← Chapters

ဘယ်သူကမှ ထွက်မသွားနိုင်ဘူး

Vol. 156 Ch. 2332

ဘယ်သူကမှ ထွက်မသွားနိုင်ဘူး

Vol. 156 Ch. 2332

ဖုန့်စန်းထျန်သည် ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်ပြီး ငရဲဖိနှိမ်မီးဖိုကို အသုံးပြုခဲ့ပြီးကတည်းက အဲ့ဒါကိုတစ်ယောက်ယောက်မှတ်မိသွားမည်စိုးသောကြောင့် ဆူဇီမိုသည် ဤလက်နက်ကိုအသုံးပြုခဲလေသည်။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက သူသည် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်၏ အမဲလိုက်ခြင်းခံရစဥ်မှာပင် ငရဲဖိနှိမ်မီးဖိုကို အသုံးမပြုခဲ့ပေ။

အဲ့ဒါသည် သူ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်၏။

ယခု ပကတိအင်မော်တယ်ယွင်ကျူးက အဲ့ဒါကို သိရှိနေသည်ဆိုတော့...။

“ဘာလို့လဲ... နင်က ငါ့ကိုပါနှုတ်ပိတ်ချင်လို့လား”

ဆူဇီမို၏ ကျောပေါ်မှာ လှဲရင်း ယွင်ကျူးသည် သူ၏ ကြွက်သားများတင်းမာလာသည်ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပြီး ရယ်မော၍ မေးလိုက်၏။

သူတို့၏ မျက်နှာများက အရမ်းကိုနီးကပ်နေပြီး ယွင်ကျူးစကားပြောလိုက်စဥ် သူမ၏ မွှေးပျံ့သောထွက်သက်ကို ဆူဇီမိုက ရရှိလိုက်လေသည်။

ဆူဇီမိုသည် ရင်ထဲမှာ ဝဲဂယက်များထသွားသည်ဟု ခံစားလိုက်ရပြီး အသံတိတ်နေ၏။

“မကြောက်ပါနဲ့”

ယွင်ကျူးက ဆူဇီမို၏ ပခုံးကို ညင်သာစွာပုတ်လိုက်၏။

“ငါက စာအုပ်တွေအများကြီးဖတ်ထားတဲ့အတွက် အနန္တမဟာဧကရာဇ်အကြောင်း အတော်များများသိထားတယ်... အဲ့ဒါကြောင့် ပကတိမိုးကြိုးမြို့တော်က တိုက်ပွဲအကြောင်း ကြားရပြီးတဲ့နောက် အဲ့ဒီတုန်းကပေါ်ထွက်ခဲ့တဲ့ စတုရန်းကြေးမီးဖိုက ဒဏ္ဍာရီလာငရဲဖိနှိမ်မီးဖိုဖြစ်နိုင်တယ်ဆိုတာကို ငါကထောက်လှမ်းမိခဲ့တယ်”

“အင်မော်တယ်ဘုရင်တွေတောင်မှ ငရဲဖိနှိမ်မီးဖိုကို မှတ်မိချင်မှမှတ်မိလိမ့်မယ်... ဘာပဲပြောပြော အဲ့ဒါက အရမ်းကိုကြာမြင့်ခဲ့ပြီ”

ဆူဇီမိုကပြောလိုက်၏။

“ဒါဆို... ငရဲဖိနှိမ်မီးဖိုက ကျုပ်နဲ့ရှိနေတာ ခင်ဗျားဘယ်လိုသိလဲ”

“ယွင်ထွင်က ဧကရာဇ်ဂူသင်္ချိုင်းကနေ ပြန်လာခဲ့တုန်းက သူကနင်နဲ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအကြောင်းကို ငါ့ကိုအသေးစိတ်ပြောပြခဲ့တယ်...နင်ထုတ်ဖော်ခဲ့တဲ့ ဗုဒ္ဓနည်းစနစ်က အောက်ဘုံလောကကနေလာတဲ့ ကျင့်ကြံရေးနည်းစနစ်ဖြစ်ပေမယ့် အဲ့ဒါက အရမ်းကိုစွမ်းအားကြီးမားတယ်လို့ သူကပြောတယ်... နောက်ပြီး နင့်ရဲ့အမြုတေစိတ်ဝိညာဥ်ကလည်း အရမ်းကို သန်မာပြီးတော့ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်သုံးခုကို ဆက်တိုက်ထုတ်ဖော်နိုင်တယ်တဲ့”

