← Chapters

အခန်း (၂၆၅-၂၆၈)

Vol. 17 Ch. 265-268

အခန်း (၂၆၅-၂၆၈)

Vol. 17 Ch. 265-268

အခန်း ၂၆၅ ကြောက်မက်ဖွယ် သတ်ဖြတ်နိုင်သော ပင့်ကူမကြီး

“ဒါကိုစားချင်လား” ကောင်းဖန်က မေးလိုက်သည်။

ပင့်ကူမကြီးက ခေါင်းညိတ်လိုက်သည်။ သူမသည် သွားရည်များကျနေသည်မှာ မြစ်ရေပင် စီးတော့ မတတ်ဖြစ်သည်။

ပင့်ကူမကြီးကို ခဏကြာ ကလိပြီးသောအခါ ကောင်းဖန်သည် ဖန်ပြွန်ရှည်ကို ‌မြှောက်ကိုင်ပေးလိုက်သည်။

ပင့်ကူမကြီးသည် ကြီးမားသော ပါးစပ်ကြီးဖြင့် တစ်ကိုက်ကိုက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် လှုပ်ရှားမှုသည်ပင် လေပြင်းကြီးကဲ့သို့ ဖြစ်သွားပြီး အနီးနားမှ မြက်ပင်များသည်ပင် လေအရှိန်ဖြင့် ပြားပြား၀ပ်ကုန်သည်။

ပင့်ကူမကြီးသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ အနင်းခံလိုက်ရသော မြက်များသည် မြေကြီးထဲသို့ပင် ၀င်ကုန်သည်။

ကြီးမားသော ကိုယ်ပိုင်သားရဲများ ပိုင်ဆိုင်ထားလျှင် ထိုဒုက္ခတော့ ကြုံတွေ့ရနိုင်သည်။

ထိုအနေအထားမှာ ပုံမှန်လူတစ်ယောက်က လူပုလေးအိမ်တွင် နေနေသည့် အနေအထားနှင့်ပင် တူနေတော့သည်။ လူသည် မည်မျှပင် သတိထားသော်လည်း အရွယ်အစားကြီးနေသောကြောင့် တစ်ခုမဟုတ် တစ်ခုတော့ အလွယ်တကူ ဖြစ်နိုင်လေသည်။

ပင့်ကူမကြီးသည် တစ်ကိုက်ကိုက်လိုက်ပြီး ဖန်ပြွန်ရှည်ထဲမှ အရာအားလုံးကို စားသောက်လိုက်သည်။ ချက်ချင်းပင် သူမသည် အရက်မူးနေသကဲ့သို့ ယိမ်းထိုးသွားသည်။ ထို့နောက် မကြာမီ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ပင့်ကူမကြီးသည် ချက်ချင်းပင် အိပ်ပျော်သွားသည်။ သူမသည် အိပ်နေရင်းဖြင့်ပင် နှုတ်ခမ်းကို လျှာဖြင့် သပ်နေသေးသည်။

“ရုပ်ဆိုးလိုက်တာ” အစင်းလေးသည် ပင့်ကူမကြီးကို မကျေမချမ်းကြည့်ရင်း ပြောလိုက်သည်။

အိပ်ရင်းနဲ့တောင် ဟောက်လိုက်သေးတယ်။ ငါဖြင့် ဒီလောက်ရုပ်ဆိုးတဲ့ ပင့်ကူမတွေ့ဖူးသေးဘူး။ တာ့ဇီတောင် ဒီပင့်ကူမထက် ပိုချစ်ဖို့ ကောင်းသေးတယ်။

ထို့နောက် အစင်းလေးသည် မြန်မြန်ပြေးထွက်သွားသည်။ သူဘယ်သွားမှန်းတော့ ဘယ်သူမှ မသိလိုက်ပါချေ။

ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများတွင် အစင်းလေးသည် အပျင်းရိဆုံး ဖြစ်သည်။ ထို့အပြင် ဘ၀ကို ပျော်ပျော်ကြီး အဖြတ်သန်းတတ်ဆုံးလည်း ဖြစ်သည်။

အခြားသော ကိုယ်ပိုင်သားရဲများသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ၊ စွမ်းရည် ထိန်းချုပ်မှုများအတွက် ကြိုးစားပမ်းစား လေ့ကျင့်ရလေ့ ရှိသော်လည်း အစင်းလေးကတော့ လုပ်စရာ မလိုပါချေ။

သူသည် ရုပ်ပိုင်းဆိုင်ရာ အခြေအ‌နေကောင်းဖို့ ထိန်းသိမ်းရန်သာ ရှိလေသည်။

သူသည် ကောင်းဖန်းက သူ့ကို လေ့ကျင့်ပေးနေလျှင်ပင် သူ့ကို တိုက်ပွဲတွင် ပိုမြန်မြန် ပြေးနိုင်စေရန်အတွက် လေ့ကျင့်သည်ဟု ထင်နေသူဖြစ်သည်။

…

ယွီကျိုးမြို့၏ အပြင်ဘက် တောင်ထူထပ်သော နေရာတွင် ဖြစ်သည်။

‌တောင်ထိပ်တွင် လူတစ်စုသည် စုဝေးလျက်ရှိသည်။ သူတို့အားလုံးသည် ခေါင်းပေါင်းအဖြူရောင်များကို ၀တ်ဆင်ထားကြသည်။

ထို့နောက် သူတို့၏ ခေါင်းပေါင်းများကို ချွတ်လိုက်ကြသောအခါ သူတို့၏ ခေါင်းဆောင်သည် ဆံပင် အဖြူရောင်ဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏ လှိုင်းတွန့် ဆံပင်သည် ပုခုံးနားတွင် အဆုံးသတ်သွားပြီး နှုတ်ခမ်းပေါ်တွင်တော့ သေးငယ်သော နှုတ်ခမ်းမွှေးလေး ရှိနေသည်။ သူသည် တောင်ခြေဆီသို့ ငုံ့ကြည့်လိုက်သည်။ နေရာတစ်ခုလုံးသည် ပိန်းပိတ်မှောင်လျက်ရှိသည်။ တောင်မျက်နှာပြင်‌တွင်တော့ တွင်းပေါက်အစက်အပြောက် များနှင့် ပြည့်နှက်လျက်ရှိသည်။ တောင်၏ ပုံစံအနေအထားမှာ အလွန်ပင် ထူးဆန်းနေသည်။

“ရောက်လာပြီ” ခေါင်းဖြူပုဂ္ဂိုလ်သည် ကျင်းရှာဘာသာစကားဖြင့် ပြောလိုက်သည်။

ကျင်းရှာဒေသသည် ဥရောပအရှေ့ပိုင်းတွင် ကြီးမားသော ဒေသကြီး ဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူများအတွက် ထိုဒေသသည် အရေးကြီးသော အခန်းကဏ္ဍမှ ထောက်ပံ့ပေးနေသည်။ ထိုနေရာမှ လူများသည်လည်း အထွတ်အမြတ်ထားရာ လိုထျန်းဘာသာ၏ နောက်လိုက်များ ဖြစ်ကြသည်။

ထိုလိုထျန်းဘာသာသည် ကမ္ဘာကြီးကို ဖန်တီးသူများမှာ လိုထျန်းတန်ခိုးရှင်ဟု ယုံကြည်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ကမ္ဘာကြီးကို ဖန်တီးခဲ့စဉ်က ကမ္ဘာကြီးသည် သန့်ရှင်းစင်ကြယ်နေခဲ့ပြီး လူသားတွေကြောင့်သာ ညစ်ညမ်းသွားသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် လိုထျန်း တန်ခိုးရှင်ကသာ ထိုညစ်ညမ်းမှုကို ပြန်လည် သန့်စင်နိုင်မည်။ ကမ္ဘာကြီးကို ပြန်လည် သန့်စင်နိုင်ရေးသည် လိုထျန်းဘာသာ၏ အဓိက ပန်းတိုင် ဖြစ်သည်။ ထို့အပြင်သူတို့သေသွားလျှင်လည်း လိုထျန်း တန်ခိုးရှင်ထံတွင် ပြန်လည်ခစားရသည်ဟု အယူရှိကြသေးသည်။

ထိုအကြောင်းအရာများမှာ ထိုဘာသာစကား၏ အကြမ်းဖျင်းအချက်အလက်များ ဖြစ်သည်။ မည်သည့်ဘာသာရေးမဆို ကိုယ်ပိုင် သမိုင်းကြောင်းများ၊ နောက်ခံများနှင့် အယူဝါဒများ ရှိတတ်ကြသည် မဟုတ်ပါလား။

ထို့ကြောင့် ကျင်းရှာဒေသမှ သူများသည် လိုထျန်းတန်ခိုးရှင်ကို ကိုးကွယ်ကြသည်ဆိုသည်မှာ အဓိက အချက်ဖြစ်သည်။ အခြားသော ဘာသာများကဲ့သို့ပင် ယုံကြည်သူများတွင်လည်း ပေါ့ပေါ့ပါးပါး ယုံကြည်သူများနှင့် ထဲထဲ၀င်၀င် ယုံကြည်သူများဟူ၍ ကွဲပြားကြသေးသည်။

“နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ” အနောက်ပိုင်းမှ လူအချို့သည် သူတို့၏ ခေါင်းပေါင်းများကို ချွတ်လိုက်ကြသည်။ သူတို့သည် တောင်ဝိဉာဉ်ကို ငုံ့ကြည့်လိုက်ကြကာ စိတ်သက်သာသွားကြပုံဖြင့် သက်ပြင်းများ ချလိုက်ကြသည်။

