အခန်း (၂၅၇-၂၆၀)
Vol. 17 Ch. 257-260
အခန်း ၂၅၇ အဆုံးသတ်
အဆိုပါ အနီရောင်သဏ္ဍာန်သည် ရွှေအိုရောင် တောဝက်ရိုင်း၏ အနောက်ဆီမှ ခုန်ထွက်လာပြီး တောဝက်၏ ကျောဘက်မှ ရွှေအိုရောင် အမွှေးများပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက် အနီရောင်သဏ္ဍာန်သည် ကောင်းကင်ဆီသို့ ခုန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် စတင်လောင်ကျွမ်းတော့သည်။ စွမ်းအားကြီးသော မီးတောက်များသည်လည်း သူ၏ခန္ဓာကိုယ်မှ ရုတ်တရတ် ထွက်လာလေသည်။
ဝုန်း!
မီးတောက်များသည် အလျှံပြင်းပြင်းဖြင့် လောင်မြိုက်နေလေရာ လေထဲတွင် တစ်စုံတစ်ခုက အော်မြည်နေသလို ထူးဆန်းသော အသံများထွက်ပေါ်နေလေသည်။
ဝုန်း!
လေထဲမှ မီးတောက်သည် ရုတ်တရတ် စတင်ပျံသန်းလေသည်။
ပင်လယ်နဂါး၏ မျက်လုံးများသည် အောက်သို့ စိုက်ကြည့်နေပြီး သူ၏ ရှည်လျားပြီး ထူထဲသော အမြီးကြီးသည် လေထဲတွင် ဝေ့ဝိုက်လျက်ရှိနေသည်။ ခဏအကြာတွင်တော့ သူ၏အမြီးကို အောက်သို့စိုက်ချထားလိုက်သည်။
ပင်လယ်နဂါးသည် သူ၏ နှာခေါင်းပေါက်မှ လေများကို မှုတ်ထုတ်လိုက်ပြီး ကောင်းကင်ဆီသို့ ဟိန်းဟောက် အသံပြုလိုက်သည်။
သူသည် ခန္ဓာကိုယ်ကို အရှေ့ဘက်ဆီသို့ တွန့်လူးရွေ့လျားလိုက်ပြီး ကြောက်မက်ဖွယ် အငွေ့အသက်တို့ဖြင့် ရှိနေလေသည်။ ညစ်ပေနေသော နံရံသည် သူ၏ ခန္ဓာကိုယ်နှင့် တိုက်မိသောကြောင့် ပြိုပျက်သွားလေသည်။
ပင်လယ်နဂါး ထွက်သွားချိန်တွင် ရွှေအိုရောင်တောဝက်သည် နံရံထဲတွင် ရှိနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် နံရံပျက်စီးသွားသောအခါ ရွှေအိုရောင်တောဝက်လည်း စတင်ပျံသန်းလိုက်သည်။
ရွှေအိုရောင်တောဝက်သည် သူ၏ နာကျင်မှုအာရုံပျောက်ဆုံးနေပြီ ဖြစ်သောကြောင့် ဟိုဟိုသည်သည် သွားလာနေပြီး သူ၏ တိုက်ခိုက်မှုအပေါ်လည်း အကျိုးသက်ရောက်မှု ရှိမနေပါချေ။
တောဝက်သည် မတ်တပ်ရပ်လိုက်ပြီးနောက် အမွှေးများကို ခါရမ်းလိုက်ပြီး ဟိန်းဟောက်မြည်တမ်းလိုက်သည်။ သူသည် ပင်လယ်နဂါးနှင့် အရွယ်အစား ကွာခြားမှုကို မမှုပဲ တိုက်ခိုက်ရန် ဦးတည်လိုက်သည်။
ကြောက်လန့်ခြင်း ကင်းမဲ့သော တိုက်ခိုက်သူပင် ဖြစ်လေသည်။
ပင်လယ်နဂါးသည် အနည်းငယ်ပင် စိတ်ရှုပ်သွားသည်။ တောဝက်ကို ထပ်မံပျံသန်းနိုင်ရန် ကူညီပေးနေသည့် ပုံစံဖြင့် မီးတောက်လေးသည် သူ၏ နံဘေးတွင်လည်း လိုက်ပါနေလေသည်။
မီးတောက်သည် သူ၏ဘေးတွင် ပြင်းထန်စွာ လောင်မြိုက်နေသည်။ သူ၏ လည်ပင်းနားတွင် တွဲဆက်လောင်မြိုက်နေခြင်း ဖြစ်သောကြောင့် ခြင်္သေ့လည်ဆံမွှေးနှင့်ပင် တူနေသေးတော့သည်။
ရွှေအိုရောင်တောဝက်နှင့် မတူသည်ကတော့ မီးတောက်သည် ပင်လယ်နဂါးကို အမှန်တကယ်ပင် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ ရွှေအိုရောင်တောဝက်သည် သူ့အတွက်တော့ ကစားစရာ တစ်ခုလို ဖြစ်နေသော်လည်း မီးတောက်ကတော့ သူ့အတွက် ချွန်ထက်နေသော ဓားသွားတစ်လက်လိုပင်။
သူသည် သေးငယ်သော်လည်း အသက်ဇီဝိန်ကို ချွေနိုင်စွမ်းရှိလေသည်။
ဝေါင်း~
ပင်လယ်နဂါးသည် သူ၏ ခြေလေးချောင်းလုံးကို နှိမ့်ချလိုက်သည်။ သူ၏ ခြေသည်းများသည် တောက်ပနေပြီး သူ၏ ကြွက်သားများသည် အမြှောင်းလိုက်ထနေသည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်သောကြောင့် လေထဲတွင် မြူခိုးများ ဖြစ်ပေါ်သွားသည်။ လေထဲမှ ရေခိုးရေငွေ့များသည် မြူခိုးများနှင့် ပေါင်းစပ်ပြီး ပင်လယ်နဂါး၏ ခန္ဓာကိုယ်ဘေးတွင် ရေများဖြင့် ဝန်းရံသွားသည်။
ကြည့်ရှုနေသူများသည် ရေများ၏ တိုက်ခတ်သံများကိုပင် ကြားနေရလေသည်။
ထိုအချိန်တွင် ရေများသည် နှစ်ခြမ်းကွဲသွားသည် ပင်လယ်နဂါး၏ ဦးခေါင်းကြီး ထွက်ပေါ်လာသည်။
သူသည် ရေများကို ထိုးဖောက်ထွက်လာရင်း သူ၏ စိမ်းပြာရောင်အကြေးခွံများတွင် အလင်းများပင် ပြန်နေသည်။ သူသည် ပါးစပ်ကြီးကို ဟလိုက်သောအခါ လွှသွားကဲ့သို့ ချွန်ထက်သော သွားများ ထွက်ပေါ်လာသည်။ ထိုသွားများသည် တစ်ခုခုကို ကိုက်မိပါက ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
မီးတောက်သည် လေထဲတွင် ပျံသန်းနေပြီး ဦးတည်ချက်ကို ပြောင်းလို့မရတော့ပေ။ အကိုက်ခံထားရတာ သေချာနေပြီ ဖြစ်သည်။
မီးတောက်တွင် ရုတ်တရတ် အမွှေးများထွက်လာပြီး ကြီးမားသော မီးလျှံများအဖြစ် ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် မီးတောက်သည် သူ့ကိုယ်သူ မီးလျှံလုံးအဖြစ် ပြောင်းလဲလိုက်သည်။
မီးနှင့်ရေသည် ပေါင်းစည်းသွားပြီး မတူညီသော အရာနှစ်ခုသည် လေထဲတွင် တိုက်ခိုက်နေကြတော့သည်။
တောက်ပသော အနီရောင်နှင့် အပြာရောင်တို့သည် လေထဲတွင် ကပြနေသလိုပင် ဖြစ်နေသည်။ တစ်ခါတစ်ရံ ပေါင်းစည်းနေသလို ဖြစ်နေပြီး တစ်ခါတစ်ရံတွင်တော့ သက်သက်စီ ခွဲထွက်နေသည်။ ထိုအရာနှစ်ခုသည် ပျိုးပျက်သော အလင်းရောင်များပေါ်ထွက်နေပြီးနောက် မကြာခင်တွင် ပေါက်ကွဲသွားလေသည်။
ဝုန်း!
