အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
Vol. 156 Ch. 2326
အခြားတစ်ဘက်မှာ...။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်သည် ငရဲဖိနှိမ်မီးဖိုကနေထွက်ခွာလာပြီး ၎င်း၏ အောက်ဘက်မှာ ဆူနာမီတစ်ခုဖြစ်ပေါ်လာပုံရ၏။
၎င်းသည် ကို့ယို့ကားယားနိုင်၍ ကြီးမားပုံပေါ်သော်လည်း ၎င်းက အံ့မခန်းအမြန်နှုန်းဖြင့် ပင်လယ်ရေများကို ဖြတ်ကျော်လာပြီး ရှဲ့ထျန်ဟုန်ထံသို့ ရန်လိုခက်ထန်စွာပြေးဝင်လာ၏။
ရှဲ့ထျန်ဟုန်သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အရင်ဆုံးသတိထားပြီး နောက်သို့ဆုတ်ခွာလိုက်၏။
ထို့ကြောင့် သူသည် အခြားသုံးယောက်ထက် တုံ့ပြန်ချိန်ပိုမိုရရှိခဲ့လေသည်။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က ထွက်ခွာလာသည့်ခဏမှာပင် သူက ၎င်းကိုတိုက်ခိုက်ဖို့အတွက် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့လိုက်ပြီဖြစ်၏။
ဘုန်း...
အန္တိမနတ်ဘုရားစွမ်းအားက မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကို ထိခတ်သွား၏။
သို့သော်လည်း မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က ဂရုမစိုက်သည့်ပုံရှိလေသည်။ ၎င်း၏ လိပ်ခွံပေါ်မှာ အလင်းတန်းများက တောက်ပလာပြီး အန္တိမနတ်ဘုရားစွမ်းအားကို ချေဖျက်လိုက်၏။
ရှဲ့ထျန်ဟုန်ကလည်း ထိုအဟုန်ကို အသုံးချကာ နောက်သို့ဆုတ်ခွာသွား၏။ သူ၏ နောက်ဘက်မှာ ရာနှင့်ချီသော ကောင်းကင်အင်မော်တယ်ပညာရှင်များက ရှေ့သို့ပြေးဝင်လာပြီး အန္တိမနတ်ဘုရားစွမ်းအားများ၊ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကို ထုတ်ဖော်ကာ မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကို ထိခတ်သွားစေ၏။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ တိုက်ခိုက်မှုက သန်မာသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း အထွတ်အမြတ်ဝိညာဥ်လေးခုကြားမှာ ၎င်း၏ ခံစစ်အားက အထွတ်အထိပ်မှာရှိလေသည်။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ နောက်ဘက်မှာ သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးက တလိပ်လိပ်ထိုးတက်လာ၏။ လိပ်ခွံပေါ်ရှိ လျှိုမြောင်များကလည်း တောက်ပလာခဲ့၏။
နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများစွာက ကြီးမားသောလှိုင်းလုံးများကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူတို့၏ ခွန်အားက သိသိသာသာလျှော့ကျသွား၏။
သူတို့ကနောက်ဆုံး မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ ကျောပေါ်သို့ ဆင်းသက်လာသည့်အချိန်မှာ ပျက်စီးထိခိုက်မှုက များစွာလျော့ကျသွားလေသည်။
မင်းသားယွမ်ကျောသည် ရှဲ့ထျန်ဟုန်လို ချက်ချင်းနောက်သို့ဆုတ်ခွာဖို့ ပြတ်သားမှုမရှိခဲ့ပေ။ သို့သော်လည်း သူက သူ၏ အရှိန်အဟုန်ကို လျှော့ချပြီး သတိအနေအထားမှာရှိနေသေး၏။ ထို့ကြောင့် မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်က ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်ခဏမှာပင် သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွား၏။ သူက နောက်သို့ဆုတ်ခွာရင်း နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တစ်ခုကိုစုဖွဲ့ကာ ရှေ့သို့ တိုက်ခိုက်လိုက်၏။
ဘန်း ဘန်း ဘန်း...
