← Chapters

(စုလီ)

Vol. 5 Ch. 70

(စုလီ)

Vol. 5 Ch. 70

လေယာဉ်သည် ချောချောမွေ့မွေ့ ဆင်းသက်ခဲ့ပြီး နန်ကျင်းမြို့၏ ဆောင်ဦးအစပိုင်းသည် ပူနေဆဲဖြစ်သည်။ ကျိုးယောင်သည် သူ့ဘေးနားတွင် ထိုင်နေသော စုလီကိုကြည့်ပြီး စိတ်ပူနေသည်။ စုလီသည် လေယာဉ်ပေါ် တက်ကတည်းက စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည်။

“သူဌေး?”

“ငါတို့ရောက်ပြီလား သွားကြစို့” စုလီသည် စိတ်ကိုပြန်လည် စုစည်းလိုက်သည်။

သူ့အိပ်မက်ထဲမှ ဝိုးတဝါးမှတ်ဉာဏ်များအရ သူသည် လမ်းဟောင်းလေးကို တွေ့သွားသည်။ ထိုလမ်းဟောင်းသည် အကြိမ်ကြိမ် ပြုပြင်ခံထားရပြီး သူ့မှတ်ဉာဏ်ထဲမှပုံစံနှင့် သိပ်မတူသော်လည်း အနီးကပ်ကြည့်ကြည့်သောအခါ ရင်းနှီးနေသော မြင်ကွင်းတစ်ချို့ကို တွေ့လိုက်ရသည်။

ကျိုးယောင်သည် စုလီလက်မှာ ဝါးခြံစည်ရိုးများကို ပွတ်နေပြီး ထိုသို့ပွတ်နေပုံမှာ တန်ဖိုးရှိသော အရာတစ်ခုကို အမြတ်တနိုးပွတ်နေသကဲ့သို့ ဖြစ်သည်။

“သူဌေး နန်ကျင်းမြို့ကို အရင်ကရောက်ဖူးလား” ကျိုးယောင်သည် မနေနိုင်ပဲ မေးလိုက်သည်။

“ရောက်ဖူးသလိုလိုပဲ” စုလီသည် အပြုံးလေးနှင့် ပြောလိုက်သည်။ သူသည် ယိုဖိတ်လာသော ပျော်ရွှင်မှုကို ဖုံးကွယ်မထားတော့ပေ။ အိမ်ပြန်ရောက်နေသကဲ့သို့ ခံစားနေရသည်။

သူသည် ကျိုးယောင်ကို လမ်းထောင့်ရှိဆိုင်မှ မစ်လ်တီးတစ်ခွက် ဝယ်ပေးလိုက်ပြီးနောက် ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်နေသော ထိုဆိုင်လေးသို့ ရောက်သည်အထိ လမ်းတစ်လျှောက်လုံး ဖြေးဖြေးချင်း လျှောက်လာခဲ့သည်။

ထိုဆိုင်လေးသည် ဖုန်များတက်နေသည်။

ထိုဆိုင်လေးသည် ခြေရာလက်ရာမပျက်၊ စားသုံးသူတစ်ယောက်မှ ဝင်ထွက်သွားလာခြင်းလည်း မရှိပေ။

သစ်သားဆိုင်းဘုတ် သို့မဟုတ် သစ်သား စလိုက်ဒ်ထိုးတံခါးများလည်း မရှိချေ။

တံခါးဝနားတွင် ပန်းခင်းလည်းမရှိ၊ ယနေ့အထူးစပရှယ်များ ဟူ၍ရေးထားသော ကျောက်သင်ပုန်းသေးသေးလေးလည်း မရှိပေ။

တံခါးတွင် အမြဲရပ်နေတတ်သော အပြုံးချိုချိုနှင့်အမေလည်း မရှိတော့ပေ။

စုလီသည် ထိုနေရာကို အကြာကြီး ရပ်ကြည့်နေခဲ့သည်။ သူသည် ထိုနေရာ ဖုန်တက်ပြီး ပျက်စီးနေသည်မှာ အမြင်မသင့်တော်ဟု ခံစားမိသည်။

“ယောင်၊ ဒီအိမ်ပိုင်ရှင်ကို သွားပြောစမ်း ငါ့ကိုဒီအိမ်ရောင်းနိုင်မလားလို့” စုလီသည် ထိုသို့ပြောလိုက်သည်။