လေထဲတွင် အလင်းလှိုင်းများ ဖြတ်သန်းသွားသည်။
ပြင်းထန်သော လှိုင်းများကြောင့် မီးလုံးသည် လွင့်ပျံထွက်သွားပြီး ပင်လယ်နဂါး၏ ကိုက်ထားမှုမှ လွတ်မြောက်သွားသည်။
ပင်လယ်နဂါးသည် အနည်းငယ်အရေးနိမ့်သွားပြီး သူ၏ ပါးစပ်ထဲတွင် လေများသာ ကျန်ခဲ့သည်။ သူသည် လေများကို ကိုက်နေရသောကြောင့် ဒေါသထွက်သွားသည်။
မီးလုံးသည် လေထဲတွင် ကျွမ်းပစ်လိုက်ပြီးနောက် သူ၏ နောက်ခြေများကို အသုံးပြုကာ မြေပြင်ဆီသို့ ဆင်းသက်လိုက်သည်။ ထို့နောက် ရေများ ပြုတ်ကျလာသောကြောင့် အနောက်ဘက်ဆီသို့ ပေ ၃၀ ခန့် ခုန်ရှောင်လိုက်သည်။
ရေများသည် မြေပြင်ဆီသို့ ကျလာပြီး မီးလုံး၏ ခန္ဓာကိုယ်သို့ ရေစက်အနည်းငယ် စင်သွားသည်။ သို့သော် မီးလုံးလေး၏ အမွှေးတစ်မျှင်မှ ရေမစိုသွားချေ။
ပင်လယ်နဂါးသည် ချက်ချင်းတိုက်ခိုက်မည့်ဟန် ပြင်လိုက်သော်လည်း ရုတ်တရတ် ရပ်တန့်သွားသည်။
သူသည် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကားတစ်စီးအရွယ်အစား ရှိသော ရွှေအိုရောင်တောဝက်သည် သူ့ဆီသို့ တစ်ဟုန်ထိုးလာနေသည်ကို တွေ့လိုက်ရသည်။ သူ၏ တင်ပါးများသည် ပြေးလာနေရင်းပင် ဟိုဘက်ဒီဘက် ယိမ်းထိုးနေလေသည်။
ပင်လယ်နဂါးသည် ဒေါသထွက်သွားသည်။ သူသည် ထိုကဲ့သို့ တစ်ခါမှ အဆက်ဆံမခံရဖူးပါချေ။
တောဝက်သည် သူ၏ အစာမျှသာ ဖြစ်သော်လည်း သူ့လို ကြီးကျယ်မြင့်မြတ်သော နဂါးကို စိန်ခေါ်နေသည် မဟုတ်ပါလား။
ရွှေအိုရောင်တောဝက်သည် အနည်းငယ် ပင်ပန်းနေပုံတော့ ပေါက်နေလေသည်။ သူသည် ပင်လယ်နဂါးကို မော့ကြည့်လိုက်ချိန်တွင်ပင် ဟောဟဲဟိုက်နေပြီ ဖြစ်သည်။
“ရွှေအိုရောင်တောဝက်.. မြန်မြန်ပြန်လာခဲ့” ကျန့်ရိသည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သူသည် ရုတ်တရတ် မကောင်းတော့ဘူးဟု ခံစားလိုက်ရသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ပင်လယ်နဂါးသည် သူ၏ လည်ပင်းရှည်ကြီးကို ခါရမ်းလိုက်ပြီး တောဝက်ဆီသို့ ထိုးဆင်းသွားသည်။
ရွှေအိုရောင်တောဝက်သည် ပင်လယ်နဂါး၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရပြီး နဂါး၏ ပါးစပ်တွင်းတွင် မြောက်တက်သွားတော့သည်။
ရွှေအိုရောင်တော့ဝက်သည် ဓာတ်ငွေ့၏ အကျိုးသက်ရောက်မှုကို ခံစားနေရဆဲ ဖြစ်သောကြောင့် အကိုက်ခံရသော်လည်း ကြောက်စိတ်ဖြစ်ပေါ်မနေချေ။ ထို့ကြောင့် သူသည် မပျံသန်းနိုင်တော့သည်ကို မယုံနိုင်ဖြစ်နေသော ပုံစံဖြင့် ရုန်းကန်နေလေသည်။
“တရားမဝင်ဆေးတွေက အရမ်းအန္တရာယ်များတယ်” ကောင်းဖန်သည် ထိုကဲ့သို့ရေရွတ်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။ သူသည် အဆိုပါ ဓာတ်ငွေ့နှင့် အလားတူသော ဓာတ်ငွေ့ကို ကျင့်ကြံခြင်းဖြင့် ဖော်ထုတ်ဖို့ရာ အကြံမထုတ်နိုင်တော့ပြီပင်။ ထိုဓာတ်ငွေ့ကို ရှူရှိုက်လိုက်သူသည် ကြောက်လန့်ခြင်း ကင်းသွားသော်လည်း သူ၏ အသိစိတ်ကိုတော့ ထိခိုက်မှု ဖြစ်စေသည်ပင်။
ထို့ကြောင့် အလားတူဓာတ်ငွေ့ကို ဖော်ထုတ်ခြင်းသည် သူ၏ ရက်စက်သော အကျိုးအာနိသင်ကို အပြည့်အဝ မှီခိုရမည် ဖြစ်သည်။
ထိုနည်းလမ်းသည် တိုက်ခိုက်မှုအတွက် အလားအလာမကောင်းပါချေ။
မီးလုံးက တိုက်ပွဲစွမ်းရည်ကောင်းသဖြင့် သူသည် ဓာတ်ငွေ့၏ အကျိုးသက်ရောက်မှုကို ခံစားရစေကာမူ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ရွှေအိုရောင်တောဝက်ကတော့ သူနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူ၏ ဦးနှောက်သည် ဓာတ်ငွေ့ကြောင့် ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီဟု ထင်ရလောက်အောင်ပင်။
အရှေ့မှ ပြိုင်ပွဲဝင်များကတော့ တောဝက်ကို အရေးနိမ့်ခဲ့ရလေသည် … ကောင်းဖန်မှာ ပြောစရာစကားများပင် ပျောက်ဆုံးနေလေသည်။
ရွှေအိုရောင်တောဝက်၏ လှုပ်ရှားမှုများသည် ကျန့်ရိ၏ အော်ဟစ်မှုကြောင့် ရပ်တန့်သွားလေသည်။ သူ၏ ကိုယ်ပိုင်သားရဲ သေဆုံးမှုသည် သူ့ကို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ဖြစ်စေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်ဝိဉာဉ်သည် စိတ်ဒဏ်ရာ ရနေပြီး ပြန်လည်ကုစားနိုင်ဖို့ရာ အနားယူဖို့ လိုအပ်နေပြီဖြစ်သည်။
ထိုအချက်သည် လူတော်တော်များများက အဆင့်နိမ့်သော ကိုယ်ပိုင်သားရဲများနှင့် သွေးစာချုပ်များ မချုပ်ချင်ရသည့် အချက်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ သွေးစာချုပ်အရ အကယ်၍ ကိုယ်ပိုင်သားရဲသည် သားရဲလေ့ကျင့်သူ၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကို မခံရပါက ထိုကိုယ်ပိုင်သားရဲ၏ သေဆုံးမှုသည် သားရဲလေ့ကျင့်သူ၏ စိတ်ဝိဉာဉ်ကို သွားထိခိုက်မည် ဖြစ်သည်။
သားရဲလေ့ကျင့်သူသည် ကိုယ်ပိုင်သားရဲကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်လျှင်လည်း ပိုပြီးပင် ကြီးမားသော အကျိုးသက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။
“မီးလုံး.. သူ့ရဲ့ အရှေ့ပိုင်းမြစ်ဖျံကို သတ်ပစ်” ကျန့်ရိက အော်ဟစ်ပြောလိုက်သည်။
မင်းက ငါ့ရဲ့ ကိုယ်ပိုင်သားရဲ တစ်ကောင်ကို သတ်ထားတာမို့လို့ မင်းရဲ့ ကိုယ်ပိုင်သားရဲ တစ်ကောင်ကိုလည်း ပြန်သတ်မယ်။
မီးလုံးသည် အမိန့်ကို ကြားလိုက်ရပြီးနောက်တွင် ပင်လယ်နဂါးဆီသို့ လှည့်သွားလိုက်ပြီး အရှေ့ပိုင်းမြစ်ဖျံ တစ်ကောင်ဆီသို့ တဟုန်ထိုး ဦးတည်လိုက်သည်။
ဝေါင်း.. ပင်လယ်နဂါး၏ သူငယ်အိမ်များသည် ရုတ်တရတ်လှုပ်ရှားသွားသည်။ သူ့မျက်လုံးအိမ်ထဲမှ သူငယ်အိမ် ၂ ခုခုံးသည် လည်ပတ်သွားပြီး တစ်နေရာထဲသို့ ဦးတည်စိုက်ကြည့်နေလေသည်။
ပင်လယ်နဂါးသည် ပို၍ပင် အန္တရာယ်ရှိသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး သူ၏ နှလုံးသားသည် အလွန်ပင် ခုန်နေလေသည်။
သူ၏ ကြီးမားသော အမြီးကို လွှဲလိုက်သောအခါ သူ၏ အကြေးခွံများသည် လှိုင်းများထသွားသည်။ အမြီးကို လွှဲလိုက်သောကြောင့် လေပြင်းကြီးကလည်း တိုက်ခတ်သွားလေသည်။
ဝုန်း
မီးလုံးသည် အမြီးကို မရှောင်နိုင်တော့ပေ။ သူ့ထံသို့ အမြီးကြီးလာနေသည်ကို မြင်လိုက်ရသော်လည်း သူ၏ ခြေထောက်များသည် အချိန်မှီ မရောက်နိုင်တော့ပါပေ။
