← Chapters

သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်း

Vol. 156 Ch. 2331

သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်း

Vol. 156 Ch. 2331

“ခင်ဗျားက စာအုပ်အင်မော်တယ်လား”

ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ပြန်မဖြေခဲ့သော်လည်း ဆူဇီမိုသည် ရှဲ့ထန်ဟုန်၏ အော်ဟစ်သံကို ကြားရသောအခါ အံ့အားသင့်သွားရဆဲဖြစ်ပြီး မနေနိုင်ဘဲ မေးလိုက်၏။

“ဘာလို့လဲ.. ငါ့ပုံစံက မကိုက်ညီလို့လား”

ယွင်ကျူးက ပြုံး၍ ပြန်မေးလိုက်၏။

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“မဟုတ်ပါဘူး.. ကျုပ်က ခင်ဗျားကို အဝီစိမှာ တွေ့ရလို့ အံ့အားသင့်သွားရုံပဲ”

ခဏမျှ ရပ်တန့်ပြီး သူက ဆက်ပြောလိုက်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက ကျုပ်ကို ကူညီပေးခဲ့တဲ့သူက ဒဏ္ဍာရီလာ မဟာနတ်မိမယ်လေးပါးထဲက စာအုပ်အင်မော်တယ်ဖြစ်နေလို့လည်း ကျုပ်က အံ့အားသင့်ရတာပေါ့”

“ဒဏ္ဍာရီလာ မဟာနတ်မိမယ်လေးပါးတဲ့လား.. ငါတို့က အဲ့လောက်လည်း မဟုတ်ပါဘူး”

ယွင်ကျူးက ကျီစယ်လိုက်၏။

“နောက်ပြီး နင်က မဟာနတ်မိမယ်​လေးပါးထဲက သုံးပါးကို သိထားတာပဲ.. အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဒုံမင်းအင်မော်တယ်နဲ့ ပန်းချီအင်မော်တယ်က နင့်အတွက်နဲ့တောင် တိုက်ခိုက်ခဲ့ကြသေးတယ်”

“တာအိုရောင်းရင်း.. ခင်ဗျားက လာနောက်နေတာပဲ”

ဆူဇီမိုက ချွေးပြန်လာခဲ့၏။

ယွင်ကျူးသည် အဲဒါကို သာမန်ကာလျှံကာ ပြောလိုက်ခြင်းဖြစ်ပြီး စိတ်ထဲမှာ မပါသည်ကို သူသိလေသည်။

ဆူဇီမိုသည် အရင်က မဟာနတ်မိမယ်လေးဦးထဲမှ သုံးဦးနှင့် ထိတွေ့ဆက်ဆံခဲ့ရ၏။ သူတို့သုံးယောက်သည် ရက်ရက်စက်စက် ညှို့ငင်ဖမ်းစားနိုင်သော မျက်နှာများနှင့်အတူ ပြိုင်ဘက်ကင်း အချောအလှများ ဖြစ်သော်လည်း သူတို့၏ စိတ်နေစရိုက်၊ ပင်ကိုယ်စရိုက်၊ နေထိုင်မှုပုံစံနှင့် အမူအကျင့်တို့က ကွဲပြားခြားနားလေသည်။

ဒုံမင်းအင်မော်တယ်မုန့်ယောင်က မောက်မာခက်ထန်၍ အေးစက်ပြီး အလွန်တရာ အငြိုးအတေးကြီးလေသည်။

ပန်းချီအင်မော်တယ်မိုချင်က မည်သည့်အရာကိုမှ စိတ်ထဲမှာ ထည့်မှတ်မထားသည့်အလား တိတ်ဆိတ်ငြိမ်သက်၍ ဂရုမစိုက်သည့်ဟန် ရှိလေသည်။ အဲဒါက မည်သူပင်ဖြစ်စေ၊ သူမသည် သူတို့နှင့် ဖာသိဖာသာနေတတ်ပြီး မည်သူနှင့်မှ ရင်းနှီးအောင်နေလိမ့်မည် မဟုတ်ပေ။

စာအုပ်အင်မော်တယ်ယွင်ကျူးကတော့ သူမမှာ နူးညံ့သိမ်မွေ့သော စိတ်နေစရိုက် ရှိလေသည်။ သူမနှင့် စကားပြောရသည့်အခါ လူတစ်ယောက်ကို သက်သောင့်သက်သာ ရှိစေပြီး စိတ်လက်ပေါ့ပါးစေ၏။

