← Chapters

(စုလီ)

Vol. 5 Ch. 71

(စုလီ)

Vol. 5 Ch. 71

“သူဌေး ကျွန်တော် ရှာတွေ့သွားပြီ” ကျိုးယောင်က ပြောလိုက်သည်။ သူ၏ လုပ်ရည်ကိုင်ရည်သည် ထူးချွန်ပြီး စုလီရှာခိုင်းထားသည့် အချက်အလက်ကို ရက်ပိုင်းအနည်းငယ်အတွင်း ရှာနိုင်ခဲ့လေသည်။

“မြတ်စွာဘုရား...သူက သူဌေးရဲ့ အမေအရင်းပဲ” ကျိုးယောင်သည် ထိုအချက်အလက်ကို အရင်စစ်ကြည့်ထားပြီး ပါးစပ်ကနေ အကျယ်ကြီး ပြောထွက်ဖို့ ဝန်လေးနေသည်။

စုလီသည် စာရွက်စာတမ်းများကို ကောက်ယူကြည့်လိုက်သည်။ သူတွေ့သွားသည်မှာ ဟောင်းနွမ်းပြီး မှုန်ဝါးနေသော ဓါတ်ပုံပင်ဖြစ်သည်။ ဤဓါတ်ပုံကို ရိုက်ခဲ့သူကို မသိချေ။ သူမသည် တရုတ်ထီးပန်းပင်ကို မှီထားလျက် အဝါနုရောင် စကတ်ကိုဝတ်ထားလေသည်။ သူမဗိုက်လေးသည် လုံးဝန်းနေပြီး သိမ်မွေ့စွာ ပြုံးနေသည်။

ထိုမျက်နှာပင်ဖြစ်သည်။

စုလီသည် ရုတ်တရက် မျက်ရည်များဝဲလာပြီး မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

တကယ့်ကို ထိုမျက်နှာပင်ဖြစ်သည်။

သူမသည် သူ့အမေဖြစ်ပေသည်။

စုလီသည် ထိုပုံကို တယုတယကြည့်နေပြီး မပြုံးပဲမနေနိုင်ပေ။

သူသည် သူမကိုတွေ့ဖူးသည်။ သူမနှင့်အတူ အချိန်တွေ ကုန်ဆုံးဖူးသည်။ သူမလက်ပေါ်တွင် ကလေးသဘာဝအရချွဲပြီး နေခဲ့ဖူးသည်။

ကျိုးယောင်သည် ဘေးတွင်ထွက်ရပ်ခဲ့ပြီး သူတွေ့ထားသော အချက်အလက်ကို ဖတ်ပြဖို့ ဝန်လေးနေခဲ့သည်။

“မင်း တစ်ခုခု တွေ့ထားလို့လား” စုလီက မေးလိုက်သည်။

“သူဌေးရဲ့ အဒေါ်က သူဌေးကို တကယ်ချစ်ခဲ့တာ၊ နောက်ပြီး တာဝန်ခံဆရာဝန်ကိုလည်း ရှာတွေ့ခဲ့တယ်၊ သူက ဒေါက်တာလျှိုတဲ့၊ အဲ့ဒေါက်တာက ပြောခဲ့သေးတယ်၊ သူမက ဆရာဝန်ပြောသမျှ အရမ်းလိုက်နာတာတဲ့ ကလေးကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုပြီး ဂရုတစိုက်နဲ့ မေးခွန်းတွေအများကြီး မေးခဲ့သေးတယ်တဲ့၊ သူမကို ကြည့်ရတာ အရမ်းပျော်နေခဲ့တယ်”

“သူက ငါ့ကိုတကယ်ချစ်ခဲ့တာပဲ” စုလီသည် တုံ့ဆိုင်းမှုမရှိပဲ ပြောထွက်ခဲ့သည်။

“နောက်ထပ်ရှိသေးတယ်၊ သူဌေးအဒေါ်ရဲ့ ပြောပုံများအရဆိုရင် သူဌေးအဖေက ဘယ်သူလဲဆိုတာကို ရှာတွေ့ခဲ့သေးတယ်”ကျိုးယောင်သည် စာရွက်ကိုလှန်လိုက်ပြီး ဓါတ်ပုံနောက်တစ်ပုံကို သူ့သူဌေးအား ပြလိုက်သည်။