ယွင်ကျူးက ပြောလိုက်၏။

“ငါအဲ့ဒါကို ဘယ်လိုပဲတွေးတွေး နင့်ရဲ့အမြုတေစိတ်ဝိညာဥ်နဲ့ ဗုဒ္ဓနည်းစနစ်တွေရဲ့စွမ်းအားကို ဒီလောက်ကြီးမားတဲ့အတိုင်းအတာအထိ မြှင့်တင်ဖို့ဆိုတာ အရင်တုန်းက အနန္တမဟာဧကရာဇ်ကျင့်ကြံခဲ့တဲ့ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကနေပဲ ရမယ်”

“ငါသိရသလောက်ဆိုရင် အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကို ငရဲဖိနှိမ်မီးဖိုရဲ့အတွင်းဘက်နံရံတွေထဲမှာ ခတ်နှိပ်ထားတယ်”

ဆူဇီမိုက မည်သည့်အရာကိုမှ မပြောဆိုသော်လည်း သူက အရမ်းကိုအထင်ကြီးမိသွား၏။

ယွင်ကျူးသည် သဲလွန်စအချို့ပေါ်အခြေခံ၍ အကြောင်းအရာများစွာကို ကောက်ချက်ချနိုင်သည့်အချက်သည် တကယ့်ကို အထင်ကြီးစရာကောင်းလေသည်။

တစ်ချိန်တည်းမှာပင် ယွင်ကျူး၏ ရိုးသားမှုရှိပုံကို တွေ့မြင်ရသောအခါ ဆူဇီမိုက စိတ်သက်သာရာရသွား၏။

ယွင်ကျူးမှာ အခြားသောရည်ရွယ်ချက်များ အမှန်တကယ်ရှိနေမည်ဆိုလျှင် သူမအနေဖြင့် မည်သည့်အရာကိုမှ ထုတ်ဖော်ပြောဆိုနေစရာမလိုပေ။ ထိုအစား သူမ၏ အပြုအမူက သူ့ကိုထိတ်လန့်စေပြီး သူ၏ စိတ်အာရုံကို ရရှိသွားပေလိမ့်မည်။

“ခင်ဗျား တခြားဘာသိထားသေးလဲ”

ဆူဇီမိုက မေးလိုက်၏။

ယွင်ကျူးက ပြောလိုက်၏။

“ငရဲဖိနှိမ်မီးဖိုကြောင့် အဝီစိမှာရှိတဲ့ ဘယ်သက်ရှိကမှ နင့်အနားကို ချဥ်းကပ်ရဲမှာမဟုတ်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် ယွင်ကျူးက တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

“ဒါပေမဲ့... ငါ့ရဲ့တွက်ချက်မှုအရဆိုရင် နင်က ငရဲဖိနှိမ်မီးဖိုကိုပိုင်ဆိုင်ထားပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို သိထားတယ်... နင်က အဝီစိကို ထိန်းချုပ်နိုင်သင့်တယ်... နင်က ဒီဟာနဲ့ပတ်သက်ပြီး ဘာလို့ဘာမှမသိရတာလဲ”

“အဝီစိကို ထိန်းချုပ်ဖို့လား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သို့သော် မကြာခင် သူက အကြောင်းအရင်းကို နားလည်သဘောပေါက်သွား၏။

ငရဲဖိနှိမ်မီးဖိုက အဝီစိ၏ သော့ချက်ဖြစ်၏။

ဒါ့အပြင် သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို တတ်မြောက်ထားပြီး ငရဲဖိနှိမ်မီးဖိုကို ပိုင်ဆိုင်ထား၏။ အဲ့ဒါသည် အနန္တမဟာဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိထားခြင်းနှင့် တူညီလေသည်။ ထို့ကြောင့် သူ့အနေဖြင့် အဝီစိကို ထိန်းချုပ်နိုင်သည်ဆိုပါက ယုတ္တိတန်လေသည်။

