← Chapters

သေစမ်း

Vol. 156 Ch. 2340

သေစမ်း

Vol. 156 Ch. 2340

“ဟမ်...”

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

ဤကဲ့သို့သောအခိုက်အတန့်မှာ ဤလိုဏ်ဂူထဲတွင် ဘယ်သူကများ သူတို့ကို ဤကဲ့သို့သောပုံစံဖြင့် ရှေ့ထွက်ပြီး ပြောဆိုရဲတာလဲ။

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများ၏ အကြည့်များက ဆူဇီမိုပေါ်သို့ ဆင်းသက်ရောက်ရှိလာသောအခါ သူတို့က အနည်းငယ်မှင်တက်သွား၏။

လူတိုင်း၏ စိတ်အာရုံသည် နတ်မိမယ်နှစ်ပါးပေါ်တွင်သာ ရောက်ရှိနေခဲ့ကြ၏။ ထို့ကြောင့် နုနယ်ပုံရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို အစကတည်းက မည်သူကမှ အာရုံမစိုက်ခဲ့ကြပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သိပ်သည်းပြင်းထန်သောသတ်ဖြတ်လိုစိတ်နှင့်အတူ ရုတ်တရက် ရှေ့သို့ထွက်လာပြီး ဤကဲ့သို့ အထက်စီးဆန်သောစကားကို ပြောဆိုလိုက်၏။ အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက အနည်းငယ်မှင်တက်သွားပြီး သူ၏ နောက်ခံကို ချက်ချင်းမဖော်ထုတ်နိုင်ပေ။

သူတို့သည် အဝီစိမှာ တစ်ဘက်သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မစစ်ဆေးနိုင်ကြပေ။

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများသည် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကိုလည်း မသိရှိကြပေ။ သို့သော်လည်း ဆူဇီမိုသည် နတ်မိမယ်နှစ်ဦးနှင့်အတူ သွားလာနိုင်သောကြောင့် သူက ပကတိအင်မော်တယ်ပညာရှင်တစ်ဦး ဖြစ်ရပေမည်။

ကျောက်စိမ်းအရိုးဒေဝီက ရယ်မောလိုက်၏။

“လူငယ်လေး စိတ်မတိုစမ်း...”

“လွှတ်ပေးလိုက်”

နတ်မိမယ်နှစ်ပါး၏ ဘေးသို့ရောက်ရှိလာပြီးနောက် ဆူဇီမိုက ကျောက်စိမ်းအရိုးဒေဝီ၏ စကားကိုဖြတ်ပြောကာ သူမနှင့် တဏှာအရိုးမိစ္ဆာကို အေးစက်စွာစိုက်ကြည့်လိုက်၏။

တဏှာအရိုးမိစ္ဆာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်သော်လည်း သူက ချက်ချက်းဒေါသထွက်မလာခဲ့ပေ။ သူက ယွင်ကျူး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မျက်ခုံးပင့်ကာ မေးလိုက်၏။

“မင်းရဲ့ကျင့်ကြံမှုက ဘယ်လောက်မို့လဲ... မင်းက ငါ့ကိုဒီလိုပုံစံနဲ့ ဘယ်လိုတောင်ပြောရဲတာလဲ “

သူသည် ဆူဇီမို၏ အော်ရာမှာ အနည်းငယ်မှင်တက်နေပြီး ခဏကြာသည်အထိ မရေမရာဖြစ်ကာ အကဲစမ်းကြည့်နေသည်။

“တာအိုရောင်းရင်း... ဘာမှပူမနေနဲ့ သူက အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ”

မလှမ်းမကမ်းကနေ ရှဲ့ထျန်ဟုန်က မိစ္ဆာများစဥ်းစားနေသည့်အရာကို နားလည်သဘောပေါက်သွားပြီး အလောတကြီးရှေ့ထွက်ပြောလိုက်၏။

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက ထူးဆန်းသော အမူအရာများနှင့်အတူ သူတို့၏ ပါးစပ်များကို အနည်းငယ်ဖွင့်ဟလိုက်ကြ၏။

“ဟားဟားဟားဟား”

ချက်ချင်းပင် မိစ္ဆာများက ဟားတိုက်ရယ်မောပြီး ဆူဇီမိုကို လှောင်ပြောင်သရော်လိုသောအကြည့်များနှင့်အတူ ကြည့်လိုက်ကြ၏။

