← Chapters

အရိုးဖြူဂိုဏ်း

Vol. 156 Ch. 2334

အရိုးဖြူဂိုဏ်း

Vol. 156 Ch. 2334

ယွင်ကျူးက အဲ့ဒါကို မတော်တဆပြုလုပ်လိုက်သည်ဆိုတာကို ဆူဇီမိုက သိလေသည်။ သူက သူ့ကိုယ်သူ ခပ်မြန်မြန်ဣန္ဒြေဆယ်ပြီး သူ၏ ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်၏။

ထိုစဥ်မှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့၊ ပကတိအင်မော်တယ်အင်ပါယာနဂါးနှင့် ရှဲ့ထျန်ဟုန်တို့ကလည်း လိုဏ်ဂူထဲသို့ ဝင်ရောက်လာကြ၏။ သူတို့သည် ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများ စုဝေးနေသည့် ဤနေရာမှာရှိသောမြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ သူတို့က ခဏမျှမှင်တက်၍ သူတို့၏ အမူအရာများက သုန်မှုန်သွားကြ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးသည် အကြည့်လျင်းဖလှယ်ပြီး ဤနေရာနှင့် ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာကို အလျင်အမြန်သတိထားမိသွား၏။

ဤနေရာသည် ငရဲသက်ရှိများ၏ တိုက်ခိုက်ခြင်းမခံရသည့်ပုံပင်။ သို့သော်လည်း ဤနေရာမှာ ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများရှိနေပြီး သူတို့အားလုံးက ကြောက်မက်ဖွယ်ရာကောင်း၍ သွေးနံ့က ဟောင်ထွက်နေ၏။

သူတို့က ရင်းနှီးဖော်ရွေတတ်သည့်သူများ မဟုတ်သည်မှာ သိသာလေသည်။

“ဆူဇီမိုက ဟိုမှာပဲ”

ရှဲ့ထျန်ဟုန်က ဆူဇီမိုကို မြင်တွေ့သွားသည့်ခဏမှာပင် မုန်းတီးမှုဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။

ထိုလူကြောင့်မဟုတ်လျှင် သူသည် ဤနေရာမှာပိတ်မိ၍ အန္တရာယ်နှင့်ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ သူ၏ အဆင့်အတန်း၊ သူ၏ ဝှက်ဖဲများအားလုံးနှင့် စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်မှာရှိသော ထောင်ပေါင်းများစွာသောစစ်သည်များကို အဝီစိမှာ သုံးစား၍ မရနိုင်ပေ။

“အရှင်မင်းသား... အလျင်စလို မလုပ်ပါနဲ့”

ပကတိအင်မော်တယ်အင်ပါယာနဂါးက အသံကိုနှိမ့်၍ ပြောလိုက်၏။

“ပန်းချီအင်မော်တယ်ကလည်း ဒီနေရာမှာရှိနေတယ်... သူက ဆူဇီမိုလို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ကျင့်ကြံသူတစ်ယောက်ပဲ... ကျုပ်တို့က တိုက်ခိုက်မယ်ဆိုရင် အနိုင်ရချင်မှရနိုင်လိမ့်မယ်”

စာအုပ်အင်မော်တယ်ယွင်ကျူးက အဆိပ်မိထားပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှူံးထား၏။ အနိမ့်တန်းကောင်းကင်အင်မော်တယ် ဆူဇီမိုကိုလည်း လျစ်လျူရှု၍ ရလေသည်။

သူတို့က ပန်းချီအင်မော်တယ်နှင့် ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် သူတို့ပူးပေါင်းထားပါက ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးသည် အနိုင်ရရှိကောင်း ရရှိနိုင်လောက်သည်။ သို့သော်လည်း မိစ္ဆာကျင့်ကြံသူတစ်အုပ်စုက သူတို့ကို စူးစူးရဲရဲစောင့်ကြည့်နေပြီး ပကတိအင်မော်တယ်နှစ်ဦးက မဆင်မခြင်မပြုမူရဲပေ။

