်ချင်းပင် ခေါင်းကိုဖြေးဖြေးချင်း ညိမ့်ပြနေသည်။
တင်းရှသည် သူ့ကိုစိုက်ကြည့်လိုက်သည်။ “ရာသီဥတုအရမ်းပူတာကို ကလေးကို အပြင်ခေါ်သွားသေးတယ်၊ အပူရှပ်သွားရင် ဘယ်လိုလုပ်မလဲ နေလောင်သွားရင်ရော”
ရှောင်ကျွင်းသည် သူ့ခေါင်းနောက်ကို ပွတ်နေပြီး လှည့်ထွက်သွားခဲ့သည်။
တင်းရှသည် စုလီကို ကိုယ်လက်သန့်စင်ပေးရန် ခေါ်သွားသည်။ ပထမတော့ စုလီသည် နေရခက်နေပြီး နောက်မှ ပြန်စဉ်းစားလိုက်သောအခါ ထိုအရာသည် အိပ်မက်တစ်ခုသာ ဖြစ်သည်....ပြီးတော့ သူမသည် သူ့အမေဖြစ်နေသည်...
ကိုယ်လက်သန့်စင်ပေးပြီးနောက် တင်းရှသည် သူ့တစ်ကိုယ်လုံးကို လိမ်းစရာများ ရှိသမျှလိမ်းပေးနေပြီး အပူလောင်လျှင် လိမ်းရသော လိုးရှင်းကိုလည်း လိမ်းပေးနေသည်။
စုလီသည် နှစ်ခါ နှာချီလိုက်သည်။ တင်းရှလည်း စိတ်ပူသွားသည်။ “အအေးမိတာလား အရမ်းပူလို့လား”
စုလီသည် သူ့ခေါင်းကို ယမ်းပြလိုက်သည်။ “ယားလို့”
တင်းရှသည် ပြုံးလိုက်ပြီး သူ့နှာခေါင်းလေးကို တို့လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲသို့ ခေါ်သွားသည်။
သူမသည် သူ့အတွက် ပဲပိစပ်နို့ပူတင်း တစ်ပန်းကန်ယူလာပေးသည်။ “စားလိုက်ပါဦး မနေ့ကစားချင်တယ်လို့ ပြောထားတယ်မလား”
စုလီသည် ဤအရာမှာ ပဲပိစပ်နို့ပူတင်းဖြစ်ကြောင်း သိနေသည်။ သူငယ်ငယ်တုန်းက အရမ်းစားချင်ခဲ့ပြီး ပိုက်ဆံမရှိ၍ ဝယ်မစားနိုင်ခဲ့ချေ။ အသက်ကြီးလာပြီးသောအခါ သူသည် ထိုအရာကို မစားချင်တော့ပေ။
သူသည် အလွန်သတိကြီးစွာ တစ်ဇွန်းမှောက်မှောက်ခပ်ကာ သူ့ပါးစပ်အပြည့်စားလိုက်သည်။
အေးမြပြီး ချိုမြိန်လှသည်။ ပဲနီအနှစ်သည် ဝါးလို့ကောင်းသည်။
သူ့မျက်လုံးမှေးသွားသည်။ အရသာအရမ်းကောင်းတယ်!
ထိုအရာ၏ အရသာကို သိသွားခဲ့သည်။
သူသည် သတိမထားမိပဲ ခြေထောက်ကို လွှဲနေမိသည်။
နေ့လည်စာစားချိန်ရောက်သောအခါ သူသည် တင်းရှကိုယ်တိုင်ချက်ထားတာကို စားခဲ့သည်။ စုလီသည် အလွန်ပျော်နေပြီး သူ့ဗိုက်ကြီးတင်းသွားသည်အထိ စားပစ်လိုက်သည်။ တင်းရှလည်း သူအများကြီးစားသည်ကို ကြည့်ပြီး စိုးရိမ်နေသည်။ အကြောင်းမှာ အများကြီးစားပြီး အန်ထွက်မှာစိုး၍ဖြစ်သည်။
တင်းရှထင်သည့်အတိုင်း နေ့လည်ဖက်၌ ခြံထဲတွင် ကြက်ဥနှစ်လေးနောက် ပြေးလိုက်ရင်း သူသည် ခြေနှစ်လှမ်းလောက် ပြေးလိုက်သည်နှင့် မြေကြီးပေါ်သို့ အကုန်အန်ချမိသွားသည်။
တင်းရှသည် သူ့ကို ဆရာဝန်ထံ ခေါ်သွားသည်။ ဘာမှကြီးကြီးမားမား မဖြစ်ပေ၊ အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားရုံသာဖြစ်သည်။
တင်းရှသည် ဒေါသနည်းနည်းထွက်သွားသည်။ “ရှောင်စစ်ကျင်း မင်းရူးနေလား ဗိုက်ပြည့်တာတောင် ထပ်စားသေးတယ် အမေ မင်းကိုဘာသင်ထားလဲ မေ့သွားပြီလား”
စုလီသည် သူ့စိတ်ထဲမှ ပွစိပွစိပြောနေခဲ့သည်၊ အမေက ငါ့ကိုဘာမှမသင်ပေးပါဘူး...
