ရေခဲလိပ်ပြာ၏ လမ်းညွှန်မှု
Vol. 156 Ch. 2333
ထိုအခိုက်အတန့်မှာ ပကတိအင်မော်တယ်နှစ်ဦးနှင့် ရှဲ့ထျန်ဟုန်သည် နောက်ကနေ လိုက်လာနေကြဆဲဖြစ်၏။
မည်သို့ပင်ဆိုစေ.. ပကတိအင်မော်တယ်များသည် တာအိုသစ်သီးများကို ကျင့်ကြံကာ သူတို့၏ အသားကို အစစ်အမှန်အမြုတေဖြင့် မီးဆေးထား၏။ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်လျှင်တောင် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် ပို၍ အားမနည်းကြပေ။
ဆူဇီမိုအနေဖြင့် ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်ကို လုံးလုံးလျားလျား မျက်ခြည်ဖြတ်ခဲ့ဖို့က မလွယ်ကူပေ။
သို့သော်လည်း ယွင်ကျူး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ဒဏ်ရာများက သိပ်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ထိုအတွေးဖြင့် ဆူဇီမိုသည် သတ်ဖြတ်လိုစိတ်နှင့်အတူ အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်၏။
ပကတိအင်မော်တယ်များသည် သူ့ထက် ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုလုံးလုံးမြင့်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကတော့ အဆင့်-၁၁ထိသာ ရောက်ရှိသေးကာ ၎င်း၏ အထွတ်အထိပ်ထိ မတက်လှမ်းရသေးပေ။ အနီးကပ်တိုက်ခိုက်ရည်မှာပင်လျှင် သူသည် ပကတိအင်မော်တယ်ပညာရှင်များနှင့် တိုက်ခိုက်နိုင်ချင်မှ တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူက ငရဲဖိနှိမ်မီးဖိုကို အသုံးပြုပြီး လျှပ်တပြက်တိုက်ခိုက်နိုင်မည်ဆိုလျှင် ပကတိအင်မော်တယ်နှစ်ဦးကို သတ်ဖြတ်ဖို့ သူ့မှာ အခွင့်အရေးတစ်ခု ရှိလေသည်။
အဝီစိမှာ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများ အားလုံးနီးပါးကို အသုံးမပြုနိုင်ပေ။
သူတို့ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူတို့က အဝီစိမိစ္ဆာချီဖြင့် စွန်းထင်းခံရပြီး သူတို့၏ ထက်ရှမှုနှင့် ဓမ္မစွမ်းအားများကို ဆုံးရှုံးရပေလိမ့်မည်။
သို့သော်လည်း အဝီစိမိစ္ဆာချီက ငရဲဖိနှိမ်မီးဖိုအပေါ် လုံးဝမသက်ရောက်နိုင်ပေ။
ယခုအချိန်မှာ ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုထဲရှိ ဓမ္မစွမ်းအားများကို အသုံးမချနိုင်ပေ။ သို့သော်လည်း သူသည် ၎င်း၏ ဖျက်ဆီးမရသောမာကျောမှုအပေါ် မှီခိုကာ ပကတိအင်မော်တယ်များကို သေသည့်အထိ ပစ်ရိုက်နိုင်မည်ဖြစ်၏။
ပကတိအင်မော်တယ်များ၏ အသားက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ.. အဲ့ဒါသည် ငရဲဖိနှိမ်မီးဖို၏ ထက်ရှမှုကို ခုခံနိုင်မည် မဟုတ်ပေ။
“နင် ဘာလုပ်ချင်လို့လဲ”