စာအုပ်အင်မော်တယ်ယွင်ကျူးသည် အခြားသော နတ်မိမယ်နှစ်ဦးထက်ပင် သာလွန်သော မြင့်မြတ်သည့် အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

ထိုအော်ရာသည် သူမ၏ နောက်ခံ၊ အဆင့်အတန်း သို့မဟုတ် ရုပ်ရည်သွင်ပြင်ကနေ အရင်းခံလာခြင်း မဟုတ်ပေ။

အဲဒါသည် မရေမတွက်နိုင်သော ကဗျာလင်္ကာများနှင့် ရှေးဟောင်းစာအုပ်များကို ဖတ်ရှုပြီးမှ အနည်ထိုင်စုစည်းလာခဲ့သော တစ်စုံတစ်ရာဖြစ်ပြီး ဖော်ပြ၍ မရနိုင်ပေ။

ဆူဇီမို ငယ်ရွယ်စဉ်က သူသည် စာပေသမားတစ်ယောက်၏ အရောင်အဝါကို ဖော်ပြထားသည့် ကဗျာတစ်ပုဒ်ကို ဖတ်ရှုခဲ့ဖူးလေသည်။

ယခု စာအုပ်အင်မော်တယ်ထံမှာ သူသည် ထိုအရောင်အဝါကို အမှန်တကယ် တွေ့ကြုံခံစားမိလိုက်၏။

သူသည် မဟာနတ်မိမယ်လေးဦးထဲမှ သုံးဦးကို တွေ့မြင်ခဲ့ပြီဖြစ်ပြီး စစ်တုရင်အင်မော်တယ်ကတော့ ဘယ်လိုပုံစံရှိသည်ဆိုတာကို သူ မသိပေ။

“နင်က ဘာတွေ စဉ်းစားနေတာလဲ”

ထိုစဉ်မှာပင် ဆူဇီမို အသံတိတ်နေသည်ကို တွေ့မြင်သောအခါ ယွင်ကျူးက ရုတ်တရက် မေးလိုက်၏။

“နင်က စစ်တုရင်အင်မော်တယ်အကြောင်း တွေးနေတာလား”

“ခင်ဗျားတောင်မှ အဲဒါကို ခန့်မှန်းမိနိုင်တာလား”

ဆူဇီမိုက အံ့အားသင့်သွား၏။

ယွင်ကျူးက ပြုံးပြလိုက်၏။

“ငါက ဒီတိုင်းခန့်မှန်းလိုက်တာပါ​… စစ်တုရင်အင်မော်တယ်ကတော့ သူ့ဘဝမှာ သဘောကျတာ နှစ်မျိုးပဲ ရှိတယ်… တစ်ခုက စစ်တုရင်ပဲ.. နောက်တစ်ခုကတော့ တိုက်ခိုက်တာပဲ”

“နင်က သူနဲ့ တွေ့မယ်ဆိုရင် နင့်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်.. နင်က သူနဲ့ စစ်တုရင် ကစားရင် ကစား.. မဟုတ်ရင် သူနဲ့ တိုက်ခိုက်ရလိမ့်မယ်”

“အဲဒါဆိုရင်တော့ ကျုပ် သူနဲ့ မတွေ့တာ ပိုကောင်းလိမ့်မယ်”

ဆူဇီမိုက ခါးသက်စွာ ရယ်မောလိုက်၏။

စဉ်းစားတွေးတောရင်း သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်၏။

“တာအိုရောင်းရင်း ယွင်ကျူး.. ခင်ဗျားက ဘယ်ကနေ လာတာလဲ”

ယွင်ကျူးက ပါးနပ်လေသည်။ ဆူဇီမိုက ထိုမေးခွန်းကို မေးလိုက်သည့်အချိန်မှာပင် သူမက သူတွေးနေသည့်အရာကို ခံစားမိသွားပြီဖြစ်၏။

“အဲဒါကို ခန့်မှန်းနေစရာ မလိုဘူး.. ယွင်ထင်က ငါ့မောင်ပဲ”

ယွင်ကျူးက ပြောလိုက်၏။

“အဟမ်း”