သို့သော် သူပြောလိုက်သည်မှာ “စားလို့ကောင်းလို့...”
တင်းရှသည် သူ့စကားကိုကြားပြီး ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ “စားကောင်းရင်လည်း နောက်ခါကျမှ များများစားပေါ့၊ တစ်ခါတည်းနဲ့ အဝအပြဲစားပစ်လို့မရဘူးလေ နားလည်ပြီလား”
“...နားလည်ပါပြီ” စုလီသည် အနည်းငယ် စိတ်ဓါတ်ကျသွားသည်။
သူ နောက်တစ်ခါ ထပ်စားနိုင်ပါဦးတော့မလား။
...
ဆေးရုံမှပြန်လာသောအခါ သူသည် တစ်ချိန်လုံး တင်းရှလက်ပေါ်တွင် တွယ်ကပ်နေသည်။ စုလီသည် နှာစေးသွားသည်။ ရှောင်ကျွင်းသည် သူ့ကိုစိတ်ပူနေသဖြင့် အကြိမ်ကြိမ်လာကြည့်နေသည်။ “သူ့ကို နောက်တစ်ခါ စကိတ်စီးဖို့ မခေါ်သွားတော့ပါဘူး”
တင်းရှသည် ကလေးခေါင်းကို ပွတ်ပေးရင်း “ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့၊ သူအများကြီးစားမိလို့ ဖြစ်သွားတာပါ”
ရှောင်ကျွင်းသည် စိတ်မအေးဖြစ်နေသေးသည်။ ကလေး၏ မူမမှန်မှု တစ်ခုလေးမှာ သူ့မိုက်မဲမှုကြောင့် ဖြစ်သည်ဟူ၍ စိုးရွံနေမိသည်။
ယောင်းမကုန်းသည် စာနာထောက်ထားစွာဖြင့် သူ့ကျောကို ပွတ်ပေးနေသည်။ “ငါတို့ဖျင်အန်းလေး ဘာလို့အခုလိုဖြစ်ရတာလဲ မသက်သာသေးဘူးလား”
စုလီသည် လိမ္မာစွာဖြင့် သူ့ခေါင်းကို ခါပြလိုက်သည်။
တင်းရှသည် သူ့ကိုဆက်ချီမထားနိုင်ပဲ အောက်ချပေးချင်နေသည်။ သို့သော် စုလီက မလွှတ်ပေးချေ။ “ချီထားပေးဦး”
တင်းရှလည်း သက်ပြင်းချလိုက်ပြီး သူ့ကိုဆက်ချီထားပေးသည်။ ထို့နောက် ထိုင်စရာနေရာရှာပြီး ထိုင်ကာ ကလေးကို သူမပေါင်ပေါ်တွင် တင်ထားပြီး စိတ်အေးသွားသောအနေဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသည် ညစာကို နည်းနည်းလေးသာ စားတော့သည်။ တင်းရှသည် သူ့ကိုအခန်းထဲသို့ ခေါ်သွားပေးပြီး စုလီက သူမကို လုံးဝမလွှတ်ပေးချေ။ တင်းရှသည် သူ့ကို ချော့သိပ်နေကာ အိပ်ရာဝင်တေးသီချင်းများ ဆိုပေးနေသည်။
စုလီမျက်ခွံများ လေးသထက် လေးလာခဲ့သည်။ သူသည် တင်းရှကို ဆွဲလိုက်ပြီး ရုတ်တရက် သူသည် မည်သူဖြစ်ကြောင်း သူမကို ပြောပြချင်နေသည်။
“အမေ...သား... သား အမေ့ကို လွမ်းတယ်...”
