ပကတိအင်မော်တယ်များရောက်ရှိလာခြင်း
Vol. 156 Ch. 2327
ထျဲဝေတောင်ပေါ်မှာ လူနှစ်ယောက်က ဘေးချင်းယှဥ်ရပ်နေပြီး ရှေ့သို့အလျင်စလိုတက်လှမ်းခြင်းမရှိဘဲ အဝေးကနေ အဝီစိဝင်ပေါက်ကို ကြည့်နေကြ၏။
သူတို့ထဲမှတစ်ယောက်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ကျင်းယွဲ့... ယခင် အစိမ်းရောင်တိုင်းပြည်ဘုရင်ခံ ဖြစ်လေသည်။
သူသည် သုခဘုံသန့်စင်ကုန်းမြေသို့ မင်းသားယွမ်ကျောနှင့်အတူ လိုက်ပါလာခဲ့၏။
နောက်တစ်ယောက်ကတော့... ရှဲ့ထျန်ဟုန်၏ ရထားလုံးကို မောင်းနှင်ပေးသော လူအိုကြီးဖြစ်၏။
သူက အရပ်ပုပုနှင့် သာမန်ပုံစံသာဖြစ်သော်လည်း သူသည်လည်းပဲ ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။ သူတို့နှစ်ယောက်လိုက်ပါလာခဲ့သည့်အကြောင်းအရင်းမှာ အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန်ဖြစ်၏။
သူတို့၏ ထင်မြင်ချက်အရ ဆူဇီမိုကို ကိုင်တွယ်ဖို့အတွက် အဖွဲ့အစည်းလေးခုက ပူးပေါင်းထားမည်ဆိုလျှင် မည်သည့်အရာကမှ ဖြစ်မလာနိုင်တော့ပေ။
ဒါ့ကြောင့်သူတို့နှစ်ယောက်သည် မင်းသားယွမ်ကျောနှင့် ရှဲ့ထျန်ဟုန်နောက်သို့ လိုက်ပါလာခဲ့ခြင်းမရှိပေ။ ထိုအစား သူတို့က ဒဏ္ဍာရီလာအဝီစိကို စစ်ဆေးကြည့်ရှုဖို့အတွက် ထျဲဝေတောင်ပေါ်သို့ ရောက်လာခဲ့၏။
“တာအိုရောင်းရင်း ဒီကိစ္စပြီးသွားရင် ခင်ဗျားက အောက်ကိုဆင်းပြီး စစ်ဆေးကြည့်ရှုဖို့ အစီအစဥ်ရှိလား”
ပကတိအင်မော်တယ်ကျင်းယွဲ့က မေးလိုက်၏။
“ဒါက... သမိုင်းထဲမှာအကျော်ကြားဆုံး တားမြစ်ကုန်းမြေပဲ... ကျုပ်ရဲ့အိုမင်းနေတဲ့အသက်အရွယ်နဲ့ ဒီလိုမျိုး ညှင်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး”
လူအိုကြီးက ထိုသို့ပြောလိုက်သော်လည်း သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် အလင်းတစ်ချက်လက်သွားပြီး သူက အဲ့ဒါကိုစမ်းကြည့်ဖို့ စိတ်အားထက်သန်နေပုံရ၏။
သူ့မှာ ဘဝသက်တမ်း များစွာမကျန်ရှိတော့ပေ။
သို့သော်လည်း အဝီစိမှာ မရေမတွက်နိုင်သော ရတနာများနှင့် အမွေအနှစ်များရှိနေ၏။
သူက ထိုနေရာမှာ သူ၏ ဘဝသက်တမ်းကိုမြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းတချို့ကို ရရှိကောင်း ရရှိနိုင်၏။
သို့မဟုတ် အဲ့ဒါသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကိုပင် ချိုးဖျက်တက်လှမ်းသွားစေနိုင်လောက်၏။
အဝီစိကို သမိုင်းထဲမှာ အကောင်းဆုံးထိန်းသိမ်းထားသည့် အပျက်အစီးနယ်မြေတစ်ခုအဖြစ်ဆိုနိုင်ပြီး အထဲမှာ မရေမတွက်နိုင်သောရတနာများရှိနေ၏။
သူက လောဘမတက်ဟုပြောလျှင် လိမ်ညာရာကျနေပေလိမ့်မည်။
လူအိုကြီးသည် ဤနေရာသို့ ရှဲ့ထျန်ဟုန်နှင့်အတူ လိုက်ပါလာခဲ့ခြင်းမှာ သူ့မှာလည်း သူ့ကိုယ်ပိုင်အကြောင်းရင်းရှိလေသည်။