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်လိုက်၏။

တကယ်တော့ သူ့စိတ်ထဲမှာ ထိုခန့်မှန်းချက် ရှိနေခဲ့၏။ သို့သော်လည်း သူမကို တိုက်ရိုက်မေးမြန်းဖို့က မသင့်လျော်ဟု ခံစားရပြီး သူက သွယ်ဝိုက်၍ ချဉ်းကပ်လိုက်ခြင်းဖြစ်၏။

ယခု​ ယွင်ကျူးက ဤမျှအထိ တဲ့တိုးဆန်နေသည်ဆိုတော့…။

“အရင်တုန်းက ဧကရာဇ်ဂူသင်္ချိုင်းထဲကို သူသွားတာ ငါမသိလိုက်ဘူး”

ယွင်ကျူးက ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သနားညှာတာမှု ပြပေးခဲ့တဲ့အတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ်”

“အဲဒါက အဲ့လောက်လည်း မဟုတ်ပါဘူး.. ကျုပ်က ကံကောင်းလို့ နိုင်သွားရုံပဲ”

ဆူဇီမိုက ထိုတိုက်ပွဲကို​ ပြန်စဉ်းစားလိုက်၏။ သူ၏ မျိုးဆက်သွေးစွမ်းအားက လွဲလျှင် သူသည် သူ၏ အဓိကကျသော နည်းလမ်းများ အားလုံးနီးပါးကို ထုတ်ဖော်အသုံးပြုခဲ့ရပြီး နောက်ဆုံးမှာမှ ယွင်ထင်ကို အနိုင်ရခဲ့ခြင်းဖြစ်၏။

အဲဒါသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ တွေ့ကြုံခဲ့သမျှထဲ အခက်ခဲဆုံး တိုက်ပွဲတစ်ခုလည်း ဖြစ်ခဲ့၏။

ထိုအကြောင်းကို ပြောချိန်မှာ ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲမှာ နှစ်ပေါင်းများစွာ သိမ်းထားသည့် ကျောက်စိမ်းအဆောင်ကို သတိရသွား၏။ အဲဒါသည် မင်းသာယွမ်ကျော တန်ဖိုးအထားဆုံးပစ္စည်းဖြစ်ခဲ့ပြီး ယွင်ထင်နှင့် တိုက်ခိုက်ပြီးမှ သူ ရလာခဲ့သော တစ်စုံတစ်ရာဖြစ်၏။

“အဲဒီကျောက်စိမ်းအဆောင်က ဘယ်လိုသုံးရတာလဲ”

ဆူဇီမိုက မေးလိုက်၏။

“အဲဒါက တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုနဲ့ ပတ်သက်နေတယ်လို့တော့ ကျုပ်ကြားထားတယ်”

ယွင်ကျူးက ပြောလိုက်၏။

“အဲဒါက အတော်လေးကို ကျော်ကြားတဲ့ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုပဲ.. အဲဒါက အရင်ခေတ်တုန်းက ဒီဃာယုမဟာဧကရာဇ် ကျင့်ကြံခဲ့တဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ.. အဲဒါကို သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းလို့ ခေါ်တယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ အဲဒါသည် မဟာဧကရာဇ်တစ်ပါး ကျင့်ကြံခဲ့သော ကျင့်ကြံရေးနည်းစနစ် ဖြစ်နေ၏။

ယွင်ကျူးက ဆက်ပြောလိုက်၏။

“သူ့အမည်အတိုင်းပဲ.. သူတော်စင်သုံးပါးအတွက် ကျောက်စိမ်းကျမ်းတစ်ခုစီ ရှိတယ်.. သူတို့တွေက အန္တိမသူတော်စင်၊ ရတနာသူတော်စင်နဲ့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းတွေပဲ”

“ဒီဃာယုမဟာဧကရာဇ် ကွယ်လွန်သွားပြီးတဲ့နောက် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းက ပြန့်ကျဲသွားပြီး အမျိုးမျိုးသော ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ အဆင့်ဆင့်ပြောင်းလဲခဲ့တယ်… နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် အဲဒါက အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ လက်ထဲမှာ စုစည်းမိသွားတယ်”

