ရင်းနှီးနေကျအသံ
Vol. 156 Ch. 2329
ပကတိအင်မော်တယ်တစ်ယောက်က ဤနေရာမှာသေဆုံးသွားမည်ဆိုလျှင် အဝီစိမှာ အမျိုးအမည်မသိရသော ကြောက်စရာကောင်းသည့် အန္တရာယ်တစ်ခုက အမှန်တကယ်တည်ရှိနေသည်မှာ သိသာလေသည်။
အဝီစိသည် ခေတ်အဆက်အဆက်ဖြတ်ကျော်ခဲ့ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။ ထိုသို့ဆိုလျှင်တောင် ဤနေရာလွတ်မှာရှိသောနိယာမများက ကျန်ရှိနေသေးပြီး အဲ့ဒါက ဤနေရာကို ဘယ်လောက်ကြောက်စရာကောင်းသလဲ သိသာစေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ဝင်ရောက်ပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သူ၏ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဆူဇီမိုသည် အဝီစိသို့ ဝင်ရောက်လာပြီးနောက် သူသည် သိုင်းတာအိုပင်မခန္ဓာနှင့်ဆက်သွယ်ဖို့ ကြိုးစားခဲ့၏။ သို့သော်လည်း ထိုသူက လောကကနေ ပျောက်ကွယ်သွားသည့်အလား သူသည် မည်သည့်အရာကိုမှ အာရုံမခံမိနိုင်သေးပေ။
သူသေချသည့် တစ်ခုတည်းသော အရာမှာ သိုင်းတာအိုပင်မခန္ဓာက ယခုအချိန်ထိ မသေဆုံးသေးပေ။
အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေ၏။ သိုင်းတာအိုပင်မခန္ဓာက သေဆုံးသွားမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဲ့ဒါကို သေချာပေါက် အာရုံခံမိပေလိမ့်မည်။
ထိုစဥ်မှာပင် အပေါ်ကနေ ပုံရိပ်များက တစ်ခုပြီးတစ်ခုကျဆင်းလာ၏ ပကတိအင်မော်တယ်အင်ပါယာနဂါး၊ ရှဲ့ထျန်ဟုန်နှင့် အခြားသူများက ဤနေရာကို ရောက်ရှိဆင်းသက်လာကြလေပြီ။
“ဟိုမှာပဲ”
ရှဲ့ထျန်ဟုန်သည် အဝီစိသို့ ဝင်ရောက်လာပြီးနောက် အရင်ဆုံးသူမြင်ရသည့်အရာမှာ ဆူဇီမိုဖြစ်၏။ သူက အဝေးကနေလက်ညှိုးထိုးပြီး အော်ပြောလိုက်၏။
“သူ့နောက်ကိုလိုက်ကြ”
“အရှင်မင်းသား သတိထားဦး”
ပကတိအင်မော်တယ်အင်ပါယာနဂါးက သုန်မှုန်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အမြုတေစိတ်ဝိညာဥ်ရဲ့စွမ်းအားကို အဝီစိမှာသုံးလို့ မရဘူး”
အဲ့ဒါကို နားလည်သဘောပေါက်သွားပြီးနောက် ပကတိအင်မော်တယ်အင်ပါယာနဂါးက တိတ်တဆိတ်ထိတ်လန့်လာခဲ့၏။
သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်းလို့ မရနိုင်သည့်အချက်သည် သူ့နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ သို့မဟုတ် သူ၏ စိတ်ဝိညာဥ်အသိစိတ်တို့ကို ထုတ်ဖော်၍ မရနိုင်ဟု အဓိပ္ပာယ်ရ၏။
ဘေးပတ်ဝန်းကျင်အန္တရာယ်အပေါ် သူ၏ အသိအမြင်ကလည်း လျော့ကျလာပေလိမ့်မည်။
“ရတယ်လေ”
သူ့မှာ ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားရှိနေသောကြောင့် ရှဲ့ထျန်ဟုန်က ယုံကြည်မှုရှိနေပြီး တည်ငြိမ်စွာ ဝေဖန်ဆန်းစစ်လိုက်၏။