သူ၏ သွေးများသည် နေရာအနှံ့ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ဖြစ်ပေါ်သွားသည်။
သူသည် မြေပြင်တွင် အကြိမ်များစွာ လိမ့်သွားပြီး ထောင့်စွန်းတစ်နေရာနှင့် ရိုက်မိပြီးမှသာ ရပ်သွားလေသည်။
ပင်လယ်နဂါးသည် မျက်လုံးကို မှေးစင်းလိုက်ပြီး ရက်စက်ခက်ထန်စွာ ကြည့်လိုက်သည်။
ကျန့်ရိသည် မီးလုံး၏ ကြီးမားသော နာကျင်မှု ဒဏ်ရာများကို သွေးစာချုပ်မှ တဆင့် ခံစားလိုက်ရသည်။ မီးလုံးသည် အကောင်ဆုံး ကြိုးစားပါက ဆက်လက်တိုက်ခိုက်နိုင်ဦးမည် ဖြစ်သည်။ သို့သော် သူ၏ ဒဏ်ရာများသည် သူ၏ တိုက်ခိုက်မှုစွမ်းရည်ကို ကြီးမားစွာ သက်ရောက်မှု မရှိသော်လည်း ကျန့်ရိ၏ တိုက်ခိုက်မှု စိတ်ဝိဉာဉ်ကိုတော့ အကျိုးသက်ရောက်မှု ရှိလေသည်။
ကျန့်ရိသည် ထိုအမှန်တရားကို လက်မခံချင်သော်လည်း လက်ခံရမည်ပင်။
ကျန့်ရိတင်မက အခြားသော ကြည့်ရှုနေသူများလည်း တိုက်ပွဲကိုကြည့်ရင်း ထိတ်လန့် မှင်သက်နေကြသည်။
ကျန့်ရိသည် တစ်ဖက်သက်ဆန်စွာပင် အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
ကောင်းဖန်သည် ခေါင်းကို ခါရမ်းလိုက်ပြီး ထထွက်သွားသည်။ ကျန့်ရိ ရှုံးသွားပြီ ဖြစ်သောကြောင့် ဆက်ကြည့်စရာလည်း မရှိတော့ပြီပင်။
တိုက်ပွဲတွင် ဓာတ်ငွေ့ကို အသုံးပြုလိုက်ခြင်းသည် အမှားအယွင်း ဖြစ်သွားခဲ့လေသည်။
ထိုဓာတ်ငွေ့ကိုသုံးခြင်းသည် ကိုယ်ပိုင်သားရဲများကို သေခြင်းတရားအား ကြောက်လန့်ခြင်း မရှိစေသော်လည်း အသိဉာဏ်ကိုတော့ နိမ့်ပါးသွားစေသည် မဟုတ်ပါလား။
တိုက်ပွဲဆိုသည်မှာ အသိဉာဏ်ဖြင့်သာ အနိုင်ယူရသည် ဖြစ်သောကြောင့် အားအင်သီးသန့် သုံးခြင်းသည် အကျိုး မရှိပါချေ။
ကျန့်ရိသည် ထိုဓာတ်ငွေ့ကို မသုံးခဲ့ပါက အနိုင်ရနိုင်ချေ ရှိသေးသေည်လည်း သုံးလိုက်မိပြီး ဖြစ်သောကြောင့် မျှော်လင့်ချက် မရှိတော့ပါပေ။
မီးလုံးသည်လည်း ဓာတ်ငွေ့ဒဏ်ကို ခံစားရပြီး ဖြစ်သောကြောင့် ပင်လယ်နဂါး၏ တိုက်ခိုက်မှုကို မရှောင်လွှဲနိုင်တော့ပါချေ။
ဒေစီက ကျန့်ရိကို ကြည့်လိုက်သည်။ ဒီလိုပဲ အရှုံးပေးတော့မှာလား။
ပင်လယ်နဂါး၏ ဦးခေါင်းသည် မီးလုံးဆီသို့ တဖြည်းဖြည်း ကပ်သွားသည်။ အလင်းများသည် သူ၏ အကြေးခွံများဆီမှ ထွက်လာနေဆဲ ဖြစ်သည်။
“နေဦး… ကျုပ်…” ကျန့်ရိသည် အသက်ကို ပြင်းပြင်းရှုလိုက်ရင်း “ကျုပ်အရှုံးပေးတယ်”
သူသည် ထိုသို့ ရေရွတ်လိုက်ပြီး ကူကယ်ရာမဲ့သွားသော ပုံစံဖြင့် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ့ပုံစံသည် လေကုန်သွားသော ဘောလုံးတစ်လုံးလို ဖြစ်နေလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၅၈ သူ့ကို သင်ခန်းစာပေးလိုက်ပါ
ကျန့်ရိသည် ရှုံးနိမ့်သွားပြီ ဖြစ်သည်။ တစ်ဆက်တည်းမှာပင် သတင်းထောက်မြောက်မြားစွာသည် စတင်ထွက်ပေါ်လာတော့သည်။
သတင်းထောက်များသည် ပြိုင်ပွဲမစတင်ခင်ကတည်းက တင်ပြချက် ၂ ခုကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ တစ်ခုမှာ ကျန့်ရိ အနိုင်ရလျှင် တင်ပြဖို့ ဖြစ်ပြီး နောက်တစ်ခုမှ ရှုံးနိမ့်လျှင် တင်ပြဖို့ ဖြစ်သည်။
သတင်းဌာနတစ်ခု အတွင်းတွင် အယ်ဒီတာချုပ်တစ်ယောက်သည် စာရွက်အလွတ်တစ်ရွက်ကို ထုတ်လိုက်ကာ စားပွဲခုံပေါ်တွင် ဗြန်းခနဲ ချလိုက်ပြီး “မြန်မြန်လုပ်.. ဘေးအခန်းက သတင်းအဖွဲ့က စာရွက်တွေတောင် စထုတ်နေပြီ.. ငါတို့ ဇာတ်ညွှန်းတွေက ဘယ်မှာလဲ.. မြန်မြန်လုပ်ကြလေ.. ငါ ၁၀ နာရီမှာ သတင်း အပြည့်အစုံ ရချင်တယ်”
“ဆရာ.. ကျွန်တော် ဘယ်လို တင်ပြပေးရမလဲ” အမည်းရောင် မျက်မှန်တပ်ထားသော လူငယ်တစ်ယောက်က သူ၏ မျက်မှန်များကို ပင့်တင်ပြီး မေးလိုက်သည်။
“ဒီတိုင်း လုပ်သာလုပ်စမ်းပါ.. ဘယ်လိုလဲက အရေးမကြီးဘူး။ ငါတို့ရဲ့ ပညာရေးစနစ်ကြီးထဲက တာဝန်ဝတ္တရားဆိုတာတွေကို မြောင်းထဲပစ်ထားလိုက်” အယ်ဒီတာချုပ်က ရယ်မောရင်း ပြောလိုက်သည်။
ပညာရေးစနစ်ကို အပြစ်တင်ခြင်းသည် လူတိုင်းအတွက် အဆန်းမဟုတ်တော့သလို ထိုအခြေအနေအတွက်လည်း အဖြေမှန်ဆိုတာမျိုး မရှိပါချေ။
လူများသည် တိုက်ပွဲအကြောင်း စတင် ဝေဖန်ကြလေသည်။ အင်တာနက်တွင်လည်း လှောင်ပြောင်သရော်စာများ တက်လာပြီး နိုင်ငံခြားသား ပြိုင်ပွဲဝင်များကို ချီးကျူးကြကာ ကိုယ့်နိုင်ငံမှ ပြိုင်ပွဲဝင်များကိုတော့ အပြစ်တင်နေကြသည်။
ကောင်းဖန်ကိုလည်း ပြိုင်ပွဲဝင်အဖြစ် မတက်ရောက်ပဲ ဒိုင်အဖြစ်သာ တက်ရောက်သည့်အတွက် ဝေဖန်မှုများ ပြုလုပ်နေကြလေသည်။
ထို့အပြင် အချို့သူများကလည်း သူ့ကို ကိုယ့်ပြည်နယ်ကို သစ္စာဖောက်ပြီး အခြားပြည်နယ်နှင့် ပေါင်းကြံသည်ဟု စွပ်စွဲကြလေသည်။
ကျီဟန့်ဝူကတော့ ကွန်ပြူတာရှေ့တွင် ထိုင်ပြီး သတင်းများကို ဖတ်ကာ ကြက်သေသေနေလေသည်။
၁၀ မိနစ်ခန့်ကြာသောအခါ ကျင်းလင်မြို့၏ မြို့တော်ဝန်ဖြစ်သူဟန်းယွမ်မင်၏ ဗီဒီယိုတက်လာပြီး ကောင်းဖန်ကို ပြိုင်ပွဲတွင် ထပ်ဝင်မပါရန် သတိပေးချက်လုပ်ခဲ့ပြီး ထိုကိစ္စသည်လည်း အင်တာနက်တွင် ပျံ့သွားလေသည်။
ပြည်သူများ၏ ယေဘုယျအမြင်များသည် ပြောင်းလဲသွားသည်။ ကောင်းဖန်ကို ဝေဖန်နေကြသူများပင် ရုတ်တရတ် ပျောက်ကွယ်သွားလေသည်။
“သူတို့က ဒီတိုင်း အရေးမပါတဲ့ ပိုးကောင်တွေပါပဲ” ကျီဟန်ဝူက ရယ်မောရင်း ပြောလိုက်သည်။
…
ကောင်းဖန်သည် နှုတ်ထွက်လိုက်သည်။ လူများပြောသည်နှင့် ဆန့်ကျင်ဘက်ပင် သူသည် ဟွာရှားပြည်နယ်မှ ပြိုင်ပွဲဝင်များကို နိုင်စေချင်သူ ဖြစ်သည်။ သူသည်လည်း ဟွာရှားပြည်နယ်သား ဖြစ်သောကြောင့် ထိုစိတ်ဆန္ဒသည် အဆန်းတော့ မဟုတ်ပါချေ။
ကောင်းဖန်သည် အပြင်ပန်းတွင်တော့ ပုံမှန်သာ ဖြစ်နေသော်လည်း သူ၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ သူသည် တစ်ခုခုကို နောင်တရနေသလိုပင်။
နှမြောစရာပဲ.. ငါ့ကိုသာ ပြိုင်ပွဲမှာ ပါခိုင်းရင် ရလဒ်ကတော့ ပြောင်းလဲသွားမှာပဲ။
သူသည် ပင်မတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးအပြင်ဘက်တွင် အနီရောင်အိတ်သေးသေးလေးကို လွယ်ထားသော သဏ္ဍာန်သေးသေးလေးသည် ကောင်းဖန်ကို စိုက်ကြည့်နေသည်။
ဂိုဒီ..