“သူက ဘယ်သူများလဲလို့... လက်စသတ်တော့ ပုရွက်ဆိတ်တစ်ကောင်ပဲ”

တဏှာအရိုးမိစ္ဆာက သူ၏ ခေါင်းကိုမော့၍ ရယ်မောပြီး အော်ငေါက်လိုက်၏။

“သောက်သုံးမကျတဲ့ အနိမ့်တန်းကောင်းကင်အင်မော်တယ်... ဒါက မင်းစကားဝင်ပြောရမယ့်နေရာမဟုတ်ဘူး.. ထွက်သွားစမ်း”

(သိကြမယ်ထင်ပေမယ့် နည်းနည်းလောက် ရှင်းပြပါရစေ။ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင် အမြုတေနယ်ပယ်တို့မှာ နယ်ပယ်တစ်ခုချင်းစီကို အဆင့် ၉ ဆင့် ပြန်ခွဲထားတာ သိကြမှာပါ။ အဆင့် ၁၊ ၂၊ ၃ တို့ကို အနိမ့်တန်း၊ အဆင့် ၄၊ ၅၊ ၆ တို့ကို အလတ်တန်း၊ အဆင့် ၇၊ ၈၊ ၉ တို့ကို အမြင့်တန်းဟု အကြမ်းဖျင်း ခွဲခေါ်တတ်ကြပါတယ်။ ဆူဇီမိုက အဆင့်-၂ ကောင်းကင်အင်မော်တယ်ဖြစ်လို့ အနိမ့်တန်းကောင်းကင်အင်မော်တယ်လို့ အခေါ်ခံရတာပါ။ အဲ့ဒါက ပါရမီ၊ အရည်အချင်းနဲ့ မဆိုင်ပါဘူး။)

“သေစမ်း”

ရုတ်တရက် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

သူ့စကားသံ ဆုံးသွားချိန်မှာပင် သူက တဏှာအရိုးမိစ္ဆာ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူ၏ နှာရောင်ကနေ လေးထောင့်ကျကျကြေးမီးဖိုတစ်လုံးက လွင့်မျောထွက်ပေါ်လာ၏။

သူက ငရဲဖိနှိမ်မီးဖိုကို သာမန်ကာလျှံကာဆုပ်ကိုင်ပြီး အဲ့ဒါကို တဏှာအရိုးမိစ္ဆာထံ ပစ်ရိုက်လိုက်၏။

“မင်းက ငါ့ရှေ့မှာ မင်းရဲ့သတ္တုပျက်ကို ဘယ်လိုတောင်ထုတ်ပြရဲတာလဲ”

တဏှာအရိုးမိစ္ဆာက အ​ကြောက်အလန့်မရှိပေ။

ကောင်းကင်အဆင့် ဓမ္မရတနာများကို မပြောနှင့် ပကတိအင်မော်တယ်ပညာရှင်များအသုံးပြုသော အသိစိတ်ရှိဓမ္မရတနာများပင်လျှင် အဝီစိမှာ စွမ်းအားများစွာကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

တဏှာအရိုးမိစ္ဆာက ယွင်ကျူး၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ငရဲဖိနှိမ်မီးဖိုကို ပစ်ရိုက်လိုက်၏။

ဖောင်း...

တဏှာအရိုးမိစ္ဆာ၏ လက်သီးက ငရဲဖိနှိမ်မီးဖိုနှင့် ထိတွေ့ရိုက်ခတ်သွားသောအခါ အဲ့ဒါက သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။

သူ၏ လက်တစ်ဖက်လုံးက သူ၏ အရွတ်များနှင့် အရိုးများကျိုးကြေသည်အထိ ရိုက်ချခံလိုက်ရ​ပြီး သူ၏ အသားစများက အဘက်ဘက်ကိုပြန့်ကျဲသွား၏။

အား...