“အဲဒီ အင်မော်တယ်ဧကရာဇ်က ဧကရာဇ်ဂူသင်္ချိုင်းထဲက တစ်ယောက်ပဲ.. ကံဆိုးစွာနဲ့ပဲ သူက ရှေ့ဆက် မတက်လှမ်းနိုင်တော့ဘဲ ကြောက်စရာကောင်းတဲ့ ကျိန်စာတစ်ခုမိပြီး သေဆုံးခဲ့ရတယ်”

“အဲဒီ အင်မော်တယ်ဧကရာဇ်က သူ သိပ်ကြာကြာ မနေရတော့ဘူးဆိုတာကို သိခဲ့တယ်လို့ ပြောတယ်.. သူ မသေခင် သူက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို မတူညီတဲ့ အပျက်အစီးနယ်မြေတွေမှာ ထားပြီး ကံပါလာမယ့်လူတွေအတွက် အဲဒါကို ချန်ထားရစ်ခဲ့တယ်”

“အတိအကျပြောရရင် အဲဒီကျောက်စိမ်းအဆောင်က အပျက်အစီးနယ်မြေတွေထဲက တစ်ခုနဲ့ ဆက်စပ်နေတယ်.. အဲဒီမှာ အဲ့လိုမျိုး ကျောက်စိမ်းအဆောင် တစ်ခုမက ရှိနေလောက်တယ်”

“အပျက်အစီးနယ်မြေတွေထဲကို ဝင်ရောက်ပြီးတဲ့နောက် နောက်ဆုံးဘယ်သူက ကျောက်စိမ်းကျမ်းတွေကို ရသွားမလဲဆိုတာ မသိနိုင်ဘူး”

ဆူဇီမိုက လေးနက်စွာ အသက်ကို ရှူထုတ်လိုက်၏။

ယခုအခါမှသာ ကျောက်စိမ်းအဆောင်၏ နောက်ကွယ်က အဓိပ္ပာယ်ကို သူက နားလည်သဘောပေါက်လာခဲ့၏။

ယွင်ကျူးက ဆက်ပြောလိုက်၏။

“ငါ သိရသလောက်ဆိုရင် အန္တိမ သူတော်စင်နဲ့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းတွေမှာ ပိုင်ရှင်တွေ ရှိနေပြီ”

“အန္တိမ သူတော်စင်ကျောက်စိမ်းကျမ်းကို ဘယ်သူရထားလဲဆိုတာက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေတုန်းပဲ.. ဒါပေမဲ့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းကတော့ မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ကောင်းကင်အင်မော်တယ်တစ်ဦးရဲ့ လက်ထဲမှာ ရှိနေတယ်… ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကတော့ အခုချိန်ထိ ပေါ်ထွက်မလာသေးဘူး”

“ငါထင်တာ မမှားဘူးဆိုရင် နင်ရထားတဲ့ ကျောက်စိမ်းအဆောင်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရှိတဲ့ အပျက်အစီးနယ်မြေနဲ့ ဆက်စပ်နေလိမ့်မယ်”

ယွင်ကျူးက ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။

“သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းမှာ ရှိတဲ့ တစ်ခုချင်းစီတိုင်းက အန္တိမ အင်မော်တယ်ကျင့်ကြံရေးနည်းစနစ်တွေပဲ… သူတို့ထဲက တစ်ခုကို ရရှိထားတဲ့ ဘယ်သူမဆို ပကတိအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံဖို့က အခက်အခဲရှိမှာ မဟုတ်ဘူး.. သူတို့တွေက အင်မော်တယ်ဘုရင်တွေ ဖြစ်လာဖို့တောင်မှ အခွင့်များတယ်”

“သူတို့မှာ လုံလောက်တဲ့ ပါရမီအရည်အချင်းနဲ့ ကံကြမ္မာအခွင့်အလမ်းတွေ ရှိနေမယ်ဆိုရင် သူတို့တွေက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်ဖို့တောင် အခွင့်အရေး ရှိတယ်”

“နောက်ပြီး သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်းကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ပြီးရင် ပို​ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှုတွေ ရှိလာမယ်လို့ ဆိုတယ်.. အရင်တုန်းက ဒီဃာယုမဟာဧကရာဇ်က အဲဒီ လေးနက်သိမ်မွေ့တဲ့ အဓိပ္ပာယ်ကို နားလည်ဆင်ခြင်ပြီး အသက်ရှည်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်နိုင်ခဲ့တယ်”

