သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မိခြင်း
Vol. 156 Ch. 2336
မဟာနတ်မိမယ်လေးဦးသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှလာသော်လည်း သူတို့သည် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ အတော်အတန်နာမည်ကြီးသည်။
သို့သော်လည်း အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာမဟာနယ်မြေမှ ဖြစ်ပြီး သူတို့သည် မဟာနတ်မိမယ်လေးဦးက မည်သို့သောပုံစံရှိသည်ဆိုတာကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
ယခုသူတို့သည် စာအုပ်အင်မော်တယ်ဟူသောအမည်ကို ကြားရသောအခါ အရိုးဖြူဂိုဏ်းကြားမှာ ရုတ်ရုတ်သဲသဲအသံတချို့ထွက်ပေါ်လာပြီး မိစ္ဆာကျင့်ကြံသူများစွာ၏ အကြည့်များက ထိုနေရာသို့ ရောက်ရှိလာခဲ့၏။
ဆူဇီမိုသည် မလှမ်းမကမ်းမှုရှိသော ရှဲ့ထျန်ဟုန်ကိုကြည့်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။
အစကတော့.. ရှဲ့ထျန်ဟုန်သည် သူ၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ဖို့အတွက် ထိုစကားများကို ပြောခဲ့ရုံသာဖြစ်သည်ဟု သူကတွေးထင်ခဲ့၏။
သို့သော်လည်း ပြန်စဥ်းစားကြည့်လျှင် ရှဲ့ထျန်ဟုန်သည် ယွင်ကျုး၏ သရုပ်သကန်ကို တမင်သက်သက် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ဖို့များသည်။
သူ၏ ရည်ရွယ်ချက်မှာ အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်ဖို့ဖြစ်၏။
နေရာဒေသတစ်ခုကိုအုပ်စိုးသော မင်းသားတစ်ပါးက ဘယ်လိုလုပ်ပြီး အဲ့လောက်ထိ စိတ်ဆတ်ပါ့မလဲ။
ရှဲ့ထျန်ဟုန်၏ ရည်ရွယ်ချက်က အငှားဓားဖြင့် လူသတ်ဖို့ဖြစ်၏။
အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ အပြုအမူများနှင့်ပတ်သက်၍ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိပေ။
ဒါ့အပြင် အဝီစိမှာပိတ်မိနေပြီးနောက် နောက်တစ်နေ့တွင် သူတို့က အသက်ရှင်နိုင်ပါ့မလား မည်သူကမှ မသိရပေ။
ဤကဲ့သို့သောအခြေအနေအောက်မှာ သူတို့၏ နှလုံးသားအနက်ပိုင်းထဲရှိ မကောင်းသောစိတ်ဆန္ဒများအားလုံးက အလိုလိုနိုးထလာပြီး သူတို့၏ မိစ္ဆာသဘာဝက ပေါ်ထွက်လာပေလိမ့်မည်။
“ဟီးဟီးဟီးဟီး...”
ရုတ်တရက်ကျောက်စိမ်းအရိုးဒေဝီက ရယ်မော၍ လူအုပ်ကြားထဲကနေ လျှောက်လှမ်းထွက်ကာ လမ်းတစ်လျှောက် သူမ၏ ခါးကို လှုပ်ခါလာခဲ့၏။
သူမ၏ လက်ထဲမှာ ပိုးထည်တစ်စကို ညင်သာစွာဝေ့ယမ်းပြီး ရှဲ့ထျန်ဟုန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။
“သူ့ရဲ့ချစ်သူကိုကြည့်ပြီး နင်ဘယ်လောက်တောင်မနာလိုနေလဲ ကြည့်စမ်းပါဦး”
ရှဲ့ထျန်ဟုန်သည် ကျောက်စိမ်းအရိုးဒေဝီ၏ လှောင်ပြောင်သရော်ခြင်းခံရပြီးနောက် ခွန်းတုံ့ပြန်ခြင်း သို့မဟုတ် စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ ရယ်မောရုံသာရယ်မောလိုက်၏။
သူက သူလိုချင်သည့်အရာကို ရရှိသွားခဲ့ပြီဖြစ်၏။
“လူငယ်လေး... ငါ့အနားကိုလာခဲ့ မမမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်”
ကျောက်စိမ်းအရိုးဒေဝီက ပြုံး၍ ဆူဇီမိုကို လက်ယပ်ခေါ်လိုက်၏။ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ကျောက်စိမ်းအရိုးဒေဝီကို အမူအရာကင်းမဲ့စွာဖြင့်ကြည့်ကာ ယွင်ကျူးဘက်သို့ ပြန်လှည့်သွား၏။
ကျောက်စိမ်းအရိုးဒေဝီက လျစ်လျူရှုခံလိုက်ရသည်ဆိုလျှင်တောင် သူမက ဒေါသထွက်သွားခြင်းမရှိဘဲ သူမ၏ မျက်လုံးထဲရှိ အူမြူးအားရမှုက ပိုမိုသိပ်သည်းစုဖွဲ့လာခဲ့၏။
“ဟီးဟီး...”
