အဆိပ်ကိုဖယ်ထုတ်ပြီး ကုသခြင်း
Vol. 156 Ch. 2335
အရိုးမိစ္ဆာ ၁၄ဖော်နှင့် ကာကွယ်သူနှစ်ယောက်အပါအဝင် အဲ့ဒီမှာ ပကတိမိစ္ဆာ ၁၆ဦးရှိနေသည်ဟု ဆိုလိုလေသည်။
အဲ့ဒီမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်-၁၀မှာ ရပ်တည်နေသော ဂိုဏ်းချုပ်အရိုးဖြူကဲ့သို့ ပြိုင်စံရှားမိစ္ဆာတစ်ဦးနှင့် သူ၏ လက်အောက်မှာ ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများရှိနေပြီး အဲ့ဒါက တကယ့်ကိုတုန်လှုပ်စရာကောင်းသော အင်အားတစ်ရပ်ဖြစ်၏။
အရိုးဖြူဂိုဏ်းသည် ဤနေရာသို့ ရောက်ရှိနိုင်ဖို့အတွက် လူအရေအတွက်အတော်များများကို ဆုံးရှုံးခဲ့ရပေလိမ့်မည်။
“အရင်ဆုံးကုသကြတာပေါ့”
ဆူဇီမိုက ယွင်ကျူးကို ညင်သာစွာချပေးပြီး ခဏမျှစဥ်းစားတွေးတောလိုက်၏။
ရုတ်တရက် သူက သူမကို ပွေ့ခေါ်ပြီး မလှမ်းမကမ်း မှောင်မည်းနေသောထောင့်တစ်နေရာသို့ လျှောက်လှမ်းသွား၏။
အဝီစိမှာ မြင်နိုင်စွမ်းအားက သိပ်ပြီးမမြင့်မားဘဲ သူတို့သည် ဤနေရာမှာ လူအများစု၏ အကြည့်များကို ရှောင်လွှဲနိုင်မည်ဖြစ်၏။
ကျင့်ကြံရေးလောကမှာပင်လျှင် အမျိုးသမီးများ၏ ခြေထောက်များက အလွန်တရာသီးသန့်ဆန်သော နေရာများဖြစ်ပြီး အပြင်လူများကို အလွယ်တကူပြသခြင်း သို့မဟုတ် ထိတွေ့ခိုင်းခြင်း မပြုနိုင်ပေ။
ထို့ကြောင့်ပင်လျှင် အမျိုးသမီးများ၏ ခြေထောက်များကို ကျောက်စိမ်းများဖြင့် နှိုင်းယှဥ်တတ်ကြခြင်းဖြစ်၏။
ဆူဇီမို၏ ရည်ရွယ်ချက်ကို သတိထားမိပြီး ယွင်ကျူးက ရင်ထဲမှာ အနည်းငယ်ထိသွားကာ ညင်သာစွာပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ယွင်ကျူး၏ ခြေထောက်နှစ်ဖက်က ကင်းမြီးကောက်များ၏ အဆိပ်မိထားလေသည်။ ထိုအခိုက်အတန့်မှာ အဆိပ်များက သူမ၏ ခြေထောက်ထဲမှာ ပျံ့နှံ့နေပြီဖြစ်၏။
သူမ၏ ခြေထောက်နှစ်ဖက်က ရောင်ကိုင်းနေပြီဖြစ်ပြီး မည်သည့်အရာကိုမှ မခံစားမိနိုင်တော့ပေ။ သူမအနေဖြင့် သူမ၏ ဖိနပ်များနှင့် ခြေအိတ်တို့ကို ချွတ်ဖို့က အရမ်းကိုခက်ခဲနေခဲ့ပြီဖြစ်၏။
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်... စီနီယာအစ်မမိုချင်ကို ကူညီခိုင်းရမယ်ထင်တယ်”
ယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။
မိုချင်ကလည်း ညင်သာစွာခေါင်းညိတ်ပြပြီး ယွင်ကျူးဘက်ကို လှည့်လိုက်၏။ သူမက ဆောင့်ကြောင့်ထိုင်ချပြီး မေးလိုက်၏။
“ငါ... ဘယ်လိုစလုပ်ပေးရမလဲ”
“ငါ့ရဲ့ဖိနပ်တွေနဲ့ ခြေအိတ်တွေကို အရင်ကူပြီးချွတ်ပေး... ဒီကျောက်စိမ်းစုတ်တံရဲ့ထက်ရှမှုနဲ့ အဆိပ်ဆူးထိုးခံထားရတဲ့နေရာက ဒဏ်ရာကို ထိုးခွဲလိုက်”
