← Chapters

မင်းတို့တွေက သေချင်နေပြီပဲ

Vol. 156 Ch. 2339

မင်းတို့တွေက သေချင်နေပြီပဲ

Vol. 156 Ch. 2339

ယွင်ကျူးက ရှဲ့လန်ဟုန်ကို အေးစက်စွာ လှည့်ကြည့်ပြီး သူ၏ အရှက်မဲ့မှုကို စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

အပေါ်ယံမှာ ရှဲ့လန်ဟုန်သည် မိုချင်၏ ဘက်ကနေ ထွက်ရပ်ကာ ကူညီပေးခြင်းဖြစ်၏။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် ပန်းချီအင်မော်တယ်ဟူသော မိုချင်၏ သရုပ်သကန်ကို တမင်သက်သက် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်၏။

ယခင်က ရှဲ့လန်ဟုန်သည် သူမ၏ သရုပ်သကန်ကိုလည်း တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီဖြစ်၏။

ယခု သူက တူညီသော လှည့်ကွက်ကိုပင် ထပ်မံ၍ အသုံးပြုလိုက်၏။

ဒါ့အပြင် ဤတစ်ခေါက်က ပို၍ပင် ကောက်ကျစ်စဉ်းလဲနေ၏။

“အား.. ပန်းချီအင်မော်တယ်မိုချင်နဲ့ စာအုပ်အင်မော်တယ်ယွင်ကျူး.. မင်းတို့တွေအကြောင်း ငါအများကြီးကြားဖူးတယ်”

ဂိုဏ်းချုပ်အရိုးဖြူက ခြောက်သွေအက်ကွဲ၍ မနှစ်မြို့စရာကောင်းသော အသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါကြောင့်လည်း မင်းတို့နှစ်ယောက်က ဒီလို ပြိုင်ဘက်ကင်းအော်ရာတွေကို ပိုင်ဆိုင်ထားတာကိုး.. လက်စသတ်တော့ မင်းတို့တွေက မဟာနတ်မိမယ်လေးပါးထဲက နှစ်ပါးဖြစ်နေတာပဲ”

ကျောက်စိမ်းအရိုးဒေဝီက သူမ၏ မျက်လုံးထဲရှိ မနာလိုအားကျမှုနှင့်အတူ ရယ်မောလိုက်၏။

“ဘယ်လောက်တောင် ချောမောလှပတဲ့ မျက်နှာလေးတွေလဲ.. ဘယ်လောက်တောင် မနာလိုစရာကောင်းလိုက်သလဲ”

မိုချင်က သူမကိုယ်သူမ အတတ်နိုင်ဆုံး ဣန္ဒြေဆည်ပြီး လူအိုကြီးအရိုးစုကို ကြည့်ကာ တည်တံ့စွာဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကို ပြန်ပေးပါ”

“ပြန်ပေးရမတဲ့လား”

လူအိုကြီးအရိုးစုက မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

“ဒီလိုဏ်ဂူထဲမှာ ရှိတဲ့ အရာရာတိုင်းကို အရိုးဖြူဂိုဏ်းနဲ့ ငါတို့ရဲ့ ဂိုဏ်းချုပ်ကပဲ ပိုင်တယ်.. ငါက အဲဒါကို ဘယ်သူ့ဆီ ပြန်ပေးရဦးမှာလဲ”

လူအိုကြီးအရိုးစုက နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကို ယူသွားပြီး ဂိုဏ်းချုပ်အရိုးဖြူထံ ကမ်းပေးနေသည်ကို မိုချင်က ကြည့်နေရ၏။ ဤတစ်ခေါက်မှာ သူမက သူ့ကို တားဖို့အတွက် ရှေ့သို့ တက်လှမ်းခြင်း မရှိတော့ပေ။ ယွင်ကျူးက သူမ၏ ဘေးမှာရှိနေပြီး သူမ၏ ဂျူနီယာမောင်လေးကလည်း မလှမ်းမကမ်းမှာ ရှိနေသည်ကို သူမ သိထား၏။