“ငါတို့ထဲမှာ ဘယ်သူကမှ ငါတို့ရဲ့ အမြုတေစိတ်ဝိညာဥ်ကို သုံးလို့မရဘူး... အဲ့ဒါက ကွာခြားမှု မရှိတာတော့မဟုတ်ဘူး ငါတို့တွေက ငါတို့ရဲ့သွေးချီနဲ့ကိုယ်ကာယအပေါ်မှီခိုနိုင်တယ်... မင်းက ပကတိအင်မော်တယ်တစ်ယောက်ပဲ... မင်းရဲ့ အသွေးအသားကို အစစ်အမှန်အမြုတေနဲ့မီးဆေးထားတယ်.. ဒီကောင်လေးက မင်းကိုယှဥ်နိုင်မှာ မဟုတ်ဘူး”
ပကတိအင်မော်တယ်အင်ပါယာနဂါးက အသံတိတ်နေ၏။
အဝီစိမှာ ဆူဇီမိုထက် ပို၍အန္တရာယ်များသော မည်သည့်အရာမဆို ရှိနေနိုင်၏။
သူသည် မလှမ်းမကမ်းမှာသေဆုံးနေသော ပကတိအင်မော်တယ်ကိုယ်တော်တစ်ပါးကို တွေ့မြင်ခဲ့ပြီးပြီဖြစ်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကောင်းကင်အင်မော်တယ်ပညာရှင်များနှင့်အတူ ဆင်းသက်ရောက်ရှိလာ၏။
“သူ့နောက်ကို အရင်လိုက်ကြမယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ မျက်လုံးက ဖျတ်ခနဲလက်သွားပြီး သူ၏ နှုတ်ခမ်းက ကွေးညွှတ်သွားလေသည်။
“ဒီကောင်လေးက ရှေ့ကနေဦးဆောင်နေတော့ အန္တရာယ်တစ်ခုခုရှိရင် သူက အရင်ဆုံးကြုံတွေ့ရလိမ့်မယ်”
“ဒါက... ရှားရှားပါးပါးအခွင့်အရေးပဲ”
ရှဲ့ထျန်ဟုန်၏ မျက်လုံးကလည်း ဝင်းလက်သွား၏။
“မှန်တာပေါ့”
ထို့နောက် ပကတိအင်မော်တယ်နှစ်ဦးနှင့် ရှဲ့ထျန်ဟုန်သည် ကောင််းကင်အင်မော်တယ်ပညာရှင် အယောက် လေးရာကျော်နှင့်အတူ ဆူဇီမိုနောက်သို့ ပြေးလိုက်သွားလေသည်။
ဆူဇီမိုသည် အဝီစိ၏ နယ်မြေနှင့်ပတ်သက်၍ ဘာကိုမှ သိမထားပေ။
သူသည် တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ပြီး ရှေ့ကိုသာ ဆက်တက်နေလိုက်၏။
တစ်နာရီခန့်ကြာအောင်ပြေးလွှားပြီးနောက် ဆူဇီမိုက ရင်တထိတ်ထိတ်ဖြစ်လာခဲ့၏။ ရုတ်တရက် သူက ရပ်တန့်ပြီး ဘေးတစ်ဘက်တစ်ချက်စီမှာရှိသောမြေပြင်ကို စိုက်ကြည့်လိုက်၏။
ဘေးတစ်ဘက်တစ်ချက်စီပေါ်ရှိ ကျောက်သားများကြား အဟကြောင်းထဲကနေ ခပ်ဖျော့ဖျော့ခရမ်းရောင်အလင်းများက တောက်ပနေပြီး အနည်းငယ်တွန့်လိမ်နေ၏။ သူတို့က အလွန်တရာမြန်ဆန်ပြီး သူ့ထံသို့ လူးလွန့်၍ ရွေ့လျားလာလေသည်။
ခရမ်းရောင်အလင်းများသည် နွားတစ်ကောင်၏ ဆံပင်တစ်ပင်ကဲ့သို့ ပါးလွှာပြီး မြွေပုံသဏ္ဌာန် သက်ရှိတစ်မျိုးနှင့်ဆင်တူလေသည်။ တစ်ယောက်ယောက်က သတိမထားမိဘူးဆိုလျှင် သူတို့အနေဖြင့် မှောင်မည်းနေသော ဤပတ်ဝန်းကျင်မှာ ထိုသတ္တဝါများကို ထောက်လှမ်းမိဖို့ခက်ခဲလေသည်။
လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် မကြာသေးခင်ကမှ သေဆုံးခဲ့သည့် ကျင့်ကြံသူများစွာကို တွေ့မြင်ခဲ့ရ၏။ သူတို့အားလုံးက ပြာနှမ်းနေသောမျက်နှာများနှင့် ထူးဆန်း၍ကြောက်စရာကောင်းသောပုံစံဖြင့် သေဆုံးနေကြပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်မှာ မည်သည့်ဒဏ်ရာမှ မရှိပေ။
ယခု.. သူက အဲ့ဒါကို ပြန်တွေးကြည့်ရင်း ထိုကျင့်ကြံသူများသည် ဤခရမ်းရောင်မြွေများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ဖို့ များလေသည်။
ဆူဇီမိုက ပေါ့ပေါ့ဆဆမပြုမူရဲဘဲ တိုက်ခိုက်ဖို့ပြင်လိုက်၏။ သူတို့သည် သိပ်သည်းပြင်းထန်သော အကြောက်တရားကို အာရုံခံမိသွားသည့်အလား ခရမ်းရောင်မြွေများက အဘက်ဘက်သို့ ဆုတ်ခွာသွား၏။ ဆူဇီမိုရှေ့သို့ ရောက်မလာခင်မှာပင် သူတို့က ရူးသွပ်စွာလှည့်ထွက်ပြေးသွားကြ၏။
ဆူဇီမိုက အနည်းငယ်မှက်တက်သွားသော်လည်း သူက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
အဲ့ဒါသည် ငရဲဖိနှိမ်မီးဖိုကြောင့်ဖြစ်ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုသည် သူ၏ အသိစိတ်ထဲမှာရှိသော်လည်း ခရမ်းရောင်မြွေများသည် အနားသို့ ချဥ်းကပ်လာသည့်အခါ ၎င်း၏ အော်ရာကို အာရုံခံမိနိုင်ဆဲဖြစ်၏။
ဤစတုရန်းကြေးမီးဖိုကို အနန္တမဟာဧကရာဇ်သည် အတိတ်ကာလတုန်းက အဝီစိကိုဖိနှိမ်ဖို့အတွက် ဖန်တီးခဲ့လေသည်။ ငရဲမှာရှိသောသက်ရှိများက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူတို့သည် ငရဲဖိနှိမ်မီးဖို၏ စွမ်းပကားကို မခုခံနိုင်ပေ။
ဆူဇီမိုက ခဏမျှရပ်တန့်ပြီးနောက် ရှေ့သို့ဆက်တက်သွား၏။
သူတို့သည် နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်သောကြောင့် ကိုယ်ကာယနှင့်သွေးချီ အားနည်းသော ကောင်းကင်အင်မော်တယ်ကျင့်ကြံသူအချို့သည် လမ်းတစ်လျှောက်ပြေးလွှားရင်း ဆူဇီမို၏ နောက်မှာ တဖြည်းဖြည်း ကျန်ရစ်ခဲ့ကြ၏။
ပကတိအင်မော်တယ်နှစ်ယောက်၊ ရှဲ့ထျန်ဟုန်နှင့် အခြားသောကျင့်ကြံသူဆယ်ယောက်ကျော်ကသာလျှင် ဆူဇီမိုနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာနိုင်၏။
ခရမ်းရောင်မြွေများသည် ဆူဇီမိုကို မထိရဲပေ။
ပကတိအင်မော်တယ်နှစ်ဦး၊ ရှဲ့ထျန်ဟုန်နှင့် အခြားသူများကတော့ သူတို့သည် ဆူဇီမိုနှင့် သိပ်ပြီးမကွာဝေးသည့်အတွက် ခရမ်းရောင်မြွေများက သူတို့ကိုလည်း အလျင်စလို မတိုက်ခိုက်ရဲပေ။
သို့သော်လည်း နောက်မှာကျန်ရစ်ခဲ့သော ကောင်းကင်အင်မော်တယ်ပညာရှင်များကတော့ တိုက်ခိုက်ခံနေရပြီဖြစ်၏။