မိုးပြာနဂါးက အလွန်တရာမြန်ဆန်စွာဖြင့် ရှေ့သို့ပြေးဝင်လာပြီး မင်းသားယွမ်ကျော၏ နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ကို ကြေမွသွားစေ၏။ တစ်ခဏချင်းမှာပင် ၎င်းက သူ့ရှေ့သို့ ရောက်ရှိလာခဲ့၏။
၎င်းက အရမ်းကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလေသည်။
မင်းသားယွမ်ကျောသည် သူ၏ ရှေ့မှာ ဧရာမဒိုင်းကာတစ်ခုကို ဆင့်ခေါ်ထားခဲ့ပြီဖြစ်၏။
အဲ့ဒီမှာကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။
မိုးပြာနဂါးမျိုးအထွတ်အမြတ်ဝိညာဥ်သည် ဒိုင်းကာကိုပြင်းထန်စွာပစ်တိုက်ချပြီး ပေါက်ကွဲထွက်သွားစေ၏။ သိပ်သည်းပြင်းထန်သော စွမ်းအားက ဒိုင်းကာကိုဖြတ်ကျော်ပြီး မင်းသားယွမ်ကျောကို လွင့်စင်ထွက်သွားစေ၏။
“ဖွီ..”
မင်းသားယွမ်ကျောက စိတ်အားညှိုးငယ်သောအမူအရာနှင့်အတူ သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
သူက ဒဏ်ရာရရှိသွားသော်လည်း သူ၏ ရလဒ်သည် ကောင်းကင်အင်မော်တယ်ကွေ့ယွမ်နှင့် ဖန်းယီတို့ထက် များစွာပိုမိုကောင်းမွန်လေသည်။
အနည်းဆုံးတော့ သူက အသက်ရှင်နိုင်ခဲ့၏။
ဤကဲ့သို့သော ဒဏ်ရာတစ်ခုက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အတွက် ပြောပလောက်စရာမဟုတ်ပေ။
ဤနှောင့်နှေးကြန့်ကြာမှုနှင့်အတူ မင်းသားယွမ်ကျော၏ နောက်ဘက်မှာရှိသော ကောင်းကင်အင်မော်တယ်များစွာက တစ်ချိန်တည်းမှာ ရှေ့သို့ပြေးဝင်လာပြီး တိုက်ခိုက်လိုက်ကြ၏။
“ဂါး...”
မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်က ၎င်း၏ ဦးခေါင်းကိုမော့ပြီး ၎င်း၏ မျက်လုံးထဲရှိ အမျက်ဒေါသနှင့်အတူ ဟိန်းဟောက်လိုက်၏။
၎င်းသည် မင်းသားယွမ်ကျောကို ချက်ချင်းမသတ်ဖြတ်နိုင်သည့်အတွက် ဒေါသချောင်းချောင်းထွက်နေသည့်အလားပင်။
၎င်းက အပေါ်သို့ လှည့်ပတ်ကာ နွယ်တက်သွားလေသည်။
၎င်း၏ ကြီးမား၍ရှည်လျားသောနဂါးခန္ဓာက သိပ်သည်းမာကျောသောအစိမ်းရောင်ကြေးခွံများဖြင့် ရောယှက်နေ၏။ ၎င်း၏ နဂါးလက်သည်းများက ထက်ရှနေပြီး အေးစက်စက်အလင်းတစ်ခုနှင့်အတူ တောက်ပနေ၏။
တစ်ခဏချင်းမှာပင် ၎င်းက တိမ်စိုင်များကြားထဲတိုးဝင်ကာပျောက်ကွယ်သွား၏။
ရာနှင့်ချီသောကောင်းကင်အင်မော်တယ်ပညာရှင်များ၏ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများက အရာမရောက်တော့ပေ။
ရုတ်တရက်ဆိုသလို...။
မနှိုင်းယှဥ်သာအောင်တုတ်ခိုင်ကြီးမားသော နဂါးအမြီးတစ်ခုက တိမ်စိုင်များကိုဖြတ်ကျော်၍ လွှဲယမ်းကျဆင်းလာ၏။
စစ်တပ်တစ်တပ်ကို ဖယ်ရှားရှင်းလင်းနိုင်သည့် မိုးကြိုးစွမ်းပကားကို သယ်ဆောင်ထားပြီး ၎င်းက ပြင်းထန်ကြမ်းတမ်းသော လေပြင်းတစ်ချက်ကိုဖန်တီးကာ ချက်ချင်းပင်ဆင်းသက်လာခဲ့၏။
ဖောင်း ဖောင်း ဖောင်း....