ယွင်ကျူးက သူမ၏ လက်ထဲရှိ ကျောက်စိမ်းစုတ်တံကို မိုချင်ထံ ကမ်းပေးလိုက်၏။
“ကျေးဇူးပဲ”
ထိုကျောက်စိမ်းစုတ်တံက အဝီစိမှာ သူမရှာတွေ့ခဲ့သောရတနာတစ်ခုဖြစ်၏။
၎င်း၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း အဲ့ဒါသည် အတိတ်ကာလတုန်းက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်ထိ ထက်ရှနေသေး၏။
ဆူဇီမိုသည် စိတ်သက်သာရာရသွားပြီး တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်လိုက်၏။ သူသည် မလှမ်းမကမ်းသို့ လျှောက်လှမ်းသွားပြီး ယွင်ကျူးနှင့် မိုချင်ကို ကျောပေးရပ်ကာ ရှဲ့ထျန်ဟုန်နှင့် အခြားသူများ၏ မြင်ကွင်းကို ပိတ်ဆို့တားဆီးလိုက်၏။
ရှဲ့ထျန်ဟုန်သည် ထိုနေရာသို့ မကြာမကြာခိုးကြည့်နေ၏။ ယခု သူ၏ မြင်ကွင်းကို ဆူဇီမိုက ပိတ်ဆို့လာခဲ့ပြီး သူ၏ အမူအရာက ညိုမည်းသွားကာ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
သူ၏ နောက်ဘက် ထောင့်တစ်နေရာမှာ တရှပ်ရှပ်အသံများက ထွက်ပေါ်နေ၏။ မိုချင်က ယွင်ကျူးကို ကူညီပြီး သူမ၏ ဖိနပ်များနှင့် ခြေအိတ်များကို ချွတ်ပေးနေခြင်း ဖြစ်လောက်လေသည်။
“တာအိုရောင်းရင်း သတိထားဦး”
ထိုစဥ်မှာပင် ယွင်ကျူး၏ အသံက ထွက်ပေါ်လာ၏။ သူမသည် အလွန်တရာ စိတ်တင်းကျပ်နေပုံရပြီး သူတို့က မထင်မှတ်ထားတာ တစ်စုံတစ်ရာနှင့် တွေ့ကြုံနေရတာဖြစ်ရပေမည်။
အမှောင်ထုထဲမှာ စိမ်းညိုရောင်အဆိပ်ငွေ့တစ်လုံးက မိုချင်၏ လက်ညှိုးကို ရစ်သိုင်းသွားလေသည်။
သူမသည် ယွင်ကျူး၏ ဖိနပ်များနှင့် ခြေအိတ်များကို ထိတွေ့ရုံဖြင့် အဆိပ်၏ စွန်းထင်းခြင်းခံလိုက်ရပြီဖြစ်၏။
“နင်က... အဆိပ်ကောင်းကောင်းမမိသေးဘူး... နင့်ရဲ့သွေးချီကို လှည့်ပတ်ပြီး အဲ့ဒီအဆိပ်တွေကို မြန်မြန်တွန်းထုတ်လိုက်”
ယွင်ကျူးက အလောတကြီးလောဆော်လိုက်၏။
မိုချင်က ပေါ့ပေါ့ဆဆမလုပ်ရဲဘဲ သူမ၏ သွေးချီကို အဆက်မပြတ်လှည့်ပတ်ကာ အဆိပ်မိထားသောလက်ညှိုးဆီသို့ အဲ့ဒါကို ပို့လွှတ်လိုက်၏။
ခဏနေပြီးနောက် သူမ၏ လက်ညှိုးမှ အဆိပ်က တဖြည်းဖြည်း ပျက်ပြယ်သွား၏။
သူမသည် အန္တရာယ်ကနေလွတ်မြောက်လာသော်လည်း ယွင်ကျူး၏ အဆိပ်ဒဏ်ရာများကို ဖြေရှင်းမပေးနိုင်သေးပေ။
“ငါတို့ဘာလုပ်ရမလဲ”
မိုချင်က မျက်မှောင်ကြုတ်လိုက်၏။
သူမက ကူညီဖို့ဆက်လုပ်မည်ဆိုလျှင် သူမကိုယ်တိုင် အရင်ဆုံးအဆိပ်မိရပေလိမ့်မည်။
“အဲ့ဒါကို ကျုပ်လုပ်ကြည့်မယ်”
ထိုစဥ်မှာပင် အသံတစ်သံထွက်ပေါ်လာ၏။
ဆူဇီမိုက ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသွားပြီး လျှောက်လှမ်းလာ၏။
“နင်...”