ဆူဇီမိုက ပြောလိုက်၏။

“အဲဒီကျောက်စိမ်းအဆောင်က ကျုပ်ဆီရောက်လာပြီးကတည်းက ဘာတုံ့ပြန်မှုမှ မရှိဘူး”

“စိတ်ရှည်လက်ရှည် စောင့်နေ”

ယွင်ကျူးက ကျောက်စိမ်းအဆောင်နှင့် ပတ်သက်၍ သူမ သိထားသည့် အရာရာတိုင်းကို​ မည်သည့်ထိန်ချန်မှုမှ မရှိဘဲ သူ့ကို ပြောပြနေ၏။

“တာအိုရောင်းရင်း.. ခင်ဗျားက အဝီစိကို ဘာလာလုပ်တာလဲ ကျုပ် မေးလို့ရမလား”

ဆူဇီမိုက ကျောက်စိမ်းအဆောင်ကိစ္စကို လောလောဆယ် ဘေးဖယ်ထားပြီး မေးလိုက်၏။

“အနန္တ မဟာဧကရာဇ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်”

ယွင်ကျူးက ပြောလိုက်၏။

“ငါက သူနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို ဖတ်ဖူးတယ်.. ဒါပေမဲ့ နေရာအတော်များများက လစ်လပ်နေတယ်.. အဲဒါကြောင့် ငါက သူနဲ့ ပတ်သက်ပြီး အရမ်းကို သိချင်စိတ်ပြင်းပြနေလို့ အဝီစိမှာ အဖြေတချို့ကို လာရှာတာပဲ”

“အနန္တ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်ချက်တွေလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ယွင်ကျူးက ပြောလိုက်၏။

“ဥပမာ အဝီစိကို တည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ချက်က ဘာလဲ”

“အဲဒါက ဆိုးယုတ်သက်ရှိတွေကို ဖိနှိမ်ဖို့လို့တော့ ကျုပ်ကြားဖူးတယ်”

“ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.. ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်”

အဲဒါနှင့် ပတ်သက်၍ ယွင်ကျူးက များစွာပြောဆိုခြင်း မရှိသလို သူမမှာ တိကျသည့် အဖြေတစ်ခုလည်း မရှိပေ။

ခဏနေပြီးနောက် ဆူဇီမိုက ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားနှင့် ပတ်သက်ပြီး ရင်းနှီးပုံ မရဘဲ လှည့်ပတ်၍ ပြေးလွှားနေပုံသာ ရသည်ကို သူမ တွေ့မြင်သောအခါ သူမက မနေနိုင်ဘဲ မေးလိုက်၏။

“နင်က အဝီစိနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာ မရှိဘူးလား”

“မရှိဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ကျုပ်က အရင်ကြုံတွေ့ခဲ့ရတဲ့ ခရမ်းရောင်မြွေတွေနဲ့ ခင်ဗျားကို ဝိုင်းပတ်ထားတဲ့ အဆိပ်ရှိ ကင်းမြီးကောက်တွေကိုတောင်မှ မသိဘူး”

“သူတို့တွေက ဒီနေရာက ဆိုးယုတ်တစ္ဆေတွေကနေ အသွင်ပြောင်းလဲလာတဲ့ ငရဲသက်ရှိတွေပဲ”

ယွင်ကျူးက တွေဝေရှုပ်ထွေးစွာ ပြန်ဖြေ​ပြီး သူမဘာသာသူမ စဉ်းစားတွေးတောလိုက်၏။

‘သူ့မှာ ငရဲဖိနှိမ်မီးဖို ရှိနေတယ်.. ဒါကို သူက အဝီစိနဲ့ ပတ်သက်ပြီး ဘာလို့ ဘာမှ မသိရတာလဲ’

ခဏမျှ ရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ငါ ထင်တာ မမှားဘူးဆိုရင် နင့်မှာ ငရဲဖိနှိမ်မီးဖို ရှိနေတယ်.. ဟုတ်တယ်မလား”

ထိုစ​ကားကို ကြားသောအခါ ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက နတ်မိမယ် ယွင်ကျူးကို သူ၏ ကျောပေါ်ကနေ ပစ်ချမိမတတ် ဖြစ်သွားရသည်။

All Chapters