သူမသည် သူတို့နှစ်ယောက်ကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရပေမည်။ သူမသည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားအတွက်ကြောင့် သူတို့သုံးယောက်ကို မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ မရောက်ရှိစေလိုပေ။

နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားက မိုချင်အတွက် အလွန်တရာ အရေးကြီးသော်လည်း သူမက အဲဒါကို သည်းခံပြီး ယူတျောင်ဇီ၏ အလောင်းထံသို့ တိတ်တဆိတ် လျှောက်လှမ်းသွား၏။

“အချောလေး.. နင် ဘယ်ကိုသွားနေတာလဲ”

တဏှာအရိုးမိစ္ဆာက သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြီး သရော်ပြုံးတစ်ခုနှင့်အတူ မိုချင်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

မိုချင်က မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က စီနီယာတစ်ယောက်ပဲ.. ငါက သူ့ရဲ့အလောင်းကို ပြန်ယူဖို့အတွက် ဒီကို ရောက်လာတာ.. နင်တို့တွေက ဂမ္ဘီရတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကို ယူသွားပြီပဲ.. ဒါပေမဲ့ ငါက ဒီအလောင်းကို ယူသွားပြီး တက္ကသိုလ်မှာ သူ့ကို မြုပ်နှံပေးရမယ်”

“နတ်မိမယ်မိုချင်.. နင်က စောစောက ငါပြောခဲ့တာကို သဘောမပေါက်သေးဘူးနဲ့ တူတယ်”

လူအိုကြီးအရိုးစုက အေးအေးလူလူ လျှောက်လှမ်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီလိုဏ်ဂူထဲမှာ ရှိတဲ့ အရာရာတိုင်းကို ငါတို့ရဲ့ ဂိုဏ်းချုပ်ကပဲ ပိုင်တယ်လို့ ငါပြောပြီးပြီပဲ.. အဲဒါက အဲဒီအလောင်းလည်း ပါတယ်”

“နင်တို့တွေ…”

မိုချင်က သူမ၏ လက်သီးကို အနည်းငယ်ဆုပ်ပြီး အမျက်ဒေါသဖြင့် အော်ပြောလိုက်၏။

“ဒီအလောင်းက နင်တို့တွေအတွက် ဘာမှ အသုံးမဝင်ဘူးလေ.. အဲဒါက ရတနာတစ်ခုလည်း မဟုတ်ဘူး.. သိပ်ပြီးတော့ ဗိုလ်ကျမလာနဲ့”

“အို.. တော်တော်ကြောက်ဖို့ကောင်းတာပဲ”

ကျောက်စိမ်းအရိုးဒေဝီက အတည်အတံ့ပုံစံဖြင့် ပြောလိုက်၏။

“ပန်းချီအင်မော်တယ်မိုချင်က စိတ်တိုနေပြီဟေ့”

တဏှာအရိုးမိစ္ဆာက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

“နင်က ဒေါသထွက်တဲ့အချိန်မှာ ပိုပြီးတော့တောင် ကြည့်ကောင်းနေသေးတယ်.. အို.. ငါ့ရဲ့ နှလုံးသားတော့ အရည်ပျော်ကုန်ပါပြီ”

ယွင်ကျူးက ကြိတ်၍ သက်ပြင်းချလိုက်၏။

မိုချင်က အနည်းငယ် ရိုးအနေဆဲဖြစ်၏။ သူတို့ရှေ့မှာ အငြင်းပွားမှုသည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကနေ စတင်လာခဲ့၏။

သို့သော်လည်း တကယ်တမ်းမှာတော့ အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက ဤအချိန်ကို စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီဖြစ်၏။ သူတို့သည် တမင်ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာလိုသည်မှာ သိသာနေ၏။

နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားက တည်ငြိမ်မှုကို ဖြိုခွင်းဖို့အတွက် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်၏။

