← Chapters

နိုးထလာခြင်း

Vol. 3 Ch. 122

နိုးထလာခြင်း

Vol. 3 Ch. 122

ဘုန်း...

ရော့ဝဲလ်က ကောင်းကင်ပေါ်ကနေ ဘုရားကျောင်းရဲ့ ခန်းမကျယ်ကြီးဆီကို ပြန်ပြုတ်ကျလာတယ်။ ခန်းမက နဂိုကတည်းက ပြိုကျနေပြီးသားဖြစ်ပြီး မိုးကောင်းကင်က လကြီးကိုတောင် ဒီအတိုင်း မြင်နေရပါတယ်။

ပြိုင်ဘက်ဖြစ်တဲ့ ရဟန်းမင်းပီးယပ်က ဘာမှမဖြစ်သလိုမျိုး ပုံစံနဲ့ သူ့အရှိန်အဝါတွေကို ပြန်သိမ်းပြီး ဖြည်းဖြည်းချင်း မြေပေါ်ကို ပြန်ဆင်းလာတယ်။ ဆယ်ရာဖင်းနတ်သားက အနီရောင်အလင်းစက်လုံးလေးအဖြစ်ပြောင်းသွားပြီး ရွှေရောင်သဲနာရီထဲ ပြန်ဝင်သွားတယ်။ အစောပိုင်းက ထွက်ပေါ်နေခဲ့တဲ့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပဲ။

“ရော့ဝဲလ်... သူ့ကိုကာကွယ်ကြ...” နက်ဆန်က ကျန်တဲ့သူတွေကို အမိန့်ပေးလိုက်တယ်။ ခန်းမတစ်ခုလုံး ပြန့်ကျဲနေခဲ့တဲ့ အမှောင်ကျောင်းတော်ရဲ့ဘက်တော်သား အားလုံးက အပြေးရောက်ရှိလာပြီး ရော့ဝဲလ်ကိုဝိုင်းရံ ထားလိုက်ကြတယ်။ လောလောဆယ် ရော့ဝဲလ်က ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ သူ့နှလုံးသားနေရာကို ဆုပ်ကိုင်ထားပြီး ပီးယပ်ကို မကျေမနပ်ကြည့်နေပါတယ်။

“ရော့ဝဲလ်၊ ကျုပ်တို့တွေပြန်ဆုတ်ပြီး အင်အားပြန်စုရမယ်။ ခင်ဗျားဒဏ်ရာတွေကို ကုသဖို့အတွက် နည်းလမ်းရှိမှာပါ။”

နက်ဆန်က အကြံပေးလိုက်ပေမဲ့ ရော့ဝဲလ်က ခေါင်းကို ခါရမ်းလိုက်ပြီး

“ မျှော်လင့်ချက်မရှိတော့ဘူး၊ ကျုပ်ရှုံးသွားပြီ။” လို့ အားနည်းစွာနဲ့ ပြန်ဖြေလိုက်တယ်။ သူဟာအလွန် ကြီးမြတ်တဲ့ ရှေးအယ်ဒါတစ်ယောက်ဖြစ်နေလို့သာ အခုလိုဒဏ်ရာမျိုးရှိနေတာတောင် ချက်ချင်းသေမသွား သေးဘဲနဲ့ အခုလိုရပ်နေနိုင်တာပါ။ ဒါပေမဲ့ ကုသနိုင်တာထက် ကျော်လွန်နေမှတော့ ဘယ်လောက်များ နှလုံးမပါဘဲနဲ့ အသက်ရှင်နိုင်မှာလဲ။

ပီးယပ်ကတော့ ပါးစပ်ကိုနားရွက်တက်ချိတ်လောက်အောင် ပြုံးလိုက်ပြီး သူ့လက်ထဲက ကျိုင်းတုတ်ကိုမြှောက်လိုက် ပါတော့တယ်။

“ကဲ... မိစ္ဆာဒိဋ္ဌိတွေ သေကြစမ်း။”