အရိုးမိစ္ဆာ ၁၄ဖော်ထဲမှ တစ်ယောက်က ထူးဆန်းစွာရယ်မော၍ ကျောက်စိမ်းအရိုးဒေဝီကို တပ်မက်စွာဖြင့် ကြည့်လိုက်၏။
“ကျောက်စိမ်းအရိုး... သူက နင့်ကိုသဘောမကျဘူးတဲ့... နင် သူ့အစား ဘာလို့ငါ့ကိုမရွေးတာလဲ”
လူအုပ်ကြီးက ဟားတိုက်ရယ်မောလိုက်ကြ၏။
“ဟမ့်...”
ကျောက်စိမ်းအရိုးဒေဝီက ထိုအရိုးမိစ္ဆာကိုလှည့်ကြည့်ပြီး ဟာသနှော၍ ငေါက်ငမ်းလိုက်၏။
“တဏှာအရိုးမိစ္ဆာ... နင့်က သောက်သုံးမှမကျတာ နင်က သုံးချီလောက်ဆိုရင် လဲကျသွားပြီ... အဲ့လောက်နဲ့ ငါလုံးဝစိတ်မဝင်စားဘူး”
“ဟားဟားဟားဟား”
မိစ္ဆာများ၏ ရယ်မောသံများက နှစ်ဆပို၍ ကျယ်လောင်လာခဲ့၏။
နတ်မိမယ်မိုချင်သည် တစ်ဘက်လူများ ပြောဆိုနေသည့်အရာကို နားမလည်သော်လည်း အဲ့ဒါက ကောင်းမွန်သည့်စကားများမဟုတ်သည်ကို သူမကသိရှိပြီး မျက်မှောင်ကြုတ်လိုက်၏။
သူမသည် အစကတည်းက ပန်းချီကားထဲမှ နတ်မိမယ်တစ်ပါးကဲ့သို့ အလွန်တရာချောမောလှပလေသည်။ မျက်မှောင်ကြုတ်လိုက်သော သူမ၏ အမူအရာက သူမကို ပို၍ဆွဲဆောင်မှုရှိသွားစေ၏။
အရိုးဖြူဂိုဏ်းမှ မိစ္ဆာများထံကနေ တံတွေးမျိုချသံများထွက်လာပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်လာ၏။
အင်မော်တယ်မဟာနယ်မြေမှ ကျင့်ကြံသူများဖြစ်စေ၊ ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်များဖြစ်စေ သူတို့က လိုချင်တပ်မက်မှုရှိလာသည်ဆိုလျှင်တောင် သူတို့၏ ဂုဏ်သိက္ခာကို ထောက်ထား၍ သူတို့ကိုယ်သူတို့ ဣန္ဒြေဆယ်ထားပေလိမ့်မည်။
မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများကတော့ ကျင့်ဝတ်ထုံးတမ်းများကို လုံးဝဂရုမစိုက်ပေ။
ဆူဇီမိုက အဲ့ဒါကို သတိထားမိပြီး သူတို့က ဤနေရာမှာဆက်နေမည်ဆိုလျှင် တစ်စုံတစ်ရာဖြစ်လာနိုင်သည်ကို သိရှိလိုက်၏။
သူတို့သုံးယောက်သည် သူတို့၏ ခွန်အားနှင့် အရိုးဖြူဂိုဏ်းမှ မိစ္ဆာများကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။
“ဒီနေရာကနေအရင်ထွက်ကြရအောင်”
ဆူဇီမိုက တိုးတိတ်စွာပြောလိုက်၏။
ယွင်ကျူးက သူမ၏ ခြေထောက်ထဲကနေ အဆိပ်သွေးများစွာကို ညှစ်ထုတ်ခဲ့ပြီးပြီဖြစ်၏။ သူမက ယခုအချိန်ထိ မလှုပ်ရှားနိုင်သေးသော်လည်း သူမက အသက်အန္တရာယ်ကနေ လွတ်မြောက်လာပြီး သူတို့သည် မည်သည့်အချိန်မဆို ထွက်ခွာသွားနိုင်လေသည်။
လိုဏ်ဂူထဲရှိလေထုက အနည်းငယ်ထူးဆန်းလာသည်ကို သူမကလည်း အာရုံခံမိလိုက်၏။
ဤနေရာကို အပိုင်းသုံးပိုင်းခွဲခြားထားနိုင်၏။