“နင့်ရဲ့စိတ်ဝိညာဥ်အသိစိတ်ကို ငရဲဖိနှိမ်မီးဖိုထဲပို့လွှတ်တဲ့အခါ နင်ကဘာကိုအာရုံခံမိလဲ”

ယွင်ကျူးက ထပ်မံ၍မေးလိုက်၏။

“ကျုပ်က အိပ်မောကျနေတဲ့ အထွတ်အမြတ်ဝိညာဥ်လေးခုကိုပဲ အာရုံခံနိုင်တယ်... တခြားအရာရာတိုင်းက ဖရိုဖရဲပဲ”

ဆူဇီမိုက မည်သည့်အရာကိုမှ ထိန်ချန်မထားပေ။

ယွင်ကျူးသည် အဝီစိ၊ အနန္တမဟာဧကရာဇ်နှင့် ငရဲဖိနှိမ်မီးဖိုနှင့်ပတ်သက်၍ သူ့ထက်ပင်ပို၍သိကောင်းသိနေနိုင်၏။

ယွင်ကျူးက ခဏမျှစဥ်းစားတွေးတောပြီး ဝေဖန်ဆန်းစစ်ပြလိုက်၏။

“နင့်ရဲ့အမြုတေစိတ်ဝိညာဥ်နယ်ပယ်က လုံလောက်အောင်မမြင့်မားသေးလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”

“ဘာပဲပြောပြော အရင်တုန်းက ငရဲဖိနှိမ်မီးဖိုက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့ဖူးတာပဲ... အဲ့ဒါက ပျက်စီးထိခိုက်ထားပြီး သူ့ရဲ့​ကျင့်ကြံမှုနယ်ပယ်က ကျဆင်းနေမယ်ဆိုရင်တောင် အဲ့ဒီမှာ အထွတ်အမြတ်ဝိညာဥ်လေးခုရဲ့ စိတ်ဝိညာဥ်အသိစိတ် ကျန်ရှိနေတုန်းပဲ... အဲ့ဒါကို အသိစိတ်ရှိဓမ္မရတနာတစ်ခုလို့ ဆိုနိုင်တယ်”

“နင့်ရဲ့အမြုတေစိတ်ဝိညာဥ်က ပကတိဧကနယ်ပယ်ကို ရောက်လာမယ်ဆိုရင် နင်ထပ်ပြီးတော့ ကြိုးစားကြည့်နိုင်တယ်”

သူတို့နှစ်ယောက်က စကားပြောဆိုနေသော်လည်း ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ခဲ့ခြင်းမရှိပေ။

သူသည် တစ်ယောက်ယောက်ကို ကျောပိုးလာရလျှင်တောင် သူက အလွန်တရာမြန်ဆန်နေဆဲဖြစ်ပြီး သူ၏ အသက်ရှုသံက အတော်လေးပုံမှန်ဖြစ်နေ၏။

ထိုအချိန်တိုအတွင်းမှာ သူ့နောက်ကိုပြေးလိုက်လာသည့် လူများက ဆယ်ယောက်ထက်ပိုမရှိတော့ဘဲ ကျန်သူများက စွန့်ပစ်​မြေမှာ သေဆုံးခဲ့ကြလေပြီ။

ပကတိအင်မော်တယ်နှစ်ယောက်ကလွဲလျှင် ရှဲ့ထျန်ဟုန်အပါအဝင် ကျန်ရှိနေသောလူတချို့က ဆက်လက်၍ ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။

“ငါထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး”

ရုတ်တရက် ရှဲ့ထျန်ဟုန်က နက်ရှိုင်းစွာအော်ဟစ်ပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

အဝီစိက အရမ်းကိုကြီးမားပြီး ရှုပ်ထွေးသောမြေပြင်အနေအထားတစ်ခုနှင့်အတူ အကန့်အသတ်မဲ့လေသည်။

မည်သို့ပင်ဆိုစေ သူက ဆူဇီမိုနောက်သို့ ဆက်မလိုက်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိလိုက်၏။

လမ်းတစ်လျှောက်မှာ သူ၏ ဘေးပတ်လည်မှလူများ တစ်ယောက်ပြီးတစ်ယောက်လဲကျပြီး သူတို့၏ လူအရေအတွက်က တဖြည်းဖြည်းလျော့ကျလာသည်ကို သူကဘာမှမတတ်နိုင်ဘဲကြည့်နေခဲ့ရ၏။