ဧရာမအလင်းစက်ကွင်းကြီးဆယ့်နှစ်ခုက နက်ဆန်နဲ့သူ့ရဲ့ ကိုယ်ရံတော်တွေကို ဖိနှိပ်ထားလိုက်တယ်။ ခရူဆိတ်တာ အရိုးစုတွေက ချက်ချင်းအငွေ့ပျံပျောက်ကွယ်သွားပြီး ဖုတ်ကောင်တွေဖြစ်တဲ့ နာတာရှာနဲ့မော်လီတို့ရဲ့ခန္ဓာကိုယ် တွေလည်း စတင်လောင်ကျွမ်းခံရတယ်။ လူသားဖြစ်တဲ့ နက်ဆန်နဲ့ စကူးဘတ်ဖြစ်တဲ့ မိုနီကာတောင်မှ အဲဒီအလင်းနဲ့ ထိတွေ့မိတာနဲ့ ပူလောင်မှုကိုခံစားလိုက်ရတယ်။

“မကောင်းတော့ဘူး၊ ဒါက ဘုရားကျောင်းရဲ့ မဟာသန့်စင်ခြင်းမှော်ဂါထာပဲ။ အမှောင်မှော်နဲ့ဆက်နွယ်တဲ့ လူတွေအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်။”

မိုနီကာက သတိပေးလိုက်ပြီး နက်ဆန်ရဲ့လက်ကိုဆွဲကာ ဒီနေရာကနေ ထွက်ခွာသွားဖို့အတွက် အကြောင်းပြတယ်။ နက်ဆန်ကတော့ ဒဏ်ရာရထားတဲ့ရော့ဝဲလ်ကို ကြည့်ပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

“ကျန်တဲ့လူတွေအားလုံး ငါ့အရိပ်ထဲဝင်ကြ၊ ငါက အားလုံးကို ကာကွယ်ပေးမယ်။”

နက်ဆန်ရဲ့အရိပ်က မီတာခြောက်ဆယ်နီးပါးလောက်အထိ မြင့်တက်လာပြီး အလင်းရောင်ကို ပိတ်ဆို့ထားလိုက်တယ်။ နတ်ဘုရားခန္ဓာကိုယ်က ဆက်တိုက်လောင်ကျွမ်းနေပေမဲ့ သူက တောင့်ခံထားခဲ့ပြီး မော်လီ၊ နာတာရှာ၊ ပါစီဗယ်နဲ့ အိုလီရာနာတို့ကို သူ့အရိပ်ထဲဝင်စေခဲ့တယ်။ အဲဒီနောက် သူက ရော့ဝဲလ်ကိုကယ်တင်ဖို့ ကြိုးစားကြည့်ပေမဲ့ ဓားသူတော်စင်က ရှေ့တက်လာပြီး ဟန့်တားတယ်...

“ ရှုံးနိမ့်သွားတာတောင်မှ မင်းကိုယ်မင်းတစ်ခုခု လုပ်နိုင်ဦးမယ် ထင်နေတာလား။”

ရွှမ်း...

ဓားတစ်ချက်... ဓားသူတော်စင်ရဲ့ဓားချက်က တမန်တော် မောရှော ပင်လယ်ပြင်ကိုပိုင်းခြားတုန်းက အသုံးပြုခဲ့တဲ့ စွမ်းအားအပြည့်ပါဝင်နေခဲ့တယ်။ မီတာခြောက်ဆယ်နီးပါး ကြီးမားလှတဲ့ နက်ဆန်ရဲ့အမှောင်နတ်ဘုရားခန္ဓာကိုယ်က ထက်ပိုင်းဖြတ်ခံလိုက်ရပြီး သူ့ဒွာရာခုနစ်ပေါက်ကနေ သွေးတွေစီးကျလာတယ်။ သူ့အသိစိတ်က မျှင်းမျှင်းပဲ ရှိတော့တာဖြစ်ပြီး မိုနီကာကသာ သူ့ကိုဖေးမမထားခဲ့ရင် လဲကျနေလောက်ပါပြီ။

“သခင့်ကိုကာကွယ်ကြ...” နက်ဆန့်အရိပ်ထဲကနေ နက်ဆန်ရဲ့အစေခံတွေဖြစ်တဲ့ မော်လီ၊ နာတာရှာ၊ အိုလီရာနာတို့ထွက်လာပြီး နက်ဆန်ကိုကာကွယ်ဖို့ ကြိုးစားပေမဲ့ ဓားသူတော်စင်ရဲ့နောက်ထပ်ဓားချက် တစ်ချက်က သူတို့အားလုံးကိုဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပြီး နက်ဆန့်အရိပ်ထဲ ပြန်ခိုဝင်ရလောက်တဲ့အထိ ဖိအားပေးခဲ့ပါတယ်။

အခုနက်ဆန်က လုံးဝအကာအကွယ် ကင်းမဲ့သွားခဲ့ပြီ။

ဘုန်း...