“လိုထျန်းကျမ်းစာတွေထဲမှာပါတဲ့ တောင်ဝိဉာဉ်ဆိုတာ သူတို့တွေမလား” အနီရောင်ဆံပင်နှင့် မိန်းကလေးက ပျော်ရွှင်စွာပြောလိုက်သည်ာ။

“ဟုတ်မယ်ထင်တယ်.. ဒဏ္ဍာရီလာ ‌တောင်ဝိဉာဉ်တွေ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက သိနိုင်မှာလဲ”

“ကြောက်စရာမလိုပါ့ဘူး.. မင်းတို့တွေ ဦးလေးဂျယ်ရီရဲ့ ဂရစ်ဖင်ကို မတွေးဖူးကြဘူးလား” အရပ်ပုပု ဆံပင်‌ဖြူဖြူနှင့် ကောင်လေးတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မတူဘူးလေ.. ဂရစ်ဖင်တွေက ဒဏ္ဍာရီလာအကောင်တွေ၊ တောင်ဝိဉာဉ်တွေဆိုတာက လိုထျန်းကျမ်းစာထဲမှာပါတဲ့ မကောင်းဆိုးဝါးတွေ”

“တော်ကြတော့” အုပ်စုခေါင်းဆောင်က ‌မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။

သူသည် တောင်ခြေမှ တောင်ဝိဉာဉ်များကို ငုံ့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုများ မြင့်တက်နေသည်။ တောင်ဝိဉာဉ်တွေက တကယ်ရှိတာ ဆိုရင် လိုထျန်းကျမ်းစာထဲမှာပါတဲ့ တခြားအကောင်တွေရော တကယ်ရှိနိုင်လား။

လိုထျန်းဘာသာရေး ရုံးချုပ်တွင် လိုထျန်းကျမ်းစာ တစ်ခုရှိနေပြီး အခြားကျမ်းစာများနှင့် ကွဲပြားမှုရှိသည်။ ကျမ်းစာထဲတွင် အမျိုးမျိုးသော မှတ်တမ်းများ ရှိနေပြီး တောင်ဝိဉာဉ်များကလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ထိုသူသည် ကျမ်းစာထဲတွင်ပါ၀င်သော တောင်ဝိဉာဉ်များနှင့် ပတ်သက်၍ စိတ်၀င်စားစရာတစ်ခုကို သိထားလေသည်။

“အောက်ဆင်းပြီး တောင်ဝိဉာဉ်နဲ့ စကားသွားပြောရအောင်” ဆံပင်ဖြူနှင့်လူက လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကိုယ်ပိုင်သားရဲတစ်ကောင် ဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်သည် အပြာရောင် ဖြစ်ပြီး ခရမ်းရောင် တောင်ပံများရှိကာ ၁၃ ပေခန့်မြင့်လေသည်။

ဆံပင်ဖြူနှင့်လူသည် သားရဲကြီး၏ ကျောပေါ်တက်လိုက်ပြီးနောက် သားရဲကြီးသည် တစ်ချက်ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူ၏ တောင်ပံများကို ဖြန့်ကာ တောင်အောက်သို့ ပျံဆင်းသွားသည်။

…

ပင့်ကူမကြီးသည် နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိသည်။

သူမ၏အောက်ဘက်မှနေ၍ မီးခိုးဖြူရောင် အဆင့်မြင့် အငွေ့အသက်များ ထွက်နေသည်။ ထိုအငွေ့အသက်သည် အလွန်ကြီးမားသော်လည်း ပြီးပြည့်စုံခြင်းတော့ မရှိပေ။ အနားသတ်များသည် ကြမ်းတမ်းနေပြီး မီးခိုးဖြူရောင် ကျောက်တုံးကြီးနှင့်ပင် တူနေသည်။

ပင့်ကူမကြီးသည် မြေပြင်တွင် လှဲနေရင်း တစ်ဖက်သို့စောင်းလိုက်သည်။ မကြာမီမှာပင် အငွေ့အသက်များသည် ပင့်ကူမကြီးကို ဖုံးလွှမ်းသွားတော့သည်။

“ပြောင်းလဲမှုက အချိန်တော့ နည်းနည်း ယူရလိမ့်မယ်.. ဦးလေးစိတ်ပူတယ်ဆိုရင် ဒီမှာပဲ ပြီးတဲ့အထိစောင့်နေလိုက်ပေါ့”

ဟွမ်းဟာက ကောင်းဖန်ကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ကျေးဇူးပါ သခင်လေးကောင်း”

ဟွမ်းယာသည် ယခင်ကတော့ ကောင်းဖန်ကို ဟက်ဟက်ပက်ပက် မရှိခဲ့သော်လည်း ယခုတော့ မတူတော့ပြီ ဖြစ်သည်။

သူသည် ကောင်းဖန်၏ နောက်လိုက်ဖြစ်ပြီး မကြာခင်မှာပင် အဆင့်မြင့် ကိုယ်ပိုင်သားရဲကို ရလိုက်ပြီ မဟုတ်ပါလား။

အဆင့်မြင့် ကိုယ်ပိုင်သားရဲဖြစ်သည်။

လုံခြုံရေးဌာန ခေါင်းဆောင်ဖြစ်သည့် ရှုဟတ်ထီသည်ပင် အဆင့်အနည်းငယ်မြင့်သော မကောင်းဆိုးဝါးကိုသာ ပိုင်ဆိုင်ထားရသည်။

ကောင်းဖန်သည် ဟွမ်းယာကို နေ့လည်စာအား စံအိမ်တွင် စားရန် ပြောလိုက်သည်။

နေ့လည်ခင်းတွင် ဟွမ်းယာသည် ပင့်ကူမကြီးဘေးတွင်သာ နေနေသည်။

ညဘက်တွင်တော့ သူသည် ပင့်ကူမကြီးနားတွင် တဲလေးတစ်ခု ဆောက်လိုက်ကာ ထိုတွင်ပင် အိပ်စက်သည်။

တစ်ညတာ ဖြတ်သန်းပြီးနောက်တွင်တော့ ပင့်ကူမကြီးကို ဖုံးလွှမ်းထားသော အငွေ့အသက်များသည် စတင်အက်ကွဲလာသည်။ ထိုအက်ရာ များသည် တစ်စ တစ်စ သိသာလာပြီး ဥမှ အကောင်ပေါက်သလို ပုံစံမျိုး ဖြစ်လာသည်။

ကောင်းဖန်သည် ကျောင်းသွားရတော့မည် ဖြစ်သော်လည်း ခဏနေသေးဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ပင့်ကူမကြီး၏ အဆင့်မြှင့်တင်မှု အောင်မြင်ခြင်းကို ကိုယ်တိုင် ကြည့်ချင်နေလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက်..

ဂျွတ်။

ရှည်လျားပြီး ငွေရောင် လှံတံကြီးကဲ့သို့ အရာ တစ်ခုသည် အငွေ့အသက်များ ကြားထဲမှ ထွက်ပေါ်လာသည်။ ကျောက်တုံးကဲ့သို့ အငွေ့အသက်များသည် တို့ဖူးတုံးကဲ့သို့ ပုံစံများ ပျက်သွားသည်။

‌ထို့နောက် နောက်ထပ်တစ်ခု ထပ်ထွက်လာသည်.. ပြီးတော့ နောက်တစ်ခု..

လက်များအားလုံး ထွက်ပေါ်လာသည်။ ထိုလက်များသည် အငွေ့အသက်များကို အလွယ်တကူ ချိုးဖောက်ပြီး ထွက်လာခြင်း ဖြစ်သည်။ အသစ်စက်စက် အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ်ကြီးသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် အရမ်းကို လှပနေသည်။

ခန္ဓာကိုယ်သည် ငွေရောင်များပြိုးပျက်နေပြီး သတ္တုများနှင့်ပင် တူနေသည်။ ခြေထောက်များကလည်း လှံတံများလို ချွန်ထက်နေပြီး ထိပ်ပိုင်းတွင် လခြမ်းပုံ ငါးမျှားချိတ်ပုံစံမျိုး ဖြစ်နေသည်။ သေးသွယ်ပြီး အလွန်ပင် လှပတင့်တယ်နေသည်။ သူ၏ အရင်ပုံစံသည် သားသတ်ဓားနှင့် ပြေးလွှားနေသော မိန်းမပျိုလေးတစ်ယောက်ဆိုလျှင် ယခုပုံစံသည် ကျွမ်းကျင်အဆင့် လူသတ်သမားပုံစံ ဖြစ်နေပြီပင်။

မကောင်းဆိုးဝါးအမည် - ကြောက်မက်ဖွယ် သတ်ဖြတ်နိုင်သော ပင့်ကူမကြီး (အမြင့်ဆုံးအဆင့်)

မကောင်းဆိုးဝါးအဆင့် - အဆင့် ၄၁

မကောင်းဆိုးဝါး အမျိုးအစား - အကောင်းဆုံး

မကောင်းဆိုးဝါး အရည်အချင်း - ကျောက်တုံးစွမ်းအင်

မကောင်းဆိုးဝါး အခြေအနေ - ကျန်းမာရေးကောင်း (ပျော်ရွှင်မှုရှိ)