သူတို့က တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မှုနှင့်အဆုံးသတ်သွားပါက မိစ္ဆာကျင့်ကြံသူများသည် ရှေ့သို့ပြေးဝင်လာမည်ဖြစ်ပြီး သူတို့က ထွက်ပြေးလွတ်မြောက်ဖို့ သို့မဟုတ် ခုခံဖို့ အခွင့်အရေးရတော့မည် မဟုတ်ပေ။

ရှဲ့ထျန်ဟုန်ကလည်း တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။ သူ၏ ရင်ထဲရှိ အမျက်ဒေါသများကို ဖိနှိမ်ပြီး သူက ခေါင်းညိတ်ပြလိုက်၏။

ပကတိအင်မော်တယ်နှစ်ဦးက ခဏမျှစဥ်းစားတွေးတောပြီး ဆူဇီမိုရှိရာသို့ လျှောက်လှမ်းသွား၏။

မည်သို့ပင်ဆိုစေ ဆူဇီမို၊ ပန်းချီအင်မော်တယ်မိုချင်နှင့် စာအုပ်အင်မော်တယ်ယွင်ကျူးတို့သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှဖြစ်လေသည်။

အခြားတစ်ဘက်မှာရှိသော မိစ္ဆာကျင့်ကြံသူများက ကြမ်းကြုတ်ခက်ထန်၍ ရန်လိုသောအမူအရာများရှိနေကြ၏။ ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်က စတင်၍ ရူးရူးမိုက်မိုက် မပြုလုပ်ရဲပေ။

ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်သည် ဆူဇီမိုတို့နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့၏။ နှုတ်ဆက်ခြင်းမရှိဘဲ သူတို့က ကျင့်ကြံပြီး အားဖြည့်ဖို့အတွက် ထိုင်ချလိုက်ကြ၏။

ဆူဇီမိုက ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“မပူပါနဲ့... တာအိုရောင်းရင်းမိုချင်နဲ့ အရိုးဖြူဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေရှိနေတဲ့အတွက် သူတို့က မဆင်မခြင်ပြုမူရဲမှာ မဟုတ်ဘူး”

ယွင်ကျူးက ညင်သာစွာပြောလိုက်၏။

“အရိုးဖြူဂိုဏ်းလား”

ဆူဇီမို၏ အကြည့်က လိုဏ်ဂူ၏ အခြားတစ်ဘက်မှာရှိသော မိစ္ဆာကျင့်ကြံသူတစ်အုပ်စုဆီပေါ်သို့ ရောက်ရှိသွား၏။

ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများ၏ အလယ်မှာ ကျင့်ကြံသူ ၁၆ယောက်က မတ်တတ်ရပ်နေကြ၏။ သူတို့ ၁၆ယောက်ထဲမှာ ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် အဖိုးအိုတစ်ယောက်ရှိပြီး သူတို့က ပိုမိုမြင့်မားသော အဆင့်အတန်းများရှိကြသည့်ပုံပေါ်လေသည်။

အလယ်တည့်တည့်မှာ အမျိုးသားတစ်ဦးတည်းက ထိုင်နေ၏။ ချောမောသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှင့် လူအိုကြီးက ဤလူ၏ အမိန့်ကို နာခံရသည့်အလား သူ၏ ဘေးမှာ သူတို့၏ လက်များကို ဘေးသို့ချပြီး မတ်တတ်ရပ်နေကြ၏။

အမျိုးသား၏ ထိုင်ခုံဘေးမှာ တင်ပျဥ်ခွေထိုင်နေသောပုံစံဖြင့် လူပုံသဏ္ဍာန်အရိုးစုတစ်ခုကို ပုံဖော်ထားသည့် ဧရာမအနက်ရောင်အလံတိုင်တစ်တိုင်ကို စိုက်ထူထား၏။ အဲ့ဒါက မကောင်းဆိုးဝါးဆန်၍ အလွန်တရာကြောက်စရာကောင်းနေ၏။

“အရိုးဖြူဂိုဏ်းက မိစ္ဆာမဟာနယ်မြေမှာ အရမ်းကိုစွမ်းအားကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပဲ”