ဒါပေမဲ့ ဓားသူတော်စင်နဲ့ဘုရားကျောင်းအဖွဲ့ဝင်တွေ တစ်ခုခုထပ်မလှုပ်ရှားနိုင်သေးခင်မှာပဲ ရေလက်ကြီး တစ်ဖက်က ဘုရားကျောင်းအဖွဲ့ကို ပိတ်ရိုက်လိုက်တယ်။ ရော့ဝဲလ်က မားမားမားမတ်မတ်ရပ်နေဆဲဖြစ်ပြီးတော့ သူ့ကိုအေးစက်စွာနဲ့ကြည့်နေတဲ့ ပီးယပ်နဲ့ဆက်လက် ရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်ထားပုံပါပဲ။

“မင်းသားလေး၊ ဒီဆီနိတ်တာရဲ့မိုက်မဲမှုကြောင့် ခင်ဗျားရော အမှောင်ကျောင်းတော်ပါ ကပ်ဘေးဆိုက်ခဲ့ရပြီ။ အခုကနေ စပြီးတော့ ကျုပ်တို့အမှောင်ကျောင်းတော်ဟာ တောခွေးတွေ အမဲလိုက်တာကို ခံရတော့မယ်။”

ပီးယပ်က ရော့ဝဲလ်ကြောင့် စိတ်မရှည်ဖြစ်လာပုံပါပဲ။ သူက ဖိအားကိုပိုတိုးပြီး ခြေဆောင့်လိုက်တယ်။ အလင်းလှံတွေ အများကြီးထွက်ပေါ်လာပြီး ရှောင်နိုင်စွမ်းကင်းမဲ့နေတဲ့ ရော့ဝဲလ်ရဲ့ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်တယ်။

သွေးစက်တွေအများကြီး မြေပေါ်ကိုကျဆင်းလာပေမဲ့ သွေးစက်တွေက သူတို့ကိုယ်တိုင်အသိစိတ်ရှိနေတဲ့အလား လှုပ်ရှားလာပြီး အလွန်တရာရှေးကျတဲ့ မှော်စက်ကွင်း အတွဲအဆက်တွေအဖြစ်ကို ပြောင်းလဲသွားတယ်။ စက်ကွင်း ခုနစ်ခုရှိနေပြီး တစ်ခုနဲ့တစ်ခုက အပြန်အလှန်ဆယ်နွယ် နေကာ ထောင်ပေါင်းများစွာသော လက်တင်မှော်ဂါထာ စာသားတွေပါဝင်နေတယ်။

မိုနီကာက အဲဒီစာသားတွေကိုမြင်ရုံနဲ့တင် မယုံနိုင်လောက်တဲ့ ပမာဏအထိ အံ့အားသင့်သွားခဲ့တယ်။

“ဒီမှော်ဂါထာက လင်ဘိုဘုံမှာတောင် ပျောက်ကွယ်နေတာ နှစ်ထောင်နဲ့ချီနေပြီ....”

ရော့ဝဲလ်ကတော့ နောက်ဆုံးကျန်နေသေးတဲ့အားအင်နဲ့ ခပ်ဟဟရယ်မောလိုက်တယ်။ ပီးယပ်ကတော့ ပိုပြီးတော့ စိုးရိမ်လာပုံနဲ့ ရော့ဝဲလိတို့အုပ်စုကို လက်ညိုးညွန်ပြ လိုက်ပါပြီ။ သူကိုယ်တိုင်က မှော်စက်ကွင်း​ကို ထိန်းသိမ်းထား ရတာဖြစ်တဲ့အတွက် ရော့ဝဲလ်ကို ဒီထက်ပိုပြီးတိုက်ခိုက်ဖို့ ခွန်အားမရှိတော့ပါဘူး။

“ သူတို့ကိုသတ်...” နောက်တော့ ဘုရားကျောင်းစစ်တပ်နဲ့ သူတော်စင်တွေဟာ နက်ဆန်တို့ဆီဦးတည်ပြီး ပြေးဝင်လာ ကြပါတယ်။

“ဒူလာဟမ်နဲ့ဟာဆန်း... သူတို့ကိုတားစမ်း။”