မကောင်းဆိုးဝါး အားနည်းချက် - ၁။ သစ်သားပုံ မကောင်းဆိုးဝါး ၂။ ပလက်တီနမ် ဘုရင်

မကောင်းဆိုးဝါးစွမ်းအင် - ပင့်ကူပိုးမျှင် ခိုင်ခံ့မှု အဆင့် ၂၊ အရေပြားမာကျောမှု အဆင့် ၂၊ လက်သည်းချွန်ထက်မှု အဆင့် ၁

***

သားရဲလေ့ကျင့်သူ

အခန်း ၂၆၆ အနောက်အရပ်သို့ ကြိုးကြာနှင့်အတူ ခရီးထွက်ခြင်း

ဟွမ်းယာသည် ပင့်ကူမကြီး အဆင့်အမြင့်ဆုံးသို့ ရောက်သွားပြီကို သိလိုက်ရသောအခါ အိပ်မက်မက်နေသလိုပင် ဖြစ်နေသည်။ ငါတကယ်ပဲ အဆင့်အမြင့်ဆုံး ကိုယ်ပိုင်သားရဲရဲ့ လေ့ကျင့်သူ ဖြစ်လာပြီလား။

သူသည် ကြက်သေသေနေလေသည်။

“သူ့ကို သေချာလေ့ကျင့်ပေးပါ.. ဦးလေး ဆန္ဒရှိရင် ယွီကျိုးမြို့တော်နား တစ်ဝိုက်ကိုလည်း သွားနိုင်ပါတယ်” ကောင်းဖန်က ပြုံးကာပြောလိုက်သည်။ သူသည် ဟွမ်းယာ၏ ခံစားချက်ကို နားလည်လေသည်။ သူကိုယ်တိုင်သည်လည်း ဒန်ဘီ၏ အဆင့်မြင့်ပြောင်းလဲမှု ဖြစ်ချိန်က တစ်ညလုံး မအိပ်နိုင်ခဲ့သည် မဟုတ်လား။

“နားလည်ပါပြီ” ဟွမ်းယာသည် ကောင်းဖန်ကို ကျေးဇူးတင်စွာ ပြောလိုက်သည်။

အဆင့်မြင့်သားရဲကို လက်ခံရရှိခြင်းသည် ကားတစ်စီးလက်ဆောင်ရသည် နှင့်ပင် ညီမျှပေသည်။ မည်သူမဆို အားတက်သရော လက်ခံကြမည် ချည်းပင်။

ကောင်းဖန်သည် ကျောင်းခွင့်ယူကာ အိမ်တွင်ပင် စာလုပ်တော့မည်ဟု တွေးလိုက်သည်။

လူတစ်ယောက်သည် သင်ယူလိုစိတ်သာ ရှိသည် ဆိုပါက မည်သည့်နေရာတွင် မဆို လုပ်နိုင်မည် ဖြစ်သည်။ ကျောင်း၏ အားသာချက်မှာ သင်ယူ၍ ကောင်းသော ပတ်၀န်းကျင်တစ်ခု ဖြစ်နေခြင်းသာ ဖြစ်သည်။

သူသည် စောစီးစွာ ဘွဲ့ရခြင်း သို့မဟုတ် အတန်းများကို စောစီးပြီးခြင်းတို့ကို လုပ်ဆောင်နိုင်သူ ဖြစ်သည်။

ထို့နောက် ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများကို ခေါ်လိုက်သည်။ “ငါနဲ့ ကျောင်းကို ဘယ်သူလိုက်ကြမလဲ”

ဒန်ဘီသည် ကောင်းဖန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “သခင်.. ကျွန်တော် ရှောင်ဟွာနဲ့ပဲ နေချင်လို့ပါ”

ရှောင်ဟွာဆိုသည်မှာ အနီရောင် ဂျယ်လီငါး၏ နာမည်ပြောင် ဖြစ်သည်။ ဒီတစ်ကြိမ်တွင်တော့ နာမည်ပေးသူမှာ ကောင်းဖန် မဟုတ်ချေ။ ဒန်ဘီ၏ သမီး ဖြစ်သောကြောင့် ဒန်ဘီကိုယ်တိုင် နာမည်ပေးမှ သင့်တော်မည် ဖြစ်သည်။

သို့သော် ဒန်ဘီ၏ နာမည်ပေးကျွမ်းကျင်မှုသည် မျှော်လင့်ထားသလောက် မကောင်းပါပေ။ ဒန်ဘီသည် ကောင်းဖန်ထက်ပင် ပိုဆိုးနေသေးသည်။

“ရပါတယ်.. ဒါပေမယ့် သားသတ်ရုံကိုသွားပြီး ဝိဉာဉ်တွေကို သွားစုပ်ယူဖို့တော့ မမေ့နဲ့ဦး.. အဲဒါက မင်းကို အဆင့်တက်ဖို့တော့ အများကြီး မကူညီနိုင်ပေမယ့် သေချာလုပ်ရင်တော့ အထောက်အကူ ဖြစ်နိုင်တယ်.. အဆင့်တက်ဖို့ဆိုတာကလည်း လွယ်တာမှ မဟုတ်ပဲ” ကောင်းဖန်က စိတ်ရှည်စွာ ပြောလိုက်သည်။ သူသည် ဒန်ဘီမှာ အလွန်ရင့်ကျက်သူ ဖြစ်ကြောင်း သိလေသည်။ သူသည် တစ်ခါမျှ စိတ်ပူစရာ မလိုခဲ့ချေ။

“၃၆၉၅ ၃၆၉၆..” ဂိုဒီသည် သတ္တုတုံးကြီးကို သူ့အတောင်ပံများနှင့် မကာ အလေးမလေ့ကျင့်ခန်း လုပ်နေသည်။

ကောင်းဖန်သည် ထိုမြင်ကွင်းကို အလွန်စိတ်ကျေနပ်သွားပြီး ဂိုဒီကို အနှောင့်အယှက်မပေးဖို့ ဆုံးဖြတ်လိုက်သည်။

“တစ် သုံး ငါး..” အစင်းလေးသည် ကောင်းဖန်ကို မသိမသာ စွေကြည့်လိုက်သည်။ အစင်းလေး ဘယ်တုန်းက စပြီး လေ့ကျင့်နေမှန်း မည်သူမျှ မသိလိုက်ပါချေ။

ဒီကောင်ကတော့..

ကောင်းဖန်သည် ထိုသတ္တဝါကိုတော့ လျစ်လျူပင် ရှုထားလိုက်ပါသည်။ သူသည် ဟန်ဆောင်ချင်သည် ဆိုလျှင် တစ်ကပင် စ,စရာ မလိုသည် မဟုတ်ပါလား။

“လိုက်မယ် လိုက်မယ်.. တာ့ဇီသည် မြန်မြန်ပျံသန်းလိုက်ကာ ကောင်းဖန်နားတွင် ပျံဝဲနေသည်။

“မလိုက်ရဘူး.. အိမ်မှာနေပြီး လေ့ကျင့်ထားရမယ် နားလည်လား” ကောင်းဖန်သည် တာ့ဇီ၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။

ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများကို လေ့ကျင့်နိုင်မည့် နည်းလမ်းသစ်ကို ကျိုးထျန်းမင်နှင့်အတူ မြို့တော်တွင် ရှိနေစဉ်က သိထားခဲ့ပြီး ဖြစ်သည်။

သားရဲများကို ပို၍ မြန်မြန် အဆင့်မြှင့်နိုင်ဖို့ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဓာတ်ခွဲခန်းများနှင့် သုတေသန အဖွဲ့များသည် အပတ်တကုတ် ကြိုးစားဖော်ထုတ်နေကြသည်ပင်။

ဒီနေ့ခေတ်တွင်တော့ သားရဲများ၏ အဆင့်မြှင့်ခြင်းသည် ကားပြိုင်ပွဲနှင့်ပင် တူနေသည်။ သားရဲများသည် ပြိုင်လမ်းပေါ်က ကားများဖြစ်ပြီး အဆင့်မြှင့်ခြင်းသည် ကား၏ လုပ်ဆောင်နိုင်စွမ်း ဖြစ်သည်။ စက်ဘီးမှ မော်တော်ဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်မှ ကား၊ ကားမှ ထရပ်ကားကြီး၊ ထရပ်ကားကြီးမှ ပြိုင်ကား စသည်ဖြင့်ပင်။

ထို့ကြောင့် ထိုပြိုင်ကွင်းတွင် သွားရသည့် အချိန်ကြာလေ အဆင့်တက်ဖို့ ပိုကြာလေဖြစ်သည်။

သားရဲများကို မြန်မြန်အဆင့်မြှင့်နိုင်ဖို့ နည်းလမ်းရှာခြင်းသည် ပြိုင်ကွင်းတွင် အတိုဆုံး လမ်းကို ရှာရသည်နှင့် တူသည်။ သားရဲများသည် သူတို့၏ ရှေ့တွင် ရှိနေသော သားရဲကို ကျော်တက်ရမည် ဖြစ်သည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ ဉာဏ်ကြီးရှင် တစ်စုံတစ်ယောက်သည် သားရဲများ၏ အဆင့်မြှင့်တင်မှုကို အမြန်ဆုံးလုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ပေမည်။

ကောင်းဖန်တွင်တော့ သားရဲများ၏ စွမ်းရည်ကို မြင့်တက်စေသည့် သော့ချက်တစ်ခု ရှိနေသည်။ တစ်နည်းအားဖြင့် ကား၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေသော သော့ဖြစ်သည်။ သို့သော် သူသည်လည်း သားရဲများ၏ အဆင့်ကို အမြန် မြှင့်စေနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးပါချေ။