အကြောက်တရားက မွေးဖွားပေါ်ထွက်လာသည့်အခါ အဲ့ဒါကို မဖိနှိမ်နိုင်တော့ပေ။

ရှဲ့ထျန်ဟုန်သည် ဆက်လက်၍ လိုက်လိုစိတ်မရှိတော့ပေ။

သူက ထွက်ခွာချင်နေပြီဖြစ်၏။

သူသည် ဤနေရာမှာ လုံလောက်သည့် လေထုနှင့် ပတ်ဝန်းကျင်ကို ရရှိထား၏။

“သူ့နောက်ကို ဆက်လိုက်ကြ... ငါကတော့သွားနှင့်တော့မယ်”

ရှဲ့ထျန်ဟုန်က သူ၏ သိုလှောင်အိတ်ထဲကနေ ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားတစ်ခုကိုဆွဲထုတ်ပြီး အဲ့ဒါကိုချိုးခြေလိုက်၏။

မနှိုင်းယှဥ်သာအောင် စီးပိုးခြယ်လှယ်တတ်သော အာကာသစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။

ကျောက်စိမ်းတံဆိပ်ပြားကြေမွသွားရာ နေရာရှိ လေဟာနယ်က တွန့်လိမ်၍အနည်းငယ်ချိုင့်ဝင်သွား၏။

သို့သော်လည်း တစ်ခဏချင်းမှာပင် အရာရာတိုင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

မည်သည့်အရာကမှ ပြောင်းလဲမသွားခဲ့ပေ။

“အမ်...”

ရှဲ့ထျန်ဟုန်က မှင်တက်သွား၏။

“ဒါက... ဘယ်လို..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှဲ့ထျန်ဟုန်သည် ပကတိအင်မော်တယ်အင်ပါယာနဂါးနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့ကိုကြည့်ပြီး အလိုလိုပြောလိုက်၏။

“အဝီစိမှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ကောင်းကင်အင်မော်တယ် သားရဲတောကောင်တစ်ကောင်တောင်မှ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သူတို့မပြောခဲ့ကြဘူးလား”

ပကတိအင်မော်တယ်နှစ်ဦးက အကြည့်လျင်းဖလှယ်ပြီး သူတို့၏ ရင်ထဲမှာလည်း ဆို့နင့်သွား၏။

ဤပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားက ဤနေရာမှာရှိသော လေဟာနယ်ကို မဆုတ်ဖြဲနိုင်ဘဲ ရှဲ့ထျန်ဟုန်ကို ခေါ်ထုတ်မသွားနိုင်ဘူးဆိုလျှင် သူတို့ထဲ မည်သူကမှလည်း မထွက်ခွာနိုင်ဟု အဓိပ္ပါယ်ရလေသည်။

အင်မော်တယ်ဘုရင်များပင်လျှင် ဤနေရာကနေ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

ထိတ်ထိတ်ပျာပျာဖြစ်သွားသည်မှာ ရှဲ့ထျန်ဟုန်တစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးတို့လည်း ပါဝင်လေသည်။

“အား..အား...”

ထိုစဥ်မှာပင် ဘေးဘက်မှာရှိသောကျင့်ကြံသူအချို့က သဲတွင်းတစ်တွင်းထဲသို့ ရုတ်တရက်ကျဆင်းသွားပြီး အောက်ဘက်မှာရှိသော အဆိပ်ရှိကင်းမြီးကောက်များက ဆွဲခေါ်သွားကာ စူးစူးဝါးဝါးအော်သံများထွက်ပေါ်လာ၏။

သူတို့က ဆက်လက်၍နှောင့်နှေးကြန့်ကြာလာသည်နှင့်အမျှ ဆူဇီမိုနှင့် သူတို့က ပို၍ဝေးကွာသွား၏။

အဆိပ်ရှိကင်းမြီးကောက်များစွာက တိတ်တဆိတ်ချဥ်းကပ်၍ တိုက်ခိုက်လာကြပြီဖြစ်၏။

ပကတိအင်မော်တယ်အင်ပါယာနဂါးက အော်ပြောလိုက်၏။

“ဒီနေရာကနေ အရင်ဆုံးထွက်ကြအောင်”