မျက်ခုံးတွင် အမာရွတ်အနည်းငယ်ရှိပြီး ပိန်ပါးနေကာ ကင်မရာကို စူးရှစွာ ကြည့်နေသည်။ သူသည် ထောင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထိပ်ခတ်ခံထားရသည်။

“ဒီပုံက နန်ကျင်းထောင်ကပါ၊ သူဌေးအဖေနာမည်က ရှောင်ကျွင်းလို့ခေါ်တယ်၊ သူက ဂိုဏ်းကနနဲ့ပက်သက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ထားပြီး သိပ်မကြာခင်မှာပဲ ထောင်ထဲမှာ ရန်ဖြစ်ရင်း သေသွားခဲ့တယ်” ကျိုးယောင်က မျက်စိမှိတ်ပြီး ပြောပြလိုက်သည်။

“အဲ့အကြောင်းကို ထပ်စုံစမ်း” စုလီသည် တုံ့ဆိုင်းမှုမရှိပဲ ပြောလိုက်သည်။

သူ့အဖေသည် ထိုသို့သောလူမျိုး မဟုတ်မှန်း သိနေသည်။ သူသည် ထိုခြံဝန်းလေးထဲတွင့် အမေနှင့်အတူ ရောင့်ရဲတင်းတိမ်စွာ နေတတ်သူဖြစ်သည်။ သူသည် ထိုသို့ရာဇဝတ်မှုများ လုပ်စရာ အကြောင်းမရှိပေ။

“စုံစမ်းပြီးပါပြီ” ကျိုးယောင်က ပြောလိုက်သည်။ “မစ်စတာရှောင်ကို ဖမ်းခဲ့တဲ့ ရဲအရာရှိကိုလည်း ဆက်သွယ်ပြီးပါပြီ၊ မစ်စတာရှောင်က သူတစ်ပါးကို မကောင်းကြံဖို့ ဖြစ်နိုင်ပါ့မလားဆိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မစုံစမ်းလိုက်နိုင်ခင် ထောင်တွင်းရန်ဖြစ်မှု ဖြစ်ပွားခဲ့တယ်”

“ထပ်ပြီးစုံစမ်း ဘာလို့ထောင်ကျပြီး အဲ့ရန်ဖြစ်တာရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်နဲ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အကုန်စုံစမ်းလာခဲ့” စုလီက ပြောလိုက်သည်။

ကျိုးယောင်လည်း ထွက်သွားခဲ့သည်။

စုလီသည် ဓါတ်ပုံနှစ်ပုံကို ဘေးချင်းယှဉ်ထားလိုက်သည်။

ရမ်းကားတတ်သော လူငယ်နှင့် နူးညံ့သိမ်မွေ့သော မိန်းမလှလေး။

ဤပုံများသည် သူ့မိသားစုဝင်များ၏ ဓါတ်ပုံများသာဖြစ်သည်။

အိမ်အသစ်သည် ခြံဝန်းငယ်လေးနှင့် စကိတ်စီးပန်းခြံ၏ မနီးမဝေးတွင်ရှိသည်။ အလွန်ပင်သာယာလှသည်။

ကျိုးယောင်သည် အလွန်ထူးချွန်သော လက်သမားဆရာတစ်ယောက်ကို ခေါ်ထားသည်။ ထိုလူသည် အသက်ကြီးကြီး လက်သမားဆရာကြီး တစ်ဦး၏ တပည့်ဖြစ်ပေသည်။ သိမ်မွေ့ပြီး ရိုးသားကာ သူ့လက်သမားအလုပ်ကို လက်ရာမြောက်စွာ သေသေချာချာ လုပ်ပေးတတ်သူ ဖြစ်သည်။

ထိုလက်သမား၏ မျိုးရိုးနာမည်မှာ လီဖြစ်သည်။ သူ့မှာ ထူထဲသော မျက်ခုံးမွှေးနှင့် ကြီးမားသော မျက်လုံးများ ရှိသည်။ စုလီသည် သူပုံဆွဲထားသည်ကို ထိုလက်သမားအား ပြလိုက်သည်။

လက်သမားလီသည် သူရှင်းပြနေသည်ကို သေချာနားထောင်ရင်း ထိုပုံကို စေ့စေ့စပ်စပ်ကြည့်ကာ စုလီ၏ မှတ်ဉာဏ်ထဲကအတိုင်း ပြန်လည်ပုံဖော်နိုင်ရန် အကောင်းကြိုးစားနေသည်။