ကျိုးယောင်သည် အလွန်ပင်နားမလည်နိုင်ဖြစ်သွားကာ သူ့သူဌေးပြောသည်ကို နားထောင်လိုက်ပြီး ထိုအိမ်၏ အိမ်နီးနားချင်းအိမ်သို့သွားကာ ထိုအိမ်ပိုင်ရှင်၏ ဆက်သွယ်လို့ရမည့်လိပ်စာကို သွားတောင်းလေသည်။

ထို့နောက် သူပြန်လာခဲ့သည် “ဒီအိမ်ရဲ့ပိုင်ရှင်က အသက်ကြီးကြီး အဖိုးအဖွားစုံတွဲ ဒါပေမဲ့ သူတို့ ဆုံးသွားတာ ကြာပြီ သူတို့ကလေးတွေကလည်း နိုင်ငံခြားမှာ အခြေချနေပြီ ကျွန်တော် သူတို့ကို ဆက်သွယ်ကြည့်ပါ့မယ်”

“အန်” စုလီသည် တံခါးတွင် ရပ်နေကာ အချိန်အကြာကြီး ကြည့်နေခဲ့သည်။ “နန်ကျင်းမြို့မှာ နေဖို့အိမ်တစ်လုံး ရှာလိုက် ပြီးရင် လက်သမားတစ်ယောက် ရှာလာခဲ့”

“သူဌေး နန်ကျင်းမှာ ဘယ်လောက်ကြာကြာနေဖို့ စိတ်ကူးထားတာလဲ” ကျိုးယောင်သည် ပြန်ပြောလိုက်သည်။ သူသည် စုလီမှာ ဤနေရာကို လာကြည့်ရုံလောက်ပဲဟု ထင်နေသည်။ စုလီက ဤနေရာတွင် နေထိုင်တော့မည်ဟု လုံးဝမထင်ထားပေ။

“ငါလည်းမသိဘူး၊ မကြာခင် ဒီမှာနေသင့်တယ်ထင်တယ်” စုလီက ပြောခဲ့ပြီး “နောက်ပြီး မင်း ငါ့ကိုကူပြီး တစ်ချို့အရာတွေကို တတ်နိုင်သလောက် မြန်မြန် လိုက်ရှာပေးဖို့ လိုတယ်”

ကျိုးယောင်လည်း နားမလည်နိုင်ဖြစ်သွားသော်လည်း စုလီကို နောက်ထပ်ဆက်မပြောတော့ပဲ သူပြောသည့်အတိုင်း ကိစ္စများ မြန်မြန်ပြီးသွားအောင် လုပ်ပေးလိုက်ချင်သည်။

ကျိုးယောင်သည် ဟိုတယ်ကားပါကင်တွင် ကားကိုပါကင်ထိုးထားပြီး စုလီ နိုးလာဖို့ကို စောင့်နေလေသည်။

“သူဌေး နိုးပြီလား” ကျိုးယောင်သည် လက်လွှဲထားသော အလုပ်ကိစ္စများကို အစီစဉ်တကျ လုပ်ပေးနေသည်။ စုလီသည် နောက်ဆို နန်ကျင်းမြို့တွင် ကြာရှည် နေထိုင်မည်ဆိုလျှင် များစွာသောအလုပ်တာဝန်များကို ချောချောမောမော လုပ်ကိုင်နိုင်ရန် ဤနေရာသို့ ပြောင်းရွှေ့ရပေမည်။

“ဟိုတယ်မှာ ညစာအတွက် ဘိုကင်လုပ်ထားတယ်၊ ကျွန်တော်တို့ တက်သွားကြတော့မလား”

“မသွားတော့ဘူး၊ ဝမ်စားသောက်ဆိုင်ကို သွားကြမယ်” စုလီသည် သူ့ဖုန်းကို တစ်ခဏလောက် ဝိုးတဝါးကြည့်နေသည်။

ကျိုးယောင်သည် လမ်းညွှန်ကို ဖွင့်လိုက်သည်။ ကံကောင်းစွာနှင့်ပင် ထိုဆိုင်သည် သူတို့နေရာနှင့် သိပ်မဝေးပေ။ နာရီဝက်လောက် သွားလျှင် ရောက်နိုင်ပေသည်။

ဝမ်စားသောက်ဆိုင်တွင် လူအများဖြင့် စည်ကားနေသည်။ တံခါးဝရှိ ဧည့်ကြိုအမျိုးသမီးသည် သူတို့ကို ခဏမျှ စောင့်နေပေးရန် ယဉ်ကျေးစွာ ပြောနေသည်။