မိုချင်က ဘယ်လောက်ပင် အလျှော့ပေးသည်ဖြစ်စေ.. တစ်ဖက်လူများက အတင့်ရဲကာ ဆက်လက်၍ ဖိအားပေးနေမည်ဖြစ်၏။

ယခုအချိန်မှာ မည်သည့်ထွက်ပေါက်မှ မရှိတော့ချေ။

“ဟီးဟီးဟီး”

ရုတ်တရက် ဂိုဏ်းချုပ်အရိုးဖြူက ကျီးကန်းတစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး ရယ်မောလိုက်၏။

သူက သူ့လက်ထဲရှိ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားကို မြှောက်ကာ မိုချင်နှင့် ယွင်ကျူးကို နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်​ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီပန်းချီကားတွေအပြင် နင်တို့တွေကလည်း ငါ့အပိုင်ပဲ”

“ငါက ပန်းချီကားကိုလည်း လိုချင်တယ်.. နင်တို့နှစ်ယောက်ကိုလည်း လိုချင်တယ်”

“ဝိုး.. ဝိုး..”

“ဟေး.. ဟေး..”

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက ထိုစကားကို ကြားသောအခါ အော်ဟစ်၍ အားပေးလိုက်ကြ၏။

မိုချင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

ယွင်ကျူးက တစ်ဖက်မှာ ရှိသော ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ် အင်ပါယာနဂါးကို လှည့်ကြည့်ကာ တည်တံ့စွာဖြင့် ပြောလိုက်၏။

“နင်တို့နှစ်ယောက်က ဒီတိုင်းပဲ မဆိုင်သလို ထွက်ရပ်နေမှာလား.. ငါတို့တွေအားလုံးက အင်မော်တယ်မဟာနယ်မြေက လာတယ်ဆိုတာကို မမေ့လိုက်နဲ့.. ဒီနေရာမှာ ငါတို့ သေသွားပြီးရင် နင်တို့တွေကလည်း ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ပကတိအင်မော်တယ်နှစ်ဦးက သူတို့ဘက်မှာ ရပ်တည်လာမည်ဆိုလျှင် မည်သို့ပင်ဆိုစေ သူတို့၏ အင်အားက တိုးလာပေလိမ့်မည်။

“မင်းတို့တွေ ဝင်ပါရဲလား”

ဂိုဏ်းချုပ်အရိုးဖြူ၏ မကောင်းဆိုးဝါးဆန်ဆန် အကြည့်က ရှဲ့လန်ဟုန်နှင့် အခြားနှစ်ယောက်ထံသို့ ရွေ့လျားရောက်ရှိသွား၏။

ရုတ်တရက် ပကတိအင်မော်တယ် အင်ပါယာနဂါးက ပြောလိုက်၏။

“အဝီစိမှာ ဘယ်အရာကမှ မသေချာဘူး.. အင်မော်တယ်နဲ့ မိစ္ဆာကြားမှာလည်း ဘာကွာခြားမှု ရှိဦးမှာလဲ”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဂိုဏ်းချုပ်အရိုးဖြူ.. ကျုပ်က ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းအကြောင်းကို ကြားဖူးထားတာ ကြာလှပြီ.. ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်က အရိုးဖြူဂိုဏ်းကို ဝင်ပြီး ခင်ဗျားရဲ့ အမိန့်ကို နာခံနိုင်တယ်”

ပကတိအင်မော်တယ်ကျင်းယွဲ့က အံ့အားသင့်သော အကြည့်တစ်ခုနှင့်အတူ ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

ပကတိအင်မော်တယ် အင်ပါယာနဂါးက မည်သည့် ရှက်ရွံ့မှုမှ မရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။

အခြေအနေက ယခုအချိန်မှာ ဖိအားပေးနေပြီး သူတို့က ယာယီအားဖြင့် အညံ့ခံထားမှသာ အသက်ရှင်နိုင်ပေလိမ့်မည်။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် လက်ရှိအခြေအနေကို နားလည်သဘောပေါက်သော်လည်း ပကတိအင်မော်တယ် အင်ပါယာနဂါးက ဤမျှအထိ လျင်မြန်စွာ အညံ့ခံပြီး အရိုးဖြူဂိုဏ်းကို ဝင်ရောက်ဖို့ ရွေးချယ်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

