← Chapters

(စုလီ)

Vol. 5 Ch. 72

(စုလီ)

Vol. 5 Ch. 72

“အစ်ကို ကျွန်တော့်ကို စိတ်မမှန်ဘူးလို့ ထင်နေတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် တကယ် အခြေအနေ ကောင်းပါတယ်ဗျာ” စုလီက ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကျိုးဝမ်ယုသည် မျက်မှောင်ကြုတ်ရင်း စုလီ၏ စိတ်ကျန်းမာရေး အခြေအနေကောင်းကြောင်း သက်သေပြနေသော စိတ်ဆရာဝန်ဆီမှ အောင်လက်မှတ်ကို ကြည့်လိုက်သည်။

စုလီသည် ကျိုးဝမ်ယုကို ခြံဝန်းငယ်ထဲသို့ ခေါ်သွားပြီး သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေသည်။

ကျိုးဝမ်ယုသည် သူပြောသည်ကို နားထောင်ပြီး အရင်ဆုံး မျက်မှောင်ကြုတ်လိုက်ကာ မျက်စိနှင့်ပါးစပ်များမှာ အံ့အားသင့်မှုကြောင့် အကျယ်ကြီးဖြစ်သွားလေသည်။ ထို့နောက် သူသည် တိတ်ဆိတ်သွားခဲ့သည်။ “ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ”

စုလီသည် သူ့ပုခုံးကို ပုတ်လိုက်သည်။ “အစ်ကိုနားလည်သားပဲ”

“မင်းအတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်ကွာ” ကျိုးဝမ်ယုက ပြောလိုက်သည်။

ကျိုးဝမ်ယုသည် စုလီအိမ်တွင် တစ်ပတ်လောက်နေပေးလိုက်သည်။

ကျိုးဝမ်ယု ပြန်သွားသောနေ့တွင် စုလီသည် သူ့တံခါးရှေ့တွင် ကြောင်လေးတစ်ကောင်ကို တွေ့သွားသည်။ ကြောင်လေးသည် အနည်းငယ် ဝတုတ်နေပြီး အရောင်မှာ သူ့ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်လှသော အဝါရင့်ရောင်ဖြစ်သည်။

ဘောလုံးလေးနှင့် ကစားနေပြီး ကြောင်ပေါက်အရွယ်လေးသာ ဖြစ်ပေသည်။

စုလီသည် သူ့ကိုကောက်ချီလိုက်သည်။ “ဘယ်ကလာတာလဲ ဧည့်သည်လေး”

ထိုကြောင်ဝါလေးသည် သူ့လက်ကို ပွတ်သပ်နေပြီး နူးညံ့သိမ်မွေ့သော “မြောင်”ဟူသော အသံလေးထွက်ပြလိုက်သည်။

“နေစရာအိမ်မရှိဘူးလား ငါနဲ့လာနေမလား ငါနဲ့နေမယ်ဆိုရင် မင်းကို အငတ်ထားမှာမဟုတ်ဘူး” စုလီသည် သူ့ကို လည်စည်းဖြင့် ပတ်လိုက်ပြီး တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားခဲ့သည်။

ထိုကြောင်ပေါက်လေးသည် အလွန်ကျန်းမာသည်။ သူသည် သူ့တစ်ဘဝစာ စားစရာများ စားလို့ရမည့် လက်မှတ်ကို လိုက်ရှာနေခြင်းဖြစ်လိမ့်မည်။ စုလီသည် ထိုကြောင်လေးကို အောက်ချပေးလိုက်သောအခါ ထိုကြောင်လေးသည် တစ်အိမ်လုံးကို လှည့်ပတ်ကြည့်နေသည်။

စုလီသည် တိရစ္ဆာန်ဆရာဝန်စကားကို ယုံကြည်နေမိသည်။ ထိုကြောင်လေးမှာ တစ်သက်တာ စားစရာအရင်းအမြစ်ကို လိုက်ရှာနေခြင်းပင် ဖြစ်သည်။

ကျိုးယောင်သည် စာရွက်စာတမ်းတစ်ထပ်ကြီးကို ယူပြီးပြန်လာခဲ့သည်။ “သူဌေး ချီပင်းကုမ္ပဏီရဲ့သူဌေးက နန်ကျင်းမြို့မှာ ရှိနေတယ်၊ သူဌေးကို ထမင်းလိုက်ကျွေးချင်လို့ပါဆိုပြီး ပြောသေးတယ်”