ကောင်းဖန်သည် ကြက်သေသေသွားသည်။
သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း ဘယ်သူမှ ရှိမနေပဲ ဂိုဒီသာ ရှိနေလေသည်။
“ဘာလို့ တစ်ယောက်တည်း ရောက်လာတာလဲ” ကောင်းဖန်က ပြောလိုက်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ကောင်းဖန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဂိုဒီကို ကြည့်လိုက်ကာ “မင်းလက်စားချေဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား.. မင်းက အရမ်းငယ်သေးတယ်ဆိုပေမယ့် တော်တော် ရန်ငြိုးကြီးတာပဲ”
ဂိုဒီက တစ်ချက် မျက်တောင်ခတ်လိုက်ပြီး “ငါက ရန်ငြိုးကြီးတာ မဟုတ်ပါဘူး.. ငါက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတာ.. ငါ့ဆီမှာ အမုန်းတရားတွေနဲ့ သိုလှောင်ထားတယ်”
“မဖြစ်နိုင်စရာတော့ မရှိပါဘူး.. ဒါပေမယ့် မင်းတစ်ယောက်တည်းတော့ လုပ်ရလိမ့်မယ်.. ဒန်ဘီက အဆင့်မြင့်တဲ့ မကောင်းဆိုးဝါးပဲ.. အဲဒါကြောင့် သူနဲ့ ရင်ဆိုင်မယ်ဆိုရင် အနိုင်ကျင့်ခံရဖို့ပဲရှိတယ်.. ဘယ်သူမှတော့ သဘောတူမှာ မဟုတ်ဘူး.. မင်းတကယ်လုပ်ချင်တယ်ဆိုရင်တော့ ငါကူညီပေးပါမယ်” ကောင်းဖန်သည် ဂိုဒီ၏ တောင်ပံများကို ပုတ်ပြီး ပြောလိုက်သည်။ ဂိုဒီသည် တဖြည်းဖြည်း သန်မာလာလေသည်။
ဂိုဒီသည် မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ ပုံစံသည်လည်း ခက်ထန်နေသည်။ ထို့နောက် “လုပ်တော့” ဟု အော်လိုက်သည်။
ကောင်းဖန်သည် ဂိုဒီကို ထောင့်တစ်ခုဆီသို့ ခေါ်သွားလိုက်ပြီး အဝတ်များကို ချွတ်ပေးလိုက်သည်။ ထို့ကြောင့် ဒန်ဘီကို ခေါ်ပြီး ဂိုဒီ၏ အစွမ်းထွက်ပေါ်လာအောင် ကူညီပေးလိုက်သည်။
မိနစ်ပိုင်းအတွင်းမှာပင် ကောင်းဖန်သည် ကြွက်သားများဖြင့် သန်မာပြီး ၁၃ ပေ ရှိသော ဘဲကြီးတစ်ကောင်ကို တိုက်ပွဲနေရာသို့ ခေါ်ဆောင်လာလိုက်သည်။
“အင်း.. သိပ်တော့ မသင့်တော်ဘူးလို့ထင်…”
“ဘာဖြစ်လို့လဲ.. တစ်ခုခု ဖြစ်ရင် ငါတာဝန်ယူမယ်”
“ဒါပေမယ့်…”
“ဒါပေမယ့် လုပ်မနေနဲ့ ပြောတဲ့အတိုင်းသာလုပ်”
…
“ပရိသတ်အပေါင်းတို့ ဒီနေ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူငယ်လေ့ကျင့်သူ ချန်ပီယံကတော့—”
ဂျိန်း.. သံမဏိ တံခါးကြီးသည် ရုတ်တရတ် ပွင့်လာသည်။ ထိုအသံကြောင့် အစီအစဉ်တင်ဆက်သူ၏ အသံမှာလည်း ရပ်တန့်သွားသည်။
ပရိသတ်များသည်လည်း အံ့ဩသွားကြသည်။ အထူးအစီအစဉ်များ ရှိနေတာလား။
ပွဲစီစဉ်သူများဖြစ်သည့် သားရဲလေ့ကျင့်သူ အဖွဲ့ဝင်များ၊ စစ်တပ်အဖွဲ့ဝင်များပင် အံ့ဩသွားကြသည်။
အလုပ်သမားတစ်ယောက်သည် အဆင့်မြင့်အရာရှိများထံ ပြေးလာပြီး သတင်းပို့လိုက်သည်။
“ဘယ်လိုတောင် မထီမဲ့မြင်ပြုတာလဲ”
“ဒီလိုပြောလို့မရဘူးလေ.. သူက လူငယ်တစ်ယောက်ပဲ.. စိတ်လိုက်မာန်ပါ လုပ်တတ်တာ သဘာဝပဲလေ”
သူတို့သည် ဆွေးနွေးမှုသာ လုပ်နေကြပြီး တားဖို့တော့ စိတ်ကူးမရှိကြပါချေ။
ဝုန်း
ကျယ်လောင်သော အသံကြီးသည် သံမဏိတံခါးကြီးနားမှ ထွက်ပေါ်လာသည်။ အစပိုင်းတွင် ဂိတ်တံခါးသည် တုန်ခါနေပြီး ထို့နောက် တစ်ချက်တည်း ပွင့်ထွက်သွားသည်။
တံခါးကြီး၏ အောက်ခြေတွင် တောင့်တင်းခိုင်မာသော အတောင်ကြီးသည် တံခါးကြီးကို တွန်းဖွင့်နေသည်။
တောင့်တင်းသန်မာသော ဘဲကြီးသည် ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ဂိတ်မှ တဖြည်းဖြည်း ထွက်လာနေသည်။
ဂိုဒီသည် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူသည် အခြားသော ကြည့်ရှုနေသူများကို လျစ်လျူရှုလိုက်ပြီးနောက် ဒေစီထံတွင် အကြည့်ရပ်တန့်သွားသည်။
“မင်းကြောင့် ငါရှုံးနိမ့်ခဲ့ရတာ မကောင်းတဲ့မိန်းမ” ဂိုဒီသည် အတောင်ပံကို လက်သီးဆုပ်သည့် ပုံစံလုပ်လိုက်ပြီး ဒေစီကို အထင်သေးသည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။
သူသည် ထိုအမျိုးသမီးကို ကောင်းကောင်းမှတ်မိသည်။ သူမသည် ကျန့်ရှောင်ကို အနိုင်ယူခဲ့သူလည်း ဖြစ်သလို ပိုက်ဆံများဆုံးရှုံးအောင် လုပ်ခဲ့သူလည်း ဖြစ်သည်။
ဒေစီသည် ဂိုဒီကို လှည့်ကြည့်လိုက်သော်လည်း မမှတ်မိပါချေ။
ကောင်းဖန်သည် ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူသည် ဘေးဘီကို ကြည့်လိုက်သောအခါ လေးနက်သော မျက်နှာထားရှိနေသည် ကျိုးထန်မင်းကိုလည်းကောင်း၊ အံ့အားသင့်နေသော လီယုကိုလည်းကောင်း၊ ယွီကျိုးတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များကိုလည်းကောင်း တွေ့လိုက်ရလေသည်။ သူသည် အချို့ကို မှတ်မိသော်လည်း အချို့ကိုတော့ မမှတ်မိပါချေ။
လူအများကြီးနှင့်။
အရမ်းကို စည်ကားလှလေသည်။
ကောင်းဖန်သည် မိုက်ခရိုဖုန်းကို ယူကာ တစ်ချက်နှစ်ချက် ပုတ်လိုက်ပြီး “ဟယ်လို ဟယ်လို ကျုပ်ပြောတာကို ကြားရလား”
ကောင်းဖန်သည် တစ်ချက်ပြုံးလိုက်သည်။ မိုက်ခရိုဖုန်းအသံသည် အလွန်ပင် ကောင်းနေသည် မဟုတ်ပါလား။ စီစဉ်သူများကလည်း သူ့ကို မတားကြပေ။
သူသည် မိုက်ခရိုဖုန်းကို သူ့ပါးစပ်နှင့် နီးကပ်စွာ ထားလိုက်ပြီး “အရင်ဆုံး မိန်းကလေး ဒေစီကို ကမ္ဘာလုံးဆိုင်ရာ လူငယ်လေ့ကျင့်သူ ချန်ပီယံ ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုစကား ပြောချင်ပါတယ်”
ကြည့်ရှုနေသူများသည် ကောင်းဖန်၏ စကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားကြသည်။ အထူးသဖြင့် အင်္ဂလန်မှ သူများပင် ဖြစ်သည်။
ကောင်းဖန်သည် ဒေစီကို အနိုင်ရသူအဖြစ် အသိအမှတ် ပြုလိုက်သောကြောင့် သူသည် အနိုင်ရသူကို ဖြုတ်ချရန် လာခြင်း မဟုတ်ကြောင်း သိသွားခြင်းကြောင့် ဖြစ်သည်။
“ဒါပေမယ့် ကျုပ်ရဲ့ မိတ်ဆွေလေးကတော့ ရလဒ်အပေါ်မှာ မကျေနပ်ဘူး ဖြစ်နေတယ်” ကောင်းဖန်က ဆက်ပြောလိုက်သည်။
စိတ်သက်သာရာရထားသော ပရိတ်သတ်များသည် ချက်ချင်းပင် ခေါင်းများပြန်ထောင်လာကြသည်။
ကောင်းဖန်သည် ဂိုဒီ၏ ပေါင်ကို ပုတ်လိုက်ရင်း “ဒါကတော့ ကျုပ်ရဲ့ မိတ်ဆွေလေးပေါ့”
“ကလေးတွေစကားဆိုတာ အတည်မယူရဘူးဆိုတာတော့ မှန်ပါတယ်.. ဒါက တကယ်အရေးကြီးတဲ့ ပွဲကြီးပဲလေ။”
“ဒါပေမယ့် ကျုပ်ရဲ့ မိတ်ဆွေလေးကတော့ ပြိုင်ပွဲကိုကြည့်ပြီး ကျုပ်ဆီ အပြေးတပိုင်း ရောက်ချလာခဲ့တယ်.. သူသာ ပြိုင်ပွဲမှာ ပါနိုင်ခဲ့ရင် သူနိုင်မှာတဲ့” ကောင်းဖန်သည် ဆက်ပြုံးထားရင်း “ကျုပ်မိတ်ဆွေလေးက အခုမှ အသက် တစ်နှစ်ခွဲပဲရှိပါသေးတယ်.. သူက အဆင့်အမြင့်ဆုံးတော့ မဟုတ်သေးပဲ အလယ်အဆင့်မှာပဲ ရှိသေးတယ် ဆိုပါတော့ ..”