လက်သမားလီသည် လူ့လောကကြီးနှင့် ပက်သက်သည့်ကိစ္စများတွင် အတွေ့အကြုံမရှိ နုံအတတ်သော်လည်း လက်သမားပညာနှင့် ပက်သက်လျှင် အတွေ့အကြုံရှိပြီး အလွန်ကျွမ်းကျင်သည်။

ရှင်းပြသည်ကို အဆုံးထိ နားထောင်ပြီးနောက် သူသည် ရင်ဘတ်ကို ထုပြလိုက်ပြီး “စိတ်မပူနဲ့ သူဌေး၊ သူဌေးပြောတဲ့အတိုင်း ကျွန်တော်ရအောင်လုပ်ပေးပါ့မယ်၊ ဒါတွေက မခဲယဉ်းပါဘူး၊ သူဌေးပြောတဲ့ ပုံစံနဲ့ အကြံဉာဏ်ကိုလည်း တကယ်လေးစားမိတယ်”

စုလီသည် နည်းနည်းပြုံးလိုက်သည်။ “ပိုက်ဆံနဲ့အချိန်ကိုလည်း ကန့်သတ်ထားမှာမဟုတ်ဘူး၊ ဒီပုံစံအတိုင်းသာ လုပ်ပေးနိုင်မယ်ဆိုရင်ပဲ တော်လောက်ပါပြီ”

“ကိစ္စမရှိပါဘူး၊ ပြန်လည်ပြုပြင်ဖို့အဖွဲ့ကိုရော ခေါ်ထားပြီးပြီလား သူတို့တွေဘယ်ဟာကို အရင်လုပ်မလဲဆိုတာနဲ့ လိုက်ညှိပြီး ကျွန်တော် လုပ်ပေးပါ့မယ်”

စုလီသည် ခေါင်းယမ်းပြလိုက်သည်။ “လိုက်ရှာနေတုန်းပဲ”

“စိတ်မရှိဘူးဆိုရင် ကျွန်တော် အဖွဲ့တစ်ဖွဲ့နဲ့ မိတ်ဆက်ပေးချင်တယ်၊ သူတို့က အလုပ်လုပ်ရင် အရမ်းတိကျတယ်၊ အမှန်အတိုင်းပြောရရင် ခင်ဗျားအိမ်က အကုန်လုံး အစအဆုံးပြန်လုပ်ဖို့ လိုတယ်၊ သစ်သားကြမ်းခင်းတွေကအစ အကုန်ဆွေးနေပြီ” လက်သမားလီက ပြောလိုက်သည်။

“အဲ့ဒါဆို အဲ့အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကို နောက်နေ့ကျရင် ခေါ်လာခဲ့လိုက်” စုလီက အတန်အသင့် ခေါင်းညိမ့်ပြနေသည်။

“ကိစ္စမရှိပါဘူး၊ ဒါဆို ကျွန်တော် သူတို့သူဌေးကို ဆက်သွယ်လိုက်မယ်” လက်သမားလီက ထိုသို့ပြောပြီး ပျော်ရွှင်စွာ ထွက်သွားလေသည်။

စုလီသည် ခြံဝန်းထဲရှိ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ အမေက ယခုလိုမျိုး ထိုင်ပြီး ကောင်းကင်ကို ကြည့်ရသည်မှာ အလွန်နှစ်သက်သည်ကို သူမှတ်မိနေသည်။ သူတို့သည် လှုပ်ကုလားထိုင်ကို အိမ်ထဲကနေ အပြင်သို့ သုံးကြိမ်တောင် ရွှေ့ရဖူးကြောင်း အဖေက ပြောခဲ့သေးသည်။

ကျိုးယောင်ပြန်ရောက်လာအခါ အနည်းငယ် စိတ်ပူနေဟန် ဖြစ်နေသည်။

သူသည် စုလီ၏ သူငယ်ချင်းကောင်းဟု ခေါ်ထိုက်သောသူ တစ်ယောက်ဖြစ်ပေသည်။ “ဟယ်လို ဝမ်ယု? မင်း ဘယ်တော့ပြန်လာမှာလဲ သူဌေးပုံစံက ကြောက်စရာကောင်းနေပြီနော်”