သူတို့သုံးယောက်၊ ရှဲ့ထျန်ဟုန်တို့သုံးယောက်အုပ်စုနှင့် အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူများ။
အဖွဲ့သုံးဖွဲ့ကြားကွာခြားမှုက အရမ်းကိုကြီးမားနေ၏။ အဲ့ဒါက ယခုအချိန်မှာ တည်ငြိမ်နေသည်ဟုထင်ရသော်လည်း မည်သည့်ပြုမူလှုပ်ရှားမှုကမဆို တည်ငြိမ်မှုကို ဖြိုခွင်းပစ်လိုက်နိုင်၏။
“ဒါပေမဲ့... ငရဲသက်ရှိတွေက အပြင်ဘက်မှာ နေရာအနှံ့ရှိနေတယ်... ငါတို့သုံးယောက်က တောင့်ခံဖို့မလွယ်ဘူး”
မိုချင်က စိုးရိမ်ပူပန်နေ၏။
ဤနေရာသို့ လာရာလမ်းတစ်လျှောက်မှာ သူမသည် အဝီစိတွင်သေဆုံးနေသော ကျင့်ကြံသူပေါင်းများစွာကို တွေ့မြင်ခဲ့ရပြီး ထိုသက်ရှိများက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိထားသည်။
“အဆင်ပြေပါတယ်”
ယွင်ကျူးက ပြောလိုက်၏။
“အပြင်ဘက်ကိုထွက်ပြီး အရင်ဆုံး တစ်ချက်လောက်ကြည့်ရတာပေါ့... ငါတို့က တောင့်မခံနိုင်ဘူးဆိုရင် ဒီနေရာကို ပြန်လာလို့ရတာပဲ”
ယွင်ကျူးက ဆူဇီမို၏ နောက်ခံကို သိရှိထားသည်။ ငရဲဖိနှိမ်မီးဖိုနှင့်အတူ သူတို့သည် ဆူဇီမိုနောက်သို့ လိုက်ပါနေသည်နှင့်အမျှ မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အဲ့ဒါက ဆူဇီမို၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူမက အဲ့ဒါကို အလွယ်တကူ ပြောဆိုလိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ”
မိုချင်က ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက ယွင်ကျူးကို သူ၏ ကျောပေါ်တင်ပြီး မိုချင်နှင့်အတူ ဝင်ပေါက်ဝရှိရာသို့ လျှောက်လှမ်းလိုက်၏။
ဂိုဏ်းချုပ်အရိုးဖြူ၏ အကြည့်က ရွေ့လျားသွားပြီး ထိုသည်ကို တွေ့မြင်သောအခါ သူ၏ခေါင်းကို အနည်းငယ်မော့လိုက်၏။
လူအိုကြီးအရိုးစုက နားလည်သဘောပေါက်သွားပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်၏ လမ်းကြောင်းကို ဖျတ်ခနဲဝင်ရောက်ကာ ပိတ်ဆို့တားဆီးလိုက်၏။
မိစ္ဆာ ၁၄ဖော်ထဲမှ ၈ယောက်က မိစ္ဆာကျင့်ကြံသူတစ်ထောင်နှင့်အတူ ရှေ့သို့ထွက်လာခဲ့၏။ သူတို့က ဝင်ပေါက်ဝဆီသို့ ချီတက်လာပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို မကောင်းသောစိတ်ဆန္ဒများနှင့်အတူ ကြည့်နေကြ၏။
“မင်းတို့သုံးယောက်က ဘယ်ကိုသွားမလို့လဲ”
စောစောက တဏှာအရိုးမိစ္ဆာက ပြုံး၍မေးလိုက်၏။
“ငါတို့တွေ... ထွက်လို့မရတော့ဘူး”
ယွင်ကျူးက ညင်သာစွာသက်ပြင်းချလိုက်၏။
“အရင်ဆုံးနောက်ပြန်ဆုတ်ရအောင်... သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လို့ မဖြစ်ဘူး”