“မင်း စီစဉ်လိုက်” စုလီသည် စိတ်အခြေအနေ သာယာနေသည်။

“ကျွန်တော် ဒီနေ့ လူထူးလူဆန်းတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်၊ ကြည့်လိုက်ရင်တော့ ပုံမှန်အတိုင်းပဲ ဒါပေမဲ့ သူစကားပြောလိုက်ရင် ဆိုက်ကိုတစ်ယောက်လိုပဲ” ကျိုးယောင်က ပြောလိုက်ပါသေးသည်။

“အိုး? နောက်တော့ရော ဘာဖြစ်သွားသေးလဲ” စုလီသည် အနည်းငယ် သိချင်သွားသည်။

“နောက်ထပ်တစ်ယောက်က သူ့ပရောဂျက်အကြောင်းကို ပြောပြနေသေးတယ်၊ သူ့စတူဒီယိုက အချိန်ခရီးသွားတာတွေ အပြိုင်စကြာဝဠာတွေနဲ့ ပက်သက်တဲ့ သီအိုရီတွေ ဘာတွေကို သုတေသနလုပ်နိုင်တယ်တဲ့” ကျိုးယောင်သည် မြည်တွန်တောက်တီးပြီး ပြောလိုက်သည်။

“သူဒီအကြောင်းကို ဘယ်ကသိလာလဲတော့ မသိဘူး ဒါပေမဲ့ သူဌေးဒီမှာရှိနေတယ်ဆိုတာကို သိနေပြီး ကျွန်တော့်ကို ခေါ်လာခိုင်းနေတယ် ရူးရူးနှမ်းနှမ်းတွေ ကယောင်ချောက်ချားလိုက်ပြောနေသလိုပဲ သူအဲ့လိုဆက်လုပ်လာမယ်ဆိုရင် ရဲခေါ်ရလိမ့်မယ်”

“အဲ့လူရဲ့စတူဒီယိုနဲ့ပက်သက်သမျှတွေ သီအိုရီတွေ ပြီးရင် သူ့အကြောင်းတွေ အကုန်စုံစမ်းလာခဲ့” စုလီက ရုတ်တရက်ပြောလိုက်သည်။

“သူဌေး?” ကျိုးယောင်သည် သူ့နားကိုသူ မယုံချင်သလိုဖြစ်သွားသည်။ “သူဌေး ဒီလိုမျိုးဟာတွေကို မယုံတတ်ပါဘူးနော်?”

“ဒီခေတ်က ဘာခေတ်ပါလိမ့် သိပ္ပံပညာကို ယုံရတော့မှာလား သူဌေး!” ကျိုးယောင်သည် အသည်းအသန်ပြောလိုက်သည်။

“ငါခိုင်းတဲ့အတိုင်း လုပ်လိုက်စမ်းပါ” စုလီက ပြောခဲ့သည်။ “အဲ့အရာအားလုံးကို တတ်နိုင်သမျှ ခပ်မြန်မြန် မြင်ချင်နေပြီ”

ကျိုးယောင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ထွက်သွားကာ သူ့ရင်ဘတ်ပေါ် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

စုလီစိတ်ထဲတွင် ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ခိုင်မာပြီး ပုံကြမ်းပုံစံဖြစ်နေသော အကြံဉာဏ်သည် တဖြေးဖြေးနှင့် ပုံပေါ်လာလေပြီ။

နှစ်ရက်ကြာသောအခါ ကျိုးယောင်သည် ဖိုင်တွဲတစ်တွဲကို ကိုင်လျက် မဝံ့မရဲနှင့် ဝင်လာသည်။ “သူဌေးက ဒီလိုရူးရူးနှမ်းနှမ်းအရာတွေကို မြင်ချင်တာမလား”

“ဒီကိုပေးစမ်း” စုလီသည် ကြည့်ချင်ဇောများသွားပြီး သည်းမခံနိုင်ဖြစ်နေသည်။

စုလီသည် ထိုလူ၏ ခန့်မှန်းချက်နှင့် သီအိုရီများကို ဖတ်ပြနေသည် “သူနဲ့တွေ့ဖို့ မီတင်စီစဉ်လိုက် ငါသူနဲ့တွေ့ချင်နေပြီ”