“ကျုပ်လည်း သူ့ကို သေချာပေါက် မယုံဘူးပေါ့.. ဒီမှာ လာပြီး ပြိုင်ဖို့ အရွေးခံထားရတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ကိုယ်ပိုင်သားရဲတွေဆိုတာက သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အတော်ဆုံးတွေပဲလေ.. တောက ဘဲလေးတစ်ကောင်က ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ” ကောင်းဖန်သည် အသက်ဝဝရှုလိုက်ပြီးနောက် “အဲဒီတော့ ကျုပ်တို့ရဲ့ ချန်ပီယံ မိန်းကလေး ဒေစီရေ.. ကျုပ်ကို ကူညီတဲ့အနေနဲ့ မင်းရဲ့ ပင်လယ်နဂါးကြီးကို ဒီကောင်လေးကို ဆုံးမခိုင်းလိုက်ပါလား”
ကောင်းဖန်သည် ရိုးသားသောပုံစံနှင့် ပြောနေခြင်း ဖြစ်သောကြောင့် အခြားသူများသည် သံသယ မဝင်ကြပါချေ။
ကောင်းဖန်ပြောပုံအရဆိုရင် ထိုပြိုင်ပွဲသည် အပျော်သဘောဖြစ်ရာ ဒေစီ၏ ချန်ပီယံဖြစ်မှုကို အကျိုးသက်ရောက်မှု မရှိနိုင်ပါချေ။
ဒေစီသည် အနည်းငယ်တော့ တွေဝေနေလေသည်။ သူမသည် ထိုပြိုင်ပွဲတွင် နိုင်လျှင်လည်း အကျိုးကြီးမားစွာတော့ ဖြစ်ထွန်းမည် မဟုတ်ပေ။ ထိုဘဲသည် အဆင့်နိမ့်မဟုတ်ပါလား။
သို့သော် သူမ ရှုံးလျှင်တော့ အကျိုးသက်ရောက်မှု များနိုင်လေသည်။ ကမ္ဘာလုံးဆိုင်ရာ လူငယ် လေ့ကျင့်သူ ချန်ပီယံသည် အဆင့်နိမ့်သော ဘဲကို အနိုင်မယူနိုင်ခဲ့လျှင်…
သူမသည် ထိုပြိုင်ပွဲကို သဘောမတူချင်ပါပေ။
သို့သော် သူမသည် ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ဟွာရှားပြည်နယ်မှ အဆင့်မြင့်အရာရှိများ၏ ထူးမခြားနားသော မျက်နှာများနှင့်အတူ ဟွာရှားပြည်နယ်မှ ကြည့်ရှုသူများ၏ မျှော်လင့်ချက်မျက်နှာများကို တွေ့လိုက်ရလေသည်။
ဒေစီသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူသည် ငြင်းပယ်ရန် မဖြစ်နိုင်တော့ပါချေ။ သူမအတွက် ငြင်းဆိုဖို့ နည်းလမ်းမရှိနေသည် မဟုတ်ပါလား။
“ရှင့်ရဲ့ စိန်ခေါ်မှုကို ကျွန်မ လက်ခံပါတယ်.. ဒါပေမယ့် ရှင့်ရဲ့ ဘဲကိုတော့ ပညာပေးမယ်ရယ်လို့ မပြောဝံ့ပါဘူး.. သူကအစကတည်းက အဆင့်နိမ့်ပဲလေ” သူမသည် မန်ဒရင်းဘာသာစကားဖြင့် ရုတ်တရတ် ကျွမ်းကျင်စွာ ပြောလိုက်သည်။ သူမသည် ကောင်းဖန်ကိုလည်း ထေ့ငေါ့စွာ ကြည့်လိုက်သည်။
ကောင်းဖန်သည် ပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေလေသည်။
သူသည် သူ၏ လုပ်ရပ်မှာ မသင့်တော်ကြောင်းကို သိသော်လည်း ဂရုမစိုက်ပါချေ။ သူသည် နိုင်ငံခြားသားတစ်ယောက်က ဟွာရှားပြည်နယ်ကို လာပြီး ချန်ပီယံဆုကို မရသွားစေလိုသည့် စိတ်သာရှိနေလေသည်။
သူသည် သူမလောက် မတော်သောကြောင့် ရှုံးရလျှင် သူသည် အထွန့်တက်မည် မဟုတ်သော်လည်း ဂိုဒီမှာ သူ့ထံသို့ပင် လာရောက်တောင်းဆိုခြင်း ဖြစ်သောကြောင့် ထပ်ကြိုးစားကြည့်ခြင်း ဖြစ်သည်။
“တောင်းဆိုပါတယ်” ကောင်းဖန်သည် ဦးညွတ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။
ဂိုဒီသည် ရှေ့သို့ အနည်းငယ်တိုးလိုက်သည်။ သူ၏ တောင်ပံကြွက်သားများသည် ကြောက်မက်ဖွယ် လှုပ်ရှားနေကြပြီး တောင်ပံနေရာမှ မီးပွားပေါက်သံများကဲ့သို့ပင် အသံများထွက်နေလေသည်။
သူ့ခန္ဓာကိုယ်မှ သွေးကြောများသည်လည်း ပေါက်ထွက်မတတ်ဖြစ်နေပြီး သွေးများအစုန်အဆန် စီးဆင်းနေမှုကိုပင် ကြားနေရလေသည်။
ဂိုဒီသည် မြေပြင်သို့ ညာခြေတစ်ချက်ဆောင့်လိုက်ပြီး တစ်ချက် ဟိန်းဟောက်လိုက်သည်။ သူ၏ အသံသည် ကြောက်မက်ဖွယ်ဖြစ်နေပြီး မျက်လုံးများသည်လည်း နီရဲနေလေသည်။ ထို့နောက် ကျောက်ဖြူရောင် ကြမ်းပြင်သည် တုန်ခါသွားပြီး ဂိုဒီသည် ဒုံးကျည်၏ အလျင်ကဲ့သို့ ခုန်ထွက်လိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၅၉ ပြင်းထန်လှစွာသော
“ဟားဟားဟား” ဂိုဒီ၏ ကြောက်မက်ဖွယ် ရယ်သံကြီးသည် ခန်းမတစ်ခုလုံး ဆူညံနေသည်။ သူ၏ ရယ်သံသည် အရိုင်းဆန်သော၊ ရက်စက်သော၊ သွေးဆာနေသော ရယ်သံကြီးသဖွယ် ဖြစ်နေသည်။
ကောင်းဖန်သည်လည်း ဂိုဒီတစ်ယောက် ဒီလောက်ထိ ဖြစ်နေပုံကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ ပိုက်ဆံ၏ တန်ခိုးသည် ထိုကဲ့သို့ပင် ကြီးမားလေသည်။
ဝုန်း
လေပေါက်ကွဲမှုကြီးသည် ခန်းမတစ်ခုလုံး ပြည့်လျှံသွားပြီး ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ဒေစီ၏ အဖြူရောင် ဆံပင်များသည်ပင် လေကြောင့် ဖွာလန်ကြဲသွားပြီး သူမ၏ စကပ်ကိုပင် လွင့်တက်သွားမှာစိုးကာ ကိုင်ထားရလေသည်။
ဂိုဒီသည် လျင်မြန်စွာ ရွေ့လျားနေပြီး ထိုအရွယ်အစားနှင့် မလိုက်ဖက်လောက်အောင်ပင် လျင်မြန်နေလေသည်။ သူ၏ မျက်လုံးများသည် အေးစက်စွာကြည့်နေပြီး လေနှင့်အတူ ရွေ့လျားနေလေသည်။
ပင်လယ်နဂါးသည်ပင် လေဟုန်စီးကာ လေထဲတွင် ဟိုဟိုသည်သည် မျောပါလွင့်ပျံနေသည်။
သူသည် သူ့အတွက် အသာစီးရနိုင်သော ပတ်ဝန်းကျင်အနေအထားကို ဖန်တီးနေခြင်း ဖြစ်သည်။ ငါးများသည် ရေထဲမှ ကုန်းပေါ်သို့ ပစ်တင်ခံလိုက်ရသလိုပင် ဖြစ်သည်။ သူ၏ အလျင်သည် အလွန်ပင် မြန်ဆန်နေသည်။
ယခုတော့ စိမ်းပြာရောင် ခန္ဓာကိုယ်ကြီးသည် ရေအောက်ထဲတွင် ကူးခတ်နေသောအခါ ဘာမှမမြင်ရသော ခံစားမှုမျိုး ဖြစ်နေသည်။
သတ်ဖြတ်မည့်သူကတော့ ရေထဲတွင် ရှိနေသည်။ ထိုအခြေအနေသည် ဘာမှမမြင်ရသောအခါ အလွန်ပင် ကြောက်လန့်စရာ ကောင်းပေသည်။
ခရမ်းနက်ရောင် သဏ္ဍာန်တစ်ခုသည် ရေထဲသို့ ထိုးဆင်းလိုက်သောအခါ ရေများသည် ရုတ်တရတ်ပျောက်ကွယ်သွားသည်။ လေထဲတွင် ရှိနေသော ရေခိုးရေငွေ့များပါ ပျောက်သွားခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်သည် ရုတ်တရတ် အလွန်ပင်ကြည်လင်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဒီသည် သူ၏ သွေးကြောများထောင်ထွက်နေသော ခန္ဓာကိုယ်ကြီးနှင့်အတူ လေပြင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ပေတစ်ရာကျော်ကို ခုန်လိုက်ကာ ကျောက်တုံး နံရံကိုပင် ကျော်သွားသည်။
သူသည် အလွန်လျင်မြန်လှသောကြောင့် ရိပ်ခနဲလောက်ပင် မြင်လိုက်ရသည်။ ထို့နောက် လက်သီးတစ်ချက် ကျွေးလိုက်လေသည်။
လေကိုခွင်းသွားသည့် ထိုအသံသည် ပီပီသသပင် ကြားလိုက်ရသည်။
“အား” ပင်လယ်နဂါးကြီးကို အမိအရ ထိုးမိလိုက်သည်။ သူ၏ ရှည်လျားသော လည်ပင်းကြီးနှင့် ဦးခေါင်းကြီးသည် ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ သူ့မျက်လုံးနားမှ အကြေးခွံများသည် ပြုတ်ထွက်ကုန်ပြီး အသားစ သွေးစများပင် ထွက်လာလေသည်။ စုဆောင်းဝန်းရံထားသော ရေများသည်ပင် လက်သီးတစ်ချက်ဒဏ်ဖြင့် ချက်ချင်း ပျောက်ကွယ်သွားသည်။
ဂိုဒီသည် နောက်ထပ်တစ်ချက် ထပ်ထိုးလိုက်ပြန်သည်။ ထို့နောက် ကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ နောက်တစ်ချက် ထပ်ထိုးလိုက်သည်။ ထိုလက်သီးချက်များသည် တစ်နေရာတည်းကိုပင် ဦးတည် ထိုးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ပင်လယ်နဂါး၏ မျက်နှာမှ ဒဏ်ရာသည် ကြီးသထက် ကြီးလာလေသည်။ သွေးများသည်လည်း စီးကျလာသည်။ ဒီတစ်ကြိမ်တွင်တော့ ပင်လယ်နဂါးသည် ထိန်းမထားနိုင်တော့ပဲ ကြမ်းပြင်ဆီသို့ သူ၏ ဦးခေါင်းကြီး ပြုတ်ကျသွားလေသည်။