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကောင်းကင်အင်မော်တယ်ပညာရှင် နှစ်ရာကျော်သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ မိုးပြာနဂါးအမြီးဖြင့်ရိုက်ချခံရကာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။
သူတို့၏ အမြုတေစိတ်ဝိညာဥ်များက နဂါးအမြီးရိုက်ချက်နှင့်အတူ နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ဦးက သိပ်သည်းလေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း မည်သူကမှ မိုးပြားနဂါးအမြီး၏ စွမ်းအားကို မခုခံနိုင်ပေ။ သူတို့၏ ချပ်ဝတ်တန်ဆာများက ကြေမွသွားပြီး အစအနများက သူတို့၏ ခန္ဓာကိုယ်များထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူတို့ကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။
နဂါးအမြီးက လေဟာနယ်ကို ဖြတ်ကျော်သွားပြီး သွေးသံရဲရဲနေရာတစ်ခု ပေါ်ထွက်လာ၏။ ထိုနေရာမှာ မည်သည့်သက်ရှိမှ ရှိမနေတော့ပေ။
မင်းသားယွမ်ကျော၊ ရှဲ့ထျန်ဟုန်၊ ကောင်းကင်အင်မော်တယ်ကွေ့ယွမ်နှင့် ဖန်းယီတို့က အတူပူးပေါင်းခဲ့ကြ၏။ သို့သော် ယခုအခါ သူတို့သည် အထွတ်အမြတ်ဝိညာဥ်လေးခု၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။
အထွတ်အမြတ်ဝိညာဥ်လေးခုက အဘက်ဘက်သို့ ဝင်ရောက်တိုက်ခိုက်နေ၏။
ဆူဇီမိုသည် ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်သည်ကို သိရှိထားသော်လည်း သူက ဤနေရာကို တစ်ယောက်တည်းရောက်လာရဲ၏။ အကြောင်းမှာ ငရဲဖိနှိမ်မီးဖို၏ အထွတ်အမြတ်ဝိညာဥ်လေးခုက သူ့ကိုနောက်ခံပေးထားသောကြောင့်ဖြစ်၏။
ပကတိအင်မော်တယ်တစ်ဦးပေါ်ထွက်လာခြင်းမရှိသရွေ့ အထွတ်အမြတ်ဝိညာဥ်လေးခုသည် ဤအင်မော်တယ်ဝင်္ကပါထဲမှာ လူတိုင်းကို သတ်ဖြတ်နိုင်လေသည်။
ဆူဇီမို၏ စိတ်ဆန္ဒအောက်မှာ ဖန်းယီကို သတ်ဖြတ်ခဲ့သော ကျားဖြူအထွတ်အမြတ်ဝိညာဥ်က မလှမ်းမကမ်းမှာရှိသောထန်ပန်ကို ပစ်မှတ်ထားလာခဲ့၏။
ထန်ပန်က သူ၏ရှေ့မှ မြင်ကွင်းမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။
သူတို့သည် စောစောက မြင့်မားသောစိတ်ဝိညာဥ်များမှာ ရှိနေခဲ့ကြ၏။ တစ်ခဏချင်းမှာပင် အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲသွားပြီး သွေးများက မြစ်များကဲ့သို့စီးဆင်းလာ၏။ ကောင်းကင်အင်မော်တယ်ကွေ့ယွမ်နှင့် ဖန်းယီပင်လျှင် နေရာမှာပင်သေဆုံးခဲ့ရ၏။
ရုတ်တရက်ဆိုသလို...။
ထန်ပန်က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟုခံစားလိုက်ရ၏။