ထိုလူသည် စုလီထင်ထားတာထက် နည်းနည်းအသက်ငယ်နေသည်။ ဒေါက်တာ အာခဲဘိုနိုကဲ့သို့ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပြီး စိတ်ကူးယဉ်ဆန်နေသော အပြုံးကို တွေ့လိုက်ရသည်။

“မစ်စတာစု ခင်ဗျားက အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်မှန်း ကျွန်တော်သိတယ်၊ ခင်ဗျားလိုလူတစ်ယောက်တည်းကသာ ကျွန်တော့်ပရောဂျက်ရဲ့ ဖြစ်နိုင်ချေတွေနဲ့ အချက်အချာကျတဲ့ အရေးပါမှုတွေကို မြင်နိုင်တာ၊ ကျွန်တော့်သုတေသနကို ရင်းနှီးမြှုပ်နှံပြီး ပံ့ပိုးပေးတာကြောင့် ကျွန်တော် စိတ်ကျေနပ်စရာအကောင်းဆုံး ရလဒ်တွေကို သေချာပေါက် ယူလာပေးမယ်!”

“ကျွန်တော်လည်း ဒဲ့ပဲပြောလိုက်တော့မယ်၊ ပထမဆုံးရင်းနှီးမြှုပ်နှံမှုအနေနဲ့ သန်း၂၀ပေးမယ် နောက်ကျရင် သန်း၂၀၀ထက်ပိုပြီး ပေးမယ်”

ထိုလူသည် သူ့လက်ကို အားတက်သရောပွတ်နေသည်။ “ခင်ဗျား လိုချင်တာကဘာလဲ”

“ပထမဆုံးသန်း၂၀ ရင်းနှီးမြှုပ်နှံမှုရဲ့ ရလဒ်ကို မြင်ချင်တယ်” စုလီက အပြုံးသဲ့သဲ့လေးနှင့် ပြောလိုက်သည်။

နှစ်ရက်ကြာသောအခါ ဒေါက်တာကျင့်၏ ဘဏ်အကောင့်ထဲသို့ ငွေသန်း၂၀၀ ဝင်လာသည်။

ဒေါက်တာကျင့်သည် နေ့ရောညပါ အလုပ်လုပ်လေသည်။

စုလီသည် သူ့ခြံဝန်းလေးထဲ၌ တရုတ်ထီးပန်းပင်နားတွင် ကောင်းကင်ကို ငေးကြည့်နေသည်။

သူသည် ထိုသို့လုပ်ခြင်းကို မှန်မမှန် မသိပေ၊ သို့မဟုတ် ထိုအရာ၏ နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုခု ရှိနိုင်မလား။ သူသည် ထိုအရာသည် ကံကောင်းထောက်မစွာနှင့် အောင်မြင်သွားမလား တွေးနေမိသည်...

ကြောင်ဝါပေါက်လေးသည် သူ့ခြေထောက်နားတွင် ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားနေကာ သူ့ပေါင်ပေါ် ခုန်တက်လိုက်ပြီး ထိုကြောင်လေး၏ နှုတ်ခမ်းတစ်ဝိုက် အမွှေးများနှင့် နှုတ်ခမ်းမွှေးများသည် နို့ရည်ဖြင့် စိုရွှဲနေသည်။

စုလီသည် ထိုကြောင်လေးကို ကြည့်ပြီး မရယ်ပဲမနေနိုင်တော့ပေ။ သူသည် လက်ကိုင်ပုဝါကိုယူလိုက်ကာ ကြောင်ပေါက်လေးပါးစပ်ကို သုတ်ပေးပြီးနောက် ဘီးနှင့် လက်သည်းညှပ်ကို ယူပြီးပြန်လာခဲ့သည်။

ရာသီဥတုသည် အလွန်သာယာလှသည်။ ထို့ကြောင့် သူသည် ကြောင်လေးကို အမွှေးများ ဖီးပေးခြင်း၊ လက်သည်းညှပ်ပေးခြင်းတို့ လုပ်ပေးရန် သင့်တော်သော အချိန်ပင်ဖြစ်သည်။

