အခန်း (၂၇၃-၂၇၆)
Vol. 18 Ch. 273-276
အခန်း ၂၇၃ ပြင်းထန်သောတိုက်ပွဲ (အပိုင်း ၁)
မီးလုံးပေါင်းများစွာသည် ကျားယုထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသောကြောင့် သူပြောလက်စစကားပင် ရပ်တန့်သွားသည်။
မိုးကြိုးမျောက်ကြီးသည် ဟိန်းဟောက်လိုက်ပြီး သူ၏ သစ်တုံးကြီးလို လက်မောင်းကြီးသည် လျှပ်စစ်ဓာတ်များ ထွက်ပေါ်နေသည်။
သူ့ထံသို့ ကျရောက်လာသော မီးလုံးများသည် သူ့လက်မောင်းနှင့် ထိမိသောအခါတွင် ပူဖောင်းများကဲ့သို့ အလွယ်တကူပင် ပေါက်ထွက်ကုန်ကြသည်။
မီးတောက်များသည် သူ၏ လက်ချောင်းများကြားထဲမှ အေးဆေးစွာ ဖြတ်သန်းသွားသည်။ မိုးကြိုးမျောက်ကြီးသည် ဖလိန်မီကို သနားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ပျော့ညံ့လိုက်တဲ့ကောင်။
“တိုက်ခိုက်ကြ” ကောင်းဖန်နှင့် ဟွမ်းယာသည် ပြိုင်တူ အော်လိုက်ကြသည်။
ဒန်ဘီနှင့် ပင့်ကူမကြီးသည် ပြိုင်တူချီတက်လိုက်ကြပြီး သူတို့၏ ကြီးမားသော ကိုယ်လုံးကြီးများအရှိန်ကြောင့် လေပြင်းများပင် တိုက်သွားသည်။
စွမ်းအားကြီးသော အငွေ့အသက်များသည် ပင့်ကူမကြီးဆီမှ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ငရဲတွင် ကျရောက်နေသော ဝိဉာဉ်များက လက်သည်းများကို ကုတ်ခြစ်ရင်း ထွက်ပြေးဖို့ ကြိုးစားနေသော အသံများနှင့်တူသည့် ကြောက်မက်ဖွယ် အသံကြီး ထွက်လာသည်။
မိုးကြိုးမျောက်ကြီးသည် နောက်တစ်ခေါက်ထပ်ပြီး မြည်ကြွေးလိုက်သည်။ သူ၏ ခြေထောက်အောက်မှ မြေကြီးများသည် အက်ကွဲလာပြီး ပင့်ကူမကြီးထံ လျှပ်စစ်လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။ ထိုလက်သီးကနှင့် ထိမိပါက ပင့်ကူမကြီးသည် ထိုနေရာတွင်ပင် သေဆုံးသွားနိုင်သည်။
သူတို့ နှစ်ကောင်လုံးသည် အဆင့်တူညီကြသောကြောင့် တစ်ကောင်နှင့်တစ်ကောင် ပျော့ကွက်များကိုရှာကာ တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။
ပင့်ကူမကြီးသည် ခေါင်းကို ငုံ့ရှောင်လိုက်ကာ ရန်သူကို လက်သည်းကြီးများဖြင့် တိုက်ခိုက်လိုက်သည်။
မိုးကြိုးမျောက်ကြီးကလည်း ကိုယ်လုံးကြီးကို လှည့်လိုက်ကာ မြေပြင်ပေါ်တွင် လက်ထောက်လိုက်ပြီး ပင့်ကူလက်များနှင့် ထပ်မထိမိအောင် ကိုယ်ရှိန်သတ်လိုက်သည်။
သူ၏ အမွှေးတချို့ကတော့ လေထဲတွင် ပြတ်ပြီး လွင့်ပါသွားသည်။ သူသည် ပင့်ကူမကြီးကို ဒေါသထွက်နေသော အဝါရောင် မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။
မိုးကြိုးမျောက်ကြီးက ပင့်ကူမကြီးထံ တိုက်ခိုက်ဖို့ တစ်ဟုန်ထိုး ပြေးသွားချိန်တွင် ဒန်ဘီ၏ သွေးဆာနေသော နှလုံးသည် အလွန်ပင် ခုန်ပေါက်သွားသည်။ သွေးနီရောင် နှလုံးသည် စည်းချက်မှန်မှန် ခုန်နေလေသည်။
သူ၏ နှလုံးခုန်သံသည် ကျယ်လောင်လှသောကြောင့် အနီးအနားမှ အရာများပင် ထိုကြိမ်နှုန်းနှင့် လိုက်ပြီး တုန်ခါနေသည်။ ထိုအနားမှ သက်ရှိအားလုံးပင် ထိုအသံကြီးကို ကြားနိုင်လေသည်။
ဝုန်း..