ကောင်းဖန်သည် ဉာဏ်ကြီးရှင် ဖြစ်သော်လာ်း သူသည် ထိုနည်းလမ်းကို ရှာမတွေ့နိုင်သေးတွင်တော့ ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ရဦးမည် ဖြစ်သည်။

မြို့တော်ရှိ သားရဲလေ့ကျင့်ရေး အဖွဲ့အစည်း၏ ဓာတ်ခွဲခန်းတစ်ခုတွင် သုတေသနပညာရှင်များသည် လျှပ်စစ်အမျိုးအစား သားရဲများ၏ အဆင့်ကို အမြန်မြှင့်တင်နိုင်သည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။

ထိုအကြောင်းကို လျှို့ဝှက်ချက်အဖြစ်သာ ထားထားပြီး လူထုကိုတော့ မချပြသေးချေ။ အတိအကျ ပြောရလျှင် သိပ္ပံနည်းကျလည်း သက်သေမပြနိုင်သေးသောကြောင့် ဖြစ်သည်။

ကျိုးထျန်းမင်သည် သားရဲလေ့ကျင့်ရေး အဖွဲ့အစည်း၏ တည်‌ထောင်သူ ၁၂ ယောက်ထဲတွင် အပါအ၀င် ဖြစ်သောကြောင့် ထိုကိစ္စကို သိထားလေသည်။ သူသည် ထိုအကြောင်းကို ကောင်းဖန်အား လက်ဆောင်အနေဖြင့် ပြောပြလိုက်ပြီး သူနှင့် သူ့အဖိုးအတွက်သာ အသုံးချကာ အခြားသူများကိုတော့ မပြောရန် သတိပေးထားလိုက်သည်။

ထူးဆန်းသော ပုံစံရှိသည့် အဆောက်အအုံသည် ရေကန်၏ တစ်ဖက်ကမ်းတွင် ဆောက်လုပ်ထားသည်။ အမည်းရောင် လျှပ်စစ်ကွင်းကြီးများသည် မြေပြင်နှင့် သုံးပေအကွာတွင် တည်ရှိနေသည်။ လျှပ်စစ်ကွင်းကြီးများအောက်တွင်တော့ လှံများရှိနေသည်။

ထိုနေရာသည် ၁၂ စတုရန်းကိုက်ကျော် ကျယ်၀န်းပြီး ဘေးတွင်လည်း စွမ်းအားမြင့်သော မီးစက်ကြီးများ ရှိနေသည်။

ထိုမီးစက်များကို ဖွင့်လိုက်ပါက တောက်ပသော အပြာရောင်အလင်းတန်းများက လျှပ်စစ်ကွင်းကြီးများကို ဖြစ်ပေါ်စေသည်။

ထိုလျှပ်စစ်ကွင်းကြီးများသည် ပတ်၀န်းကျင်တွင် ရှိသော လေများကို စတင်စုပ်ယူသည်။ လျှပ်စစ်သည် အမည်းရောင် အကွင်းကြီးကို အပြာရောင်သို့ ပြောင်းလဲစေသောကြောင့် ဥမင်လှိုဏ်ခေါင်း တစ်ခုလိုပင် ဖြစ်နေသည်။

အနီးအနားတွင်တော့ မိုးကြိုးခွံနတ်ဘုရားရှိပြီး လျှပ်စစ်စွမ်းအင်များကို သူ့ကိုယ်ထဲသို့ စုပ်ယူနေသည်။ မိုးကြိုးလျှပ်စီးများသည် သူ၏ အခွံထဲမှ ထွက်လာနေပြီး အနီးအနားရှိ လျှပ်စစ်ပစ္စည်းများနှင့် ဆက်သွယ်နေသလို ဖြစ်နေသည်။

ကျိုးထျန်းမင်၏ စကားအရ ထိုပစ္စည်းသည် လျှပ်စစ်အမျိုးအစားသားရဲများ၏ အဆင့်မြှင့်တင်ခြင်းကို ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်သည်ဟု ဆို၏။

တာ့ဇီသည် ကောင်းဖန်နှင့် ပထမဆုံး သွေးစာချုပ်ချုပ်ခဲ့သော သားရဲဖြစ်သောကြောင့် သူသည် တာ့ဇီကို ပို၍ သန်မာစေချင်သည်။ သူသည် သူ၏ ကိုယ်ပိုင်သားရဲများထဲတွင် စွမ်းအားအကြီးဆုံး မဖြစ်လျှင်တောင် စွမ်းအားကြီးသည့်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်စေချင်တာပင်။

“အရင်လိုမဟုတ်တော့ဘူးဆိုပြီး အထွန့်တက်မနေပါနဲ့ဦး.. ငါက မင်းအတွက် အကောင်းဆုံး အခြေအနေတွေကို ဖန်တီးပေးနေတာ.. မင်းမြန်မြန် သန်မာလာမှဖြစ်မယ်.. ဟုတ်ပြီလား.. ဂိုဒီဆိုကြည့်လိုက်.. သူဆို မင်းနောက်မှ ရောက်လာပြီး မင်းကိုတောင် ကျော်တက်သွားပြီ.. ဂိုဒီက တစ်ရက်ကို ၁၆ နာရီ လေ့ကျင့်နေတာ.. အိပ်တာနဲ့ စားတာကလွဲလို့ ကျန်တဲ့အချိန်တိုင်း လေ့ကျင့်နေတော့တာပဲ” ကောင်းဖန်က တာ့ဇီကို ခေါင်းပုတ်ရင်း ပြောလိုက်သည်။

တာ့ဇီက ခေါင်းညိတ်လိုက်ရင်း “နားလည်ပါပြီ” ဟုပြောလိုက်သည်။

“ပုစိ တာ့ဇီလေး ငပျင်းလေး ငပျင်းလေး” ဆီလီသည် ရုတ်တရတ် ထွက်လာပြီး တာ့ဇီကို လှောင်ပြောင်နေလေသည်။

ကောင်းဖန်သည် ဆီလီကို တစ်ချက်ကြည့်လိုက်သည်။ “အဖိုးက မင်းကို အဲဒီအသိုက်ဆောက်ဖို့ ဈေးကြီးတဲ့ အာကာသ သတ္တုတွေ ၀ယ်ပေးခဲ့တာ.. ငါ့အိမ်ထက်တောင် အဲဒီအသိုက်ကဈေးကြီးသေးတယ်.. မင်းကတော့ နေ့တိုင်း အလေလိုက်နေတာပဲ.. မရှက်ဘူးလား.. ချက်ချင်း သွားလေ့ကျင့်နေစမ်း”

ကောင်းဖန်ဆူတာကို ခံရသောအခါ စစ်လီသည် ၀မ်းနည်ပက်လက် ဖြစ်သွားလေသည်။ သူသည် ချက်ချင်းပင် ပြေးထွက်သွားချင်သော်လည်း လက်များရှုပ်ထွေးကာ ခလုတ်တိုက်သွားသည်။ သို့သော် လဲတော့ မကျသွားပါချေ။

ပျော်ရွှင်နေသော ကြိုးကြာ ဖလိန်မီသည် ရေကန်ပေါ်တွင် လွတ်လပ်စွာ နားနေပြန်သည်။ ကောင်းဖန်သည် ရုတ်တရတ် အတွေးရသွားသည်။ “ဖလိန်မီ ဒီကိုလာခဲ့” ကောင်းဖန်သည် ဖလိန်မီကို လက်ပြကာ ခေါ်လိုက်သည်။

ဖလိန်မီသည် ပျံသန်းလာလျက် ကောင်းဖန်ရှေ့က မြက်ခင်းပေါ်တွင် ဆင်းသက်လိုက်သည်။ သူ၏ အမွေးအတောင်များသည် တောက်ပကာနေသည်။ အမွှေးများကြားထဲတွင်တော့ လှပသည့် အရောင်ပြေးလေးများ ရှိနေသည်။

ကောင်းဖန်သည် ဖလိန်မီ၏ ဗိုက်ပူပူကို ပွတ်သပ်လိုက်ပြီး ချီးမွမ်းလိုက်သည်။ “လှလိုက်တဲ့ ကြိုးကြာလေး.. မင်းကို ခေါ်သွားပြီး အတန်းဖော်တွေကို ကြွားဦးမှာပါ”

ဖလိန်မီသည် ကောင်းဖန်က မြှောက်နေသည်ကို သိသောကြောင့် ခေါင်းကိုမော့ကာ ဂုဏ်ယူနေသည်။ “ဟင်း ဟင်း ကောင်းဖန်ရယ် ကျုပ်က ၀တာမဟုတ်ပါဘူး.. အရိုးအဆစ်ကြီးတာပါ”

ဖလိန်မီသည် အလွန်ပင် ကြီးမားလေသည်။ သူမတ်တပ်ရပ်လိုက်လျှင်ပင် ၇ ပေနီးပါးလောက် ရှိလေသည်။ သူ၏ တောင်ပံအကျယ်မှာလည်း ၁၅ ပေလောက် ရှိသည်။

“ဟားဟားဟား ဟုတ်ပါပြီ မင်းက အရိုးအဆစ်ကြီးတာပါ” ကောင်းဖန်က သဘောကျစွာ ရယ်မောလိုက်ပြီး ဖလိန်မီ‌၏ ကျောပေါ်တက်လိုက်သည်။ “ကျောင်းကို ပျံသွားကြမယ်ဟေ့”