“ဆိုးပြီ... ငါက ပစ်မှတ်ထားခံရပြီပဲ”
ထန်ပန်က ထိတ်လန့်သွား၏။
သူသည် မည်သို့ပင်ဆိုစေ တက္ကသိုလ်မှတပည့်တစ်ယောက်ဖြစ်ပြီး အလွန်တရာလျင်မြန်စွာတုံ့ပြန်လာခဲ့၏။
သူ၏ သွေးချီကို လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ဖျတ်ခနဲလက်သွား၏။ သူက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ နေရာကနေ ချက်ချင်းထွက်ခွာသွား၏။
ထန်ပန်သည် တစ်ခါက မဟာအခွင့်အလမ်းတစ်ခုကိုရရှိခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဧရာမရွှေငှက်မျိုးဆက်သွေးတစ်စွန်းတစ်စနှင့်အတူ ခြင်ဆီရှင်းလင်းခြင်းကနေတစ်ဆင့် သွေးဖလှယ်ထားလေသည်။
တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ ထန်ပန်သည် လှုပ်ရှားမှုနည်းစနစ်မှာ နံပါတ်တစ်ဟူ၍ ကျော်ကြားလေသည်။
သူက နေရာကနေထွက်ခွာသွားပြီးနောက် ထိုနေရာကို ကောင်းကင်ထက်ကနေ ဧရာမကျားလက်သည်းတစ်ဖက်က ဆးင်သက်လာခဲ့၏။ သူက အနည်းငယ်နှေးကွေးသွားခဲ့မည်ဆိုလျှင် သူသည် ကျားလက်သည်းချက်ဖြင့် အပိုင်းပိုင်းဆုတ်ဖြဲခံရပေလိမ့်မည်။
“ဝေါင်း”
သူ၏ တိုက်ခိုက်မှုလွဲချော်သွားပြီးနောက် ကျားဖြူက ထန်ပန်ကိုစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး နောက်တစ်ဖန် ပြေးလိုက်လာခဲ့၏။
ထန်ပန်က ရင်တစ်ချက်ထိတ်သွား၏။ သူသည် ဖန်းယီ၏ သေဆုံးမှုကို ကိုယ်တိုင်တွေ့မြင်ထားပြီး ကျားဖြူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။
သို့သော်လည်း သူသည် အင်မော်တယ်ဝင်္ကပါ၏ ကန့်သတ်ခြင်းခံထားရပြီး ဤနေရာကနေ လုံးလုံးထွက်ခွာမသွားနိုင်ပေ။
သူသည် သူ၏ စိတ်ကို လျှော့ချရဲခြင်းမရှိဘဲ တိုက်ပွဲနယ်မြေမှာ ရူးသွပ်စွာပြေးလွှားနေရ၏။
“ထန်ပန်... မင်းပြေးလို့ မလွတ်တော့ဘူး”
ထိုစဥ်မှာပင် ဆူဇီမို၏ အသံက သူ၏ နားထဲမှာ ခပ်ရေးရေးထွက်ပေါ်လာ၏။
“ဂီး...”
ထို့နောက် ချက်ချင်းပင် ဖီးနစ်အော်သံက ထွက်ပေါ်လာ၏။
ရှေ့တည့်တည့်မှာ သွေးနီရောင်မီးတောက်ပင်လယ်တစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး ထန်ပန်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထား၏။
မီးတောက်ပင်လယ်ထဲမှာ ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဥ်က ပေါ်ထွက်လာပြီး ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်နေ၏။ ၎င်းသည် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ ထန်ပန်ကိုစိုက်ကြည့်နေ၏။
“ဝေါင်း...”