အချိန်သည် ညသန်းခေါင်ဖြစ်နေပြီ။ ကျိုးဝမ်ယုသည် အစက အိပ်ငိုက်နေပြီး ကျိုးယောင် စကားကြောင့် အလန့်တကြား ဖြစ်သွားသည်။“ဘာဖြစ်လို့လဲ”

ကျိုးယောင်သည် သူ့အား ယခုတလော သူဌေး၏ အခြေအနေကို ပြောပြလိုက်သည်။ “အဓိက က သူဝမ်းနည်းနေတာလည်း မဟုတ်ဘူး၊ အဲ့မှာထိုင်ပြီး အတိတ်ကို တမ်းတနေသလိုမျိုး ပြုံးနေသေးတယ်၊ ထူးဆန်းတာတွေလည်း ပြောနေပြီး မသိရင် သူငယ်ငယ်ကတည်းက သူ့မိဘတွေနဲ့ ကြီးပြင်းခဲ့ဖူးသလိုမျိုး ပြောနေသေးတယ်”

ကျိုးယောင်ပုံစံသည် ကြောက်ရွံသောပုံစံဖြစ်သွားလေသည်။ “ဒါပေမဲ့ သူ့အမေက မွေးတွင်းထဲမှာပဲ ဆုံးသွားခဲ့ပြီး သူ့အဖေကလည်း သူမမွေးခင် ဆုံးသွားတယ်လေ!”

“ငါထင်တယ် သူ့စိတ်ကျန်းမာရေး အခြေအနေက တစ်ခုခုဖြစ်နေတာဖြစ်မယ်”

“ငါအစောဆုံးထွက်မဲ့ လေယာဉ်လက်မှတ်ကို ဘိုကင်လုပ်ထားပြီးပြီ” ကျိုးဝမ်ယုသည် ဖုန်းကိုအလောတကြီး မချခင် ပြောလိုက်သည်။

ကျိုးယောင် ပြန်လာသောအခါ သူစုံစမ်းလာသော အကြောင်းအရာကို ပြောပြခဲ့သည်။

“သူဌေး ကျွန်တော်တစ်ခု ရှာတွေ့လာတယ်၊ သူဌေးအဖေက အဲ့တုန်းက ပိုက်ဆံသွားယူမလို့၊ သူကပိုက်ဆံယူပြီး အပြင်ပြန်ထွက်မဲ့အချိန်မှာ ထောင်ထဲမှာရှိတဲ့ ဂိုဏ်းသမားတွေက မကျေနပ်ပဲ အပြင်မှာရှိတဲ့လူတွေကို အကြောင်းကြားခဲ့တယ်၊ ထောင်တွင်းရန်ဖြစ်မှုရဲ့ ရည်ရွယ်ချက်က သူ့ကိုရှင်းပစ်ဖို့ပဲ”

စုလီသည် မအံ့သြသွားပေ။ သူသည် ယခုလိုဖြစ်လာခဲ့မည်ကို အစကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သည်။

စုလီသည် လက်သမားလီက သူ့အတွက် ထွင်းထုထားပေးသော သစ်သားပန်းပုလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီးနောက် စိတ်ကိုဖြေလျှော့လိုက်သည်။ “ငါ့မိဘရဲ့အကြွင်းအကျန်တွေရော”

“အဲ့ဒါတွေအားလုံးက လူအများမြှုပ်နေကျ သင်္ချိုင်းမှာပဲ မြှုပ်ထားတယ်”

“အဲ့မှာ မြှုပ်ဖို့မြေတစ်ကွက်စာ ဝယ်လိုက်၊ ငါသူတို့ကို သေသေချာချာ အသုဘချပေးချင်တယ်”

“ကောင်းပါပြီ”

...