တဏှာအရိုးမိစ္ဆာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက စူးစူးဝါးဝါးအော်ဟစ်ကာ နောက်သို့ဆုတ်သွား၏။

ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး သူ့ကို မည်သည့်အခွင့်အရေးမှ မပေးပေ။ သူက ငရဲဖိနှိမ်မီးဖိုကိုမြှောက်ပြီး တဏှားအရိုးမိစ္ဆာ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ဖောင်း

ငရဲဖိနှိမ်မီးဖိုက ဆင်းသက်လာသောအခါ တဏှာအရိုးမိစ္ဆာ၏ ဦးခေါင်းက ကျိုးကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ ချက်ချင်းသေဆုံးသွား၏။

လိုဏ်ဂူထဲမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

လူတိုင်းက တုန်လှုပ်၍ နေရာမှာပင် ငေးငိုင်နေကြ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် နက်ရှိုင်းသောအဓိပ္ပါယ်ကို တွေ့မြင်နေရပြီး ရင်တလှပ်လှပ်ခံစားလိုက်ရ၏။

ဆူဇီမိုမှာ ဤကဲ့သို့သောဝှက်ဖဲတစ်ခုရှိနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

ဆူဇီမိုသည် ယခင်က ဤကဲ့သို့သောလှုပ်ရှားမှုကို ရုတ်တရက်ထုတ်ဖော်လိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်သည် ကြိုတင်ပြင်ဆင်ထားမှုမရှိပါက နေရာမှာပင် သေဆုံးသွားရဖို့များလေသည်။

မိစ္ဆာ ၁၄ ဖော်စလုံးသည် အရိုးဖြူမိစ္ဆာသုတ္တန်၏ တစ်စိတ်တစ်ပိုင်းစီ ကျင့်ကြံထားကြ၏။

သူတို့က မတူညီသောအပိုင်းများကို ကျင့်ကြံထားပြီး သူတို့၏ ကိုယ်ကာယများနှင့် အရိုးများ၏ ဝိသေသလက္ခဏာများက ကွဲပြားခြားနားကြသည်။

ဆင်တူမှုရှိသည့် တစ်ခုတည်းသောအရာမှာ မိစ္ဆာ ၁၄ဖော်သည် ပကတိမိစ္ဆာများကြားမှာ ခန္ဓာမီးဆေးပညာရှင်များဖြစ်ကြသည်။

သို့သော်လည်း သူတို့၏ အရိုးများနှင့် ခန္ဓာကိုယ်များက ဘယ်လောက်ထိသန်မာသည်ဖြစ်စေ သူတို့သည် ငရဲဖိနှိမ်မီးဖို၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

အဲ့ဒါက အရမ်းကိုမြန်ဆန်၏။

အရိုးဖြူမိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် အစက တိုက်ခိုက်ဖို့စိတ်ကူးမရှိဘဲ ပြပွဲကိုသာ စောင့်ကြည့်ချင်ခဲ့ကြ၏။

ယခု... တဏှာအရိုးမိစ္ဆာက ဆိုးဆိုးဝါးဝါးသေဆုံးသွားရလေပြီ။

တခြားသူများသည် သူ့ကိုကယ်တင်ဖို့ပင် အချိန်မရခဲ့ပေ။

အနိမ့်တန်းကောင်းကင်အင်မော်တယ်တစ်ယောက်သည် ဤကဲ့သို့သော အခြေအနေမှာ သူတို့ကိုတိုက်ခိုက်ရဲလိမ့်မည်ဟု မိစ္ဆာများက ထင်မှတ်မထားခဲ့ပေ။

အဲ့ဒါထက် တဏှာအရိုးမိစ္ဆာသည် နှစ်ချီမပြည့်ခင်မှာပင် ဆိုးဆိုးဝါးဝါးသေဆုံးသွားရလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

တဏှာအရိုးမိစ္ဆာက သေဆုံးသွားပြီး ယွင်ကျူးက လွတ်မြောက်သွား၏။

ဆူဇီမိုက ယွင်ကျူး၏ လက်ကိုဆွဲပြီး သူ၏ နောက်ကို ပို့လိုက်သည်။

ယွင်ကျူးက ဖြစ်စဥ်တစ်ခုလုံးမှာ ကြောင်အ,မှင်တက်နေ၏။

“ပြီးသွားပြီ”

အရိုးမိစ္ဆာ ၁၄ဖော်ထဲမှတစ်ယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် ဆူဇီမိုက သေချာပေါက်သေရတော့မည်ကို သူမက နားလည်သဘောပေါက်လိုက်၏။

သူသည် ငရဲဖိနှိမ်မီးဖိုကိုသုံးပြီး တဏှာအရိုးမိစ္ဆာကို အငိုက်ဖမ်းကာ သတ်ဖြတ်နိုင်ခဲ့၏။ သို့သော်လည်း တစ်ဘက်လူများက တုံ့ပြန်လာသည်နှင့်အမျှ ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်ပင်လျှင် အရိုးဖြူဂိုဏ်းမှ မိစ္ဆာများ၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကနေ ခုခံနိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက သတ်ဖြတ်ရာမှာ ပြတ်သားပြီး တဏှာအရိုးမိစ္ဆာကို အသေရိုက်သတ်လိုက်၏။ သူက ရပ်တန့်ခြင်းမရှိဘဲ ခြေလှမ်းကျဲကျဲလှမ်းကာ မိုချင်၏ ဘေးသို့ ရောက်ရှိလာ၏။