ဆူဇီမိုကလည်း စိတ်ပိုင်းဆိုင်ရာတွက်ချက်မှုတစ်ခုကို ပြုလုပ်နေ၏။
သူက ငရဲဖိနှိမ်မီးဖိုနှင့်အတူ အငိုက်ဖမ်း၍ ပကတိမိစ္တာတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူသည် အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူ များ၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ပေ။
ဆူဇီမိုက အသံတိတ်နေပြီး ယွင်ကျူးကို သူ၏ ကျောပေါ်မှာတင်ကာ မိုချင်နှင့်အတူ နောက်ပြန်ဆုတ်လာခဲ့၏။
“လိမ္မာသားပဲ... ဒီလိုမှပေါ့”
အသွင်ပြောင်းအရိုးမိစ္ဆာက ရယ်မောလိုက်၏။
ခြေမွှခြင်းအရိုးမိစ္ဆာက သူ၏ လက်ဆစ်များကို ထပ်တလဲလဲ ဆိတ်ပြီး သွားဖြဲလိုက်၏။
“ငါတို့က မတိုက်ခိုက်ရတော့ဘူးပဲ... ဘယ်လောက်နှမြောဖို့ကောင်းလဲ... ငါ့ရဲ့အရိုးတွေက ယားနေပြီ”
အရိုးဖြူဂိုဏ်းမှမိစ္ဆာများက တဟဲဟဲရယ်မော၍ သူတို့ရှိရာဘက်သို့လက်ညှိုးထိုးကာ ညစ်ညမ်းသောစကားများကို ပြောဆိုနေ၏။
သို့သော်လည်း ဂိုဏ်းချုပ်အရိုးဖြူ၏ မည်သည့်ညွှန်ကြားမှုမှမရှိဘဲ မိစ္ဆာများက သူတို့ဘာသာသူတို့ တိုက်ခိုက်ရဲခြင်းမရှိပေ။
နဂိုနေရာကို ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုက တင်ပျဥ်ခွေထိုင်ချကာ အသံတိတ်နေ၏။ အရိုးဖြူဂိုဏ်းမှ မိစ္ဆာများသည် သူတို့ကို မတိုက်ခိုက်သော်လည်း သူတို့က အချိန်မရွေး ထိုသို့ပြုလုပ်လာဖို့ ဖြစ်နိုင်ခြေရှိလေသည်။ ဘေးတစ်ဘက်မှာ ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်ကလည်း အခြေအနေသိပ်မကောင်းကြပေ။
သူတို့သည် လက်ရှိအခြေအနေကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို စဥ်းစားနေကြ၏။
လိုဏ်ဂူထဲမှာရှိသော အရာများက အပေါ်ယံမှာတည်ငြိမ်နေသည့်ပုံပေါ်သော်လည်း တင်းကျပ်မှုက ဖြန့်ကြက်လာခဲ့၏။
တည်ငြိမ်အေးချမ်းမှုက ဘယ်အချိန်မှာ ပြိုကွဲသွားမလဲ မည်သူကမှ မသိရပေ။
ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် နောက်တစ်ဖန်ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်၏။
သူသည် အဝီစိသို့ဝင်ရောက်လာပြီးကတည်းက သူသည် တစ်ချိန်လုံးပြေးလွှားနေခဲ့ရပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးမရခဲ့ပေ။
ယခုသူက မထွက်ခွာနိုင်သေးဘူးဆိုမှတော့... သူ၏ စိတ်ကိုတည်ငြိမ်စေပြီး သိုင်းတာအိုပင်မခန္ဓာ၏ တည်နေရာကို အာရုံခံဖို့ ကြိုးပမ်းကြည့်ရပေမည်။