ဆူဇီမိုက အရှိန်လျှော့ချလိုက်သည်ကို အာရုံခံမိပြီး ယွင်ကျူးက ခပ်တိုးတိုး ပြောလိုက်ရ၏။
“ပကတိအင်မော်တယ်တွေက တာအိုသစ်သီးတွေကို စုဖွဲ့ပြီး သူတို့ရဲ့ ခန္ဓာနဲ့ မျိုးဆက်သွေးတွေကို အစစ်အမှန်အမြုတေနဲ့ သန့်စင်မွမ်းမံထားတာ”
“ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်ရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကနေ ထွက်ပေါ်လာတဲ့စွမ်းအားက အန္တိမနတ်ဘုရားစွမ်းအားတွေထက် အားမနည်းဘူး”
“နင့်ရဲ့ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းတယ်.. နင့်ရဲ့ခန္ဓာက သန်မာပြီး နင်က အနီးကပ်တိုက်ခိုက်ရည်မှာ ကြမ်းတမ်းခက်ထန်တယ်ဆိုရင်တောင် နင့်အနေနဲ့ ပကတိအင်မော်တယ်နှစ်ယောက်ကို သတ်ဖို့ဆိုတာ တကယ်မလွယ်ဘူး.. အန္တရာယ်များလွန်းတယ်”
ဆူဇီမိုက အသံတိတ်နေ၏။
ယွင်ကျူးပြောသည်မှာ မှန်လေသည်။ သို့သော်လည်း သူ့နောက်ဘက်မှ ပြဿနာများကို ရှင်းမထုတ်ဘဲ သူက ဆက်ပြေးနေမည်ဆိုလျှင်တောင် အဲ့ဒါက သူ့အပေါ်မှာ သက်ရောက်ရှိလိမ့်မည် မဟုတ်သော်လည်း ယွင်ကျူးကတော့ အဆိပ်တက်ကာ သေဆုံးရနိုင်၏။
ထိုစဉ်မှာပင် အဖြူရောင်အလင်းစက်တစ်စက်က အလွန်တရာမြန်ဆန်စွာဖြင့် ပျံသန်းလာနေ၏။
“အမ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
အဖြူရောင်အလင်းစက်က သူ့ဆီကို ဦးတည်လာနေခြင်း ဖြစ်ပုံရ၏။
အဝီစိမှာမှာရှိသော ငရဲသက်ရှိများက သူ့ကို ဝေးဝေးရှောင်ကြလေသည်။ ယခု ထိုအရာက ဘာကြောင့် သူ့ဆီကို အရင်စပြီး ချဉ်းကပ်လာရတာလဲ။
တစ်ခဏချင်းမှာပင် အဖြူရောင်အလင်းစက်က ချဉ်းကပ်လာခဲ့၏။ ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် အံ့အားသင့်မှင်တက်သွားရ၏။
အဲ့ဒါက အဖြူရောင်လိပ်ပြာတစ်ကောင်ဖြစ်ပြီး နတ်မိမယ်မိုချင်၏ ဘေးမှာရှိသောတစ်ကောင်နှင့် အလွန်တရာ ဆင်တူလေသည်။
“ရေခဲလိပ်ပြာလား”
ယွင်ကျူးက အဖြူရောင်လိပ်ပြာကို တွေ့မြင်သောအခါ ၎င်း၏ မျိုးဆက်သွေးဇာစ်မြစ်ကို သူမက အလျင်အမြန် မှတ်မိသိရှိသွား၏။
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“ဒီရေခဲလိပ်ပြာက စီနီယာအစ်မမိုချင်ရဲ့ဘေးက လိပ်ပြာဖြစ်တဲ့ပုံပဲ.. စီနီယာမိုချင်ကလဲ အဝီစိကို ရောက်လာတာလား”
ရေခဲလိပ်ပြာသည် ဆူဇီမိုကို လှည့်ပတ်ပြီးနောက် လာရာလမ်းအတိုင်း ပြန်လှည့်ပျံသွား၏။
ဝေးဝေးမရောက်ခင်.. ၎င်းက ရပ်တန့်ပြီး ဆူဇီမိုကို ပြန်လှည့်ကြည့်လိုက်သည်။
၎င်းက ဆူဇီမိုကို သူ့နောက်သို့ လိုက်လာစေချင်သည်မှာ သိသာလေသည်။
“အဲ့ဒီကို တစ်ချက်လောက် သွားကြည့်ကြတာပေါ့”
ယွင်ကျူးက ညင်သာစွာ ပြောလိုက်၏။
“ဒါပေမယ့်.. ခင်ဗျားရဲ့ ဒဏ်ရာတွေက...” ဆူဇီမိုက စိုးရိမ်ပူပန်နေ၏။