ယွင်ကျူးက ပြောလိုက်၏။

“အရိုးဖြူဂိုဏ်းရဲ့တည်ထောင်သူက အနန္တခေတ်မှာ မွေးဖွားခဲ့ပြီး အရိုးဖြူမိစ္ဆာသုတ္တန်ကိုကျင့်ကြံတယ်... ဧကရာဇ်အဆင့်မှာ သူက အရိုးဖြူမိစ္ဆာဧကရာဇ်လို့ကျော်ကြားပြီး အရမ်းကိုစွမ်းအားကြီးမားခဲ့တယ်... နောက်ပိုင်းမှာ သူက အနန္တမဟာဧကရာဇ်ရဲ့ ဖိနှိမ်ခြင်းခံခဲ့ရတယ်”

“အနန္တခေတ်မှာ အရိုးဖြူဂိုဏ်းက အနန္တမဟာဧကရာဇ်ရဲ့ ဖျက်ဆီးချေမှုန်းခြင်းခံခဲ့ရပြီးပြီ.. ဒါပေမဲ့ ဒီဘက်မျိုးဆက်မှာ အရိုးဖြူမိစ္ဆာသုတ္တန်ကို ကျင့်ကြံတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်က ရုတ်တရက်ပေါ်ထွက်လာပြီး အဲ့ဒီမိစ္ဆာဂိုဏ်းကို ပြန်ပြီးတည်ထောင်ခဲ့တယ်”

“အခုချိန်မှာ အဲ့ဒီမိစ္ဆာကျင့်ကြံသူက ဂိုဏ်းချုပ်အရိုးဖြူဆိုပြီး ကျော်ကြားနေတယ်... သူက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ဝင်တယ်”

“သူကျင့်ကြံထားတဲ့ အရိုးဖြူမိစ္ဆာသုတ္တန်က မပြီးပြည့်စုံဘူးလို့လည်း ပြောကြတယ်... အဲ့ဒါကြောင့် သူက အဲ့ဒီမိစ္ဆာနည်းစနစ်ရဲ့ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ဘူး”

ယွင်ကျုးက စာအုပ်များစွာကို ဖတ်ရှုထားပြီး ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ စာကြည့်တိုက်က လောကတစ်ဝန်း သတင်းအချက်အလက်များစွာကို စုဆောင်းထားလေသည်။

သူမသည် အမျိုးမျိုးသောအဖွဲ့အစည်းများနှင့် ကောင်းကင်ဘုံကမ္ဘာမှ ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ နားလည်မှုတချို့ ရှိထားလေသည်။

ဥပမာအားဖြင့် နတ်မိမယ်မိုချင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ တစ်ချိန်လုံးလိုလို တံခါးပိတ်ကျင့်ကြံနေပြီး ပန်းချီပညာမှာသာ စွဲလမ်းနေလေသည်။

သူမသည် မိစ္ဆာမဟာနယ်မြေမှ အရိုးဖြူဂိုဏ်းကိုမပြောနှင့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှ အခြားသောဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာအကြောင်းကိုပင် များစွာမသိရှိပေ။

“အဲ့ဒါက အရိုးဖြူဂိုဏ်းပဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုအသံကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။

သူသည် မိစ္ဆာကျင့်ကြံသူများ၏ နောက်ခံကို မမှတ်မိသော်လည်း သူတို့သည် ဂိုဏ်းချုပ်အရိုးဖြူ၏ နာမည်ကို ကြားဖူးထားလေသည်။

ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀။

ပကတိမိစ္တာအဆင့်သတ်မှတ်ချက်မှာ ဆယ်နေရာသာလျှင်ရှိလေသည်။ ဂိုဏ်းချုပ်အရိုးဖြူက အောက်ဆုံးမှာ ရပ်တည်နေသည်ဟု ထင်ရသော်လည်း သူကျင့်ကြံထားသည့် အရိုးဖြူမိစ္ဆာသုတ္တန်က မပြီးပြည့်စုံသောအပိုင်းတစ်ပိုင်းသာဖြစ်ပြီး သူ၏ နည်းလမ်းများက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သိသာနေ၏။