ထန်ပန်၏ အနောက်ဘက်မှာ ကျားဖြူက ဟိန်းဟောက်လိုက်၏။
ဟင်္သပဒါးငှက်က သူ၏ လမ်းကြောင်းကို ရှေ့ကနေပိတ်ဆို့ထားပြီး ကျားဖြူက သူ့ကို နောက်ကနေအမဲလိုက်လာနေ၏။
ထန်ပန်ကို သတ်ဖြတ်ဖိုအတွက် ဆူဇီမိုသည် အထွတ်အမြတ်ဝိညာဥ်နှစ်ခုကို အတူပူးပေါင်းစေလိုက်၏။
သူက ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ထားသလဲ သိသာလေသည်။
“ဂျူနီယာညီဆူ... မဟုတ်.. မဟုတ်.. စီနီယာအစ်ကိုဆူ”
ထန်ပန်က အတတ်နိုင်ဆုံး ကြိုးစား၍ပြုံးပြီး သနားညှာတာပေးဖို့အတွက်တောင်းပန်လိုက်၏။
“ငါက အပြုစားခံထားရလို့... ဒီလိုကြီးမားတဲ့ အမှားမျိုးကိုကျူးလွန်မိခဲ့တာ... တစ်ဂိုဏ်းတည်းသားချင်းဆိုတဲ့ ငါတို့ရဲ့ဆက်ဆံရေးကိုထောက်ထားပြီး ငါ့အသက်ကို ချမ်းသာပေးပါ”
သူ၏ အသံက တုန်ယင်နေ၏။
သူက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူ၏ အလျင်အဟုန်က အစစ်အမှန်ဧရာမရွှေငှက်ထက် များစွာနိမ့်ကျနေ၏။
အထွတ်အမြတ်ဝိညာဥ်နှစ်ခုကို မပြောနှင့် ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်ကပင်လျှင် သူ့ကို အမဲလိုက်နိုင်လေသည်။ သူက လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ငါတို့မှာ ဘာဆက်ဆံရေးရှိခဲ့လို့လဲ”
ဆူဇီမိုက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ လှောင်ရယ်လိုက်၏။
“စီနီယာအစ်ကိုဆူ... ကျုပ်ကျိန်ဆိုနိုင်တယ်”
ထန်ပန်က တစ်ခုခုပြောတော့မည့်ဆဲဆဲမှာ သူ၏ ပုံရိပ်က နေရာကနေ ရုတ်တရက်ပျောက်ကွယ်သွား၏။
အန္တိမနတ်ဘုရားစွမ်းအား တည်နေရာခုန်ကူးခြင်း...။
သူပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူက ဆူဇီမို၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
“မလှုပ်နဲ့”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက နားလည်သိရှိသွား၏။
သူဖမ်းဆွဲလိုက်သောလူက သူ့ကိုကျောပေးထားသော်လည်း အဲ့ဒါက ဆူဇီမို မဟုတ်ပေ။ ထိုအစား အဲ့ဒါက အသက်မဲ့အလောင်းတစ်လောင်းဖြစ်နေ၏။
တမလွန်ဖလှယ်ခြင်း...။
သူက တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ဆူဇီမိုက တမလွန်ဖလှယ်ခြင်းကို ထုတ်ဖော်ကာ မလှမ်းမကမ်းမှာရှိသောအလောင်းတစ်လောင်းနှင့် နေရာချင်းလဲလှယ်လိုက်၏။
ထန်ပန်က အဲ့ဒါကို နားလည်သိရှိလိုက်သည့်အချိန်မှာ နောက်ကျသွားခဲ့လေပြီ။
မလှမ်းမကမ်းတွင် ဆူဇီမို၏ မျက်နှာပေါ်မှ လှောင်ပြောင်သရော်လိုမှု၊ ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်၏ မီးတောက်များနှင့် ကျားဖြူအထွတ်အမြတ်ဝိညာဥ်၏ ထက်ရှသောလက်သည်းများကို သူက တွေ့မြင်လိုက်ရ၏။