နက်ဆန်ရဲ့အစေခံတွေမဟုတ်တဲ့ ဒူလာဟမ်နဲ့အာရပ်ကြီးက နက်ဆန်ရဲ့အရိပ်ထဲ ဝင်ပုန်းနေတဲ့အထဲမှာ မပါခဲ့ပါဘူး။ သူတို့က ရဟန်မင်းကြီးအမိန့်နဲ့ အမှောင်ကျောင်းတော်ကို တိုက်ခိုက်ဖို့လာတဲ့ ဘုရားကျောင်းစစ်တပ်ကြီးကို နှစ်ယောက်တည်း စတင်ရင်ဆိုင်တယ်။ ခရူးဆိတ်တာတချို့ ရှိနေသေးပေမဲ့ သူတို့တွေက အလင်းမှော်ဂါထာအောက်မှာ စတင်ပျောက်ကွယ်နေပြီဖြစ်လို့ အကူအညီသိပ်မဖြစ် တော့ပါဘူး။

“ဒီသေခါနီးအဖိုးအိုကြီးက မင်းသားလေးကြီးပြင်းလာဖို့ အချိန်လုံလုံလောက်လောက် ဆွဲပေးထားနိုင်ဖို့ မျှော်လင့် ရတာပဲ။”

ရော့ဝဲလ်က သူ့လက်ညိုးနဲ့ မြေပြင်ကိုညွန်ပြလိုက်တယ်။ သွေးစ​က်တစ်စက်က သူ့လက်ညိုးကနေ ကျဆင်းသွားပြီး မြေပြင်မှာ နောက်ဆုံးလစ်ဟကျန်နေရစ်တဲ့ မှော်စာလုံးကို ရေးဆွဲပြီးသားဖြစ်သွားတယ်။

“အသက်ဝင်....”

ဝမ်...

မြေပြင်မှာရှိနေတဲ့ မှော်စက်ကွင်းခုနစ်ခုက ခရမ်းရောင် တောက်ပလာပြီးတော့ ပတ်ဝန်းကျင်လေဟာနယ်တည်ရှိမှု တစ်ခုလုံးက စတင်ယိုယွင်းပျက်စီးလာတယ်။ မှော်စက်ကွင်း ဆီကနေ ထွက်ပေါ်လာနေတဲ့အလင်းတွေက နက်ဆန်နဲ့ မိုနီကာတို့နှစ်ယောက်ကို ဖုံးအုပ်သွားပြီး နက်ဆန့်ရှေ့က ဘုရားကျောင်းနဲ့တိုက်ပွဲကြီးတစ်ခုလုံးက စတင်ပြီးတော့ ဝေဝါးလာခဲ့ပါတယ်။ အဝေးမှာကျန်ရစ်ခဲ့တဲ့ ပုံရိပ်တွေလို မျိုးပါပဲ။

“မင်းသားလေး... မင်းအယ်ဒါဖြစ်လာမယ့်နေ့အထိ ငါရှိမနေနိုင်တော့တဲ့အတွက် တောင်းပန်ပါတယ်။”

...

ဘုရားကျောင်းခန်းမကြီး မြင်ကွင်းထဲကနေ ပျောက်ကွယ် မသွားခင် မိုနီကာ နောက်ဆုံးမှတ်မိတာက နက်ဆန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားမိတာပါပဲ။ သူ့ခန္ဓာကိုယ်ကို ပတ်ပေါင်းစုံကနေ ဖိသိပ်ခံရတယ်လို့ခံစားရပြီးတော့ နာကျင်မှုကလည်း မခံစားနိုင်လောက်အောင်ပါပဲ။ အကြိမ်ကြိမ်အခါခါ လက်ထဲက နက်ဆန်ကိုလွတ်ကျမလို ​ဖြစ်သွားခဲ့ပေမဲ့ ရအောင်ဆွဲထားနိုင်ခဲ့တယ်။

“ဒီဂါထာက အဆင့်မြင့် နေရာပြောင်းရွေ့ခြင်းဂါထာပဲ။ ငါသူ့ကို တစ်နေရာရာမှာ လွတ်ကျခဲ့ရင် သူဘယ်မှန်းမသိတဲ့ နေရာတွေကို ရောက်သွားပြီး လူကွဲသွားလိမ့်မယ်။”