ဖလိန်မီသည် တောင်ပံခတ်လိုက်ကာ ကောင်းဖန်ကို လေထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

“အနောက်အရပ်သို့ ကြိုးကြာနှင့် ခရီးသွားခြင်း.. အင်း ဆိုရိုးစကားတစ်ခုတောင် သွားသတိရမိတယ်.. တစ်ခုခုတော့ ခံစားမိသလိုပဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၂၆၇ ဝိဉာဉ်ချိန်းကြိုး

ခြေထောက်တစ်ချောင်းတည်းရှိသော အဖြူရောင်ငှက်ကြီးသည် သူ၏လှပသော အမွှေးအတောင်များကို ဖြန့်ကျက်လျက် မြို့တော်ပေါ်တွင် ရှိသော တိမ်တိုက်များပေါ်မှ ပျံသန်းနေသည်။

ကောင်းဖန်၏ ခြေထောက်များသည် ဖလိန်မီ၏ လည်တိုင်ကို တင်းကြပ်စွာ ညှစ်ထားပြီးလိုက်ပါလာသည်။ သူ၏ ဆံပင်များသည် လေနှင့်အတူ ရှုပ်ထွေးလွင့်ပါလျက်ရှိပြီး သခင်လေးပုံပင် ပေါက်မနေတော့ပါချေ။

ကောင်းဖန်သည် ရုတ်တရတ် သူမကြိုးစားကြည့်ရသေးသော စွမ်းရည် ၂ ခုအကြောင်းကို သတိရသွားသည်။

သူသည် သူ့နဖူးသူရိုက်လိုက်သည်။ သူသည် အလွန်ပင် အလုပ်များနေသောကြောင့် ထိုကဲ့သို့ အရေးကြီးသောအရာကို မေ့လျော့နေခြင်း ဖြစ်သည်။

သားရဲလေ့ကျင့်သူတစ်ယောက်သည် ကွန်မန်ဒါအဆင့် သားရဲကို ရထားပြီဆိုပါက သူတို့သည်လည်း အသက်ကယ်နိုင်သော စွမ်းရည်များကို ရရှိလာကြသည်ချည်းပင်။

သားရဲလေ့ကျင့်သူတစ်ယောက်သည် ပထမဆုံး နတ်ဘုရားအဆင့် သားရဲကို ရပြီဆိုလျှင်တော့ ဒုတိယအနေဖြင့် စွမ်းရည်နောက်တစ်ခုကို ရရှိမည် ဖြစ်သည်။ ထိုသို့ဖြင့် စွမ်းရည်များသည် မြင့်တက်လာကြသည်။

သူ့အနေဖြင့် ကွန်မန်ဒါအဆင့် သားရဲမှနေပြီး ပထမဆုံး ရရှိခဲ့သည့် စွမ်းရည်သည် ပြင်းထန်သော ဟန့်တားခြင်း စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်သည် သားရဲလေ့ကျင့်သူများ ရလေ့ရှိသော စွမ်းရည်ဖြစ်ပြီး ကောင်းဖန်သည်လည်း ထိုစွမ်းရည်ကို သုံးခဲ့ဖူးလေသည်။

ပြင်းထန်သော ဟန့်တားခြင်း စွမ်းရည်သည် သားရဲများ၏ စွမ်းအင်မှတစ်ဆင့် ထုတ်ယူသုံးရခြင်း ဖြစ်ပြီး သားရဲလေ့ကျင့်သူရှေ့တွင် အဟန့်အတားတစ်ခု ဖြစ်ပေါ်လာသော စွမ်းရည်ဖြစ်သည်။ ထို့ကြောင့် သားရဲဆီမှ စွမ်းအင်ကို ပိုသုံးလေ.. အဟန့်အတားက ပိုပြီး အားကြီးလေဖြစ်သည်။

ဒန်ဘီသည် နတ်ဘုရားအဆင့် သားရဲ ဖြစ်လာပြီ ဖြစ်သောကြောင့် ကောင်းဖန်သည်လည်း စွမ်းရည်အသစ်တစ်ခု ထပ်မံရရှိလာပြီ ဖြစ်သည်။ ထိုစွမ်းရည်မှာ ဝိဉာဉ်ချိန်းကြိုး ဖြစ်သည်။

ထိုစွမ်းရည်သည် ကောင်းဖန်ကို သူနှင့် သွေးစာချုပ်ချုပ် ထားသည့် ကိုယ်ပိုင်သားရဲနှင့် သူ၏ ဝိဉာဉ်ကို ဆက်သွယ်ချိတ်ဆက်သည့် စွမ်းရည် ဖြစ်သည်။ ထိုစာချုပ်သည် ချုပ်ပြီး ပထမတစ်လအတွင်း ပြောင်းလဲလို့ မရပါချေ။

ထို့ကြောင့် ရန်သူသည် ကောင်းဖန်၏ ဝိဉာဉ်ကို တိုက်ခိုက်ဖို့ ကြိုးစားမည် ဆိုပါက ဝိဉာဉ်ချိန်းကြိုးက အသက်ဝင်လာမည် ဖြစ်သည်။ ရန်သူကတော့ ကောင်းဖန်နှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်သားရဲတို့ နှစ်ယောက်ပေါင်း၏ ဝိဉာဉ်အင်အားပေါင်းစည်းထားမှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့နောက်တွင် ထိုစွမ်းအင်သည် ကောင်းဖန်၏ ကိုယ်ပိုင်ဝိဉာဉ်ခွန်အားကိုပါ တိုးမြှင့်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ကောင်းဖန်၏ ဝိဉာဉ်တိုးတက်မှုအတွက်လည်း အထောက်အကူ ဖြစ်နိုင်သည်။

ထိုစွမ်းအင်သည် စွမ်းအားကြီးမားလေသည်။ အခြားသော နတ်ဘုရားအဆင့် သားရဲများထံမှ ရရှိသော စွမ်းအင်များကရော မည်ကဲ့သို့ ဖြစ်မည်ကို ကောင်းဖန်လည်း သေချာမသိပါချေ။ ထိုစွမ်းအင်များသည် အချင်းချင်း ဝေမျှပြောပြလို့ရသော အရာများလည်း မဟုတ်ချေ။ ကိုယ်တိုင် လျှို့ဝှက်ထားရသော အရာများ ဖြစ်ပေသည်။

ကောင်းဖန်သည် ထိုစွမ်းရည်ကို သဘောကျမိခြင်းသည် သူ၏ ကာကွယ်ပေးနိုင်စွမ်းကြောင့် မဟုတ်ပဲ သူ၏ စိတ်ဝိဉာဉ်ခွန်အားကို တိုးမြှင့်ပေးနိုင်ခြင်းကြောင့် ဖြစ်သည်။

ကောင်းဖန်သည် ဖလိန်မီကိုကြည့်ကာ ဝိဉာဉ်ချိန်းကြိုးကို သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“အား” ဖလိန်မီသည် ရုတ်တရတ် တုန်လှုပ်သွားသည်။ သူသည် ကောင်းကင်မှ ပြုတ်ကျတော့မလိုပင် ဖြစ်ကာ ကောင်းဖန်ကို ကြောက်လန့်စွာကြည့်လိုက်သည်။

“ဘာတွေဖြစ်ကုန်တာလဲ… ပျံနေရင်း ရုတ်တရတ် ခေါင်းကို တစ်ယောက်ယောက်က ရိုက်လိုက်သလို ခံစားလိုက်ရတယ်”

“…”

“ကောင်းဖန် ဘာလို့ ဒီလိုကြည့်နေတာလဲ.. တမင်သက်သက် ပြောနေတာ မဟုတ်ဘူး.. အရူးတစ်ကောင်က ခေါင်းကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရလို့.. တော်တော်နာသွားတယ်” ဖလိန်မီက ရှင်းပြနေသည်။

ကောင်းဖန်သည် ဘာမျက်နှာအမူအရာမှ မပြပဲ ပြန်ပြောလိုက်သည်။ “အိုကေ.. ဟုတ်ပါပြီ”

ယွီကျိုး တက္ကသိုလ်တွင် လူများစွာ ဝင်လိုက်ထွက်လိုက် လုပ်နေကြသည်။ တစ်ခါတစ်ရံတွင် ကျောင်းသားများသည် ကိုယ်ပိုင်သားရဲများကို ကျောင်းကို ယူလာကြသည်။ ထိုအရာသည် သာမာန်ပင် ဖြစ်သည်။

ကပ်ဆိုးကြီးပြီးသွားသည်မှာ လေးနှစ်ကြာခဲ့ပြီ ဖြစ်သည်။ လူများသည် အစပိုင်းတွင်တော့ အပြောင်းအလဲကို လက်မခံနိုင်သော်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရလာကြသည်။ လူအများ၏ လိုက်လျောညီထွေ နေနိုင်စွမ်းသည် အလွန်ပင် အံ့ဩစရာကောင်းသည်။ အထူးသဖြင့် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပြီးနောက်တွင် ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်က သားရဲမုန်းတီးသူများ မြောက်မြားစွာ ရှိခဲ့ကြသည်။ သူတို့သည် သားရဲများကြောင့် ကပ်ဆိုးများ ကျရောက်ခဲ့သည်ဟု ယုံကြည်ကြပြီး သွေးစာချုပ်များတွင် လက်မှတ်ရေးထိုးဖို့ပင် ငြင်းဆိုကြသည်။