စုလီအတွက် ကိစ္စမရှိပေ။ သူသည် ခဏစောင့်သည့် နေရာတွင် ထိုင်နေသည်။

သူတို့စောင့်နေစဉ်တွင် ကြမ်းတမ်းပြီး စိတ်ဓါတ်ကျသလို ဖြစ်နေသော အမျိုးသားတစ်ယောက်မှာ ဖိနပ်ကို တရှပ်ရှပ်နှင့် ဖြေးဖြေးချင်း လျှောက်လာသည်ကို တွေ့လိုက်သည်။

ဧည့်ကြိုအမျိုးသမီးသည် တစ်ခဏမျှတီးတိုးပြောခဲ့သည်။ သူမ ထွက်သွားပြီးနောက် မျက်နှာလေးထောင့်နှင့် အဖိုးကြီးသည် ထွက်ချလာသည်။

“အဖေ” ထိုအမျိုးသားသည် ဖြေးညင်းစွာ စကားပြောခဲ့သည်။

“ဒီကိုလာရမှန်း သိသေးတယ်ပေါ့” မျက်နှာလေးထောင့်နှင့် အဖိုးကြီးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ထိုအမျိုးသားက မော့ကြည့်လိုက်သည်။ “ကျွန်တော်လက်မှတ်တွေ ဝယ်ထားတယ်၊ ကျွန်တော် ဒီနေ့ည ထွက်သွားတော့မယ်၊ အိမ်မှာ အလုပ်ထပ်မလုပ်တော့ဘူး”

“ခွေးမသား! ဘယ်နေရာကို သွားချင်နေတာလဲ!” အဖိုးအိုမှာ ဒေါသထွက်သွားသည်။ “မင်းအဖိုး ဘယ်လိုသေသွားလဲဆိုတာ မေ့သွားပြီလား အခုထိ ခေါင်းမာနေတုန်းပဲ မနက်ဖြန် ထွက်သွားမယ်ဆိုရင် ဒီမိသားစုဆီ နောက်ထပ်ပြန်မလာနဲ့တော့”

ထိုအမျိုးသား၏လက်သည် အဖိုးအိုကို ကူတွဲပေးဖို့ လှမ်းလိုက်သည်။ ထို့နောက် ဖြေးဖြေးချင်း အောက်သို့ ချလိုက်သည်။ “အစ်ကို တဝမ်းနဲ့ အစ်ကို ဘိုလင်းတို့က နှစ်ယောက်စလုံး လူကောင်းတွေပါ၊ သူတို့တွေက အဖေ့ကို သေချာဂရုစိုက်ပေးလိမ့်မယ် အဖေ...ဒါဆို...ကျွန်တော် သွားတော့မယ်...”

ထိုအမျိုးသားသည် စကားပြောပြီးနောက် လှည့်ထွက်သွားပြီး အဖိုးအို၏ ရုတ်တရက် စီးကျလာသော မျက်ရည်များကိုတောင် မကြည့်ခဲ့ပေ။

“ကျစ်၊ အဖိုးကြီးက သူ့သားကို မခွဲနိုင်ရှာဘူး၊ ဒါတောင် ဒီလိုစကားတွေ ပြောထွက်သေးတယ်၊ ပြီးတော့ သားဖြစ်သူကလည်း စကားကို ဘယ်လိုညင်ညင်သာသာ ပြောရမှန်းလည်း မသိဘူး” ကျိုးယောင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

စုလီသည် ထိုမြင်ကွင်းကို ကြည့်ပြီး စားချင်စိတ်မရှိတော့ပေ။ သူသည် မတ်တပ်ထရပ်လိုက်သည်။ “ငါအရင်ပြန်နှင့်မယ်၊ မင်းဘာသာ စားလိုက်တော့၊ မင်းစားပြီးရင် စားစရိတ် ပြန်ပေးမယ်”

“သူဌေး?” ကျိုးယောင်သည် အံ့သြသွားခဲ့သည်။

စုလီသည် လက်ဝှေ့ယမ်းပြနေသည်။ “ငါ့ဘာသာ တစ်ယောက်တည်း ခဏလမ်းလျှောက်ဦးမယ်”

ကျိုးယောင်သည် သူ့နောက်သို့ မလိုက်တော့ပေ။ စုလီသည် နန်ကျင်းကို ရောက်ကတည်းက ထူးဆန်းနေသည်။ သူသည် စုလီတစ်ယောက် စဉ်းစားနေသည့် အကြောင်းအရာများကို နားမလည်နိုင်တော့ပေ။ တစ်ခါတစ်ရံ ပြုံးနေပြီး တစ်ခါတစ်ရံမျက်မှောင်ကြုတ်နေသည်။