စကူးဘတ်မင်းသမီးတစ်ယောက်အနေနဲ့ မိုနီကာက မှော်ပညာဘာသာရပ်ပေါင်းစုံနဲ့ပတ်သက်လို့ ဗဟုသုတ များစွာရှိပါတယ်။ မိစ္ဆာဘုရင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ လီလစ်အုပ်ချုပ်တဲ့တိုင်းပြည်ဟာ အင်အားကြီးပြီးရှေးကျတဲ့ တိုင်းပြည်ဖြစ်တာမလို့ မှော်ပညာတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေလည်း စုံလင်စွာရှိပါတယ်။

ဒါကြောင့် ပျောက်ကွယ်သွားပြီဖြစ်တဲ့ အချိန်နှင့်အာကာသ အမျိုးအစား နေရာပြောင်းရွှေ့ခြင်းမှော်အကြောင်း သမိုင်းမှတ်တမ်းတချို့တလေရှိတယ်။ အဲဒီဂါထာကို အသုံးပြုဖို့အတွက် လိုအပ်တဲ့ အညွန်းမှတ်တမ်းတွေ ပိုင်ဆိုင်မထားခဲ့ဘူး ဆိုပေမဲ့ပေါ့။

ဘုတ်...

နေရာပြောင်းရွှေ့ခံနေရတဲ့အချိန်က ထာဝရနီးနီး ကြာညောင်းတယ်လို့ ခံစားရပေမဲ့ နောက်ဆုံးမှာတော့ ဖိအားတွေ ပျောက်ကွယ်သွားပြီး အောက်ကိုပြုတ်ကျတာ ခံစားမိလိုက်ရတယ်။

မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သွေးထွက်လွန်ပြီးတော့ သတိလစ်နေတဲ့နက်ဆန်ဟာ သူ့လက်ထဲမှာပဲရှိနေဆဲ ဖြစ်ပြီး စိတ်သက်သာရာရစွာနဲ့ သူသက်ပြင်းချလိုက်မိပါတယ်။

သူပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မှောင်မိုက်နေတဲ့ ကျောက်ဂူကြီးတစ်လုံးထဲမှာဖြစ်ကြောင်း သတိထားမိတယ်။ သူ့ကိုယ်သူပြန်ကြည့်တော့ မှော်ဂါထာကဖွင့်လှစ်လိုက်တဲ့ လေဟာနယ်လမ်းကြောင်းထဲမှာ ဖိအားဒဏ်ကို ခံခဲ့ရတဲ့ အတွက်ကြောင့် ဒဏ်ရာတော်တော်များများ ရထားတာကို သတိထားမိပါတယ်။

ကျောက်ဂူကြီးကို သေချာဆက်ပြီးလေ့လာကြည့်ချိန်မှာ ဂူထဲမှာ ရှေးခေတ်ကျောက်ခေါင်းတလားပေါင်းများစွာ ရှိနေပြီးတော့ ခရူဆိတ်တာစစ်သည်တွေရဲ့အသုံးအဆောင် အမှတ်အသားတွေနဲ့ ပြည့်နှက်နေတာ တွေ့လိုက်ရတယ်။

“ဒီနေရာက...”

မိုနီကာက ဒီနေရာကို ဘယ်တုန်းကမှ မရောက်ဖူးဘူး။ ဂူက သိပ်ကိုကြီးမားကျယ်ပြန့်ပြီး ဂူထဲမှာစီးဆင်းနေတဲ့ စမ်းချောင်းငယ်တစ်ခုတောင် ရှိနေပါသေးတယ်။ နေရာက အလွန့်အလွန်ကို တိတ်ဆိတ်နေပြီးတော့ လူသူကင်းမဲ့နေဟန် ပေါ်ပါတယ်။

နောက်တော့ မိုနီကာက ဒဏ်ရာအပြင်းအထန်ရထားတဲ့ နက်ဆန်ကို ပြန်ကြည့်လိုက်တယ်။ နောက်တော့ သူ့ကိုယ်သူ ပြန်ကြည့်တယ်။ သူလည်းဒဏ်ရာရထားပေမဲ့ သိပ်ပြီး အခြေအနေမဆိုးဘူး။ နက်ဆန်ရဲ့အစေခံတွေကိုခေါ်ဖို့ ကြိုးစားကြည့်ပေမဲ့ နက်ဆန်မှာ မှော်စွမ်းအားတစ်စက်မှ မရှိသလို သူတို့ကိုယ်တိုင်လည်း ထိခိုက်ထားတာဖြစ်လို့ မတုံ့ပြန်နိုင်ကြတော့ပါဘူး။

နောက်တော့ မိုနီကာက သွားစွယ်ပေါ်အောင် ပြုံးလိုက်တယ်။ “ဒါဆို လောလောဆယ် ငါနဲ့ဒါလင်ပဲ ရှိတယ်ဆိုတဲ့ သဘောမဟုတ်လား။ အဆိုးထဲက အကောင်းပဲ။”

...