ဂိုဒီသည် မြေပြင်ဆီသို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် တောက်ပနေသည်။ သူသည် သူ၏ ခေါင်းကို ကိုင်လိုက်ပြီး မျက်လုံးများကို မှေးစင်းနေလေသည်။
“သန်မာလိုက်တာ”
“အရမ်းမိုက်တာပဲ” ကြည့်ရှုနေသူများသည် အံ့ဩမှင်သက်နေကြလေသည်။
ပင်လယ်နဂါးသည် ချန်ပီယံ ကိုယ်ပိုင်သားရဲဖြစ်သော်လည်း ထိုကဲ့သို့ အရှုံးပေးလိုက်ရသည် မဟုတ်ပါလား။
“ပင်လယ်နဂါး” ဒေစီသည်ပင် ထိတ်လန့်သွားလေသည်။ သူမသည် ပင်လယ်နဂါး၏ သန်မာပုံကို သိထားသောကြောင့် ထိုကဲ့သို့ လွယ်လွယ်နှင့် ရှုံးလိမ့်မည် မဟုတ်မှန်းကို သိနေလေသည်။
ဒေစီသည် ပင်လယ်နဂါး၏ အခြေအနေကို သွေးစာချုပ်မှတဆင့် ပိုသေချာစွာ ခံစားလိုက်ရသည်။ ပင်လယ်နဂါးသည် ပြုတ်ကျသွားသော်လည်း အလွန်အကျူးထိခိုက်သွားခြင်းတော့ မရှိပါပေ။ ဒဏ်ရာများကြောင့်သာ ပိုဆိုးသည်ဟု မြင်နေရခြင်း ဖြစ်သည်။
ပင်လယ်နဂါးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် မြေကြီးပေါ်တွင် ခန္ဓာကိုယ်ကို လူးလိမ့်လိုက်ပြီး မြေကြီးကို တုန်ခါအောင် လုပ်လိုက်သည်။ တောင်ကုန်းကြီးတစ်ခု တုန်ခါနေသလိုပင်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် သွေးများ မီးခိုးများဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ အမြှီးကြီးကို ယမ်းလိုက်သည်။
ဂိုဒီသည် မရှောင်ပဲ သူ၏ ယာတောင်ပဲကို မြှောက်ကာ ထိုရိုက်ခတ်မှုကို ကာလိုက်သည်။
ဝုန်း
ခရမ်းရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။
ဂိုဒီသည် ဘိုးလင်းဘောလုံးတစ်လုံးလို ဘေးဘက်သို့ လွင့်စင်သွားပြီး မှန်နံရံနှင့် တိုက်မိသွားသောကြောင့် အက်ရာများ ဖြစ်သွားသည်။ ဂိုဒီ၏ ခန္ဓာကိုယ်သည် နံရံတွင် ဖြေးညင်းစွာ လျှောဆင်းနေသည်။
ပင်လယ်နဂါးသည် ဂိုဒီကို မတ်တပ်ရပ်ခွင့်ပင်မပေးပဲ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ ပင်လယ်နဂါးသည် ပါးစပ်ကြီးကို ဟလိုက်ပြီး သူ၏ ချွန်ထက်ကြီးမားသော သွားကြီးများကို ကြောက်မက်ဖွယ် ပြလိုက်သည်။
ဂိုဒီသည် သူ၏ ဘယ်တောင်ပံကို သုံးကာ မြေကြီးကို ထောက်ပြီး ယာတောင်ပံကိုတော့ ပင်လယ်နဂါး၏ ကိုက်ဖြတ်မှုကို ကာဖို့ သုံးလိုက်သည်။
ထိုသို့ လုပ်ခြင်းသည် ကိုက်ဖြတ်မှုကို ရှောင်လိုက်နိုင်သော်လည်း တိုက်လိုက်မှုကိုတော့ မရှောင်လိုက်နိုင်ပါပေ။ ဂိုဒီသည် လေထဲတွင် လွင့်ထွက်သွားပြီး ပျံလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင်သို့ စပြောင်းသွားသည်။
ဘာကြီးလဲ။
ဒေစီသည် ဂိုဒီ၏ ခရမ်းရောင် ပြောင်းလဲမှုကို သတိထားလိုက်မိသော်လည်း အကြောင်းရင်းကို မသိပေ။ သို့သော် ထိုအရောင်သည် သူမအတွက်တော့ မကောင်းသည့် အငွေ့အသက်ကို ရနေလေသည်။
ဂိုဒီ၏ စွမ်းရည်သည် နှစ်ကြိမ်နှစ်ခါ ထိခိုက်မှုရရှိပြီးမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။ သူသည် တိုက်ပွဲစတင်ကတည်းက ၁၃ ပေရှည်ပြီး ဖြစ်သည့်အတွက် လူများကတော့ သတိမထားမိကြချေ။
သို့သော် ထိုထိခိုက်မှု ၂ ချက်သည် ဂိုဒီအတွက်တော့ သူ၏ ခွန်အားကို ၂ ဆ တိုးသွားစေသည်။ သူ၏ ခွန်အားတင်မဟုတ်ပဲ အရှိန်၊ ခံစစ်၊ အရိုး၏ ဒဏ်ခံနိုင်မှု၊ တုံ့ပြန်နိုင်ချိန် စသည်များကပါ ၂ ဆ တိုးသွားသည်။
ဂိုဒီသည် အသက် ပြင်းပြင်း ရှူလိုက်သည်။ မလုံလောက်သေးဘူး။ မလုံလောက်သေးဘူး။ တိုက်ခိုက်မှုက မလုံလောက်သေးဘူး။
ဂိုဒီသည် သူ၏ ခြေထောက်ကို မလိုက်ပြီး ပင်လယ်နဂါး၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် “မင်းအစားမခံရသေးဘူးလား ပိုးဟပ်ကောင်ကြီး” ဟု အော်လိုက်သည်။
ပင်လယ်နဂါးသည် ဂိုဒီ၏ ခြေထောက်ဖြင့် အချုပ်ခံထားရသောကြောင့် မျက်ဖြူဆိုက်နေသည်။
ပင်လယ်နဂါးသည် ဂိုဒီ၏ စကားများကို နားမလည်သော်လည်း ဒေါသတော့ အလွန်ထွက်သွားလေသည်။
သူ၏ အမြီး၊ ချွန်ထက်သော လက်သည်းများနှင့် ချွန်ထက်သော သွားတို့ကို ဂိုဒီကို တိုက်ခိုက်ရန် အသုံးပြုပြီး ဖြစ်သည်။ သူသည် သူ၏ ရက်စက်မှုများကို ထုတ်သုံးခဲ့ပြီး ဖြစ်လေသည်။
ထိုနေရာတစ်ခုလုံးသည် တုန်ခါနေပြီး မြေကြီးသည်ပင် လှုပ်ယမ်းနေလေသည်။ ကျောက်တုံးများသည်လည်း မြေကြီးထဲမှ ထွက်လာကြပြီး ထိုနေရာတစ်ခုလုံးတွင် နဂါး၏ အော်ဟစ် ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေသည်။
ကြည့်ရှုနေသူများသည်လည်း ထိုကဲ့သို့ ကြမ်းတမ်းသော တိုက်ပွဲကို မမြင်ဖူးကြသောကြောင့် သူတို့၏ ခြေလက်များသည် အေးစက်နေပြီး အသက်ရှုဖို့ပင် မေ့နေကြလေသည်။
ကောင်းဖန်သည်လည်း အနည်းငယ် စိုးရိမ်နေလေသည်။ သူသည် ဂိုဒီတစ်ယောက် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်တတ်မှန်း မသိခဲ့ပါချေ။
သူသည် ဂိုဒီနှင့် သွေးစာချုပ်ကို အသုံးပြုကာ ချိတ်ဆက်လိုက်သောကြောင့် ဂိုဒီသည် အခြေအနေကောင်းသေးမှန်း သိလိုက်သည်။
ပင်လယ်နဂါးသည် ဂိုဒီကို ဆယ်မိနစ်ကြာ မရပ်မနား တိုက်ခိုက်နေသည်။ ထို့နောက် ဂိုဒီ၏ ခြေချုပ်မှုအောက်တွင် ပင်ပန်းကာ ရပ်တန့်သွားလေသည်။
ထိုအခြေအနေသည် သူ့အတွက်တော့ ပုံမှန်နှင့် ကွဲပြားနေလေသည်။ ပင်လယ်နဂါးသည် သူ၏ တိုက်ခိုက်မှုတိုင်းအတွက် အားသုံးခဲ့ပြီးဖြစ်ရာ ယခုအခါ အားကုန်နေပြီ ဖြစ်သည်။ ချောမွေ့နေသော ကြမ်းပြင်သည်ပင် အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။
ကျောက်ဖြူများသည် ပျက်စီးနေခြင်း မရှိသော်လည်း ကြမ်းပြင်တစ်ခုလုံးတွင်တော့ အပိုင်းပိုင်း အစစ ဖြစ်နေလေသည်။
ရုတ်တရတ် ပင်လယ်နဂါးသည် သူ၏ ခြေထောက်မှနေပြီး မယူလိုက်သော ခံစားမှုကို ရရှိလိုက်သောကြောင့် အံ့ဩသွားသည်။
ငါဒီလောက် တိုက်ခိုက်ပြီးတာတောင် သူ့မှာအင်အားကျန်နေသေးတာလား။
၁၀ ပေခန့်ကျယ်သော တောင်ပံတစ်စုံသည် သူ၏ ခြေထောက်များကို မနေခြင်း ဖြစ်သည်။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
ကြည့်ရှုသူများသည် ရပ်သပ်ရှုမောသွားကြသည်။
ဘဲ… ဘဲက ပိုကြီးလာပြီ။
ကြမ်းပြင်တွင် ဒူးထောက်နေသော ဂိုဒီသည် ခေါင်းကို ဖြည်းဖြည်းခြင်း မော့လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် ကြွက်သားများ အပြိုင်းပြိုင်းထနေသည်။ သူ၏ အရိုးအဆစ်များကလည်း တဖြည်းဖြည်း ကြီးလာပြီး ပုခုံးကြွက်သားများကလည်း ကျယ်ပြန့်လာသည်။ အတောင်ပံများကလည်း ပိုပြီး ထူလာသည်။
သူသည် ၂၄ ပေခန့် ရှည်သွားသောကြောင့် အရပ်သည် ၂ ဆ ခန့် ပိုမြင့်သွားသည်။
ဂိုဒီသည် ခေါင်းကို မော့လိုက်ကာ ပြုံးလိုက်သောကြောင့် လွှသွားကဲ့သို့ သွားကြီးများ ထွက်ပေါ်လာသည်။
“အဖျက်လက်သီး နောက်ဆုံးအဆင့်”
ဝုန်း ဝုန်း ဝုန်း
လေသည် ပေါက်ကွဲထွက်သွားပြီး မီးခိုးများသည် နေရာအနှံ့ ပျံနှံ့သွားသည်။ ကျယ်လောင်သော သတ်ပုတ်သံများလည်း ထွက်ပေါ်နေရာ ထိုနေရာသည် ဒုံးကျည်များ ပြုတ်ကျလာသကဲ့သို့ပင် ဆူညံနေသည်။
အဖြူရောင်မီးခိုးများသည် နေရာအနှံ့ ဖြစ်နေပြီး ပင်လယ်နဂါး၏ အရိုးများသည် စိစိညက်ညက် ကြေနေပြီ ဖြစ်သည်။ မြေကြီးမှာလည်း တုန်ခါနေပြီး ကြောက်မက်ဖွယ်အတိပြီးနေလေသည်။
“အရှုံးပေးပါတယ် အရှုံးပေးပါတယ်” ဒေစီသည် ဖြူဖျော့နေသော မျက်နှာဖြင့် ချက်ချင်း အရှုံးပေးလိုက်သည်။