ခရမ်းရောင်မြွေများ၏ တိုက်ခိုက်မှုက အလွန်တရာထူးဆန်းလေသည်။ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်တက်လာပြီးနောက် သူတို့က ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်မှာ ကိုက်ခဲခြင်း လုံးဝမပြုပေ။ ထိုအစား သူတို့က ချွေးပေါက်များကနေတစ်ဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး အထဲမှာမွှေနှောက်ကာ အသက်ဓာတ်အားကို ဖျက်ဆီးပေလိမ့်မည်။
ခရမ်းရောင်မြွေများသည် သူ၏ ကိုယ်တွင်းအင်္ဂါများကို စကာပေါက်ဖြစ်အောင်ထိုးဖောက်နိုင်ပြီး သူ၏ သွေးစီးကြောင်း၊ နှလုံးနှင့် အသိစိတ်များထဲသို့ ဝင်ရောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်၏။
ကျင့်ကြံသူတိုင်းသည် သူတို့မသေဆုံးခင် သိပ်သည်းပြင်းထန်သော နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားရပေလိမ့်မည်။
ခရမ်းရောင်မြွေတစ်ကောင်က ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့် ထိုသူက သေခြင်းတရားကနေ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ဒါ့အပြင် သူတို့သည် များစွာသော ခရမ်းရောင်မြွေများ၏ ထပ်မံတိုက်ခိုက်ခံရပေလိမ့်မည်။
“အား..အား..အား...”
စူစူးဝါးဝါးအော်ဟစ်သံများက နောက်ဘက်ကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
ပကတိအင်မော်တယ်နှစ်ယောက်၊ ရှဲ့ထျန်ဟုန်နှင့် အခြားသူများက နောက်သို့လှည့်ကြည့်ပြီး ခရမ်းရောင်မြွေများဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးကုန်ကြသော ကျင့်ကြံသူတစ်အုပ်စုကို တွေ့မြင်လိုက်ရသောအခါ သူတို့က အကြောက်တရားကို ခံစားလာရ၏။
“မြန်မြန်လုပ်ကြ... နောက်မှာမကျန်ခဲ့စေနဲ့”
ခရမ်းရောင်မြွေများဖြင့် တိုက်ခိုက်ခံရသောကျင့်ကြံသူများသည် နောက်မှာကျန်ရစ်ခဲ့သူများဖြစ်သည်ကို ပကတိအင်မော်တယ်ကျင်းယွဲ့က နားလည်သဘောပေါက်သွား၏။
ဥပမာအားဖြင့် သူတို့က ရှေ့ဆုံးမှာရှိနေပြီး ခရမ်းရောင်မြွေများနှင့် လုံးဝမကြုံတွေရပေ။
လူတိုင်း၏ အမူအရာက ပျက်ယွင်းသွားပြီး ဆူဇီမိုနောက်သို့ အမီပြေးလိုက်ရန် သူတို့၏ သွေးချီကို လှည့်ပတ်ကာ သူတို့၏ ခွန်အားကုန်ကို ထုတ်ဖော်လိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ နောက်မှာကျန်ရစ်ခဲ့သော ကျင့်ကြံသူအရေအတွက်က ပို၍တိုးလာခဲ့၏။
ဆူဇီမိုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ့မှာ သန်မာသောကိုယ်ကာယရှိလေသည်။ အတန်ကြာအောက်ခရီးဆက်လာပြီးလျှင်တောင် သူ၏ အသက်ရှုသံက ပုံမှန်သာဖြစ်ပြီး သူ၏ အမူအရာက တည်ငြိမ်နေ၏။