ဆူဇီမိုသည် စိတ်ဝိညာဥ်ပနံသင့်ပညာရပ်ကို တိတ်တဆိတ်လှည့်ပတ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာသေးပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည်လည်း အဝီစိမှာရှိနေပါက သူတို့၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် စိတ်ချင်းဆက်နေပြီး စိတ်ဝိညာဥ်ပနံသင့်ပညာရပ်၏ အထောက်အပံ့လည်းရှိနေသောကြောင့် ဤကဲ့သို့သော အခြေအနေတစ်ခုက ဖြစ်ပေါ်မလာသင့်ပေ။
ယခုအချိန်မှာ ဆူဇီမို၏ ခေါ်ဆိုမှုသည် မည်သည့်တုံ့ပြန်မှုမှမရှိဘဲ ပင်လယ်ထဲသို့ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ အဆုံးသတ်သွားသည်။
ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် အတွေးတစ်ခုက ဖျတ်ခနဲဝင်လာ၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို တိတ်တဆိတ်စတင်ရွတ်ဆိုလိုက်၏။
ရွှေရောင်သက္ကတစာလုံးများက သူ၏ အသိစိတ်ထဲမှာ ပေါ်ထွက်လာပြီး ဗုဒ္ဓပုံရိပ်ယောင်များလည်းပေါ်ထွက်လာ၏။ နဂါးနှင့်ဆင်တို့က အော်မြည်ကြပြီး သက္ကတစကားသံများက အဆက်မပြတ်ထွက်ပေါ်လာ၏။
သက္ကတစကားသံများ၏ တုန်ခါလှိုင်းနှင့် ရင်ဆိုင်ရချိန်မှာ ငရဲဖိနှိမ်မီးဖိုက အနည်းငယ်တုန်ခါ၍ အဆက်မပြတ် တစီစီအော်မြည်လာ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။ သူသည် နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာ၏ တည်နေရာကို အာရုံခံမိသွား၏။
တစ်ချိန်တည်းမှာပင် သူသည် ထိုသူ့ထံမှ တုံ့ပြန်မှုကိုလည်း ရရှိလိုက်၏။
အဝီစိသည် ထူးခြားသောနိယာမများနှင့်အတူ သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်နေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ငရဲငယ်များထဲမှာရှိနေပြီး သိုင်းတာအိုပင်မခန္ဓာကတော့ မဟာအဝီစိမှာ ကျရောက်နေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက မည်သို့ပင် ခေါ်ဆိုသည်ဖြစ်စေ သူက အဝီစိ၏ နိယာမများကို မထိုးဖောက်နိုင်ပေ။
အဝီစိမှာ နေရာတိုင်းကို ပျံ့နှံ့၍ ဤနေရာ၏ စည်းမျဥ်းစည်းကမ်းများနှင့် ချုပ်နှောင်မခံထားရသောအသံတစ်သံသာလျှင် ရှိသည်။
အဲ့ဒါသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှ သက္ကတစကားသံများဖြစ်သည်။
ဆူဇီမိုသည် သူ၏ စိတ်ထဲကနေ သက္ကတစကားသံများကို ရွတ်ဆိုနေ၏။ အဲ့ဒါက အသံတိတ်နေသော်လည်း ထိုစွမ်းအားက လေဟာနယ်အလွှာများကိုဖြတ်ကျော်ပြီး နိယာမများကိုချိုးဖျက်ကာ မဟာအဝီစိသို့ ရောက်ရှိသွားလေသည်။ နောက်ဆုံးမှာအဲ့ဒါက သိုင်းတာအိုပင်မခန္ဓာ၏ နားထဲသို့ ရောက်ရှိသွား၏။