သူမထိုသို့ ပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ ကြီးမားသော သဏ္ဍာန်ကြီးသည် မီးခိုးပြိုင်ကွင်းကြီးထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။
သူထွက်လာသောအခါ ကြည့်ရှုသူများသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ၂၄ ပေရှည်သောကြောင့် ၂ ထပ် အဆောက်အအုံကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။ သူ့ခြေထောက်နားမှ အရိပ်ကြီးသည်ပင် ကြောက်စရာကောင်းနေလေသည်။ ဂိုဒီသည် ဒေစီကို အေးစက်စွာကြည့်လိုက်သည်။ ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ရင်း “အခုမှ နေလို့ ထိုင်လို့ ကောင်းသွားတယ်” ဟု ပြောလိုက်သည်။
မီးခိုးများ ရှင်းသွားလေပြီ။ ပင်လယ်နဂါးကြီးသည် ကြမ်းပြင်တွင် လဲကျနေပြီး သွေးများလည်း စီးကျနေသည်။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများလည်း ပြည့်နှက်နေပြီး ပျက်စီးနေသော အကြေးခွံများကလည်း မြင်မကောင်းအောင် ရှိနေလေသည်။
ကြည့်ရှုသူများသည် ပင်လယ်နဂါး၏ အခြေအနေကို တွေ့သောအခါ ပိုပြီးပင် ထိတ်လန့် အံ့အားသင့်သွားကြသည်။
တော်တော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခြင်းပင်။
***
သားရဲလေ့ကျင့်သူ
အခန်း ၂၆၀ အိမ်ပြန်ခရီး
“ပင်လယ်နဂါး” ဒေစီ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။ သို့သော် ပင်လယ်နဂါး၏ အခြေအနေသည် ထင်ထားသလောက် ဆိုမနေမှန်းတော့ သိထားလေသည်။ ပင်လယ်နဂါးသည် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါပေ။
ကောင်းဖန်သည် ဂိုဒီကို ပြန်ထိန်းချင်နေသည်။ သူသည် ဂိုဒီကို အနိုင်ရစေချင်သော်လည်း သတ်တော့ မသတ်စေချင်ပါပေ။ နဂါးသေသွားလျှင် ဂယက်ရိုက်မှုမှာ ပိုကြီးသွားမည် ဖြစ်သည်။ အငြင်းပွားစရာများလည်း ပေါ်ပေါက်လာနိုင်ပေသည်။
ကောင်းဖန်သည် ဂိုဒီ၏ ပေါင်များကို နှိပ်ပေးလိုက်ရင်း “နောက်တစ်ခါတော့ အဲဒီလို အလွန်အကြူးမလုပ်နဲ့နော်.. လူတွေ ကြောက်နေကြတယ်” ဟု ပြောလိုက်သည်။
ထို့နောက် ကောင်းဖန်သည် ဒေစီဆီသို့ လျှောက်သွားလိုက်သည်။
ဒေစီသည် စိတ်လှုပ်ရှားသွာဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားသည်။ ထို့နောက် သူမသည် ကောင်းဖန်တစ်ယောက် လူအများရှေ့တွင်တော့ ဘာမှလုပ်ရဲမည် မဟုတ်မှန်း သိလိုက်သည်။ သူမသည် ကောင်းဖန်ကို ရဲရင့်စွာပင် ပြန်စိုက်ကြည့်လိုက်သည်။ သူမ၏ ပုံစံအနေအထားသည် အရှုံးမပေးသည့် ပုံစံ ပေါက်နေသော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ မျက်ရည်များ ဝိုင်းနေလေသည်။
ကောင်းဖန်သည် အလွန်အံ့အားသင့်သွားသည်။ ငါက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။
ကောင်းဖန်သည် ဒေစီကို တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။ “မိန်းကလေး ဒေစီ.. ဖြစ်သွားခဲ့တာတွေအတွက် ကျွန်တော်တကယ်ကို စိတ်မကောင်းပါဘူး.. ကျွန်တော့်ရဲ့ ဓာတ်ခွဲခန်းကို လာရောက်လည်ပတ်ဖို့ ဘောက်ချာလေး ထည့်ပေးလိုက်ချင်ပါတယ်.. အခြေအနေပေးခဲ့ရင် ကျွန်တော့်ရဲ့ ဓာတ်ခွဲခန်းကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
ဒေစီသည် အထင်သေးသည့် မျက်နှာဖြင့် ကောင်းဖန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူမသည် အင်္ဂလန်မှ ချမ်းသာပြီး အရှိန်အဝါကြီးသည့် မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။ ထို့ကြောင့် ဟွာရှားဒေသမှ ဓာတ်ခွဲခန်းကို တကူးတက သွားရောက်စရာမလိုပါပေ။
ကောင်းဖန်သည် နူးညံ့စွာ ပြုံးလိုက်ပြီး သူမကို ဆက်မရှင်းပြတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် သူ၏ဓာတ်ခွဲခန်းကို ဆယ်စုနှစ်အတွင်း ကမ္ဘာ့နာမည်အကြီးဆုံး ဓာတ်ခွဲခန်းအဖြစ် ပြုလုပ်နိုင်မည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ သူသည် ယခုတိုက်ပွဲကိုလည်း အနိုင်ရရှိမည် ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။ သို့သော် အပျော်အဖြစ် ဝင်ပြိုင်ခဲ့ခြင်းတော့ မဟုတ်ပါချေ။
သူသည် သူ၏ အဆင့် ၂၇ သာရှိသေးသည့် ဂိုဒီကို အဆင့် ၃၄ ရှိသော ပင်လယ်နဂါးနှင့် ယှဉ်တိုက်ခိုင်းရသည်မှာ ကလေးငယ်ကို အနိုင်ကျင့်ခိုင်းသည့် ပုံစံနှင့်ပင် တူနေသေးသည်။ သို့သော် ဂိုဒီတစ်ယောက် အလွယ်တကူ နိုင်နိုင်ခဲ့သည့် အကြောင်းမှာ တိုက်ပွဲမစခင် ထူးခြားစွမ်းအင် ထွက်လာအောင် လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ကိုတော့ ကောင်းဖန်က သိထားလေသည်။
ထိုတိုက်ပွဲသည် ကောင်းဖန်အဖို့ ကြီးမားသော ယုံကြည်မှုတော့ တိုးပွားခဲ့သည်မှာ အမှန်ပင်။
သူ၏ စွမ်းအင်ကိုသာ မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် သူ၏ ဓာတ်ခွဲခန်းထဲတွင် စွမ်းအင်အကြီးမားဆုံး၊ အဆင့်အမြင့်ဆုံး ကိုယ်ပိုင်သားရဲများကို ဖန်တီးနိုင်မည်ပင်။
ကောင်းဖန်သည် ရုတ်တရုတ်အကြံရသွားသည်။ “နောက်ပိုင်းကျရင် ငါ့လက်ကိုတောင် အညစ်ပတ်ခံစရာ မလိုတော့ဘူးပဲ” သူသည် သစ္စာရှိသော နောက်လိုက်များကို ဖွဲ့စည်းနိုင်မည်ဆိုပါက သူတို့ကို များစွာသော အကူအညီများ တောင်းနိုင်မည်ဖြစ်သည်။ သူတို့ကို မကောင်းဆိုးဝါးများ ဖမ်းရာတွင်လည်းကောင်း တန်ဖိုးကြီးသော ပစ္စည်းများကို ရှာဖွေရာတွင်လည်းကောင်းလည်း အသုံးပြုနိုင်မည်ပင်။
သူ့အနေနှင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ထိုင်လုပ်နေဖို့သာ ရှိတော့မည်ဖြစ်သည်။
ထို့ကြောင့် သစ္စာရှိသော နောက်လိုက်များကို ရရှိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တာစီယာဘီလူးကဲ့သို့ စိတ်ကို ထိန်းချုပ်နိုင်သော စွမ်းရည်ရှိသည့် ကိုယ်ပိုင်သားရဲကို လေ့ကျင့်ပေးဖို့သာ ရှိသည်။ ထိုသို့ဖြင့် သားရဲလေ့ကျင့်သူများကိုပါ ထိန်းချုပ်ရန် အသုံးချနိုင်ပေမည်။
သို့သော် ထိုသို့လုပ်လျှင်လည်း အကယ်၍သာ ထိုသားရဲလေ့ကျင့်သူများက သူ၏ ထိန်းချုပ်မှုအောက်က လွတ်သွားပါက ပြဿနာအချို့လည်း တက်နိုင်ပေမည်။ သူတို့သည် ကောင်းဖန်ကို ပြန်လည် လက်စားချေကြမှာ သေချာသည်။ ရုပ်ရှင်များထဲတွင် ထိုသို့ပါနေကျမဟုတ်ပါလား။
အခြားသော နည်းလမ်းတစ်ခုကတော့ မိဘမဲ့အချို့ကို မွေးစားပြီး လေ့ကျင့်ပေးရန်ဖြစ်သည်။ သူသည် ထိုကလေးများကို သူ၏ သစ္စာတော်ခံများအဖြစ် နားသွင်းနိုင်ပေမည်။ သူတို့ ကြီးလာသောအခါ သူ့အတွက် ပင် သေဆိုသေပေးနိုင်ရမည်။ ထိုနည်းလမ်းသည် ရှေးယခင် ကာလများကတည်းကပင် သုံးခဲ့သော နည်းလမ်းဖြစ်သည်။ ကျင်မင်းဆက်ခေတ်က နန်းတွင်းအရာရှိများ၏ လေ့ကျင့်မှုကို ခံခဲ့ရသော သူလျှိုများသည် မိဘမဲ့များသာ ဖြစ်ကြသည်။ သို့သော် ထိုနည်းလမ်းတွင်လည်း ထိုကလေးငယ်တစ်ဦးတစ်ယောက်ဆီအတွက် အချိန်များစွာ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သောကြောင့် ပြဿနာအချို့ရှိနိုင်သေးသည်။ အရာအားလုံးသည် နောက်ပြန်လှည့်လို့ မရနိုင်တော့အောင် ဖြစ်သွားနိုင်သည်။
နောက်ဆုံးနည်းလမ်းကတော့ လူအများကို လွှမ်းမိုးနိုင်ခဲ့သော သူ၏ ကိုယ်ပိုင်နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းကတော့ သူ့ကို သဘောကျကြိုက်နှစ်သက်အောင်လုပ်ပြီး သူ့အတွက် အသက်ပင်သေပေးချင်လောက်အောင် ဖြစ်စေသော နည်းလမ်းပင်။ သို့သော် ကောင်းဖန်သည် ထိုနည်းလမ်းကိုတော့ သိပ်ပြီး အားမကိုးချင်ပါပေ။