သို့သော်.. ယခုလို အင်တာနက်ခေတ်တွင် လူအများသည် ကိုယ်ပိုင်သားရဲများနှင့် အတူ ဆယ်လ်ဖီရိုက်ပြီး တင်တတ်ကြလေသည်။

ရှည်လျားပြီး စူးရှသော အော်သံတစ်ခုသည် လေထုထဲတွင် ပျံနှံ့သွားသည်။

အရိပ်ကြီးတစ်ခုသည် ယွီကျိုးတက္ကသိုလ်၏ အရှေ့မြေပြင်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် ကြီးမားသော ခြေတစ်ဖက် ကြိုးကြာကြီး ထွက်ပေါ်လာသည်။ စီးလာသူကတော့ ဝေဝေဝါးဝါးပင် ရှိနေသည်။

စီးနင်းလာသူကို သေချာမမြင်ရခြင်းမှာ သူ၏ကိုယ်ကို တောက်ပသော အနီရောင် အဟန့်အတားကြီးက ဖုံးလွှမ်းထားခြင်းကြောင့် ဖြစ်သည်။ ကြိုးကြာငှက်က ဆင်းသက်လိုက်သော အခါတွင်တော့ ထိုအနီရောင် အဟန့်အတားက ပျောက်ကွယ်သွားသည်။

ကောင်းဖန်သည် ကြိုးကြာကျောပေါ်မှ ဆင်းကာ သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။ သူသည် လေတိုက်ဒဏ်ကို ခံနိုင်ရန် အဟန့်အတားစွမ်းရည်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ဖလိန်မီ၏ မီးစွမ်းအင်ကိုလည်း အဟန့်အတားထဲတွင် ထည့်သုံးထားသောကြောင့် ကောင်းဖန်သည် အတွင်းတွင် နွေးထွေးနေသည်။ သူသည် ကောင်းကင်အမြင့်ပေတစ်ရာလောက်တွင် ရှိနေသောလည်း အေးနေခြင်း မရှိပါပေ။

“ဝိုး.. သူက ကြိုးကြာကို စီးလာတာပဲ.. မိုက်လိုက်တာ” ဖြတ်သွားသော ကျောင်းသားက မနာလိုစွာ ပြောလိုက်သည်။

“တကယ်ကို ခြေတစ်ဖက် ကြိုးကြာပဲ.. သူက ဘိုင်ဖန်မလား”

“ပေါက်ကရတွေ မပြောစမ်းပါနဲ့.. ဘိုင်ဖန်က တကယ်မှ မရှိတာ.. ဒဏ္ဍာရီလာ အကောင်ကြီးပဲကို”

“အရင်က မရှိပေမယ့် နောက်ရှိရင် ရှိလာမှာပေါ့”

ဖြတ်သွားသော ကျောင်းသားများသည် စကားနိုင်များပင် လုနေကြသည်။

ကောင်းဖန်သည် ကျောင်းထဲမဝင်ခင် စာရင်းသွင်းရန် အစောင့်အဆောက်အအုံသို့ သွားရန် အမိန့်ပေးလိုက်သည်။

“ကောင်းဖန်” တစ်ယောက်ယောက်က သူ့ကို အနောက်မှ ခေါ်လိုက်သည်။

ကောင်းဖန်သည် လှည့်ကြည့်လိုက်သောအခါ ဂါဝန်အဖြူလေးဝတ်ထားကာ သူ့ကို တအံ့တဩဖြစ်နေသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ခေတ္တစဉ်းစားကြည့်သော်လည်း ကောင်းဖန်သည် သူမကို မမှတ်သေးပဲ ဖြစ်နေသည်။

“ဟယ်လို ငါနင့်ကို ပြိုင်ပွဲမှာ တွေ့လိုက်တယ်.. နင်အရမ်းမိုက်တာပဲ”

“ချဲ့ကားမပြောပါနဲ့.. ပုံမှန်ပါပဲ” ကောင်းဖန်သည် ရှက်နေသည့် ပုံဖြင့် ပြုံးကာ ပြောလိုက်သည်။

“ဟာ ခေါင်းဆောင် နောက်ဆုံးတော့ ကျောင်းလာပြီပေါ့” ရှုချင်းကျီက ဖြတ်သွားရင်း ကောင်းဖန်ကို တွေ့လိုက်သည်။ သူမသည် လျှောက်လာနေရင်း အဖြူရောင်ဂါဝန်နှင့် မိန်းကလေးကို တွေ့ကာ ပြုံးပြလိုက်သည်။

ကောင်းဖန်သည် ရှုချင်းကျီကို သူ၏ ကိုယ်ပိုင်သားရဲများကို အစာကျွေးပေးရန် အကူအညီ တောင်းလေ့ရှိသည်။ သူသည် တစ်ခါတစ်ရံ စမ်းသပ်မှုများ လုပ်နေသောအခါ သူ၏ ကိုယ်ပိုင်သားရဲများကို အစာကျွေးဖို့ မေ့နေတတ်သည်ပင်။ ထို့ကြောင့် ရှုချင်းကျီသည် ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများနှင့် ရင်းနှီးကျွမ်းဝင်လာကြသည်။

အိုး.. သူပဲ.. ဖလိန်မီသည် သူမကို စိုက်ကြည့်လိုက်သည်။ ဘာလို့ ဒီမိန်းကလေးက ငါ့သခင်နဲ့ ရင်းနှီးတဲ့ပုံ ဖြစ်နေတာလဲ။ ဒါပေမယ့် သူက ငါ့ကို ကူညီပေးခဲ့တယ်ဆိုတော့ သူ့ကို ခွင့်လွှတ်လိုက်ပါမယ်လေ။

အဖြူရောင်ဂါဝန်နှင့် မိန်းကလေးသည် စကားဆက်ပြောချင်သေးသည့်ပုံ ပေါ်နေသော်လည်း ရှုချင်းကျီက ကောင်းဖန်ဘက်သို့ လှည့်ကာ စကားပြောလိုက်သည်။ “ခေါင်းဆောင် မသိသေးဘူးထင်တယ်.. ပြိုင်ပွဲပြီးသွားတော့ ဂျူနီယာလေးတွေက ခေါင်းဆောင်ရဲ့ ဖန်တွေ ဖြစ်လာကြတာ.. ငါ့ဌာနက မိန်းကလေး ဂျူနီယာလေးတွေဆိုရင် ခေါင်းဆောင်ရဲ့ ဖုန်းနံပါတ်တောင် တောင်းနေကြတယ်”

သူတို့ ကိုယ်ပိုင်သားရဲတွေကိုများ ငါ့ကို လေ့ကျင့်ခိုင်းကြမလို့လား။ ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့နံပါတ်ကို တွေ့ကရာလူတော့ လျှောက်မပေးဘူးမလား”

“မပေးပါဘူး.. အခွင့်မရှိပဲ မပေးရဲပါဘူးနော်” ရှုချင်းကျီက ပြုံးရင်း ပြောလိုက်သည်။ သူတို့သည် စကားပြောရင်း ထွက်သွားကြသည်။

“ပြီးရော” ကောင်းဖန်၏ စိတ်သည် ပြန်လည် တည်ငြိမ်သွားသည်။ သူသည် အဖြူရောင်ဂါဝန်နှင့် မိန်းကလေးကို နှုတ်ဆက်လိုက်ပြီးနောက် သားရဲလေ့ကျင့်ဌာနကို လျှောက်သွားလိုက်သည်။

“အိုး ဟုတ်သားပဲ ငါ့သူငယ်ချင်းတစ်ယောက်က သူနဲ့ မိတ်ဆက်ပေးပါဦးတဲ့.. သူကလည်း သားရဲ လေ့ကျင့်ရေး ဌာနကပဲ …”

“လင်ရှင်းရွယ်လား”

ရှုချင်းကျီသည် အံ့ဩသွားသည်။ “သူ့ကို သိလို့လား”

“မသိပါဘူး”

ရှုချင်းကျီသည် စိတ်သက်သာရာရသွားသည်။ သူမသည် ကောင်းဖန်၏ မျက်နှာကို ခိုးကြည့်လိုက်ပြီး ပြောလိုက်သည်။ “သူက ငါ့မိသားစုက တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက ဆိုတာကိုသိတယ်.. နင့်ရဲ့ သရုပ်မှန်ကိုလည်း သိတယ်.. အဲဒါကြောင့် မိတ်ဆက်ပေးခိုင်းတာ”

***

သားရဲလေ့ကျင့်သူ

အခန်း ၂၆၈ ကုမ္ပဏီ

“နောက်နှစ်ရက်လောက်နေရင် ချိန်းလိုက်လေ.. နင်လည်း လိုက်မယ်မလား” ကောင်းဖန်က ပြောလိုက်သည်။ သူ့စကားသည် မတင်မကျ ဖြစ်နေသည်။ သူသည် လူဝင်မဆံ့သူ ဖြစ်သောကြောင့် ထိုသို့ တွေ့ဆုံမှုမျိုးကို သိပ်ပြီး စိတ်မဝင်စားပါချေ။ တကယ်လို့ သူမသည် ယွီကျိုး၏ အတော်ဆုံး ၄ ယောက်ထဲတွင် ပါနေလျှင်တောင် သူမသည် သာမန်ထက်အနည်းငယ်သာ ပိုသော သားရဲလေ့ကျင့်သူ ဖြစ်သည်။ ထို့ကြောင့် သူမနှင့် တွေ့ရာတွင် အူကြောင်ကြောင် ဖြစ်မနေရန်အတွက် ရှုချင်းကျီကို အဖော်ခေါ်ခြင်း ဖြစ်သည်။