ဒါ့အပြင် ပကတိအင်မော်တယ်ကျင်းယွဲ့၊ ပကတိအင်မော်တယ်အင်ပါယာနဂါး သို့မဟုတ် စာအုပ်အင်မော်တယ်နှင့် ပန်းချီအင်မော်တယ်တို့ပင်လျှင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာထဲ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

စာအုပ်အင်မော်တယ်နှင့် ပန်းချီအင်မော်တယ်သည် နာမည်ကြီးကျော်ကြားနေသည်မှာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကြောင့် မဟုတ်ပေ။

ဒါ့အပြင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲများက ယေဘုယျအားဖြင့် သေခြင်းရှင်ခြင်း တိုက်ပွဲများမဟုတ်ပေ။

သို့သော်လည်း ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲများကတော့ ကွဲပြားခြားနားလေသည်။

မိစ္ဆာမဟာနယ်မြေမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်ခုချင်းစီသည် သွေးများ၊ အလောင်းများဖြင့် ပုံထပ်နေပြီး သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေ၏။

အောက်ဆုံးမှာဆိုလျှင်တောင် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များသည် ကောင်းကင်ဘုံကို ဖီဆန်သည့် တိုက်ခိုက်ရေးခွန်အားကို ပိုင်ဆိုင်ထားပြီး အလွန်တရာကြောက်စရာကောင်းလေသည်။

ယွင်ကျူးက ခပ်တိုးတိုးပြောလိုက်၏။

“ငါတို့က အဝီစိမှာရှိမနေဘဲ အမြုတေစိတ်ဝိညာဥ်အပေါ် ကန့်သတ်မှုမရှိဘူးဆိုရင် ငါက တာအိုရောင်းရင်မိုချင်နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ဂိုဏ်းချုပ်အရိုးဖြူကို တိုက်ခိုက်နိုင်ကောင်းတိုက်ခိုက်နိုင်လိမ့်မယ်”

ယွင်ကျူးက ဆက်မပြောသော်လည်း ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

အဝီစိမှာ သူမနှင့် မိုချင်ကိုမပြောနှင့် သူတို့သည် ပကတိအင်မော်တယ်ကျင်းယွဲ့၊ ပကတိအင်မော်တယ်အင်ပါယာနဂါးတို့နှင့် ပူးပေါင်းလိုက်မည်ဆိုလျှင်တောင် သူတို့သည် ဂိုဏ်းချုပ်အရိုးဖြူကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ အကြည့်က မိစ္ဆာကျင့်ကြံသူများကြားမှာထိုင်နေသည့် အမျိုးသားအပေါ် ဆင်းသက်ရောက်ရှိသွား၏။

သူက နက်မှောင်နေသောဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာက ပိန်လှီနေ၏။ သူ၏ မျက်လုံးများက ချိုင့်ဝင်နေပြီး မြေပြင်ပေါ်မှာထိုးစိုက်ထားသည့် အရိုးဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။

အဲ့ဒါက တစ်ခုလုံးဖြူဖွေး၍ အေးစက်စက်အလင်းဖြင့် တောက်ပနေ၏။

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ပကတိအင်မော်တယ်များ၏ အသိစိတ်ရှိဓမ္မရတနာများပင်လျှင် အဝီစိမှာထုတ်ဖော်ထားပါက တိုက်စားခံရပြီး သူတို့၏ ဓမ္မစွမ်းအားများကို ဆုံးရှုံးရပေလိမ့်မည်။

သို့သော်လည်း ထိုအရိုးဆေဘာကတော့ ထက်ရှနေဆဲ ဖြစ်၏။

“အဲ့ဒီဆေဘာက...”