ကောင်းဖန်သည် သူ၏ မျက်နှာကို ကိုင်တွယ်ထိတွေ့ကြည့်လိုက်သည်။ သူ၏ ကိုယ်ပိုင် အားသာချက်တစ်ခု.. ကောင်းဖန်သည် နက်နဲစွာတွေးတောနေသည်။
ထိုနည်းလမ်းများအားလုံးသည် လူအများ၏ စိတ်အာရုံကို ဖမ်းစားလွှမ်းမိုးသော နည်းလမ်းများတွင် ပါဝင်နေသည်။ အရေးကြီးဆုံးမှာ သူသည် အန္တရာယ်များကြားထဲတွင် ရှင်သန်နိုင်အောင် အသန်မာဆုံး ဖြစ်ဖို့ လိုခြင်းပင်။ ထိုနည်းလမ်းသည်သာ စိတ်အချရဆုံးပင်။
“ဟင်း.. စိတ်ရှုပ်စရာပဲ” ကောင်းဖန်ကို ဆံပင်ကို လက်ဖြင့် ထိုးဖွကုတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူသည် ဟွမ်းယာနှင့် အခြားသူများကို တွေးမိလိုက်သည်။ သူတို့သည် အဖိုးအတွက် သူတို့အသက်များကိုပင် စတေးပစ်နိုင်သူများ မဟုတ်ပါလား။
ဒါပေမယ့် ထိုသစ္စာရှိမှုက အဖိုးအတွက်ပဲ ဖြစ်ပြီး သူ့အတွက်တော့ မဟုတ်ချေ။ ကောင်းဖန်သည် ထိုအချက်ကိုတော့ ကောင်းကောင်းသိလေသည်။
ကောင်းဖန်သည် ဘာဆက်လုပ်ရမှန်းပင် မသိတော့ချေ။ သူသည် ခေါင်းကိုကုတ်လိုက်ရင်း ထိုအကြောင်းကို ယခုတော့ ဆက်ပြီး မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် သူနှင့် ကျိုးထျန်းမင်တို့ စကားပြောခဲ့ဖူးရာ တောင်တန်းစံအိမ်သို့ ရောက်သွားသည်။ ကျိုးထျန်းမင်အတွက်တော့ ထိုပြိုင်ပွဲတွင် ဖြစ်ခဲ့သော အရာများသည် အသေးအဖွဲ့မျှသာ ဖြစ်သည်။
“ငါ့အိမ်မှာ ခဏနေပြီး ၂ ရက်လောက် နားလိုက်ဦးပေါ့.. မုံ့မုံ့က ဒီရက်ပိုင်းအတွင်း အတန်းရှိမှာ မဟုတ်ဘူး.. မင်းကို မြို့ထဲလိုက်ပို့ပေးဖို့ သူ့ကို ပြောထားလိုက်မယ်.. ယွိကျိုးနဲ့ ချန်အန်းမှာ မရှိတဲ့ ထူးခြားဆန်းပြားကိုယ်ပိုင်သားရဲတွေ ငါတို့မှာရှိတယ်.. မင်းလိုချင်ရင် အချို့အကောင်တွေတောင် ယူသွားလိုရတယ်” ကျိုးထျန်းမင်က ကောင်းဖန်ကို ဆွဲဆောင်လိုက်သည်။
“မလိုပါဘူး.. အခုလို ကမ်းလှမ်းပေးလို့.. ကျေးဇူးတင်ပါတယ် အဖိုးကျိုး.. ဒါပေမယ့် ကျွန်တော့်အဖိုးက ကျွန်တော့်ကို တစ်ပတ်နီးပါးလောက် မတွေ့ရတာ ကြာပြီဆိုတော့.. မနေ့ကတည်းက သူ့ဆီကို မြန်မြန်လာဖို့ ခေါ်နေလို့ပါ” ကောင်းဖန်က ရယ်မောရင်းပြောလိုက်သည်။
ကျိုးထျန်းမင်သည် ကောင်းဖန်ကို ဆွဲထားလို့မရနိုင်တော့မှန်း သိလိုက်သည်။ သူသည် ကောင်းဖန်ကို သူ၏ နောင်တ တရားကိုသာ ပြနိုင်တော့မည် ဖြစ်သည်။
ကောင်းဖန်သည် နောက်တစ်နေ့တွင်တော့ ယွိကျိုးမြို့တော်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်သွားလိုက်သည်။
သူရောက်သွားသောအခါ ကားတစ်စီးက သူ့ကို လာကြိုပြီး တောင်ပိုင်းကောင်းကင် အုပ်စု၏ စံအိမ်သို့ ပြန်ခေါ်သွားလိုက်သည်။
“သခင်လေးကောင်း” တံခါးကို လာဖွင့်ပေးသော လုံခြုံရေးသည် ကောင်းဖန်ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
ကောင်းဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ လုံခြုံရေးများသည် သူ့ကို အရင်ကလည်း သခင်လေးဟု ခေါ်လေ့ရှိကြသော်လည်း ဖိအားပေးသောကြောင့် ခေါ်သည်ဟု ခံစားခဲ့ရသည်ချည်းပင်။ သူသည် သူတို့က ထိုသို့ခေါ်ခြင်းမှာ စိတ်ထဲက ပါမပါကို သေချာမသိခဲ့ချေ။ သို့သော် ယခုတော့ ထိုသို့ သခင်လေးကောင်းဟု ခေါ်လိုက်ခြင်းသည် ယခင်ကနှင့်တော့ မတူတော့သည်ကို ခံစားမိလိုက်သည်။
ထို့ကြောင့်လည်း လူအများ၏ လေးစာမှုကို ခံရဖို့ လိုအပ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။
သူသည် ပြုံးလိုက်ကာ လုံခြုံရေးကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူ၏ နောက်ကျောပေါ်တွင် ပါလာသော ဂိုဒီကို ပွတ်သပ်ပေးလိုက်သည်။ “ကဲ.. သွားနားလိုက်ပါဦး.. မင်းလေယာဉ်ပေါ်မှာကတည်းက တောက်လျှောက်လေ့ကျင့်နေတာ.. လေ့ကျင့်တာက အရေးကြီးတယ်ဆိုပေမယ့် အနားယူဖို့လည်း အရေးကြီးတယ်”
ဂိုဒီက ခေါင်းကို ယမ်းလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ကာ “သခင်.. ငါပိုပြီး သန်မာချင်တယ်”
“ပိုသန်မာပြီးတော့…”
“ငါ့ရဲ့ပိုက်ဆံတွေကို ဘယ်သူမှ ထပ်မယူတော့အောင် လုပ်မှာပေါ့”
“…”
ကောင်းဖန်သည် ပြန်လှည့်လာပြီး တိတ်ဆိတ်သွားသည်။ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှ အလုပ်သမားများသည် သူ့ကို မင်းသားလေးဟု မတွေးကြတော့ပဲ အဆင့်မြင့် သားရဲလေ့ကျင့်သူအဖြစ် မြင်လာကြပြီ ဖြစ်သည်။
သူသည် အလွန်ငယ်ရွယ်သေးသောကြောင့် လူအများသည် အနာဂတ်တွင် ပိုကောင်းသောအရာများလုပ်နိုင်မည်ဟု သူ့ကို ယုံကြည်ထားကြသည်။
အင်ပါယာတစ်ခုသည် လူတစ်ဦးတစ်ယောက်တည်းနှင့် ထူထောင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ကျီဟန့်ဝူသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင် တစ်ဦးတည်းသော အာဏာရှိသူ ဆိုပါက ကျီဟန့်ဝူသည် မည်သို့ပင်အင်အားကြီးပါစေ အရေးကြီးမည် မဟုတ်ပေ။ အကယ်၍ ကျီဟန့်ဝူမရှိတော့လျှင်တော့ ကုမ္ပဏီတစ်ခုလုံးသည် ပြိုလဲသွားမည် ဖြစ်သည်။ အစိုးရပိုင်းနှင့် စစ်တပ်ပိုင်းမှ အထက်တန်းအရာရှိများသည် ထိုကဲ့သို့ အခြေအနေကို သဘောပေါက်ထားကြသည်။
ကျင်မင်းဆက်မှ ကျင်ရှိဟောင်ဘုရင်ကြီးကဲ့သို့ပင် ဖြစ်သည်။ သူသည် တိုင်းပြည် ၆ ခုကို တိုင်းပြည်တစ်ခုအဖြစ် ပေါင်းစည်းနိုင်ခဲ့သောကြောင့် သူသက်ရှိထင်ရှားရှိနေချိန်တွင်တော့ မည်သူမျှသူ့ကို စိန်မခေါ်ရဲခဲ့ကြပေ။
သူအသက်ရှိနေသေးသရွေ့ တလောကလုံးသည် သူ့အပိုင် ဖြစ်သည်။ မည်သူမျှလည်း သူ့ကို မယှဉ်ပြိုင်ရဲကြသလို သူသည်သာ ဘုရင် ဖြစ်ခဲ့သည်။
သို့သော် သူနတ်ရွာစံသွားသောအခါတွင်တော့ ကျင်မင်းဆက်ကြီးသည် အလဲအကွဲ ပြိုလဲသွားခဲ့တော့သည်။
ထို့ကြောင့် အင်အားကြီးသော ဆက်ခံသူကောင်းရဖို့သည် အလွန်အရေးကြီးခြင်း ဖြစ်သည်။
ကျီဟန့်ဝူသည် ဆက်ခံသူတစ်ယောက်အနေဖြင့် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းကို ကြီးမားကျယ်ပြန့်အောင်၊ ကုမ္ပဏီ၏ အနေအထားကို မြင့်တက်သွားအောင် ဆောင်ရွက်ပေးခဲ့သည်။
ကျီဟန့်ဝူသည် အိမ်တွင် ထိုင်နေရင်း ကောင်းဖန်ကို စောင့်နေသည်။ သူသည် ကောင်းဖန်၏ အကြိုက်ဆုံးအစားကိုပင် မှာထားလိုက်သေးသည်။ စားပွဲပေါ်တွင်လည်း လိမ္မော်သီးသကြားလုံးများ ရှိနေသည်။
သူသည် စားပွဲပေါ်တွင် ထမင်းကို တင်လိုက်ချိန်တွင် ဖုန်းမြည်လာသည်။
သူသည် ဖုန်းကို ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ဖုန်းနံပါတ်ကို သိထားသူမှာ ရှားပါးလှသည် မဟုတ်ပါလား။ သိသူများကလည်း အရေးကြီးသော ကိစ္စများရှိမှသာ ခေါ်ကြသည်ပင်။
သူသည် ဖုန်းကိုကိုင်လိုက်သည်။ “အဖိုးကျီ.. အခြေအနေတစ်ခုတော့ ရှိနေပြီ.. ကောင်းဖန်အခုမှ ပြန်လာနေတယ်ဆိုတာတော့ သိပါတယ်.. အရေးမကြီးရင်လည်း မခေါ်ပါဘူး”
“ငါ့ကို မင်းဖုန်းခေါ်တယ်ဆိုကတည်းက တစ်ခုခု ဖြစ်မှန်းတော့ သိပါတယ်.. ပြောပါဦး ဘာဖြစ်လို့လဲ”
“ပထမကျင် အင်ပါယာရဲ့ မူဆိုလီယန်က လူတွေ.. သူတို့အသက်ပြန်ရှင်လာကြတယ်”
ကျီဟန့်ဝူ၏ ထူထဲသော မျက်ခုံးများသည် အံ့ဩစိတ်ဖြင့် မြင့်တက်သွားတော့သည်။