“ရပါတယ်.. ငါ ခဏလောက်တော့ တောင့်ခံနိုင်သေးတယ်”
ယွင်ကျူးက ပြောလိုက်၏။
“တာအိုရောင်းရင်းမိုချင်ကလဲ ဒီနေရာမှာ ပိတ်မိနေမယ်ဆိုရင် နင် သူ့ကို ကူညီပေးရမယ်.. နောက်ပြီး တာအိုရောင်းရင်းမိုချင် ရှိနေမယ်ဆို ငါတို့နောက်က ပကတိအင်မော်တယ်နှစ်ယောက်က နင့်ကို တိုက်ခိုက်ရဲချင်မှ တိုက်ခိုက်ရဲတော့မယ်”
“ကောင်းပြီလေ”
ဆူဇီမိုက ခေါင်းညိတ်၍ ဦးတည်ဘက်ပြောင်းလဲကာ ရေခဲလိပ်ပြာနောက်သို့ ပြေးလိုက်သွား၏။
ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်က သူ့နောက်ကနေ လိုက်ပါလာကြဆဲဖြစ်၏။
သိပ်မကြာခင် သူတို့ရှေ့မှာ အဆုံးမဲ့ မဟူရာတောင်ကြောရိုးတစ်ခု ပေါ်ထွက်လာ၏။
တောင်ခြေရင်းမှာ ဧရာမတောင်ကောင်တစ်ကောင်၏ ပါးစပ်ပေါက်နှင့် ဆင်တူသော လိုဏ်ဂူဝင်ပေါက်ဝတစ်ခု ရှိနေပြီး ရေခဲလိပ်ပြာက အထဲသို့ ပျံသန်းဝင်ရောက်သွား၏။
ဆူဇီမိုကလည်း လိုက်ပါဝင်ရောက်လိုက်၏။
ဥမင်တစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးနောက် ရေပြင်အကာအရံအလွှာတစ်ခုကို ဖြတ်ကျော်၍ နောက်ထပ်လောကတစ်ခုသို့ ရောက်ရှိလာသည့်အလား သူ၏ မြင်ကွင်းက ရှင်းလင်းသွား၏။
ဤနေရာသည် မဟူရာတောင်ထွတ်၏ အလယ်တည့်တည့် ဖြစ်နိုင်လေသည်။ တောင်၏ အလယ်မှာ လူပြုလုပ်ထားသည့် မည့်သည့်လက္ခဏာမှ မရှိဘဲ သဘာဝအလျောက် ဖြစ်ပေါ်နေပုံရသော ဧရာမနေရာလွတ်တစ်ခု ရှိနေ၏။
ဆူဇီမိုသည် ယွင်ကျူးကို ကျောပိုးခေါ်လာ၏။ သူဝင်လာသည့် အခိုက်မှာပင် သူက လှည့်ပတ်ကြည့်ရှုပြီး ရင်တစ်ချက်ထိတ်သွား၏။ သူက သတိအနေအထား ပြင်လိုက်လေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
ဆူဇီမိုနှင့် ယွင်ကျူး ဝင်ရောက်လာပြီးနောက် မရေမတွက်နိုင်သော အကြည့်များစွာက သူတို့အပေါ် ဆင်းသက်လာ၏။ အဲ့ဒီမှာ စူးစမ်းလိုခြင်း၊ ရန်လိုခြင်း၊ သတ်ဖြတ်လိုစိတ်နှင့် အကဲခတ်ခြင်းတို့ ပါဝင်နေ၏။
ယွင်ကျူး၏ ရုပ်ရည်သွင်ပြင်ကို တွေ့မြင်သောအခါ လူများစွာ၏ မျက်လုံးများက ဝင်းလက်သွားကြ၏။ သူတို့က သူမကို အရှင်လတ်လတ် အမဲဖျက်ချင်သည့်အလား စူးစူးရဲရဲ ကြည့်လာကြ၏။
ယွင်ကျူးက ချောမောလှပပြီး ထူးချွန်ထက်မြက်သည့်အော်ရာ ရှိလေသည်။ သူမက အဆိပ်မိထားသောကြောင့် အားနည်းသည့်ပုံရှိပြီး အဲ့ဒါက သူတို့၏ အသည်းညှာကို ဆွဲကိုင်လှုပ်လိုက်သော ပုံစံလေး ဖြစ်နေ၏။
ဆူဇီမိုသည် အဝီစိမှာ စစ်ဆေးကြည့်ရှုဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးမပြုနိုင်သော်လည်း ဤလိုဏ်ဂူထဲရှိ ထောင်နှင့်ချီသော ကျင့်ကြံသူများက မိစ္ဆာမဟာနယ်မြေမှလာခြင်း ဖြစ်မည်ကို အကြမ်းဖျင်း ကောက်ချက်ချနိုင်၏။
မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများသည်.. သူတို့၏ အကြည့်များ၊ အော်ရာများ၊ အမူအယာများနှင့် အခြားအရာရာတိုင်းသည် မိုးကောင်းကင်ကိုးလွှာမဟာနယ်မြေ သို့မဟုတ် သုခဘုံသန့်စင်ကုန်းမြေမှ ကျင့်ကြံသူများနှင့် ကွဲပြားခြားနားလေသည်။
ဆူဇီမိုသည် တစ်ဖက်အဖွဲ့၏ ကျင့်ကြံမှုနယ်ပယ်များကိုလည်း မပြောနိုင်ပေ။
သို့သော်လည်း အဝီစိသို့ ဝင်ရောက်လာရဲသော ကျင့်ကြံသူများသည် အနိမ့်ဆုံး ကောင်းကင်အင်မော်တယ်များ ဖြစ်ကြ၏။
အဲ့ဒီမှာ ထောင်နှင့်ချီသော ကျင့်ကြံသူများ ဝန်းရံထားသည့် ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေသည်။ သူတို့၏ အဆင့်အတန်းများက ကွဲပြားခြားနားသည်မှာ သိသာနေ၏။ သူတို့၏ အော်ရာများက ကြောက်စရာကောင်းပြီး သူတို့က ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်ဖို့များလေသည်။
“ဟိုမှာပဲ..”
ယွင်ကျူးသည် သူမကို စိုက်ကြည့်နေသော မိစ္ဆာကျင့်ကြံသူများကြောင့် မနှစ်မြို့မှုကို ခံစားနေရ၏။ သူမက ရေခဲလိပ်ပြာရှိရာဘက်ကို လက်ညှိုးထိုးပြီး ညင်သာစွာ သတိပေးလိုက်၏။
ဆူဇီမိုက လှည့်ကြည့်လိုက်၏။ ထောင်နှင့်ချီသော ကျင့်ကြံသူများ၏ ရှေ့တည့်တည့်.. လိုဏ်ဂူ၏ အခြားတစ်ဘက်မှာ နှင်းဖြူရောင်ဝတ်အမျိုးသမီးတစ်ယောက်က မှင်သေသေနှင့် တည်ငြိမ်သော အမူအယာတစ်ခုနှင့်အတူ တိတ်တဆိတ် မတ်တတ်ရပ်နေ၏။ သူမ၏ မကောင်းဆိုးဝါးဆန်သော ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ကွဲလွဲနေ၏။
သူမသည် လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ မလှုပ်မယှက်နှင့်သာ မတ်တတ်ရပ်နေ၏။
ပန်းချီအင်မော်တယ်မိုချင်...။
ရေခဲလိပ်ပြာက မိုချင်၏ ဘေးသို့ ပြန်ရောက်လာပြီး သူမ၏ ပုခုံးပေါ်မှာ နားလိုက်၏။
“စီနီယာအစ်မ မိုချင်”
ဆူဇီမိုက ယွင်ကျူးကို ကျောပိုးထားပြီး မိုချင်၏ ဘေးသို့ ခပ်မြန်မြန်လျှောက်သွားကာ နှုတ်ဆက်လိုက်၏။
မိုချင်က ဆူဇီမိုကို လှည့်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမ၏ အကြည့်က ယွင်ကျူးအပေါ် ရောက်ရှိသွားပြီး တွေဝေစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“မင်းတို့တွေက...”
ဆူဇီမိုနှင့် ယွင်ကျူးက အနည်းငယ် ရင်းနှီးကျွမ်းဝင်မှုရှိနေသည့်ပုံပင်။
ယွင်ကျူးက အလောတကြီး ရှင်းပြလိုက်၏။
“ငါက စောစောတုန်းက အပြင်ဘက်မှာ ကင်းမြီးကောက်တွေနဲ့တွေ့ပြီး အဆိပ်မိသွားခဲ့တယ်.. ငါက ဒဏ်ရာရပြီး မလှုပ်ရှားနိုင်တော့ဘူး.. ငါ့ကို တာအိုရောင်းရင်းဆူက ကယ်တင်ပေးလာခဲ့တာ”
“ဪ”
မိုချင်က မှင်သေသေဖြင့် တုံ့ပြန်လိုက်၏။
“စီနီယာအစ်မ.. ရေခဲလိပ်ပြာက ဘာလို့....”