နေသာပြီး ရာသီဥတုကောင်းသော တစ်နေ့တွင် စုလီသည် သူ့မိဘ၏ပြာများကို ထိုသင်္ချိုင်းမှ ပြန်လည်ကောက်ယူခဲ့သည်။

သူတို့ကို သင်္ချိုင်းအတူတူတွင် မြှုပ်ထားပေးသည်။ တစ်ယောက်က ဘယ်ဖက်မှာဖြစ်ပြီး နောက်တစ်ယောက်က ညာဖက်တွင်ဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် အခြားလူများ၏ အုတ်ဂူများစွာ ရှိနေပေသည်။

စုလီသည် အုတ်ဂူများကို ကြည့်နေသည်။ ထိုအုတ်ဂူများပေါ်တွင် သေဆုံးသူတို့၏ နာမည်၊ မွေးဖွားသည့်ခုနှစ်နှင့် သေဆုံးသည့်ခုနှစ်များကိုသာ ရေးထားလေသည်။

သူသည် ရိုသေစွာ ဒူးထောက်ပြီး သုံးကြိမ်သုံးခါ ကန်တော့လိုက်သည်။ သူ့အမေအရိုးပြာအိုးကို ဖက်ထားလျက် သူ့အဖေအုတ်ဂူသို့ လာပြီး သုံးကြိမ်သုံးခါ ကန်တော့ခဲ့လေသည်။ ထိုအရိုးပြာအိုး နှစ်အိုးစလုံးသည် အလွန်သေးငယ်ပြီး ထိုအိုးများကို သူတင်းကြပ်စွာ ဖက်ထားသည်။

“အမေတို့အဖေတို့ရဲ့သားက သားသမီးမပီသခဲ့ဘူး၊ နှစ်တွေအများကြီး ကြာတော့မှသာ အမေတို့အဖေတို့ကို ပြန်လာခေါ်နိုင်တယ်၊ နောက်ဘဝကျရင် သားကို ကောင်းကောင်းဆုံးမပေးကြနော်”

စုလီသည် ထိုသို့ပြောခဲ့ပြီးနောက် ပန်းများပွင့်နေသော သစ်ပင်ဘေးတွင် ပန်းများကြွေကျထားသော ကုန်းမြင့်လေးကို တွေ့ခဲ့သည်။ သူသည် အရိုးပြာအိုးနှစ်အိုးကို ဖက်ထားပြီး “ကျိုးယောင် ငါ့ကို ဓါတ်ပုံရိုက်ပေး”

“အာ?” ကျိုးယောင်သည် တစ်ခဏမျှ ကြောင်သွားသည်။

“ငါ့ကို ဓါတ်ပုံတစ်ပုံလောက် ရိုက်ပေး” စုလီသည် စိတ်ရှည်စွာဖြင့် ထပ်ပြောနေခဲ့သည်။

သူသည် ဓါတ်ပုံရိုက်သောအခါ အနည်းငယ်ပြုံးလိုက်သည်။

ထိုပုံမှာ မိသားစုဓါတ်ပုံပင်ဖြစ်သည်။

ကျိုးယောင်သည် ထိုပုံကို မကြည့်ရဲဖြစ်နေသည်။ ခေါင်းကို ငုတ်ထားလျက် မျက်ရည်များကို သုတ်နေသည်။ “သူဌေး သွားကြရအောင် မင်္ဂလာရှိတဲ့အချိန်ကို နှောင့်နှေးအောင် မလုပ်သင့်ဘူး”

စုလီသည် “ဟင်း” ဟုအသံထွက်လိုက်ပြီး ကုန်းအောက်သို့ ဆင်းလာသည်။

အသစ်စက်စက် ဝယ်ထားသော သင်္ချိုင်းမြေကွက်သည် နေရာအလွန်ကျယ်ဝန်းလှသည်။ ဘေးပတ်လည်တွင် ပန်းပင်များ၊ မြက်ပင်များနှင့် သစ်ပင်များရှိသည်။ စုလီသည် အရိုးပြာအိုးများကို ချထားပြီး သူ့ဘာသာစိတ်ထဲတွင် တီးတိုးရွတ်နေမိသည်။

“ဒီနေရာကို အမေ့အကြိုက် လုပ်ပေးထားတယ် အဖေရေ အဖေက အမေ့ကို အရမ်းချစ်ခဲ့တယ်၊ အဖေလည်း ဒီနေရာကိုသဘောကျတယ်မလား စိတ်ကျေနပ်မှု တစ်ခုခုမရှိခဲ့ရင် အိပ်မက်ထဲကနေ ပြောလိုက်နော်”