စုလီသည် ပျော်ရွှင်စွာဖြင့် ထိုသို့လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

အမွှေးများကို သေသပ်စွာ ဖီးပေးပြီးနောက် ကြောင်ပေါက်လေးကို သူ့ဒူးပေါ်တွင် ပက်လက်လှန်ပြီး တင်ထားလိုက်သည်။ စုလီသည် ကြောင်ပေါက်လေး၏ လက်ဖဝါးများကို ကိုင်ထားပေးပြီး လက်သည်းများ စညှပ်ပေးပါလေတော့သည်။

ကြောင်ပေါက်လေးသည် ငြိမ်ကျမသွားခင် နှစ်ကြိမ်မျှ အော်ဟစ်ကာ ရုန်းနေသေးသည်။ စုလီသည် ကြောင်ပေါက်လေးကို လက်သည်းညှပ်ပေးပြီးသောအခါ သူ့လက်ပေါ်တွင် တင်လိုက်ပြီး ကြောင်လေးကို အသာအယာပွတ်ပေးနေသည်။ သူသတိမထားမိလိုက်စဉ်တွင် ကြောင်ပေါက်လေးမှာ ကြောင်ညည်းသံလေးများ ထွက်နေပြီး ခေါင်းညိမ့်နေသည်။ ကြောင်ပေါက်လေးသည် သူ့လက်ဖဝါးနှစ်ဖက်ကို စုလီရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

စုလီလည်း သူ့မျက်လုံးများကို တဖြေးဖြေးမှိတ်လိုက်သည်။

သူသည် အိပ်ပျော်သွားပြီး အိပ်မက်ထပ်မက်ပြန်သည်။

ထိုအိပ်မက်ထဲတွင် သူသည်အရွယ်ရောက်နေပြီး စာသင်ခန်းထဲတွင် နိုးလာသည့်ပုံစံဖြစ်နေသည်။

ဆရာမသည် သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်နေပြီး ပုစ္ဆာတစ်ပုဒ် မေးလိုက်သည်။ အေးအေးဆေးဆေးနှင့်ပင် စုလီသည် မတ်တပ်ရပ်လိုက်ပြီး ထိုပုစ္ဆာကို တစ်ချက်ကြည့်ပြီး အဖြေကို ပြောပြလိုက်သည်။

ဆရာမ၏အမူအရာသည်လည်း ပြေလျော့သွားသည် “ထိုင်ပါဦး မင်းပင်ပန်းတယ်ဆိုရင် နောက်တစ်ခါ မတ်တပ်ရပ်နေ နားလည်လား”

“နားလည်ပါပြီ ဆရာမ” စုလီသည် ထိုင်လိုက်ပြီး သူ့စာအုပ်ကို ဖွင့်လိုက်သည်။ ပထမစာမျက်နှာတွင် နာမည်တစ်ခု ရေးထိုးထားသည်ကို တွေ့လိုက်သည်။

ရှောင်စစ်ကျင်း။

ထိုနာမည်မှာ စာလုံးသုံးလုံးတည်းသာဖြစ်သည်။

စုလီသည် ထိုနာမည်ကို ဂရုတစိုက်နှင့် စာရွက်ပေါ်တွင် သူ့ဘောပင်ဖြင့် ရေးလိုက်သည်။

စာသင်ချိန်ပြီးဆုံးသော အချက်ပေးခေါင်းလောင်းလည်း အသံမြည်လာခဲ့သည်။ မရင်းနှီးသော ကောင်လေးတစ်ယောက်သည် သူ့နားလာပြီး ပုခုံးနားကို လက်ဖြင့်ဘန်းခနဲ ရိုက်လိုက်သည်။

“သေစမ်း ရှောင်စစ်ကျင်း မင်းအိပ်နေတာကို ငါတွေ့လိုက်ပါတယ် အဲ့ဒါတောင် မင်းက စာသင်တာကို နားထောင်နေသေးတာလား သောက်ရမ်းမိုက်တယ် ငါ့ကိုသင်ပေးစမ်း မင်းအဲ့ဒါကို ဘယ်လိုမျိုးလုပ်လဲဆိုတာ”