ဒန်ဘီသည် ပုံစံပြောင်းသွားသည်။
ထိုအချိန်တွင် သစ်သားဒေါင်းကြီးသည် ဘက်ဘက်သို့ တစ်လှမ်းလှမ်းလိုက်ကာ အုပ်မိုးနေသော သစ်ပင်များကို အောက်ကို နှိမ့်ချလိုက်သည်။ သစ်ပင်များသည် ဒန်ဘီလာနေသော လမ်းကြောင်းကို ပိတ်ဆို့သွားသည်။
သို့သော် ဒန်ဘီသည် ထိုအပင်များကို အခက်အခဲမရှိ ချိုးဖျက်ပြီး ထွက်လာသည်။
သူသွားချင်သော နေရာသို့ နီးလာလေလေ တဖြည်းဖြည်း နှေးလာလေဖြစ်သည်။
ဒန်ဘီသည် အခက်အခဲမရှိ ချိုးဖျက်နိုင်သော်လည်း နွယ်ပင်များသည် ဒန်ဘီ၏ အရှိန်နှုန်းကို လျှော့ချနေကြသည်။
ထိုအချိန်တွင် ခေါင်းပေါ်မှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဒန်ဘီသည် ချက်ချင်း ရပ်လိုက်သည်။ ကြီးများသော အညိုရောင်သစ်ပင်ကြီးသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ သူရှေ့သို့ ကျရောက်သွားပြီး ပင်စည်ကြီးသည် နဂါးကြေးခွံများနှင့်ပင် တူနေသည်။
တကယ်လို့သာ ဒန်ဘီ၏ တုံ့ပြန်မှုမှာ စက္ကန့်ပိုင်းလောက် နောက်ကျသွားခဲ့ပါက သစ်ပင်ကြီးအောက်တွင် ပြားပြားဝပ်သွားမည် ဖြစ်သည်။
ဒန်ဘီ၏ အိတ်ထဲမှ အဖြူရောင်မီးတောက်များသည် အပြင်ကြီး ပြုတ်ကျလာသော နေရာတွင် ဖြစ်သွားသော ၁၅ ပေအကျယ်တွင်းပေါက်ကြီးကို မြင်လိုက်ရသောအခါ ပိုပြီးပင် တောက်လောက်သွားသည်။
ထိုမီးတောက်သည် သူ၏ ညာဘက်လက်အနောက်သို့ ရောက်ရှိသွားသည်။
သူသည် ခပ်တိုးတိုးညည်းညူလိုက်ကာ သူ၏ အမြီးရိုးကို ဆွဲထုတ်လိုက်သောအခါ ရှည်လျားပြီး ဓားမြှောင်ပုံအရိုးကြီးသည် သူ၏ လက်တွင်းသို့ ပါလာသည်။ ကျေးသွေးရောင် ချည်မျှင်သည် ထိုအရိုးဘေးတွင် ပတ်ထားပြီး ဖြောင့်တန်းနေသည်။
ဒန်ဘီသည် ရှေ့ကို တစ်ဟုန်ထိုးကာ နွယ်ပင်များကို ခုတ်ပိုင်းလိုက်သည်။ သူသည် နွယ်ပင်များကြားထဲမှ ထွက်လာသောအချိန်တွင် ကျားယုကို ရှာမတွေ့တော့ချေ။
“အပေါ်မှာ” ကောင်းဖန်သည် သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။ သူသည် သစ်သားဒေါင်းကြီး၏ အပေါ်တွင် လူပုံစံတစ်ခုကို တွေ့လိုက်သည်။
ဒန်ဘီသည် သားရဲကြီး၏ ထူထပ်သော သစ်ပင်အုပ်ကြီးကို မော့ကြည့်လိုက်သည်။
ထိုသစ်ပင်အုပ်ကြီးသည် သစ်သားဒေါင်း အမြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် တိရိစ္ဆာန်တစ်ပိုင်း အပင်တစ်ပိုင်းလို ဖြစ်နေသည်။ ထိုအရာကြီးနှင့် ရင်ဆိုင်ရန်မှာ လွယ်တော့ မလွယ်ကူနိုင်ချေ။
ထိုအချိန်တွင် ကောင်းဖန်ဘေးမှ ချုံပုတ်တွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။ သူ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် သစ်ကိုင်းများထွက်လာပြီး သူ၏ ခြေချင်းဝတ်ကို ပတ်လိုက်သည်။
ကောင်းဖန်သည် နောက်ခြေထောက်တစ်ဖက်ကို သုံးပြီး ထိုသစ်ကိုင်းများကို တွန်းဖယ်လိုက်သည်။
သူက ဘေးနားမှာ ရှိသမျှ အပင်တွေကို ထိန်းချုပ်နိုင်တာပဲ.. သူသည် မျက်မှောင်ကြုတ်ရင်းတွေးလိုက်သည်။
အခြေအနေမကောင်းပေ။ သူတို့သည် တောအုပ်ကြီး၏ အလယ်တွင် ရှိနေသောကြောင့် အပင်များ ဝန်းရံခံထားရပြီး သစ်သားဒေါင်းကြီးမှာ အသာစီးရနေသည်။
ငါတို့ လွင်တီးခေါင်ပြင်မှာဆို ကောင်းသား…
လွင်တီးခေါင်ပြင်..