တစ်ဖန်ပြန်တွေးကြည့်ရင် သူတို့မှာ ရွေးချယ်စရာ မရှိသည်ကို နားလည်သဘောပေါက်သွား၏။

လူတိုင်းက ဤနေရာမှာ ပိတ်မိနေပြီး မည်သူကမှ မလွတ်မြောက်နိုင်ပေ။ သူတို့က သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူးဆိုမှတော့ အင်မော်တယ်နှင့် မိစ္ဆာကြားမှာ ဘယ်လိုကွာခြားမှု ရှိနေနိုင်ဦးမှာလဲ။

“ကျုပ်ကလည်း ခင်ဗျားရဲ့ အမိန့်ကို နာခံလိုပါတယ်”

ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း အနည်းငယ် ဦးညွှတ်လိုက်၏။

“ဉာဏ်ရှိတဲ့သူတွေက သူတို့ရဲ့ အခြေအနေကို သူတို့ နားလည်သဘောပေါက်တယ်”

ဂိုဏ်းချုပ်အရိုးဖြူက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

မလှမ်းမကမ်းမှာ ဆူဇီမိုက တင်ပျဉ်ခွေထိုင်နေဆဲဖြစ်၏။ သူသည် တစ်စုံတစ်ရာမှာ နစ်မျောနေပြီး သူ့ကိုယ်သူ ဆုံးရှုံးသွားရသည့်အလား အတန်ကြာသည်အထိ ထိုပုံစံအတိုင်း ထိန်းသိမ်းထား၏။

ယွင်ကျူးက ဆူဇီမိုကို ကြည့်လိုက်သော်လည်း သူ့ကို လှုပ်နှိုးမနေတော့ပေ။

ဆူဇီမိုက ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်မှာသာ ရှိလေသည်။ သူက နိုးထလာမည်ဆိုလျှင်တောင် အဲဒါက သုံးစားမရနိုင်ပေ။

“နတ်မိမယ်တို့.. ဒီကိုလာပြီး ငါ့ဘေးမှာ လာထိုင်ကြ.. ငါနဲ့အတူ ဒီပန်းချီကားကို တစ်ချက်လောက် ကြည့်ရအောင်”

ဂိုဏ်းချုပ်အရိုးဖြူက မိုချင်နှင့် ယွင်ကျူးကို လက်ယပ်ကာ လှမ်းခေါ်လိုက်၏။

မိုချင်၏ အမူအရာက အေးစက်၍ အသံတိတ်နေ၏။

ယွင်ကျူးက လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း အဆိပ်များကို လုံးလုံးလျားလျား ဖယ်မထုတ်နိုင်သေးပေ။ သူမ၏ ခန္ဓာကိုယ်က ပျော့ခွေနေပြီး သူမမှာ ခွန်အားများစွာ မကျန်ရှိတော့ပေ။

“အမျိုးသမီးတို့.. သွားကြရအောင်”

တဏှာအရိုးမိစ္ဆာက ရှေ့သို့ လျှောက်လှမ်းလာပြီး မိုချင်နှင့် ယွင်ကျူးထံ ဖိတ်ခေါ်သည့် လက်ဟန်အမူအရာတစ်ခု ပြုလုပ်ပြကာ အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။

“ခင်ဗျားတို့တွေကို ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်က ဖိတ်ခေါ်လိုက်ပါတယ်”

“ထွက်သွားစမ်း”

ယွင်ကျူးက အေးစက်စွာ အော်ငေါက်လိုက်၏။

“ဟမ်”

တဏှာအရိုးမိစ္ဆာ၏ အကြည့်က ရက်စက်ကြမ်းတမ်းလာပြီး သူက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

“နင်က ငါ့ကို ဘယ်လိုတောင် အော်ငေါက်ရဲတာလဲ.. နင်က ငါ့ကို ခွန်အားသုံးရအောင် လုပ်နေတာပဲ”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် တဏှာအရိုးမိစ္ဆာက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ယွင်ကျူး၏ လက်ကို ဖမ်းဆွဲလိုက်၏။