စုလီသည် ခေါင်းယမ်းလိုက်သည်။ “အဲ့ဒါက မွေးရာပါ ပါရမီ”

“ဝေါင်း! အရောင်အဝါတွေ အရမ်းတောက်ပလာလို့ ငါ့မျက်လုံးကန်းသွားတော့မယ်! အိုး နေဦး မင်းကြွားနေတာတော့ မဟုတ်...!” ထိုကောင်လေး၏ စနောက်ပြီး ပြောနေသော စကားများမဆုံးခင်တွင် စုလီသည် အတန်အသင့်ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောပေ။

ကျောင်းဆင်းပြီးနောက် စုလီသည် ခြေနှစ်လှမ်းလောက် လှမ်းအပြီးတွင် တစ်ယောက်ယောက်က သူ့လွယ်အိတ်ကို ယူလိုက်သောကြောင့် တုံ့ဆိုင်းသွားသည်။

သူလှည့်ကြည့်လိုက်သောအခါ မျက်လုံးပြူးပြူးကောင်လေးကို တွေ့လိုက်သည်။ “အိမ်ပြန်လမ်းခရီးစဉ် ဘေးကင်းပါစေ”

ထိုကောင်လေးသည် တစ်ချက်မှ ပြောင်းလဲမသွားခဲ့ပေ။ ထိုကောင်လေးသည် လူများကို မျက်လုံးပြူးပြူးဖြင့် လိုက်ကြည့်နေတတ်သည်မှာ ငယ်ငယ်ကတည်းကပင် ဖြစ်သည်။

စုလီသည် “ဟင်း” ဟုပြောလိုက်ပြီး ရှောင်ရှစ်ထုန်လက်မှ သူ့လွယ်အိတ်ကို ပြန်ယူလိုက်သည်။ “သွားကြစို့”

ရှောင်ရှစ်ထုန်သည် လက်ထဲတွင် လွယ်အိတ်မရှိတော့သည်ကို ကြောင်ကြည့်နေပြီးနောက် လွယ်အိတ်ကို ပြန်လှမ်းယူဖို့ပြင်နေသည်။ စုလီက ရှောင်လိုက်သည်။ “ကျွန်တော့်ဘာသာ သယ်မယ်”

ရှောင်ရှစ်ထုန်သည် မပွင့်တပွင့်ပြောလိုက်သည်။ “အိုး” ထို့နောက် သူ့နောက် လိုက်လာခဲ့သည်။

စုလီသည် ခြေတစ်လှမ်းနှစ်လှမ်းလောက် လှမ်းပြီးသောအခါ ရှောင်ရှစ်ထုန်အတွက် စဉ်းစားပေးပြီး “အစ်ကို ရှေ့ကနေသွား”

ရှောင်ရှစ်ထုန်သည် ရပ်လိုက်ပြီး စုလီလက်ကို လှမ်းကိုင်လိုက်သည်။ “အတူတူ အိမ်ပြန်ကြမယ်”

အရွယ်ရောက် ကောင်လေးနှစ်ယောက် လက်တွဲ၍သွားသည်မှာ အနည်းငယ်ထူးဆန်းနေသလို ဖြစ်ပေမဲ့လည်း စုလီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့လက်ကို မလွှတ်ခဲ့ပေ။ သူသည် လိမ္မာစွာနှင့် ရှောင်ရှစ်ထုန်နောက်ကိုလိုက်ရင်း ရင်းနှီးနေသော ဆိုင်ငယ်လေးဆီသို့ ပြန်ရောက်လာခဲ့သည်။

ထိုဆိုင်လေးသည် စားသုံးသူများနှင့် စည်ကားနေသည်။ စုလီသည် ဆိုင်ထဲသို့ ထောင့်စေ့အောင် ဂရုတစိုက် လိုက်ကြည့်နေပြီး မှတ်ဉာဏ်ထဲ အသေးစိတ်မှတ်မိနေစေရန် ဖြစ်သည်။

တင်းရှက မုန့်တစ်ပန်းကန်ကို ယူလာပေးသည်။ “ပင်ပန်းနေပြီလား ဗိုက်ဆာပြီလား ညစာက မကြာခင်ရတော့မယ် ဒါကအဆာပြေစားဖို့”