သို့သော်လည်း သူ့နောက်သို့ ပြေးလိုက်လာသော ကောင်းကင်အင်မော်တယ်ပညာရှင်များသည် ကျင့်ကြံမှုနယ်ပယ် မြင့်မားသော်လည်း သူတို့၏ ကိုယ်ကာယက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် ပို၍နိမ့်ကျလေသည်။
အဝီစိကို မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခုက တစ်ချိန်လုံး လွှမ်းခြုံထားလေသည်။
သူတို့က အလွန်တရာတင်းကျပ်လေးလံနေပြီး ခရီးစဥ်ရှည်ကြာလာသည်နှင့်အမျှ သူတို့အပေါ် အားအင်ကုန်ခန်းမှုက ကြီးမားလာခဲ့လေသည်။
သိပ်မကြာခင် နောက်မှာကျန်ရစ်ခဲ့သောကျင့်ကြံသူများသည် ဤငရဲမှာရှိသော ခရမ်းရောင်မြွေများ၏ ပစ်မှတ်ထားခံရကာ သတ်ဖြတ်ခံလာရ၏။
နာရီအနည်းငယ်ကြာသွားပြီးနောက် ဆူဇီမိုက လက်တစ်ချောင်းပင် လှုပ်ရှားစရာမလိုဘဲ ကောင်းကင်အင်မော်တယ်ပညာရှင်လေးရာကျော်ထဲမှ ဆယ်ဂဏန်းမျှသာ ကျန်ခဲ့လေသည်။
အခြားသောကျင့်ကြံသူများအားလုံးက သေဆုံးကုန်ကြပြီဖြစ်၏။
ရောက်ရှိနေသောကျင့်ကြံသူများသည် ထူးဆန်းသော ပုံစံများကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာခဲ့၏။
သေဆုံးခဲ့သောကျင့်ကြံသူအများစုစည် အုပ်စု၏ နောက်ဆုံးမှ လူများဖြစ်လေသည်။
လူအုပ်စု၏ ရှေ့မှာရှိသောသူများက မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။
ပကတိအင်မော်တယ်နှစ်ဦးသည် အတွေ့အကြုံရှိ၍ ဗဟုသုတကြွယ်ဝသော်လည်း သူတို့သည် ဤကဲ့သို့သောမြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။
နောက်မှာကျန်ရစ်ခဲ့သောကျင့်ကြံသူများက ခရမ်းရောင်မြွေများဖြင့် ဘာ့ကြောင့်တိုက်ခိုက်ခံရသလဲ သူတို့မသိရှိပေ။
အဝီစိမှာနေရာတိုင်းက မကောင်းဆိုးဝါးဆန်နေသည်ဟု ခံစားရ၏။
သူ၏ နောက်မှာဖြစ်ပျက်နေသည့်အရာကို အာရုံခံရင်း ဆူဇီမိုက လှောင်ရယ်လိုက်၏။
အဝီစိမှာ ခရမ်းရောင်မြွေများသည် သူ့ကို လုံးဝတိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
သူနှင့် အနည်းငယ်ဝေးကွာသွားသော အခြားမည်သူမဆို ခရမ်းရောင်မြွေများဖြင့် တိုက်ခိုက်ခံရပြီး နေရာမှာပင် သေဆုံးသွားပေလိမ့်မည်။
ဆူဇီမိုက စိတ်သက်သာရာရသွား၏။
သူ၏ နောက်ခံအဖြစ် ငရဲဖိနှိမ်မီးဖိုနှင့်အတူ သူက အဝီစိမှာ သတိထား၍ ဤငရဲမှာရှိသော ခရမ်းရောင်မြွေများကို အသုံးချနိုင်သည့်အမျှ သူက ပြိုင်ဘက်ကင်းနေပေလိမ့်မည်။
“သွားစမ်း”
ထိုစဥ်မှာပင် ခပ်ဝေးဝေးအမှောင်ထုထဲကနေ အမျိုးသမီးတစ်ယောက်၏ ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်သောကြောင့် အဲ့ဒါကို ရှင်းလင်းစွာကြားလိုက်ရ၏။
ထိုအသံကို ရင်းနှီးနေပုံရလေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ အရှိန်ကို လျှော့ချလိုက်၏။