မိုချင်က စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ဒီအဆိပ်က ကျုပ်ကို ထိခိုက်မှာ မဟုတ်လောက်ဘူး... ကျုပ်တစ်ချက်ကြိုးစားကြည့်မယ်”
မိုချင်က တွေးလိုက်၏။
“အဆိပ်ဆိုတာက... ကဏ္ဍတစ်ခုပဲ... ဘာပဲပြောပြော နင်က ယောင်္ကျားတစ်ယောက်လေ နင့်အနေနဲ့ ဒီလိုမျိုးအရာကိုလုပ်ဖို့ ဘယ်လိုလုပ်သင့်လျော်ပါ့မလဲ”
သူမက ယွင်ကျူးကို အလိုလိုလှည့်ကြည့်လိုက်၏။
ယွင်ကျူးက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထားပြီး အဲ့ဒါကိုသဘောတူလက်ခံသည့်အလား မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိပေ။
မိုချင်က စကားပြောမည်ပြုစဥ်မှာပင် သူမက ရုတ်တရက် နားလည်သဘောပေါက်သွား၏။
ဆူဇီမိုက ယွင်ကျူးကို သူ၏ ကျောပေါ်မှာတင်ပြီး ဝင်ရောက်လာသည့်မြင်ကွင်းကို အမှတ်ရသွားပြီး သူမက သူမဘာသာသူမ တွေးလိုက်၏။
‘ဂျူနီယာမောင်လေးဆူနဲ့ တာအိုရောင်းရင်းယွင်ကျူးက အချစ်နွံထဲမှာ ကျဆင်းသွားတာဖြစ်ရမယ်... မဟုတ်ရင် သူတို့တွေက ဒီလောက်ထိရင်းနှီးမှုရှိနေမှာမဟုတ်ဘူး’
ထိုသို့အတွေးဖြင့် မိုချင်က သူ့ကိုဂရုစိုက်ဖို့သာ သတိပေးပြီး မည်သည့်စကားမှမဆိုတော့ဘဲ မတ်တတ်ထရပ်ကာ လမ်းဖယ်ပေးလိုက်၏။
“ကျုပ်ကို ခွင့်လွှတ်ပါ “
ဆူဇီမိုက ဆောင့်ကြောင့်ထိုင်ချပြီး ခပ်တိုးတိုးပြောလိုက်၏။ သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး ယွင်ကျူး၏ ဖိနပ်များနှင့် ခြေအိတ်များကို သာမန်ကာလျှံကာ ထိလိုက်၏။ သူ၏ လက်ဖဝါးက မည်သည့်အဆိပ်ငွေ့မှ စွန်းထင်းခြင်းမခံရဘဲ အဆင်ပြေနေ၏။
ထိုသည်ကို တွေ့မြင်သောအခါ မိုချင်က စိတ်သက်သာရာရသွား၏။
ယွင်ကျူးက အံ့အားသင့်သွားခြင်း မရှိပေ။
ဆူဇီမိုမှာ ငရဲဖိနှိမ်မီးဖိုရှိနေသောကြောင့် ဖြစ်ရမည်ဟု သူမက တွေးထင်လိုက်၏။
သို့သော်လည်း တကယ်တမ်းမှာတော့.. ငရဲဖိနှိမ်မီးဖိုသည် ငရဲသက်ရှိများကို ဖိနှိမ်နိုင်သော်လည်း အဲ့ဒါက အဆိပ်ကို မခုခံပေးနိုင်ပေ။
ဆူဇီမိုသည် ဘေးကင်းအဆင်ပြေနေသည့် အဓိက အကြောင်းအရင်းမှာ အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆိပ်ဓာတ်ကို မမှုသောကြောင့်ဖြစ်၏။
ဆူဇီမိုသည် သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး ယွင်ကျူး၏ ခြေထောက်ပေါ်ရှိ ဖိနပ်များနှင့်ခြေအိတ်များကို ချွတ်ပေးကာ ဒဏ်ရာများကို ရှာဖွေနေ၏။
ဒဏ်ရာနှစ်ခုလုံးက ယွင်ကျူး၏ ခြေချောင်းထိပ်ဖျားများမှာဖြစ်လေသည်။