လင်ရှင်းရွယ်သည် ကမ္ဘာ့အဆင့် မုဆိုး ဖြစ်သည်။ ကမ္ဘာ့အဆင့် မုဆိုးအလုပ်သည် အလွန်ပင် ထူးခြားသော အလုပ်ဖြစ်သည်။

သူတို့သည် လူသူမနေသော တောင်တန်းများ၊ ပျောက်ဆုံးနေသောနေရာများသို့ သွားရောက်ကြရသည်။ သူတို့သည် အလွန်တော်သော သူများ ဖြစ်ကြသည်။ ထို့ကြောင့် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် သူတို့ထဲမှ တစ်ယောက်ကို ခေါ်နိုင်မည် ဆိုပါက လုပ်ငန်းအတွက်တော့ အကျိုးအမြတ်ရှိနိုင်သည်။

ထို့အပြင် တန်ဖိုးအရှိဆုံး ပစ္စည်းများသည် ကြမ်းတမ်းသော နေရာများတွင် ရှိကြသည်။ လင်ရှင်းရွယ်တစ်ယောက်လည်း ထိုကဲ့သို့ နယ်ပယ်တွင် နာမည်ရနေခြင်းမှာ သူမ၏ ကိုယ်ပိုင်အစွမ်းအစကြောင့် ဖြစ်သည်။

ထို့ကြောင့် လင်ရှင်းရွယ်ကို ခေါ်ဖို့အတွက် ကောင်းဖန်သည် တဖက်သတ် ဆန္ဒရှိလိုက်မိသည်။ ထိုအတွက် စကားစမြည်ပြောပြီး ဆွေးနွေးဖို့ရာ တစ်ခွန်း နှစ်ခွန်းနှင့် ပြီးမည် မဟုတ်ပေ။

သူတို့တက်နေသောအတန်းသည် ဒဏ္ဍာရီလာ သားရဲများ၏ ဇီဝဖြစ်စဉ် အကြောင်း ဖြစ်သည်။ သင်နေသော ဆရာသည် ယွီကျိုးတက္ကသိုလ်မှ အတွေ့အကြုံရင့် သမိုင်းဆရာ ဖြစ်ကာ ဒဏ္ဍာရီလာ သားရဲများနှင့် ရှေးဒဏ္ဍာရီ စာအုပ်များကို သုတေသန လုပ်နေသူ ဖြစ်သည်။

“ပြီးခဲ့တဲ့ အတန်းမှာ ဆရာတို့ ဒဏ္ဍာရီလာ ချင်းလွမ်တွေနဲ့ မီးငှက်တွေရဲ့ ဆက်နွယ်မှုအကြောင်းကို ပြောခဲ့ကြတယ်.. ဒီနေ့သင်ခန်းစာမှာတော့ တခြား နတ်ဘုရားငှက်ဖြစ်တဲ့ အိုမန်လို့ခေါ်တဲ့ ဘိုင်ဖန်ငှက် …” ပရော်ဖက်ဆာ လိချန်းဟူသည် ဗဟုသုတကြွယ်ဝသူ ဖြစ်သလို ပျော်ပျော်နေတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့အတန်းကို သားရဲလေ့ကျင့်ရေး ကောလိပ်ရှိ ကျောင်းသားများက ကြိုက်နှစ်သက်ကြသည်။

“ဒဏ္ဍာရီတွေအရ ဘိုင်ဖန်ငှက်ရောက်လာပြီဆိုရင် စွမ်းအားကြီးတဲ့ မီးတောက်တွေနဲ့အတူ ရောက်လာတတ်တယ်တဲ့.. အဝါရောင် ဧကရာဇ်က သူ့ရဲ့ စစ်မြင်းရထားပေါ်မှာ စီးရင်း တိုင်ရှမ်းက သဘာဝလွန်သတ္တဝါတွေကို လိုက်ဖမ်းခဲ့စဉ်အခါက ဘိုင်ဖန်ငှက်က သူ့ရဲ့ ဘေးမှာရှိနေခဲ့တယ်တဲ့.. နောက်တော့ ဘိုင်ဖန်ငှက်က မီးနတ်ဘုရားရဲ့ အချစ်တော် ဖြစ်လာခဲ့တယ်.. သူ့ရဲ့ ထူးခြားချက်တွေထဲက တစ်ခုက သူက ခြေတစ်ဖက်တည်းပဲ ရှိပြီး အစိမ်းရောင်တောင်ပံတွေ ရှိတယ်တဲ့.. ပြီးတော့ သူက အရမ်းပူတဲ့ မီးတောက်တွေကိုတောင် ခံနိုင်ရည်ရှိတယ်…”

ကောင်းဖန်သည် သင်ခန်းစာထဲတွက် အလွန်ပင် စိတ်ပါဝင်စားနေပြီး သင်ပြီးသွားသည့်တိုင်အောင် ဆက်သိချင်နေသေးသည်။

ကောင်းဖန်သည် ကိုယ်ပိုင်သားရဲများ ထားထားရာ နေရာကို ရောက်သွားသောအခါ လူစုလူဝေးများ ရှိနေသည်ကို တွေ့လိုက်ရသည်။ အလွန်ပင် ဆူညံပွက်လောရိုက်နေသည်။

ထိုအချိန်တွင် လူအုပ်ကြားထဲမှ အထိတ်တလန့် အော်သံကို ကြားလိုက်ရပြီ လူစုကွဲသွားကြသည်။ လူတချို့၏ အဝတ်အစားများသည်လည်း မီးလောင်နေကြသည်။ သူတို့သည် မီးကို အလျင်အမြန်ငြှိမ်းလိုက်ကြသော်လည်း သူတို့၏ အဝတ်အစားများသည် ပြာများပင် ဖြစ်ကုန်ကြသည်။

“ဘယ်သူ့ ကိုယ်ပိုင်သားရဲကြီးလဲ.. အရိုင်းဆန်လိုက်တာ”

“ဘိုင်ဖန်ငှက်နဲ့တော့ တော်တော်တူတာပဲ.. နောက်ပိုင်းကျရင် ဘိုင်ဖန်ငှက်အဖြစ် အဆင့်မြင့်သွားမှာများလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဘိုင်ဖန်ငှက်ဆိုတာ ဒဏ္ဍာရီလာ ငှက်ပဲ.. ဒီငှက်က အဲဒီလို အဆင်မြင့်သွားမယ်ဆိုရင်တော့ မင်းစိတ်ကူးယဉ်တာ များနေပြီ.. ဆရာကပြောတယ်လေ ဘိုင်ဖန်ငှက်က ကြိုးကြာတဲ့ .. ကြိုးကြာနော်.. ဒီကောင်ကတော့ ဘဲငန်းကြီးပဲကို”

ပတ်ဝန်းကျင်သည် ပြန်လည် အသက်ဝင်လာသည်။ ဖလိန်မီသည် လူများဆွေးနွေးနေကြသည်ကို နားမလည်သောကြောင့် ဒေါသတကြီးသာ ရပ်နေသည်။

“ကောင်းဖန်ရောက်လာပြီ” လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

လူအုပ်ကြီးသည် ရုတ်တရတ်တိတ်ဆိတ်သွားပြီး ကောင်းဖန်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

သူတို့သည် ကောင်းဖန်ကို ရုပ်မြင်သံကြားတွင်သာ မြင်ဖူးကြသောကြောင့် အနီးကပ် မြင်လိုက်ရသောအခါ ထူးဆန်းနေကြသည်။

သူတို့သည် ယခင်ကတော့ သူ့ကို မြင်ဖူးခဲ့ကြသော်လည်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။ သူ့ကို ပုံမှန် ကျောင်းသားတစ်ယောက်လိုသာ ဆက်ဆံခဲ့ကြသည်။

ဒီနေ့တွင်တော့ သူသည် အခြားလူတစ်ယောက်လို ခံစားလိုက်ရသည်။

“သူလျှောက်သွားတဲ့အချိန်မှာ ဘာလို့ လေဟပ်သလို ခံစားလိုက်ရတာလဲ”

“သူမြန်မြန်လမ်းလျှောက်လို့ နေမှာပေါ့”

ကောင်းဖန်လျှောက်သွားသောအခါ ဖလိန်မီသည် သူ့ဆီသို့ အမြန်ပျံလာသည်။ သူသည် ကောင်းဖန်အနီးသို့ ရောက်လာသောအခါတွင်တော့ ခြေထောက်ကိုအသုံးပြုလိုက်ကာ ဘရိတ်အုပ်လိုက်သည်။ ထို့နောက် ကောင်းဖန်ကို ချစ်မြတ်နိုးစွာ လျက်ပေးနေသည်။

ကောင်းဖန်သည် ဖလိန်မီနှင့် ထွက်သွားသောအခါ တစ်ယောက်ယောက် ပြောလိုက်သည်။ “ဒီခြေတစ်ဖက် ငှက်ကြီးက ကောင်းဖန်ရဲ့ ငှက်ပဲ.. ဒါဆိုရင်တော့ သိပ်ပြီး အံ့ဩစရာမရှိတော့ပါဘူး”