ဆာဗွေနယ်စားနယ်မြေ၊ နယ်စားစံအိမ်။

ဆယ်ဗီက ခြံစည်းရိုးနားမှာရပ်နေပြီး သူ့လက်ထဲမှာတော့ ဓားကိုကိုင်ထားတယ်။ သူ့ပုံစံက ကြောက်ရွံနေပုံရပြီးတော့ သူ့ရှေ့မှာတော့ စိုးရိမ်နေပုံရတဲ့ ရိုဆယ်လီရာနဲ့ဆီနိတ်တာ ဒေါ်နယ်တို့ကို ကြည့်နေပါတယ်။

“ ကျေးဇူးပြုပြီး ကျွန်မကို ထွက်သွားခွင့်ပေးပါတော့။ ကျွန်မ အားလုံးသိပြီးပြီ။”

ရိုဆယ်လီရာက ခေါင်းခါလိုက်တယ်။ “ချစ်ဘာတွေ၊ ပြောနေတာလဲ။ ချစ်နဲ့တို့က စေ့စပ်ထားတဲ့ ချစ်သူတွေလေ။ ချစ်က နည်းနည်းနေမကောင်းရုံပဲ။”

“အလိမ်အညာတွေ... ရှင်ကျွန်မရဲ့မှတ်ဉာဏ်တွေကို ဖျောက်ပစ်လိုက်တယ်မဟုတ်လား။ ကျွန်မကိုယ်ကျွန်မ ဘာမှန်းတောင်မသိတော့အောင် ရှင်လုပ်ခဲ့တာ။ ကျေးဇူးပြုပြီး ကျွန်မဘာသာနေပါရစေ။”

“ချစ်၊ စိတ်အေးအေးထားပြီး တို့နဲ့ပြန်လိုက်ခဲ့။” ရိုဆယ်လီယာက ဆယ်ဗီကို တတ်နိုင်သမျှ ဖျောင်းဖျဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဆယ်ဗီက နားမထောင်ခဲ့ဘူး။

“ကျွန်မလမ်းကို ပိတ်မထားနဲ့...” ပြောပြောဆိုဆိုနဲ့ ဆယ်ဗီက ခြံစည်းရိုးတံခါးမကြီးဆီကို ပြေးပါတယ်။ ရိုဆယ်လီယာက လမ်းမှာပိတ်ရပ်လိုက်ပြီး ဆယ်ဗီရဲ့လက်မောင်းကို ဖမ်းကိုင်တယ်။ သူ့မျက်လုံးတွေထဲမှာတော့ သက်တံ မီးတောက်က ရှိနေခဲ့ပြီးသား။

“ချစ်၊ အရင်ဆုံး အိပ်လိုက်ပါဦး။” ရိုစယ်လီယာက အခြေအနေကို သာမန်အတိုင်းကိုင်တွယ်ဖို့အတွက် ဆုံးဖြတ်ထားခဲ့ပုံပါပဲ။

ဒါပေမဲ့ လက်ရှိဆယ်ဗီက သာမန်အတိုင်း လက်နက်မဲ့၊ ခွန်အားမဲ့နေတဲ့ ဆယ်ဗီမဟုတ်ပါဘူး။

“ကျွန်မကို မထိနဲ့။” ဆယ်ဗီ့လက်ထဲက ဓားက ငွေရောင် အလင်းနဲ့တောက်ပလာတယ်။ ရိုစယ်လီယာရဲ့အသားကို ဓားကမထိပေမဲ့ ရိုစယ်လီယာရဲ့လက်မောင်းမှာ ပြတ်ရှရာ တစ်ခုပေါ်လာကာ သွေးတွေပန်းထွက်လာတယ်။