ပကတိအင်မော်တယ်အင်ပါယာနဂါးသည် ရှဲ့ထျန်ဟုန်၏ လက်ကို ဖမ်းဆွဲပြီး သူ၏ သွေးချီကို ထုတ်ဖော်ကာ ဆူဇီမိုထွက်ခွာသွားရာဘက်သို့ ပြေးလိုက်သွားလေသည်။

အခြားတစ်ဘက်မှာ...။

ဆူဇီမိုက ရပ်တန့်ခြင်းမရှိသော်လည်း သူက သူ့နောက်ဘက်မှ ရုတ်ရုတ်သဲသဲအခြေအနေကို သတိထားမိလိုက်၏။

“အဝီစိက ထောင်ချောက်တစ်ခုဖြစ်လောက်တယ်”

ရုတ်တရက် ယွင်ကျူးက ပြောလိုက်၏။

“အဝီစိမှာ ဘာအက်ကွဲကြောင်းမှ ရှိမနေလောက်ဘူး”

“အခု... ဒီကိုဝင်လာတဲ့ကျင့်ကြံသူတွေအားလုံးက အဝီစိမှာ ပိတ်မိနေမယ်လို့ ခင်ဗျားပြောချင်တာလား”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ပိတ်မိမှာမဟုတ်ဘူး... ဒီနေရာမှာ သေကုန်ကြမှာ”

ယွင်ကျူးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နင့်မှာငရဲဖိနှိမ်မီးဖိုရှိလို့ အဝီစိမှာ နင့်ကိုယ်နင်ကာကွယ်နိုင်တယ်... ဒါပေမဲ့ တခြားလူတိုင်းကတော့ ငရဲသက်ရှိတွေရဲ့ အရူးအမူးတိုက်ခိုက်ခြင်းကိုခံရပြီး ထွက်ပြေးမလွတ်မြောက်နိုင်ဘဲ ဒီနေရာမှာသေကြရလိမ့်မယ်”

“ဒီအချိန်အတောအတွင်းမှာ ကောင်းကင်ဘုံကမ္ဘာရဲ့နေရာတစ်ဝန်းက ကျင့်ကြံသူတစ်သိန်းကျော်က အဝီစိကို ဝင်ရောက်လာခဲ့ကြတယ်”

ကောလာဟလတစ်ခုက အဝီစိမှာ... သက်ရှိပေါင်းတစ်သိန်းကို သေဆုံးသွားစေဖို့ လုံလောက်လေသည်။

“တစ်ယောက်ယောက်က အဝီစိမှာ ဒီလိုမျိုးထောင်ချောက်တစ်ခုကို ဘာ့ကြောင့်ခင်းကျင်းရတာလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

ယွင်ကျူးက သူမ၏ ခေါင်းကို ခါပြလိုက်၏။

“အဲ့ဒါတော့ ငါလည်းမသိဘူး”

“ခင်ဗျားရဲ့ခြေထောက်က ဘယ်လိုနေလဲ”

ရုတ်တရက် ဆူဇီမိုသည် ယွင်ကျူးအဆိပ်မိထားသည်ကို အမှတ်ရသွားပြီး အလိုလိုငုံ့ကြည့်လိုက်၏။

ယွင်ကျူး၏ ခြေထောက်များက အရင်ကထက် သိသိသာသာပိုမိုရောင်ကိုင်းလာလေသည်။

အဲ့ဒီမှာ ဖိနပ်နှင့် အဝတ်စများ ခြားထားသော်လည်း သူမ၏ အသားက အစိမ်းပုတ်ရောင်ဖြစ်လာပြီကို ခပ်ရေးရေးတွေ့မြင်နိုင်ဆဲဖြစ်၏။

သူမ၏ ဒဏ်ရာများက သိသိသာသာ ပိုမိုဆိုးဝါးလာနေ၏။

ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကျုပ်တို့က ရပ်နားဖို့နေရာတစ်ခုရှာပြီး အဲ့ဒီအဆိပ်သွေးတွေကို ဖောက်ထုတ်ရမယ်”

All Chapters