ဆူဇီမိုက စဉ်းစားမရဖြစ်နေပြီး မေးလိုက်၏။
မိုချင်က ပြောလိုက်၏။
“လိပ်ပြာလေးက မင်းရဲ့အော်ရာကို အာရုံခံမိတယ်လို့ပြောတယ်.. အဲ့ဒါကြောင့် ဒီနေရာမှာ ပုန်းရှောင်လို့ရအောင် မင်းကို သွားခေါ်လာဖို့ ငါ သူ့ကို ပြောလိုက်တာ”
ဆူဇီမိုသည်လည်း ဤနေရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိ၏။
သူတို့သည် အပြင်ဘက်နှင့် ပိုင်းခြားခံထားရသည့်အလား.. လိုဏ်ဂူထဲမှာ ငရဲသက်ရှိများ၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရပေ။
“မင်းရဲ့ကျင့်ကြံမှုက မမြင့်မားသေးဘူး.. မင်းဘာလို့ ဒီကိုလာတာလဲ.. အန္တရာယ်အရမ်းများလွန်းတယ်”
မိုချင်က ဆူဇီမိုကို ကြည့်လိုက်၏။ သူမ၏ လေသံက အပြစ်တင်နေသော်လည်း အဲ့ဒါက ကြမ်းတမ်းမှုမရှိဘဲ နားထောင်သူကို သက်တောင့်သက်သာမရှိမှု ခံစားရစေမည် မဟုတ်ပေ။
မိုချင်မှာ တခြားမည်သည့်အတွေးမှ မရှိပေ။
သူမ၏ အမြင်အရ.. ဆူဇီမိုက သူမ၏ ဂျူနီယာမောင်လေးဖြစ်၏။
စီနီယာအစ်မတစ်ယောက်အနေဖြင့် သူမပြောရမည့် အရာတချို့ ရှိလေသည်။
သို့သော်လည်း ဤနေရာကနေ မည်သည့်ကျင့်ကြံသူကမှ မထွက်ခွာနိုင်သည်ကို တွေးမိသွားပြီး သူမအနေဖြင့် ဆူဇီမိုကို အပြစ်တင်နေစရာ မလိုတော့ပေ။
ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်ပြီး ရှင်းပြမနေပေ။
သူ့မှာ ငရဲဖိနှိမ်မီးဖို ရှိနေပြီး အဝီစိမှာ သူ့ထက်ပိုပြီး မည်သူကမှ ဘေးကင်လုံခြုံမှု မရှိနိုင်လောက်ပေ။
ယွင်ကျူးကလည်း အဲ့ဒါကို သိရှိထား၏။ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးလိုက်၏။ သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ရင်း ဆူဇီမို၏ နားအနားကပ်ကာ နှစ်ကိုယ်ကြားပြောဆိုလိုက်လေသည်။
“တာအိုရောင်းရင်းဆူ.. နင့်ရဲ့စီနီယာအစ်မက နင့်ကို တော်တော်စိုးရိမ်နေတာပဲ”
အစကတော့ ယွင်ကျူးသည် ဆူဇီမိုကို ကျီစယ်ချင်ရုံသာဖြစ်၏။ အဲ့ဒါကို မိုချင်ကြားသွားမည်စိုးပြီး သူမက ဆူဇီမိုနှင့် ပိုမိုတိုးကပ်လိုက်၏။
ဆူဇီမို၏ နားရွက်ဘေးနားမှ အနွေးဓာတ်က ယားယံသော ထိတွေ့ခံစားမှုကို ဖြစ်ပေါ်လာစေ၏။ မွှေးရနံ့တစ်ခုနှင့်အတူ တွဲဖက်ကာ သူက ရင်တထိတ်ထိတ်ခုန်၍ သူ၏ မျက်နှာက အနည်းငယ်နီမြန်းသွား၏။