အဲဒီနောက်တော့ ရိုစယ်လီယာက ဆယ်ဗီရဲ့ပခုံးပေါ်မှာ ရှိနေတဲ့ ကုပ်ကိုခွစီးနေတဲ့ မျက်မှန်နဲ့သရဲမကို မြင်လိုက်ရ တော့တာပဲ။

“တစ္ဆေနီ...” အဲဒီနောက်တော့ ရိုစယ်လီယာက ထိတ်လန့်မှုကြောင့် မြေပေါ်ကို ပုံလျက်သား ပြုတ်ကျသွားတယ်။ အလွန်ကိုအားနည်းတာ မှန်ပေမဲ့ သူ့လက်မောင်းကို လက်ဖဝါးနဲ့ဖိထားရင်း သွေးထွက် မလွန်စေဖို့နဲ့ သတိလစ်မသွားအောင် ဂရုစိုက်နေရတယ်။

“ဒါလွန်လွန်းသွားပြီ။” နောက်ဆုံးတော့ ဘေးမှာရှိနေတဲ့ ဆီနိတ်တာဒေါ်နယ်က မနေနိုင်တော့ဘဲ ဝင်ပါလိုက်တယ်။ ဆယ်ဗီက ဒေါ်နယ်ကိုလည်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ခွဲစိတ်ဓားမှာအားနည်းချက်တစ်ခုရှိနေပြီး ထိန်းချုပ်ရခက်တဲ့အပြင် စွမ်းအားသက်ရောက်ဖို့လည်း အချိန်အနည်းငယ်ကြာခြင်းပါ။

ဒေါ်နယ်က ဓားဦးသူ့ဘက်မရောက်ခင် ဓားကိုဆယ်ဗီ့ လက်ထဲကနေ ရိုက်ထုတ်လိုက်တယ်။ အဲဒီနောက်တော့ သူ့ညာလက်သီးကိုဆုပ်လိုက်ပြီး သူ့လက်သီးမှာမီးတွေ စတင်တောက်လောင်လာတယ်။

“မင်းကများ ငါတို့အယ်ဒါကို ဒဏ်ရာရအောင် လုပ်ရဲတယ်။”

ဘုန်း...

ဆီနိတ်တာဒေါ်နယ်ရဲ့လက်သီးက ဆယ်ဗီရဲ့ဝမ်းဗိုက်ကို တိတိကျကျထိမိသွားပြီး အရိုးကျိုးပဲ့တဲ့အသံ ထွက်လာခဲ့ ပါပြီ။ ဆယ်ဗီရဲ့ခါးရိုးက သိသိသာသာနေရာပျက်ယွင်း သွားပြီးတော့ လူက ချက်ချင်းမျက်ဖြူဆိုက်သွားတယ်။ ဒါပေမဲ့ အားနည်းတဲ့ဒီမိန်းကလေးရဲ့လက်ရှိအခြေအနေက သွေးဆူနေတဲ့ ဆီနိတ်တာဒေါ်နယ်ကို စိတ်ပြေစေဖို့ မလုံလောက်သေးပါဘူး။

“မီးလျှံတရစပ်လက်သီး...”

ဆီနိတ်တာဒေါ်နယ်ရဲ့လက်သီးချက်တွေက အရိပ်ဒါဇင်များစွာအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ဆယ်ဗီရဲ့ဖယောင်းရုပ်လိုခန္ဓာကိုယ်လေးပေါ်ကို မညှမတာကျဆင်းလာတယ်။ ရိုစယ်လီယာက တားဆီးဖို့ လုပ်ခဲ့ပေမဲ့ ဒေါ်နယ်ရဲ့တုံ့ပြန်မှုက သိပ်ကိုမြန်လွန်းတာမလို့ ပြောဖို့အချိန်တောင်မရခဲ့ပါဘူး။ ပထမဆုံးလက်သီးချက်နဲ့ နောက်လက်သီးချက်တွေထွက်ပေါ်ဖို့ ကုန်ဆုံးသွားတဲ့ အချိန်က စက္ကန့်အနည်းငယ်တောင်မရှိပါဘူး။

ဘုန်း... ဘုန်း.... ဘုန်း... ဘုန်း...

မကြာခင်မှာပဲ ဆယ်ဗီရဲ့ပုံပျက်ယွင်းနေပြီး ရစရာမရှိအောင် ပျက်စီးနေတဲ့ခန္ဓာကိုယ်က လွင့်စင်သွားပြီး မြေပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ပြန်ပြုတ်ကျလာတယ်။ ပြောစရာမလိုတာကတော့...