“ငယ်ငယ်တုန်းကဆိုရင် မိဘမရှိတာကို မကျေမနပ်ဖြစ်မိတယ်၊ ဒါပေမဲ့ အခုတော့ အဲလို မတွေးတော့ပါဘူး၊ အမေနဲ့ အဖေနှစ်ယောက်စလုံးက သားကိုအရမ်းချစ်မှန်း သိသွားခဲ့လို့ပဲ”

“အခုတော့ သားကောင်းကောင်း ကြိုးစားနေပါတယ်၊ ပြီးတော့ ဒီနှစ်ပိုင်းတွေမှာလည်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ စိတ်မပူနဲ့နော်၊ နောက်ဘဝကျရင်လည်း သားရဲ့မိဘတွေ ထပ်ဖြစ်ပေးပါဦး ဟုတ်ပြီလား”

“နှစ်ယောက်စလုံးကို လွမ်းတယ်ဗျာ”

ကျိုးယောင်သည် စုလီထက် ပိုငိုနေသည်။ စုလီသည် ထိုတစ်ချိန်လုံး ပြုံးနေပြီး မျက်ရည်တစ်စက်မျှ မကျပေ။

“ဘာလို့ အဲ့လောက်တောင် ငိုနေတာလဲ” သူသည် ကျိုးယောင်ကို စိတ်ကျေနပ်နေသော အကြည့်ဖြင့် ကြည့်ခဲ့သည်။

“ကျွန်...ကျွန်တော် ဝမ်းနည်းသွားလို့ပါ သူဌေး၊ သူဌေးဝမ်းနည်းနေရင်လည်း ငိုချလိုက်လို့ရပါတယ် ထိန်းထားစရာမလိုပါဘူး” ကျိုးယောင်သည် မျက်ရည်ကို တစ်ရှူးများဖြင့် သုတ်ရင်း ပြောနေလေသည်။

“ငါမဝမ်းနည်းပါဘူး” စုလီကပြောလိုက်သည် “သူတို့ ငါ့ကို လျစ်လျူရှုတယ် ပစ်ထားတယ်ဆိုပြီး တွေးမိတုန်းကပဲ ဝမ်းနည်းဖူးတယ် ဒါပေမဲ့ အခုတော့ ငါထင်တာမှားမှန်းသိသွားပြီ သူတို့တွေ ငါ့ကို အရမ်းချစ်ခဲ့ကြတယ်”

စုလီသည် တင်းရှနာမည်ရေးထားသော အုတ်ဂူဘေးဖက်ကို မှီရင်း ထိုင်နေခဲ့သည်။ “ငါနှလုံးသားထဲက ဟာနေတာကြီးက အခုမရှိတော့ဘူး”

“သူဌေး!” ကျိုးယောင်သည် ပို၍ ကြေကွဲသွားသည်။ စုလီသည် နောက်ထပ်စွဲလမ်းစိတ်များ မထားတော့ဘူးဟူသော စိတ်ဆုံးဖြတ်ထားသည့်ပုံပေါက်နေသည်။

ထို့နောက် စုလီဖုန်း အသံမြည်လာသည်။ သူ ကောက်ကိုင်လိုက်သည်။ “ဝမ်ယု? ဘာလို့ရုတ်တရက်ကြီး ဖုန်းခေါ်တာလဲ”

“လေယာဉ်ပေါ် တက်တော့မယ်!” ကျိုးဝမ်ယုက ပြောလိုက်ပြီး “ငါ့ကို လာခေါ်ဖို့ မမေ့နဲ့ဦး”

စုလီသည် ကူရာကယ်ရာမဲ့သော အကြည့်ဖြင့် ကျိုးယောင်ကို လှမ်းကြည့်လိုက်သည်။ “မင်း သူ့ကိုခေါ်လိုက်တာမလား စိတ်မပူနဲ့ ငါဘာမှမဖြစ်ဘူး”

ကျိုးဝမ်ယုသည် သူပြောသည်ကို မယုံပဲ ပြန်လာဖို့ ပြောနေသည်။

စုလီလည်း ရွေးချယ်စရာမရှိတော့ပေ။ “နန်ကျင်းလေယာဉ်ကွင်းကို ပြောင်းစီးလိုက်၊ ကျွန်တော် အစ်ကို့ကိုလာခေါ်မယ်”

နှစ်ရက်ကြာသောအခါ ကျိုးဝမ်ယု ရောက်လာသည်။

“စိတ်ဆရာဝန်နဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့”

All Chapters