ကျိုးယောင်သည် စုလီ၏ ကောလိပ်ကျောင်းတက်ဖော်ဖြစ်သောကြောင့် သူသည် ထပ်ပြီး မစပ်စုတော့ပဲ ထိုင်ခုံတစ်နေရာစာရဖို့ ပျော်ရွှင်စွာ စောင့်နေလေသည်။ သူသည် ဝမ်စားသောက်ဆိုင်က စားစရာများသည် အရသာအရမ်းရှိသည်ဆိုတာကို စစ်ဆေးခဲ့သည်။

သူသည် သူ့သူဌေးမှာ ဤစားသောက်ဆိုင်ကို မည်သည့်နေရာက သိလာမှန်းကို မသိတော့ချေ။

စုလီသည် လမ်းများထက်တွင် တိတ်ဆိတ်စွာ လမ်းလျှောက်နေသည်။ ပတ်ဝန်းကျင်မှာလည်း အရမ်းကို တိတ်ဆိတ်လှသည်။ သူသည် အမေ့ဗိုက်ထဲသို့ ပြန်ဝင်သွားရသလိုမျိုး လုံခြုံမှုကို ခံစားရပြီး အရာအားလုံးက အေးဆေးဖြစ်နေသည်။

သူသည် ဟိုတယ်ပြန်ရောက်ခဲ့သည်တောင် ညင်သာပြီး သက်သောင့်သက်သာရှိသော အခြေအနေဖြစ်နေတုန်းပဲ ဖြစ်သည်။

“စုလီ စကားပြောရအောင်” လီချင်းချင်းက တံခါးတွင် စောင့်နေပြီး ကယ်တင်ရှင်ကြီးတစ်ဦးကို မြင်လိုက်ရသလိုမျိုး ဖြစ်နေသည်။

“ငါတို့တွေ ပြောစရာစကားကုန်သွားပြီ ထင်တယ်” စုလီသည် ထိုသို့ပြောလိုက်ပြီး “ငါ ရှင်းရှင်းလင်းလင်း လုပ်ထားပြီးပြီ၊ ကိုယ့်ပိုက်ဆံတွေကို နောက်ထပ် မဖြုန်းတော့သလို မင်းကိုလည်း လက်မထပ်တော့ဘူး”

“ဒါပေမဲ့ ကျွန်မဖက်က ညှိနှိုင်းဖို့အသင့်ပဲ ရှင်ဘာထပ်လိုချင်သေးလဲ စုလီ! အဝေးကို ထွက်မသွားပါနဲ့!” လီချင်းချင်းသည် အလွန်တရာ အရှက်ရသလို ခံစားနေရသည်။

“မင်း နားမလည်သေးဘူးလား ငါပြောပြီးပြီလေ မင်းကို ထပ်မတွေ့ချင်တော့ဘူး၊ နောက်ဆိုလည်း မင်းနဲ့ ဘာအဆက်အသွယ်မှ ထပ်မလုပ်တော့ဘူး” စုလီသည် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

လီချင်းချင်းလည်း ကြောင်သွားပြီး စုလီမှာ ထိုသို့စကားများ ပြောထွက်လာမည်ကို ထင်မထားသော ပုံစံဖြစ်နေသည်။

စုလီသည် ဟိုတယ်ဧည့်ကြိုနေရာကို ဖုန်းဆက်လိုက်ပြီး လီချင်းချင်းကို အပြင်သို့ ခေါ်ထွက်သွားရန် လုံခြုံရေးကို ခေါ်ခဲ့သည်။

လီချင်းချင်းသည် ထွက်မသွားခင်အထိ ဘာမှမတုံ့ပြန်မှုမရှိခဲ့ပေ။ သူမကို အရမ်းချစ်ပြီး အရမ်းအလိုလုပ်ခဲ့သော အမျိုးသားသည် ဘာ့ကြောင့် ယခုလို ရုတ်တရက် ပြောင်းလဲသွားခဲ့သနည်း။

သူမသည် သူ့ကို အစ်ကိုတစ်ယောက်ဟူ၍သာ သဘောထားခဲ့သည်။ သူမသည် သူ့ကို မချစ်ခဲ့ပေ၊ ထို့အတွက်ကြောင့် စုလီကို ငြင်းလိုက်သည်မှာ သူမ မှားသွားသလား။

စုလီက ဘာကြောင့် သူမကို မကူညီတော့ပဲ နေနိုင်သနည်း၊ စုလီသည် သူမကို အသေအချာပင် အလွန်သဘောကျခဲ့သည်...