“သူအသက်မရှိတော့ဘူး...” ဒေါ်နယ်က အတည်ပြုလိုက်တယ်။ ဒါကြောင့် အခုအချိန်အထိ ဒဏ်ရာကိုဖိနှိပ်ရင်း ဆယ်ဗီကိုစိတ်ပူနေတဲ့ ရိုစယ်လီယာက ချက်ချင်းပဲ ကြေကွဲဝမ်းနည်းနေတဲ့ပုံစံ ဖြစ်သွားတယ်။

“မဟုတ်ဘူးလေ... ဒီလိုဖြစ်သွားလို့မရဘူး... ငါက သူ့ကို သေစေချင်ခဲ့တာမဟုတ်ဘူး...”

ရိုစယ်လီယာက မြေပေါ်လဲကျနေတဲ့ ဆယ်ဗီနားကို တိုးကပ်သွားဖို့ ကြိုးစားပေမဲ့ ဆီနိတ်တာဒေါ်နယ်က ဖမ်းဆွဲထားလိုက်တယ်။

“သခင်မ၊ တော်ပါတော့။ ဒီမိန်းကလေးအတွက်ကြောင့်နဲ့ သခင်မရဲ့အဖိုးတန်အချိန်တွေကို ဖြုန်းတီးခဲ့ရပြီးပြီ။ ကလဲ့စားချေဖို့ကို သတိရပါဦး။”

“ငါ့ကိုမထိနဲ့...” ရိုစယ်လီယာက ဒေါ်နယ်လက်ကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။ အခုထိဒေါ်နယ့်လက်မှာ ဆယ်ဗီရဲ့သွေးတွေ စွန်းထင်းနေတုန်းပဲ။

မီးလျှံကျောင်းတော်ရဲ့အယ်ဒါနဲ့ဆီနိတ်တာတို့ အချင်းချင်း ငြင်းခုန်နေကြတုန်းမှာပဲ ယုံနိုင်စရာမကောင်းတဲ့ ဖြစ်ရပ်က ဖြစ်လာခဲ့တယ်။

“ဟမ်...” ရိုစယ်လီယာရော ဒေါ်နယ်ပါ အချင်းများနေတာကို ရပ်လိုက်ပြီး ဆယ်ဗီရှိရာကို ကြည့်လိုက်တယ်။ အခုဆယ်ဗီက မြေပေါ်မှာ ပုံပျက်ပန်းပျက်နဲ့ လဲကျမနေတော့ဘူး။ အဲဒီအစား မားမားမတ်မတ်ရပ်နေပြီး မျက်နှာကတော့ အောက်ကိုငိုက်ကျနေတယ်။

“ဒဏ်ရာတွေ ဘယ်ရောက်သွားတာလဲ။” ဒေါ်နယ်က အလန့်တကြား ပြောလိုက်တယ်။ သူ့လက်သီးချက်တွေက မိန်းကလေးတစ်ယောက်အတွက် လူမဆန်လောက်အောင် ပြင်းထန်တယ်။ ဒါပေမဲ့ ဆယ်ဗီက ပြန်ထလာနိုင်တဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှမရှိနေဘူး။

“...” ဆယ်ဗီက ခေါင်းကိုမော့လိုက်ပြီး ဒေါ်နယ်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက မျက်ဆန်ရှိမနေဘူး။ အဲဒီအစား နဖူးအလယ်တည့်တည့်မှာ အနီရောင် ကျောက်မျက်လိုအရာတစ်ခု ပေါ်လာနေပြီး သင်းကျစ် တစ်ခုအဖြစ် ဖွဲ့တည်သွားတယ်။ နားမှာလည်း ရှေးခေတ် နားဆွဲနဲ့ဆင်တူတဲ့ ပုံရိပ်တစ်ခု ဝေဝေဝါးဝါးဖြစ်တည် လာခဲ့ပါတယ်။ နောက်တော့...

ဝုန်း....

ကြောက်စရာကောင်းတဲ့ အငွေ့အသက်တစ်ခုက နယ်စား စံအိမ်ခြံဝင်းထဲ ပြန့်နှံလာပြီး ပန်းခြံထဲက အပင်တွေရဲ့ သစ်ရွက်တွေအားလုံးကို ကြွေကျသွားစေခဲ့တယ်။

All Chapters