သူက ငရဲဖိနှိမ်မီးဖိုကိုကိုင်မြှောက်ပြီး ကျောက်စိမ်းအရိုးဒေဝီကို ပစ်ရိုက်ချလိုက်သည်။

“အဲ့ဒီမီးဖိုကို သတိထား”

ရုတ်တရက် ဂိုဏ်းချုပ်အရိုးဖြူက မတ်တတ်ထရပ်ပြီး ချိုင့်ဝင်နေသော သူ၏ မျက်လုံးများထဲမှာ ညိုမှောင်နေသောအလင်းတစ်ချက်နှင့်အတူ တင်းမာခက်ထန်စွာပြောလိုက်၏။

ဤနေရာမှာ လက်နက်အများစုက သူတို့၏ ခွန်အားကို ဆုံးရှုံးရပေလိမ့်မည်။

ဆူဇီမို၏ လက်ထဲရှိ ငရဲဖိနှိမ်မီးဖိုကတော့ သူ့မှာ တိကျ​သေသပ်သောအနားစောင်းများရှိပြီး ရှေးကျ၍ ရက်စက်ကြမ်းတမ်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ အဲ့ဒါက စွမ်းအားကြီးမား၍ တောင့်တင်းခိုင်မာပြီး အဝီစိ၏ သက်ရောက်ခြင်းမခံရသည်မှာ သိသာနေသည်။

ဤလေးထောင့်စပ်စပ် ကြေးမီးဖိုသည် ဧကရာဇ်လက်နက်တစ်ခုဖြစ်ဖို့များပြီး သူ့လက်ထဲရှိအရိုးဆေဘာထက် အားမနည်းလောက်ပေ။

ဂိုဏ်းချုပ်အရိုးဖြူ၏ သတိပေးမှုမရှိလျှင်တောင် ငရဲဖိနှိမ်မီးဖိုသည် ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ ကျောက်စိမ်းအရိုးဒေဝီက အာရုံခံမိနိုင်၏။

သို့သော်လည်း သူမက ပျာပျာသလဲဖြစ်မသွားဘဲ သူမ၏ ခြေထောက်များကို ရွေ့လျားကာ မိုချင်၏ အဆစ်များကို ချုပ်နှောင်ထားဆဲဖြစ်၏။ သူမသည် တစ်ချိန်လုံး သူမ၏ ရှေ့မှာ မိုချင်ကို ဒိုင်းကာအဖြစ် အသုံးပြုထားသည်။

“နင်က... ငါ့ကိုသတ်ချင်တယ်ဆိုရင် အတွေ့အကြုံနုလွန်းသေးတယ်”

ကျောက်စိမ်းအရိုး​ဒေဝီက ရယ်မောလိုက်၏။

အရိုးမိစ္ဆာ ၇ဖော်က ရှေ့သို့တက်လှမ်း၍ ဆူဇီမိုထံသို့ ပြေးဝင်လာကြပြီဖြစ်၏။

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာ၏။ ရုတ်တရက် သူက အော်ငေါက်လိုက်ပြီး အန္တိမစွမ်းပကားတစ်ခုပါဝင်သော နဂါးဟိန်းသံတစ်သံကို ထုတ်ဖော်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားစေ၏။

နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို အသုံးမပြုနိုင်သည့်အတွက် သိသိသာသာလျော့ကျသွားသော်လည်း အဲ့ဒါက အလွန်တရာစိုးမိုးခြယ်လှယ်နိုင်သော စွမ်းအင်အတက်အကျတစ်ခုကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။

အရိုးမိစ္တာ ၇ဖော်က ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ ခြေလှမ်းများက ရပ်တန့်သွားကြ၏။

ကျောက်စိမ်းအရိုးဒေဝီက ဆူဇီမိုနှင့် အနီးဆုံးဖြစ်ပြီး သူမ၏ စိတ်က တုန်ခါလှိုင်း​ကြောင့် တဝီဝီအော်မြည်နေ၏။

ထိုတဒင်္ဂရပ်တန့်မှုမှာ ဆူဇီမိုက ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး ငရဲဖိနှိမ်မီးဖိုက ဆင်းသက်လာခဲ့၏။

ကျောက်စိမ်းအရိုးဒေဝီက သူမ၏ ငေးငိုင်ရာကနေ နိုးထလာသည့်အချိန်မှာ ငရဲဖိနှိမ်မီးဖိုက သူမ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာခဲ့လေပြီ။

“အား...”