ယွင်ကျူးက အာရုံစိုက်၍ကြည့်ရှုပြီး တီးတိုးပြောဆိုလိုက်၏။

“အတိတ်ကာလတုန်းက အရိုးဖြူမိစ္ဆာဧကရာဇ်ရဲ့ ဧကရာဇ်လက်နက်များဖြစ်နေမလား”

“အဲ့ဒီအရိုးဆေဘာကို ရထားမယ်ဆိုရင် ဂိုဏ်းချုပ်အရိုးဖြူက အရိုးဖြူမိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို ဒီနေရာမှာ ဆက်ခံရရှိသွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ”

ဤလိုဏ်ဂူထဲမှာ ဧကရာဇ်လက်နက်တစ်ခုကို ကိုင်ဆွဲထားသည့် ပြိုင်စံရှားပကတိမိစ္ဆာတစ်ဦးကို မည်သူကမှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သူ၏ ဘေးမှာ ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများရှိနေ၏။

ဆူဇီမိုက ဂိုဏ်းချုပ်အရိုးဖြူကို လေ့လာအကဲခတ်နေစဥ် ချောမောသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ဆူဇိမိုကိုပြုံး၍ မျက်လုံးမှိတ်ပြလိုက်၏။

သူမက သူမ၏ လျှာကိုပင် တစ်လစ်ထုတ်ပြီး ပရော်ပရည်ပုံစံဖြင့် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြလိုက်၏။

ဤကဲ့သို့ ရိုးရှင်းသော ညှို့ငင်ဖမ်းစားမှုနည်းစနစ်က ဆူဇီမိုအပေါ် လုံးဝသက်ရောက်မှုမရှိပေ။ သူက ရွံရှာစက်ဆုပ်မှုကိုပင် အနည်းငယ်ခံစားလိုက်ရ၏။

ညှို့ငင်ဓာတ်ပြည့်ဝသော နတ်ဆိုးမကျိနှင့်ယှဥ်လျှင် သူ့ရှေ့မှ ချောမောသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက သူ့မျက်လုံးထဲမှာ ပန်းရောင်အရိုးစုတစ်စုလိုသာဖြစ်လေသည်။

“ဂိုဏ်းချုပ်အရိုးဖြူရဲ့ဘေးမှာရှိတဲ့နှစ်ယောက်က သူ့ရဲ့ကာကွယ်သူတွေပဲ... သူတို့နှစ်ယောက်စလုံးက ထိပ်သီးပကတိအင်မော်တယ်ပညာရှင်တွေ”

ယွင်ကျူးက ပြောလိုက်၏။

“ဘယ်ဘက်မှာရှိတဲ့လူအိုကြီးကို လူအိုကြီးအရိုးစုလို့ခေါ်တယ်... စောစောက နင့်ကိုမြှူဆွယ်ခဲ့တဲ့ ရုပ်ချောချောနဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကိုတော့ ကျောက်စိမ်းအရိုး​ဒေဝီလို့ခေါ်တယ်... သူက ရုပ်ချောချောယောင်္ကျားလေးဆိုရင် သဘောကျတယ်... သူ့ရဲ့နားမှာ ပိုးပန်းနေတဲ့သူတွေ အများကြီးရှိတယ်”

“ဒါပေမဲ့.. သူရဲ့အခြွေအရံတွေထဲ ဘယ်သူ့မှာမှ ကောင်းမွန်တဲ့အဆုံးသတ်မရှိကြဘူး.. သူတို့က သိပ်မကြာခင် အရိုးစုဖြစ်တဲ့အထိ စုပ်ယူခံရလိမ့်မယ်... နင် သတိထား”

ယွင်ကျူးက အဲ့ဒါကိုသာမန်ကာလျှံကာမျှသာ ပြောဆိုလိုက်သည်ကို ဆူဇီမိုက သိရှိထားပြီး ခါးသက်စွာဖြင့် ရယ်မောလိုက်၏။

“ဂိုဏ်းချုပ်အရိုးဖြူနဲ့ ကာကွယ်သူနှစ်ယောက်အပြင် သူတို့ရဲ့ဘေးပတ်လည်က အနက်ရောင်ဝတ်ကျင့်ကြံသူ ၁၄ ယောက်ကလည်း ပကတိမိစ္ဆာပညာရှင်တွေပဲ”

ယွင်ကျူးက ဆက်ပြောလိုက်၏။

“သူတို့၁၄ယောက်က အရိုးမိစ္တာ ၁၄ဖော်ဆိုပြီး လူသိများကြတယ်”

All Chapters