ကောင်းဖန်သည် နာမည်ကြီးခြင်း၏ အဓိပ္ပါယ်ကို စတင်သဘောပေါက်သွားသည်။ သူသည် ယွီကျိုးတက္ကသိုလ်တွင် ဘယ်နေရာကိုသွားသွား သူ့ကို မှတ်မိသူများ ရှိကြမည်ဖြစ်သည်။ သူတို့သည် မျောက်တစ်ကောင်ကို တွေ့လျှင်တောင် ဖုန်းများကို ထုတ်ပြီး ဓာတ်ပုံဝိုင်းရိုက်ကြမည် ဖြစ်သည်။

အနီးကပ်ပုံတွေကို ဘယ်သူမှ ကြည့်ကောင်းကြတာ မဟုတ်ဘူး။ ငါလည်း ကြည့်ကောင်းမနေတာကို ဘာလို့များ ရိုက်နေကြလဲ မသိဘူး။

သူသည် အနည်းငယ် ဒေါသထွက်နေပြီး ဖလိန်မီပေါ်သို့ တက်ကာ ယွီကျိုးတက္ကသိုလ်မှ ထွက်လာလိုက်သည်။

ကျောင်းကို နောက်ရက်တွေတော့ ပြန်လာနိုင်တော့မယ်မထင်ဘူး။ အားလုံး နေသားတကျ ဖြစ်သွားမှပဲ ပြန်လာတာကောင်းမယ်။

…

ကောင်းဖန်သည် နောက်နေ့တွင် ကျောင်းကို မသွားချေ။ သူသည် လင်ရှင်းရွယ်နှင့် ရှုချင်းကျီတို့နှင့်အတူ မြို့ထဲနားရှိ စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုမှု လုပ်ထားသည် မဟုတ်ပါလား။

တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် ထိုစားသောက်ဆိုင်တွင်လည်း ရှယ်ယာပါလေရာ ကောင်းဖန်သည် အခမဲ့ စားသောက်ခွင့်ရမည် ဖြစ်သည်။ စားသောက်ဖို့အတွက် စိတ်အချရဆုံး နေရာလည်း ဖြစ်ပေသည်။

“မိန်းကလေးလင်၊ မိန်းကလေးရှု.. ကြိုဆိုပါတယ်” ကောင်းဖန်သည် မတ်တပ်ရပ်လိုက်ကာ မိန်းကလေးနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။

တောင်တန်းများရှိသည့် မြို့များတွင် မိန်းမလှလေးများ ရှိတတ်ကြသည်။ ပထဝီအနေအထားနှင့် ယဉ်ကျေးမှုများကြောင့်လည်း ပါမည် ထင်သည်။ တောင်တန်းဒေသများတွင် ကြီးပြင်းလာသော မိန်းကလေးများထဲတွင် တူညီသော အချက်တစ်ချက် ရှိကြသည်။ သူတို့သည် အရပ်ရှည်သည် ဖြစ်စေ၊ ပုသည်ဖြစ်စေ.. ခိုင်မာကျစ်လစ်သော ခြေထောက်များရှိတတ်ကြခြင်းပင်။ တောင်တန်းမြို့များတွင် လှေကားထစ်များ ရှိသောကြောင့် မကြာခဏ လှေကားတက်ကြရသည့်အတွက် လေ့ကျင့်ခန်းလုပ်သလို ဖြစ်နေပြီး ထိုကဲ့သို့ ဖြစ်နေကြခြင်း ဖြစ်သည်။

မိန်းကလေးလင်သည် ထိုရိုးရာကို အပြည့်အ၀ဆက်ခံထားသည်။

သူမတွင် ထူထဲသောဆံပင်၊ လှပသော မျက်ခုံး၊ လခြမ်းပုံ မျက်လုံးနှင့် ပြီးပြည့်စုံသော နှုတ်ခမ်းများရှိနေသည်။ သူသည် အနက်ရောင် နေ၀တ်စုံကို ၀တ်ထားပြီး သူမ၏ အသားအရေနှင့် အလွန်ပင် လိုက်ဖက်နေသည်။

လင်ရှင်းရွယ်သည် တောထဲတွင်သာ သွားလာနေရသောကြောင့် သူမနားတွင် နေရသူသည် ခက်ထန်သော အငွေ့အသက်ကို ခံစားရလေ့ရှိသည်။ ထို့ကြောင့် သူမ၏ နူးညံ့သော နာမည်နှင့် ဆန့်ကျင်ဘက်လိုပင် ဖြစ်နေသည်။ လင်ရှင်းရွယ်သည် ရှက်ရွံ့နေတတ်သူမျိုးတော့ မဟုတ်ချေ။ သူမ စားသောက်ဆိုင်သို့ ရောက်သောအခါ ကောင်းဖန်၏ ဆန့်ကျင်ဘက်တွင် ထိုင်ရင်း ပြောလိုက်သည်။ “ဒီဆိုင်က တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရဲ့ ဆိုင်တွေထဲ တစ်ခုမလား.. ဘာပဲ ဖြစ်ဖြစ် စားလို့ရတာ ယူလာလို့ မန်နေဂျာကို ပြောလိုက်ပါ.. ကျွန်မက စားဖို့လာတာမဟုတ်ဘူး”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူသည် မန်နေဂျာကို ခဏစကားပြောလိုက်သည်။ မန်နေဂျာက ခေါင်းညိတ်ပြီး သီးသန့်ခန်းမှ ထွက်သွားကာ တံခါးကိုပါ ပိတ်ပေးလိုက်သည်။

“မန်နေဂျာကို နောက်မိနစ် ၂၀ အတွင်း ဘယ်သူ့ကိုမှ ၀င်မလာခိုင်းဖို့ ပြောထားတယ်.. အေးအေးဆေးဆေးနေပြီး ပြောစရာ ရှိတာပြောပါ.. ဒီအခန်းက အသံလုံပါတယ်”

လင်ရှင်းရွယ်က ခေါင်းညိတ်ပြီး ‌စပြောလိုက်သည်။

ကောင်းဖန်သည် လင်ရှင်းရွယ်စကားများကို နားထောင်ပြီးသောအခါ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း စိတ်လှုပ်ရှားနေသည်။

“ဒါဆို.. မင်းပြောတာ မှန်တယ်ဆိုရင်.. ဘာကို အောင်မြင်ဖို့ လုပ်နေတာလဲ.. ပိုပြီး တည့်တည့်ပြောရရင် ကျွန်တော့်ဆီက ဘာကိုလိုချင်တာလဲ” ကောင်းဖန်က မေးလိုက်သည်။

ကောင်းဖန်သည် လင်ရှင်းရွယ်တစ်ယောက် အလွန်လှပသည်ကိုတော့ ၀န်ခံမိသည်။ သူမထံတွင် အရိုင်းဆန်သော အကြည့်များရှိပြီး ပုရိသတို့ကို ညှို့ငင်နိုင်စွမ်း ရှိနေသည်။ ထိုအချက်ကပင် သူမအတွက် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အားသာချက် ဖြစ်နိုင်သည်။ ကောင်းဖန်ကိုတော့ မရပေ။

“ပထမဆုံးပြောရရင် သူတို့တွေက အပြင်ကလူတွေပဲ.. သူတို့က ရွှေရောင်လက်များ အဖွဲ့က အဖွဲ့၀င်တွေလို ၀တ်ထားကြတယ်.. သူတို့က အလွန်အကြူးတွေ လုပ်တတ်ကြလို့ ကျွန်မကတော့ သူတို့ကို သဘောမကျဘူး”

“ဒုတိယအနေနဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ကျွန်မရဲ့ ကိုယ်ပိုင်သားရဲ တစ်ကောင်ကို အဆင့်မြှင့်ပေးဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်တယ်.. ဈေးကွက်မှာ မရနိုင်တဲ့ ပစ္စည်းတွေကိုတော့ ကျွန်မကိုယ်တိုင် တောထဲမှာ သွားရှာမှာပါ” လင်ရှင်းရွယ်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

“ဘာလို့ ကျွန်တော့်ကို ချဉ်းကပ်တာလဲ” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထို့နောက် ရှုချင်းကျီကို လှမ်းကြည့်လိုက်သည်။ သူများတစ်ခုခု ပြောလိုက်တာလား။

ရှုချင်းကျီသည် ကောင်းဖန်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူမသည် ငတုံးတစ်ယောက် မဟုတ်ပေ။ သူမသည် အပြင်လူများကို ကောင်းဖန်အကြောင်း ပြောမည့်သူမဟုတ်ပါပေ။ ထိုကဲ့သို့ လုပ်လည်း မလုပ်ရဲပါချေ။

“ဘာလို့လဲဆိုတော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရဲ့ အရည်အချင်းကို ယုံကြည်လို့ပါ.. ရှင်တို့ဆီမှာက ယွီကျိုးရဲ့ အကောင်းဆုံးဓာတ်ခွဲခန်းလည်း ရှိတယ်လေ” လင်ရှင်းရွယ်က ပြုံးရင်း ပြောလိုက်သည်။

သူက ကုမ္ပဏီက အကူအညီကို လိုချင်တာပဲ။ ငါအထင်လွဲသွားတာပဲ။ ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့တောင်းဆိုမှုက မဖြစ်နိုင်တာ မရှိပါဘူး.. ဒါပေမယ့် ကျွန်တော်တို့ သဘောတူညီမှုထဲက တစ်ချို့အချက်တွေကိုတော့ ပြောင်းချင်တယ်”

All Chapters