သူမက ခပ်စူးစူးအော်ပြီး မိုချင်ကို ဒိုင်းကာအဖြစ် အချိန်မီအသုံးမချနိုင်တော့ဘဲ နောက်သို့ဆုတ်လိုက်ရ၏။

ဖြောက်...

ကျောက်စိမ်းအရိုးဒေဝီက ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်၏။

သူမ၏ ပခုံးတစ်ခြမ်းက ငရဲဖိနှိမ်မိးဖိုဖြင့် ပစ်ရိုက်ခြင်းခံလိုက်ရပြီး သူမ၏ လက်တစ်ဖက်လုံးသည် သွေးသံရဲရဲဖြင့် သူမ၏ ပခုံးရင်းကနေ ပြတ်ကျသွားသည်။

“အား... အား အား...”

ကျောက်စိမ်းအရိုးဒေဝီက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူမသည် သွေးချီအမြောက်အမြားကို ဆုံးရှုံးလိုက်ရပြီး သူမ၏ မျက်နှာက မြင်နိုင်သောနှုန်းထားဖြင့် အိုစာလာခဲ့၏။

တစ်ခဏချင်းမှာပင် သူမက ညှိုးခြောက်၍ ပါးရေနားရေများတွန့်နေသော အဝါရောင်မျက်နှာနှင့် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။

အဲ့ဒါက သူမ၏ မူလရုပ်ရည်သွင်ပြင်ဖြစ်သည်။

သို့သော်လည်း သူမသည် လူပျိုယောင်္ကျားလေးများ၏ သွေးထဲရှိ ယန်အဆီအနှစ်ကို အဆက်မပြတ်စုပ်ယူခြင်းဖြင့် သူမကိုယ်သူမနုပျိုအောင် ထိန်းသိမ်းထားခဲ့သည်။

ယခုအချိန်မှာ သူမသည် သွေးချီအမြောက်အမြားကို ဆုံးရှုံးသွားရပြီး သူမ၏ ဒဏ်ရာများကို ချက်ချင်းမရပ်တန့်နိုင်ဘဲ သူမ၏ နဂိုအခြေအနေသို့ ပြောင်းလဲသွားရသည်။

“နင်ငါ့ကို ဖျက်ဆီးလိုက်တာပဲ”

ကျောက်စိမ်းအရိုးဒေဝီက သူမ၏ မျက်လုံးထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်နှင့်အတူ ခပ်စူးစူးအော်ပြောလိုက်၏။ သူမက အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။

“ခွေးကောင်​လေး... ငါနင့်ကိုသတ်ပြီး နင့်ရဲ့သွေးကို ခန်းခြောက်တဲ့အထိ စုပ်ယူမယ်”

ဆူဇီမိုက မိုချင်ကို ကယ်တင်ပေးခဲ့ပြီဖြစ်ပြီး သူမကို သူ၏ နောက်သို့ ပို့လိုက်သည်။

ကျောက်စိမ်းအရိုးဒေဝီ၏ ခြိမ်းခြောက်စကားကို ကြားသောအခါ သူက အသံတိတ်၍ လှောင်ရယ်လိုက်သည်။ သူက ငရဲဖိနှိမ်မီးဖိုကို နောက်တစ်ဖန်ကိုင်မြှောက်ပြီး သူမ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ကျောက်စိမ်းအရိုးဒေဝီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူမက ငရဲဖိနှိမ်မီးဖိုနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိတော့ပေ။

ထိုစဥ်မှာပင် ပုံရိပ်တစ်ခုက ပေါ်ထွက်လာပြီး ကျောက်စိမ်းအရိုးဒေဝီကို ကာပေးလိုက်၏။

“ကိစ္စတွေကို အဆုံးသတ်ဖို့ အချိန်ကျပြီပဲ”

ဂိုဏ်းချုပ်အရိုးဖြူက ဆင်းသက်လာပြီး မှင်သေသေဖြင့် ပြောလိုက်၏။

All Chapters