ဆူဇီမိုက ကျောက်စိမ်းစုတ်တံ၏ ထက်ရှမှုကို အသုံးချပြီး ယွင်ကျူး၏ ခြေချောင်းထိပ်ဖျားကို ထိုးခွဲလိုက်၏။ အစိမ်းပုတ်ရောင်သွေးများက ပုပ်အက်အက်အနံ့တစ်ခုနှင့်အတူ လျင်မြန်စွာစီးထွက်လာခဲ့၏။
ခဏနေပြီးနောက် ယွင်ကျူး၏ မျိုးဆက်သွေးက တစ်မူထူးခြားသောကြောင့်လား မပြောတတ်ပေ။ သူမ၏ ခြေထောက်များက ရောင်ကိုင်းရာကနေ တဖြည်းဖြည်းပြန်လည်သက်သာလာ၏။
သူတို့နှစ်ယောက်စလုံးက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
တကယ်တော့... ဤမြင်ကွင်းသည် အခြားသူများတွေးထင်ထားသလို ပရော်ပရည်ဖြစ်မနေပေ။
ယွင်ကျူး၏ ခြေထောက်က အဆိပ်မိထားပြီး ခံစားချက်ကို ဆုံးရှုံးနေ၏။ သူမသည် သူမ၏ ခြေထောက်ကို ဆူဇီမိုထိ တွေ့ကိုင်တွယ်သည့်အခါ မည်သည့်ထူးခြားမှုကိုမှ မခံစားရဘဲ အနည်းငယ်ရှက်နေရုံသာဖြစ်၏။
ယွင်ကျူး၏ ခြေထောက်နှစ်ဖက်ကတော့ သူတို့သည် အစိမ်းပုပ်ရောင်ဖြစ်၍ ဝက်ခြေထောက်နှစ်ချောင်းကဲ့သို့ ရောင်ကိုင်းနေ၏။
ဆူဇီမို၏ ဘက်ကကြည့်လျှင် သူသည် မသာနတ်မိမယ်လေးပါးထဲမှတစ်ပါး၏ ကျောက်စိမ်းခြေထောက်များကို ထိတွေ့ကိုင်တွယ်နေရသော်လည်း သူ၏ မျက်လုံးထဲမှာ ဝက်ခြေထောက်တစ်စုံကို ဆုပ်ကိုင်ထားရသည့်အလားဖြစ်ပြီး မသင့်လျော်တာ မည်သည့်အရာကိုမှ မစဥ်းစားနိုင်ပေ။
ယွင်ကျူးက သူမ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဆူဇီမိုကိုကြည့်လိုက်၏။
သူမသည် သူ၏ အကြည့်က ထူးဆန်းနေသည်ကို တွေ့မြင်သွား၏။
သူမက ရင်တစ်ချက်ထိတ်သွားပြီး ဆူဇီမို၏ အတွေးများကို ခန့်မှန်းမိလိုက်၏။
ဘန်း...
ယွင်ကျူးက တိတ်တဆိတ်မချင့်မရဲဖြစ်သွား၏။
သူမက ဆူဇီမို၏ ပခုံးကိုပစ်ထိုးပြီး အော်ငေါက်လိုက်၏။
“ကြုံရာကျပန်းလျှောက်တွေးမနေစမ်းနဲ့”
ဆူဇီမိုက မလုံမလဲဖြစ်သွားပြီး ညင်သာစွာချောင်းဟန့်ကာ ပြန်မဖြေရဲပေ။ သူက ယွင်ကျူး၏ ခြေထောက်ကို ညင်သာစွာချပေးလိုက်၏။
ယွင်ကျူးက မကျေမနပ်ဖြစ်ကာ ရှက်ရွံ့နေ၏။
သူမက မနေနိုင်ဘဲပြောလိုက်လေသည်။
“ငါ့ခြေထောက်တွေက ခါတိုင်းလိုဆို ဒီလိုမဟုတ်ဘူး”
“ဟုတ်..ဟုတ်ပါတယ်”
ဆူဇီမိုက အိုးတိုးအမ်းတမ်းဖြင့်ပြန်ဖြေပြီး လှည့်ထွက်ပြေးဖို့အတွက် အလိုလိုမတ်တတ်ထရပ်လိုက်၏။
သူတို့နှစ်ယောက်က လွန်လွန်ကျူးကျူး မည်သည့်အရာကိုမှ မပြုလုပ်ခဲ့သော်လည်း အပြင်လူများကတော့ ထိုသို့ထင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုနှင့်ယွင်ကျူးက ထောင့်တစ်နေရာမှာပုန်းကွယ်ပြီး ထိတွေ့ကိုင်တွယ်ကာ သူတို့ကြားတတွတ်တွတ်ပြောဆိုနေသည်ကို ရှဲ့ထျန်ဟုန်တွေ့မြင်သောအခါ သူ၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားသွားလေသည်။
“ထွီ...”