သို့သော် စုလီသည် သူမကို နောက်ထပ် ဘာမှမရှင်းပြတော့ပေ။

စုလီ၏ တစ်နေ့တာ စိတ်ကြည်လင်နေမှုသည် ပျက်စီးသွားလေပြီ။ သူသည် ဝိုင်နီပုလင်းကို သူသောက်ဖို့ ဖောက်လိုက်ပြီး မီးမဖွင့်ပဲ ဆိုဖာပေါ်တွင် ထိုင်ကာ မိုးကုတ်စက်ဝိုင်းတစ်လျှောက်ရှိ ကြယ်လေးများကို ထိုင်ကြည့်နေသည်။

မကြာခင် စုလီသည် သူနှင့်တပါတည်း ထည့်လာသော တပ်ပလက်ကိုယူလိုက်ပြီး ဂရပ်ဖစ်ပုံများ ဆွဲရန် ဖြစ်သည်။ သူသည် မှတ်မိနေတုန်းလေး မြန်မြန်ချဆွဲချင်နေသည်။ သူမေ့သွားခဲ့လျှင် မည်သို့မျှ ပြန်စဉ်းစား၍ ရမည်မဟုတ်ပေ။

ကျိုးယောင်သည် သူ့အခန်းသို့ ပြန်ရောက်လာသည်နှင့် စုလီဆီမှ မက်ဆေ့ဂျ် တစ်စောင်ရောက်နေသည်။ “လွန်ခဲ့တဲ့၃၂နှစ်က နန်ကျင်းမြို့ကလေးနှင့် မိခင်စောင့်ရှောက်ရေးဆေးရုံမှာ တင်းရှလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ကလေးမွေးခဲ့ဖူးတယ်ဆိုတာကို တစ်ချက် စစ်ကြည့်ကြည့်”

“ကောင်းပါပြီ သူဌေး” သူသည် သူ့သူဌေးမှာ ဘာကြောင့် တစ်စုံတစ်ယောက်၏ ကလေးမွေးထားသည့် မှတ်တမ်းကို စစ်ဆေးခိုင်းနေသနည်းကို အလွန်သိချင်နေသော်လည်း ထူးချွန်သော အတွင်းရေးမှူးတစ်ယောက်၏ အရည်အချင်းများအရ နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ချေ။ ကျိုးယောင်သည် ပြန်ဖြေလိုက်ပြီးနောက် ကိုယ်လက်ဆေးကြောကာ အနားယူခဲ့သည်။

သူသည် အိပ်ရာပေါ်တွင် လှဲပြီးပြီးချင်း ထထိုင်လိုက်သည်၊ လွန်ခဲ့သည့် ၃၂နှစ်လောက်က…

သူဌေးသည် သူ့ကို မွေးဖွားခဲ့သည့်မှတ်တမ်းကို စုံစမ်းနေတာလား။

ကျိုးယောင်သည် မျက်စိကျယ်သွားခဲ့သည်။

သူဌေးသည် သူ့မိဘများကို ရှာဖို့ တစ်ချိန်လုံး အလုပ်ကြိုးစားနေခဲ့သည်။ နောက်ဆုံးတော့ သူရှာတွေ့ဖို့ သဲလွန်စရခဲ့ပြီလား။

ကျိုးယောင်သည် မနေနိုင်ပဲ သူ့သူဌေးအတွက် စိတ်လှုပ်ရှားပေးနေသည်။

စုလီသည် တဖြေးဖြေး မှတ်မိအောင်လုပ်နေပြီး ပုံဆွဲနေသည်။ သူပထမဆုံး ဆွဲလိုက်သည်မှာ လှပသော အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကားကို ဆွဲရန် ပုံကြမ်းဖြစ်သည်-ထိုပုံမှာ တင်းရှ၏ ပုံပန်းသွင်ပြင်ပင် ဖြစ်သည်။

ပုံကြမ်းကို ကြည့်ရင်း သူသည် ဖြေးညင်းစွာဖြင့် အသေးစိတ်ကို ဆွဲနေသည်။

ဤညသည် ညတာရှည်မည့်ပုံပင်၊ သူသည် ဆက်၍သာ ရေးဆွဲနေခဲ့သည်။

All Chapters