သူ့မှာ ဘဝသက်တမ်းများစွာ မကျန်ရှိတော့ဘဲ သူသည် အဝီစိမှာကံစမ်းဖို့ ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်ရပေလိမ့်မည်။
လူအိုကြီးက ထိုသို့ပြောလိုက်သော်လည်း ပကတိအင်မော်တယ်ကျင်းယွဲ့က အဲ့ဒါကိုခန့်မှန်းမိပုံရပြီး ပြုံးလိုက်လေသည်။
“တာအိုရောင်းရင်းအင်ပါယာနဂါး... ခင်ဗျားက နောက်နေတာပဲ... အရင်တုန်းက အင်ပါယာနဂါးအင်မော်တယ်ကျာပွတ်နဲ့အတူ ခင်ဗျားက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ စိုးမိုးခြယ်လှယ်ခဲ့တုန်းက ကျုပ်က ဂျူနီယာတစ်ယောက်ပဲရှိသေးတယ်”
ရှဲ့ထျန်ဟုန်၏ ရထားလုံးကို မောင်းနှင်ပေးရသော လူအိုကြီးသည်လည်း သူ၏အထွတ်အထိပ်အရွယ်မှာတုန်းက သူသည် ပကတိအင်မော်တယ်များကြားမှာ ထိပ်သီးပညာရှင်တစ်ဦးဖြစ်ခဲ့လေသည်။
သို့သော်လည်း ယခုသူသည် သူ၏ ဘဝနေဝင်ချိန် နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက များစွာအားနည်းသွားခဲ့လေပြီ။
ရုတ်တရက်ဆိုသလို...။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာပြောင်းလဲသွားပြီး သူ၏ သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်ကာ ကြေမွနေသော တံဆိပ်ပြားတစ်ခုကို ဆွဲထုတ်လိုက်၏။
ဤဝိညာဥ်တံဆိပ်ပြားများသည် မင်းသားယွမ်ကျော၏ ဘေးပတ်လည်မှာရှိသော ရာနှင့်ချီသော ကောင်းကင်အင်မော်တယ်ပညာရှင်များကို ကိုယ်စားပြုလေသည်။
ထိုဝိညာဥ်တံဆိပ်ပြားများ ကြေမွသွားခြင်းသည် ဤလူများက သေဆုံးကုန်ပြီဟု အဓိပ္ပါယ်ရလေသည်။
တစ်ချိန်တည်းမှာပင် ပကတိအင်မော်တယ်အင်ပါယာနဂါးက မျက်မှောင်ကြုတ်ပြီး သူသိုလှောင်အိတ်ထဲကနေ ကြေမွနေသောဝိညာဥ်တံဆိပ်ပြားများကို အပုံလိုက်ဆွဲထုတ်လိုက်၏။
“တစ်ခုခုတော့ဖြစ်နေပြီ”
ပကတိအင်မော်တယ်နှစ်ဦးက ရင်တစ်ချက်ထိတ်သွား၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့က မဟာထျဲဝေတောင်ထွတ်ရှိရာဘက်သို့ နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ပြေးသွားလေသည်။
တိုက်ပွဲကို အဖွဲ့အစည်းလေးခုကနေခင်းကျင်းထားသည့် အင်မော်တယ်ဝင်္ကပါဖြင့် ဖုံးကွယ်ထား၏။
အထဲမှာ ဘယ်လောက်ပင်ကြီးမားသည့် ရုတ်ရုတ်သဲသဲအခြေအနေဖြစ်ပေါ်လာသည်ဖြစ်စေ... အပြင်ဘက်မှာရှိသော မည်သူကမှ အဲ့ဒါကို အာရုံမခံမိနိုင်ပေ။
သိပ်မကြာခင် ပကတိအင်မော်တယ်နှစ်ဦးက အင်မော်တယ်ဝင်္ကပါရှေ့သို့ ရောက်ရှိလာခဲ့၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က လက်ဟန်ချိပ်စည်းများကို လက်နှစ်ဖက်ဖြင့် ထပ်တလဲလဲလှုပ်ရှားပြီး အင်မော်တယ်ဝင်္ကပါမှာ အက်ကွဲကြောင်းတစ်ခုဖြစ်အောင် ချိုးဖျက်လိုက်၏။ သူက ပကတိအင်မော်တယ်အင်ပါယာနဂါးနှင့်အတူ အထဲသို့ ဝင်ရောက်လိုက်ပြီး သူ့ရှေ့မှမြင်ကွင်းကိုတွေ့မြင်ရချိန်မှာ သူ၏ အမူအရာက ပြောင်းလဲသွား၏။