ထိုစကားများ ထိုကောင်လေးပါးစပ်မှ ထွက်သွားပြီးနောက် ချက်ချင်း အိပ်ပျော်သွားသည်။
တင်းရှသည် သူ့ဗိုက်လေးကို ဖုံးပေးပြီး အဲကွန်းအပူချိန်ကို ထိန်းညှိပေး၍ အခန်းထဲမှ ထွက်မသွားခင် သူ့နှာဖူးလေးကို နမ်းလိုက်သည်။
စုလီနိုးလာသောအခါ ရင်ထဲတွင် ဗလာကြီးဖြစ်နေသည်။
ဆုံးရှုံးမှုကို ခံစားလိုက်ရခြင်းသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည်။
သူသည် ထထိုင်ပြီး စီးကရက်တစ်လိပ်ကို တုန်ရီနေသောလက်များဖြင့် ထုတ်ယူလိုက်သည်။
ဖုန်းသည် နှစ်ခါ အသံမြည်သွားခဲ့သည်။ ကျိုးယောင်ဆီမှ မက်ဆေ့ဂျ်ဖြစ်နေသည်။
သူပို့သည်မှာ “ဟယ်လို သူဌေး”
စုလီသည် ဖုန်းကိုကောက်ကြည့်လိုက်ပြီးနောက် သူ့ကိုဖုန်းဆက်ခဲ့သည်။
အင်တာနက်စွဲလမ်းနေသော ဆယ်ကျော်သက်ကျိုးယောင်သည် ယခုအချိန်ထိ မအိပ်သေးပေ။ ထို့နောက် သူဌေးက ဖုန်းထခေါ်သောကြောင့် လန့်သွားသည်။ “သူဌေး?”
“.......”
“ထားလိုက်ပါတော့၊ နောက်နေတာ၊ လေယာဉ်လက်မှတ် ဘိုကင်လုပ်ပြီးပြီလား”
“ဘိုကင်လုပ်ပြီးပါပြီ နောက်အပတ် အင်္ဂါနေ့။ ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့တတွေ အလုပ်အကုန်ပြီးအောင် လုပ်ထားမှရမယ်”
“ကောင်းပြီ၊ မင်းရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပါပဲကွာ၊ နားလိုက်ဦး”
“သူဌေး!”
“ဘာလဲ”
“အိပ်မပျော်....လို့လား” ကျိုးယောင်သည် သတိကြီးစွာ မေးလိုက်သည်။
စုလီသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ “မဟုတ်ဘူး၊ ဒီအတိုင်း...အိပ်မက်မက်လို့”
“ငါ့အမေနဲ့အဖေကို အိပ်မက်မက်တာ”
စုလီသည် သူမမေးခင် ပြောပြလိုက်သည်။
ကျိုးယောင်သည် သူ့သူဌေးအတွက် အနည်းငယ် အသည်းကွဲသလို ခံစားသွားရသည်။ သူဌေးသည် အမြဲပင် ထူးချွန်သော လူတစ်ယောက် ဖြစ်လင့်ကစား သူ့မိဘများအကြောင်း မသိရ၍ သူ့မိဘများကို မကြာခဏဆိုသလို အထင်သေးနေသလို သို့မဟုတ် စက်ဆုပ်သလိုမျိုး ခံစားနေရသည်။
သူဌေးမိဘများသည် သူဌေး၏ စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့သည်။
“ဒါဆိုရင်...” ကျိုးယောင်သည် အိပ်မက်ထဲရှိ သူ့မိဘများမှာ မည်သို့ပုံစံဖြစ်ကြောင်းကို မေးကြည့်ချင်နေသည်။
“အိပ်တော့၊ မနက်ဖြန် အလုပ်ရှိသေးတယ်မလား” စုလီက ပြောလိုက်သည်။
“ကျွန်တော်...နန်းကျင်းမြို့ကို သိပ်မကြာခင်မှာ သွားချင်တယ်”