မိုချင်၏ အမူအရာက အေးစက်နေပြီး သူမက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူမ၏ လက်ကို မြှောက်ပြီး တဏှာအရိုးမိစ္ဆာ၏ ဦးခေါင်းနောက်ဘက်ကို ဖြတ်ရိုက်ချလိုက်၏။

“ဟီးဟီးဟီး”

ထိုစဉ်မှာပင် ကျောက်စိမ်းအရိုးဒေဝီ၏ ရယ်သံက မိုချင်၏ နားထဲမှာ ထွက်ပေါ်လာ၏။

“အချောလေး.. ဘာမှ မဆင်မခြင် လျှောက်မလုပ်စမ်းနဲ့”

မသိလိုက် မသိဘာသာနှင့်ပင် ကျောက်စိမ်းအရိုးဒေဝီက မိုချင်၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အဆက်မပြတ် တိုက်ခိုက်လိုက်၏။ သူမ၏ သိုင်းနည်းစနစ်က အဆက်မပြတ် ပြောင်းလဲနေပြီး ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။

မိုချင်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယသည် သာမန်သာ ဖြစ်၏။ သူမ၏ ဓမ္မတာအိုတစ်ခုလုံးက သူမ၏ ပန်းချီကားများမှာသာ ရှိလေသည်။

သို့သော်လည်း ထိုပန်းချီကားများကို အဝီစိမှာ အသုံးပြု၍ မရပေ။

သူမသည် အနီးကပ်တိုက်ခိုက်ခြင်းမှာ ကျောက်စိမ်းအရိုးဒေဝီကို မယှဉ်နိုင်ပေ။

အချီအနည်းငယ်အတွင်း ကျောက်စိမ်းအရိုးဒေဝီက မိုချင်၏ လက်နှစ်ဖက်ကို နောက်ပြန်တုပ်ထားလိုက်၏။ သူမ၏ လက်ဆစ်များ အားလုံးက ချုပ်နှောင်ခံထားရပြီး သူမက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

“အချောလေး.. နင့်မျက်နှာက အရမ်းကို လှတာပဲ.. ငါက အဲဒါကို နည်းနည်းလောက် ကုတ်ခြစ်ပြီး ဖျက်ဆီးပစ်ချင်နေပြီ”

ကျောက်စိမ်းအရိုးဒေဝီက အေးစက်စွာ ပြော၍ သူမ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်၏။ သူမ၏ ထက်ရှသော လက်သည်းချွန်များက မိုချင်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်သွားပြီး အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်လာ၏။

အခြားတစ်ဖက်မှာတော့ တဏှာအရိုးမိစ္ဆာက ယွင်ကျူး၏ လက်နှစ်ဖက်ကို ဖမ်းဆွဲပြီး စည်းလွတ်ဝါးလွတ် ရယ်မောလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ သူက တစ်ဖက်သို့ အလိုလိုမျက်နှာလွှဲပြီး ကြိတ်၍ သက်ပြင်းချလိုက်၏။

“မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ချီးကျူးပြီး ပိုးပန်းဖို့ ကြိုးစားရတဲ့ နတ်မိမယ်တွေဖြစ်တဲ့ ပန်းချီအင်မော်တယ်နဲ့ စာအုပ်အင်မော်တယ်က ဒီလောက် အတိုင်းအတာထိ အရှက်ခွဲခံရလိမ့်မယ်လို့ ဘယ်သူက​ တွေးမိပါ့မလဲ”

“မင်းတို့တွေက သေချင်နေပြီပဲ”

ထိုစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာ၏။

မလှမ်းမကမ်းမှာ ဆူဇီမိုက အေးစက်နေသော အမူအရာတစ်ခုနှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး မိုချင်နှင့် ယွင်ကျူးထံသို့ လျှောက်လှမ်းသွားသည်။

All Chapters