အဲ့ဒါက အရမ်းကို ချောက်ချားစရာကောင်းလေသည်။
အဖွဲ့အစည်းလေးခု၏ ပူးပေါင်းအင်အားသည် လေထဲမှာ ကခုန်ဟိန်းဟောက်နေသော ဧရာမသက်ရှိလေးဦးကြောင့် စိစိညက်ညက်ကြေနေပြီး အလောင်းများက နေရာတိုင်းမှာပြန့်ကျဲနေ၏။
မင်းသားယွမ်ကျောနှင့် ရှဲ့ထျန်ဟုန်တို့ ခေါ်လာခဲ့သည့် ရာနှင့်ချီသောကောင်းကင်အင်မော်တယ်များထဲမှ ထက်ဝက်ကျော်က သေဆုံးနေကြလေပြီ။
ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်ပညာရှင်များက အတတ်နိုင်ဆုံးကြိုးစား၍ ခုခံနေကြသော်လည်း သူတို့က ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ အချိန်မရွေးလဲပြိုကျသွားနိုင်သည်မှာ သိသာလေသည်။
ပကတိအင်မော်တယ်နှစ်ဦးကို အနည်းငယ်စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအရာမှာ မင်းသားယွမ်ကျောနှင့် ရှဲ့ထျန်ဟုန်က အသက်ရှင်နေသေးခြင်းဖြစ်၏။
မင်းသားယွမ်ကျောက ဒဏ်ရာရရှိထားသည့်ပုံပေါ်သော်လည်း သူက အဆင်ပြေလေသည်။ သို့သော်လည်း သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက ကြီးမားစွာတုန်လှုပ်နေသည့်အလား သူ၏ အမူအရာက ထိတ်လန့်တကြား ဖြစ်နေ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးသည် အင်မော်တယ်ဝင်္ကပါထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့နှစ်ယောက်သည်လည်း လေထဲမှာရှိသော အထွတ်အမြတ်ဝိညာဥ်လေးခုကြောင့် ငေးမောမှင်တက်သွားပြီး ချက်ချင်းမတိုက်ခိုက်နိုင်ကြပေ။
အထွတ်အမြတ်ဝိညာဥ်လေးခုမှာ အသွေးအသားနှင့် ကိုယ်ကာယမရှိဘဲ သူတို့ကို အမြုတေစိတ်ဝိညာဥ်များဟုသာ ခေါ်ဆိုနိုင်သော်လည်း သူတို့ထုတ်ဖော်ထားသည့်အော်ရာက အစစ်အမှန်တောကောင်များနှင့် မကွာခြားပေ။
“အထွတ်အမြတ်တောကောင်လေးကောင်”
“ဟာ...”
“မဖြစ်နိုင်ဘူး”
ပကတိအင်မော်တယ်နှစ်ဦးက တုန်လှုပ်သွားကြ၏။
အထွတ်အမြတ်တောကောင်လေးကောင်က ဤနေရာမှာရှိနေမည်ဆိုလျှင် သူတို့ကပါ ထွက်ပြေးရပေလိမ့်မည်။
သူတို့မှာ အထွတ်အမြတ်တောကောင်လေးကောင်ကို သတ်ဖြတ်ဖို့ အစွမ်းအစရှိသည်ဆိုလျှင်တောင် သူတို့က ထိုသို့မပြုလုပ်ရဲပေ။
“တစ်ခုခုတော့လွဲနေတယ်”
ပကတိအင်မော်တယ်အင်ပါယာနဂါးက လျင်မြန်စွာတုံ့ပြန်ပြီး တည်တံ့စွာဖြင့်ပြောလိုက်၏။
“သူတို့တွေက အစစ်အမှန်အထွတ်အမြတ်လေးကောင်မဟုတ်ဘူး... သူတို့မှာ သွေးချီနဲ့ ကိုယ်ကာယမရှိဘူး... သူတို့က ဝိညာဥ်ပုံစံတွေပဲ”
အထွတ်အမြတ်ဝိညာဥ်လေးခု၏ စွမ်းအားက ကြောက်စရာကောင်းသော်လည်း ထုတ်ဖော်ထားသည့် စွမ်းအားက သူတို့ကို ခြိမ်းခြောက်နိုင်ဖို့ မလုံလောက်သည်ကို ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း အလျင်အမြန်ရှာဖွေတွေ့ရှိသွား၏။
ရွှစ်...