တင်းရှကိုမြင်လိုက်ရ၍ စုလီမှာ ရုတ်တရက် ငိုချင်မိသွားသည်။

သူမသည် အသက်ရလာပြီးဖြစ်သောကြောင့် အရေးအကြောင်းများမှာ ပိုများလာသည်။

“သား အိမ်စာလုပ်လိုက်ဦးမယ်” စုလီသည် ထိုမုန့်ပန်းကန်ကို ယူပြီး နောက်ဖေးသို့ ထွက်သွားသည်။

သူ့အခန်းကိုရှာပြီး စာကြည့်စားပွဲတွင် ထိုင်ကာ မုန့်ပန်းကန်ကို ငေးကြည့်နေသည်။ မုန့်တစ်ခုကို ဖြေးဖြေးချင်း ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အရမ်းကို ချိုမြိန်လှသည်။

ညစာစားဖို့ မခေါ်ခင်အထိ သူသည် ထိုမုန့်ပန်းကန်အကြောင်း စဉ်းစားနေရင်း ပြတင်းပေါက်မှ ခြံဝန်းထဲ ငေးကြည့်နေသည်။

ညစာစားချိန်တွင် သူ့အဖေကို တွေ့ခဲ့သည်။

ရှောင်ကျွင်းသည် ယခုအခါတွင် ပို၍ ချောမောပြီး ခန့်ညားနေသည်။ စုလီသည် သူ့အဖေကိုကြည့်ပြီး သူအသက်ကြီးလာသောပုံနှင့် တော်တော်တူသည်ဟု တွေးတောနေမိသည်။

စုလီသည်စားနေစဉ်တွင် အရာရာတိုင်းကို အသေးစိတ် မှတ်ထားပြီး သူ့မှတ်ဉာဏ်ထဲတွင် အသေအချာ မှတ်မိနေစေရန် ဖြစ်သည်။

“ရှောင်စစ်ကျင်းက ဒီနေ့ အရမ်းလိမ္မာနေပါလား ထူးဆန်းလိုက်တာနော်” အဒေါ်ကျွမ်းက အပြုံးလေးနှင့် ပြောလိုက်သည်။

“အဲ့လောက်လည်း မဟုတ်ပါဘူး၊ နည်းနည်းပင်ပန်းနေရုံပါ” စုလီက ပြန်ဖြေလိုက်သည်။

အိပ်ရာဝင်ဖို့ ပြင်နေစဉ် တင်းရှရောက်လာခဲ့သည်။

“ဒီနေ့ စိတ်သိပ်မပျော်ဘူးလား” တင်းရှက ဂရုတစိုက် မေးလိုက်သည်။

“မဟုတ်ပါဘူး၊ အရမ်းပျော်ပါတယ်” စုလီက စိတ်ရင်းမှန်နှင့် ပြန်ဖြေလိုက်သည်။

“သား ဒီလောက်ထိ တစ်ခါမှ မပျော်ဖူးဘူး”

တင်းရှသည် သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။ “အရမ်းလည်း ကိုယ့်ကိုယ်ကို ပရက်ရှာတွေ ပေးမနေနဲ့ဦး၊ မင်းအမေနဲ့အဖေက မင်းအတွက် ဒီမှာရှိနေတယ်လေ”

“ဟင်း” စုလီသည် ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။

တင်းရှတစ်ဖက်သို့ လှည့်ပြီး ထွက်သွားဖို့ လုပ်နေသောအခါ စုလီက အော်ပြောလိုက်သည်။ “အမေ! သား အမေ့ကို အရမ်းချစ်တယ် အဖေ့ကိုရောပဲ အရမ်းချစ်တယ်”

တင်းရှသည် တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် ပြုံးပြလိုက်သည်။ “အမေတို့လည်း သားကို ချစ်ပါတယ်ကွယ်”

လှဲလိုက်ပြီးနောက်တွင်လည်း စုလီသည် ဆက်၍ပြုံးနေခဲ့သည်။ သူတွေးလိုက်သည်မှာ နောက်တစ်ခါ အိပ်မက်ထပ် မမက်ခဲ့လျှင်လည်း သူနောင်တရတော့မည် မဟုတ်ပေ။

All Chapters