ရှဲ့ထျန်ဟုန်က အသံတစ်ချက်ထွက်ပြီး ထူးဆန်းသော ပုံစံဖြင့်ပြောလိုက်၏။
“ကြီးမြတ်လှတဲ့... စာအုပ်အင်မော်တယ်ဆိုတာ ဒါပဲလား... သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တပည့်တစ်ယောက်နဲ့ အများတကာရှေ့မှာ ဒီလိုညစ်ညမ်းတဲ့အပြုအမူတွေကို ပြုလုပ်နေကြတယ်ဆိုတော့...”
ထိုစကားများက အလွန်တရာစူးရှပြီး မနှစ်မြို့ဖွယ်ရာကောင်းလေသည်။
အပြင်လူတစ်ယောက်အနေဖြင့်ပင် မိုချင်သည် ရွံရှာစက်ဆုပ်မှုကိုခံစားရပြီး မျက်မှောင်ကြုတ်လိုက်၏။
ယွင်ကျူးက လှောင်ရယ်ပြီး သူမ၏ အသံကို မြှင့်ကာပြောလိုက်၏။
“ဒီခွေးရူးက ဘယ်နေရာကနေရောက်လာတာလဲ... သူက ဘာလို့အသံကျယ်ကျယ်နဲ့ လိုက်ဟောင်နေရတာလဲ”
“ကျုပ်တောင်းပန်ပါတယ်”
ရုတ်တရက် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“ဒီခွေးရူးက မြင်မြင်သမျှလူတိုင်းကို လိုက်ကိုက်နေတာ... သူက ကျုပ်နောက်ကိုလိုက်ပြီး ဒီကိုရောက်လာတာပဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက ရှဲ့ထျန်ဟုန်ကို အေးစက်နေသောအမူအရာဖြင့်စိုက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူက ဒီတိုင်း ထင်ရာလျှောက်ကိုက်နေမယ်ဆိုရင် ကျုပ်သူ့ရဲ့သွားစွယ်တွေကို ချိုးရတော့မယ်”
“မင်း...”
ရှဲ့ထျန်ဟုန်က ဒေါသထွက်သွားပြီး မတ်တတ်ထရပ်လိုက်၏။
ဆူဇီမိုကလည်း အကြောက်အလန့်မရှိဘဲ မိုးကြိုးလျှပ်စီးလိုအကြည့်နှင့်အတူ ရှေ့သို့လျှောက်လှမ်းသွား၏။
နတ်မိမယ်မိုချင်ကလည်း ဆူဇီမို၏ ဘေးမှာ မတ်တတ်ရပ်နေ၏။
ပကတိအင်မော်တယ်အင်ပါယာနဂါးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မတ်တတ်ထရပ်ကာ ရှဲ့ထျန်ဟုန်ကို တားဆီးလိုက်၏။
သူက အသံနှိမ့်၍ ပြောလိုက်လေသည်။
“အရှင်မင်းသား... စိတ်ကိုလျှော့ပါ အခုချိန်မှာအခြအနေက ဘာမှန်းမသိရသေးဘူး... ကျုပ်တို့ ဘယ်သူနဲ့မှ ပဋိပက္ခ မဖြစ်တာကောင်းမယ်”
ရှဲ့ထျန်ဟုန်က သရော်ပြုံးပြုံးပြီး ပြန်ထိုင်လိုက်လေသည်။
စောစောက သူ၏ အမျက်ဒေါသက ချက်ချင်းပင် ပျောက်ကွယ်သွားပုံရ၏။
ဤမြင်ကွင်းကို ဂိုဏ်းချုပ်အရိုးဖြူ၊ ကျောက်စိမ်းအရိုးဒေဝီနှင့် အခြားသောမိစ္ဆာကျင့်ကြံသူများက တွေ့မြင်သွားပြီဖြစ်၏။
ဂိုဏ်းချုပ်အရိုးဖြူသည် စာအုပ်အင်မော်တယ်ဟူသောအသံကိုကြားရသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်လေသည်။
သူ၏ ချိုင့်ဝင်နေသော မျက်တွင်းအိမ်ထဲမှာ အဖြူရောင်မျက်လုံးတစ်စုံက အမှောင်ထုအလွှာများကို ထိုးဖောက်၍ ထောင့်တစ်နေရာမှာရှိသောယွင်ကျူးကို တွေ့မြင်သွားပုံရလေသည်။