ရုတ်တရက်ဆိုသလို ပကတိအင်မော်တယ်အင်ပါယာနဂါးက ကျာပွတ်ရှည်တစ်ခုကိုဆင့်ခေါ်ပြီး မလှမ်းမကမ်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသည့်ကျားဖြူကို လွှဲရိုက်လိုက်၏။
အစကတော့... ကျာပွတ်က ပျော့ပျောင်း၍အားနည်းနေ၏။
သို့သော်လည်း အစစ်အမှန်အမြုတေက ဝင်ရောက်လာသောအခါ ၎င်းက အလွန်တရာမာကျောလာပြီး ကျားဖြူအထွတ်အမြတ်ဝိညာဥ်ကို လှံတစ်လက်ကဲ့သို့ ထိုးဖောက်သွား၏။
“ဝေါင်း”
ကျားဖြူအထွတ်အမြတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ဟိန်းဟောက်လိုက်လေသည်။
အထွတ်အမြတ်ဝိညာဥ်လေးခုက ဤတိုက်ပွဲမှာ ကောင်းကင်အင်မော်တယ်များကို ဖယ်ရှားရှင်းလင်းနိုင်သော်လည်း အဲ့ဒါက သူတို့၏ ခွန်အားအပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေလေသည်။
ဤကဲ့သို့ပြင်းထန်သောဒဏ်ရာတစ်ခုကို ရရှိသွားပြီးနောက် ကျားဖြူအထွတ်အမြတ်ဝိညာဥ်၏ အရောင်အဝါက အလျင်အမြန်မှေးမှိန်သွားပြီး ၎င်းက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွား၏။ ၎င်းက ဆူဇီမို၏ အသိစိတ်ထဲရှိ ငရဲဖိနှိမ်မီးဖိုထဲသို့ ဝင်ရောက်ကာ အိပ်မောကျသွား၏။
တစ်ဘက်မှာတော့ ပကတိအက်မော်တယ်ကျင်းယွဲ့ကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ပြီး ရှေးဟောင်းကြေးမုံတစ်ချပ်ကို ဆင့်ခေါ်လိုက်၏။ သူက သူ၏ တာအိုသစ်သီးကို လှည့်ပတ်ပြီး အစစ်အမှန်အမြုတေကို စုဖွဲ့လိုက်လေသည်။
ရွှစ်...
ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်ကလည်း အဲ့ဒါကို မခုခံနိုင်ဘဲ ၎င်း၏ အရောင်အဝါက မှေးမှိန်သွား၏။
အထွတ်အမြတ်ဝိညာဥ်လေးခုက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူတို့က ပကတိဧကနယ်ပယ်သို့ မဝင်ရောက်သေးပေ။
အထွတ်အမြတ်ဝိညာဥ်လေးခုက ပကတိအင်မော်တယ်တစ်ယောက်၏ စွမ်းအားကို လုံးဝမခုခံနိုင်ပေ။
“ကျင်းယွဲ့... ဆူဇီမိုကို မြန်မြန်သတ်ဖို့လုပ်”
မင်းသားယွမ်ကျောသည် ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါး အချိန်မီဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွသွား၏။ သူက အလောတကြီးအော်ပြောပြီး လူအုပ်ကြားထဲမှာ ပုန်းကွယ်ကာ မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို လက်ညှိုးထိုးပြလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အကြည့်က ဆူဇီမိုပေါ်သို့ ရောက်ရှိသွား၏။
“ကောင်လေး... အရင်တုန်းက ငါမှားခဲ့တယ်ဆိုတာ ငါဝန်ခံရလိမ့်မယ်”
အမြုတေစိဝိညာဥ်သတ္တုတွင်းတစ်ခုကနေ သူအမှတ်တမဲ့ခေါ်လာခဲ့သည့် အောက်ဘုံလောကမှ ဤကျင့်ကြံသူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကောင်းကောင်းမွှေနှောက်နိုင်ခဲ့လိမ့်မည်ဟု ပကတိအင်မော်တယ်ကျင်းယွဲ့က ထင်မှတ်မထားခဲ့ပေ။
ဤကောင်လေးသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နာမည်အတော်အသင့်ပင် ရရှိလာခဲ့ပြီဖြစ်၏။
“အရင်တုန်းက မင်းကိုသတိထားမိပြီး အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကနေ ခေါ်ထုတ်လာခဲ့တဲ့သူက ငါပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီနေ့ငါ့လက်ထဲမှာ မင်းရဲ့သေဆုံးမှုက ကံကြမ္မာတစ်ပတ်လည်သွားတယ်လို့ဆိုရမယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လေထဲမှာရှိသော ရှေးဟောင်းကြေးမုံက ဦးတည်ချက်ပြောင်းလဲပြီး အောက်ဘက်မှာရှိသော ဆူဇီမိုကို ချိန်ရွယ်ကာ အလင်းတန်းများက ထိုးဆင်းလာ၏။
အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်သော ဆူဇီမိုကို မပြောနှင့် ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်ပင်လျှင် ရှေးဟောင်းကြေးမုံ၏ စွမ်းအားကို မခုခံနိုင်ပေ။
သို့သော်လည်း ဆူဇီမို၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်လေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူ့အနေဖြင့် အထွတ်အမြတ်ဝိညာဥ်လေးခုနှင့်အတူ ကျန်ရှိနေသောသူများကို သတ်ဖြတ်ဖို့ မလွယ်ကူတော့ကြောင်း နားလည်သိရှိလိုက်၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသော်လည်း သူ့မှာ အစီအစဥ်တစ်ခုရှိနေ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က တိုက်ခိုက်လိုက်စဥ်မှာပင် သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကို ဆင့်ခေါ်ကာ သူ့ရှေ့မှာ ပိတ်ကာ ရပ်စေလိုက်၏။
ဧရာမလိပ်ကျောခွံကနေ တဖျတ်ဖျတ်တလက်လက်အလင်းတန်းများက ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲမှာရှိသော ရှေးဟောင်းကြေးမုံနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။
အခြားတစ်ဘက်မှာ ပကတိအင်မော်တယ်အင်ပါယာနဂါးသည် မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်ထံသို့ သူ၏ ကျာပွတ်ကို လွှဲယမ်းကာရိုက်ချလိုက်၏။
အင်ပါယာအင်မော်တယ်ကျာပွတ်ကို နဂါးတစ်ကောင်၏ အရွတ်များကနေ ပြုလုပ်ထားလေသည်။
ထို့ကြောင့်ပင် ၎င်း၏ အမည်ကို ရရှိလာခြင်းဖြစ်၏။
သို့သော်လည်း သူ့ရှေ့မှာရှိသော နတ်နဂါးသည် သာမန် နတ်နဂါးမဟုတ်ပေ။ အဲ့ဒါသည် အထွတ်အမြတ်တောကောင်လေးကောင်ထဲမှ မိုးပြာနဂါးဖြစ်လေသည်။
အင်ပါယာနဂါးအင်မော်တယ်ကျာပွတ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အဲ့ဒါသည် မိုးပြာနဂါးကို ချုပ်နှောင်မထားနိုင်ပေ။
မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်က ကောင်းကင်ထက်သို့ဟိန်းဟောက်ပြီး အင်ပါယာနဂါးအင်မော်တယ်ကျာပွတ်၏ ချုပ်နှောင်မှုကနေ ချက်ချင်းပင်ရုန်းထွက်လာ၏။
၎င်းက ပကတိအင်မော်တယ်နှစ်ယောက်ကို တိုက်ခိုက်ရမည့်အစား အင်မော်တယ်ဝင်္ကပါ၏ ဝင်္ကပါမျက်လုံးတစ်လုံးရှိရာသို့ ပြေးဝင်သွားလေသည်။