“ဖလိန်မီ.. အပင်တွေကို မီးရှို့လိုက်” ကောင်းဖန်က အမိန့်ပေးလိုက်သည်။
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးသည် အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။ ကပ်ဆိုးကြီး အပြီးတွင် အပင်များသည် ပိုပြီးပင် ဒဏ်ခံလာနိုင်ကြသည်။ အကုန်လုံး မီးရှို့ပြာကျသွားလျှင်တောင် ဘာအနှောင့်အယှက်မှ ထပ်မရှိပါက အချိန်တိုအတွင်း ပြန်ပေါက်လာမည် ဖြစ်သည်။
ဖလိန်မီသည် နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး အပင်များကို မီးရှို့လိုက်သည်။
မြေအောက်ရှိ အပင်များကတော့ မီးဒဏ်ကို ခံနိုင်ရည်ရှိနိုင်သည်။ သို့သော် ဖလိန်မီသည် အဆင့်မြှင့်ထားပြီး ဖြစ်သောကြောင့် စွမ်းအားလည်း ပိုကြီးနေသည်။ တောအုပ်၏ မြေကြီးထဲအထိ မီးလောက်တိုက်သွင်းဖို့ မခက်ခဲလောက်ပါချေ။
ကျားယုသည် ကောင်းဖန်၏ အကြံကို ချက်ချင်း သိလိုက်သည်။ “အိုး သနားစရာ ကောင်လေး.. ဒီလိုလုပ်လို့ ရမယ်ထင်နေတာပေါ့.. သစ်သားဒေါင်းရေ.. မီးလောင်နေတဲ့ အပင်တွေကိုပါ သူတို့နှစ်ကောင်လုံးကို တိုက်ခိုက်ခိုင်းလိုက်”
ချက်ချင်းပင် ဟွမ်းယာသည် မီးလောင်နေသော သစ်ကိုင်းကြီးကို အရှေ့တွင် တွေ့လိုက်ရသည်။
သူ၏ မျက်နှာတွင်ပင် မီးငွေ့များ ရိုက်ခတ်ထင်ဟပ်နေသည်။
ဖျောင်း..
ဟွမ်းယာသည် ဆန့်ကျင်ဘက်ကို လွင့်ပျံထွက်သွားသည်။ သူ့ကိုယ်တွင် ရစ်ပတ်ထားသော အဝါရောင်အဟန့်အတားသည် အချိန်မီတော့ ကာကွယ်ပေးနိုင်လိုက်သည်။
အဝါရောင်အဟန့်အတားသည် သူ့ကို မီးတောက်များ ဒဏ်မှ ကာကွယ်ပေးထားသော်လည်း သစ်ကိုင်း၏ အရှိန်ပြင်းစွာ ရိုက်ခတ်မှုဒဏ်ကိုတော့ ခံစားလိုက်ရသည်။
နောက်ထပ်သစ်ကိုင်းတစ်ခုသည် ဟွမ်းယာထံသို့ ထပ်ရိုက်ခတ်လာပြန်သဖြင့် သူသည် ချက်ချင်းထွက်ပြေးလိုက်သည်။
ဒန်ဘီနှင့် သစ်သားဒေါင်းကြီသည် သရေကျသလို ဖြစ်နေသည်။ သစ်သားဒေါင်းကြီးသည် ဒန်ဘီထက် ပိုအားနည်းသော်လည်း သူ့တွင် တိုက်ခိုက်မှုနည်းလမ်းများစွာ ရှိနေပြီး ပြန်လည်ကုစားနှုန်းလည်း မြန်ဆန်လေသည်။ ဒန်ဘီဖျက်ဆီးထားသော နွယ်ပင်များသည်လည်း ချက်ချင်းပင် ပြန်ပေါက်လာသည်။
တောအုပ်၏ တစ်ဖက်တွင်တော့ မိုးကြိုးမျောက်ကြီးနှင့် ပင့်ကူမကြီးတို့၏ တိုက်ခိုက်မှုကြောင့် မိုးကြိုးလျှပ်စီးသံများ ပေါက်ကွဲသံများ ဆူညံစွာ ဖြစ်ပေါ်နေသည်။
“တိုက်ခိုက်တာ တော်တော့” ကျားယုက ခပ်လှောင်လှောင် ပြောလိုက်သည်။
သူသည် တစ်ဖက်ရန်သူ၏ ကိုယ်ပိုင်သားရဲများကိုပင် ဟန့်တားလိုက်သေးသည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၇၄ ပြင်းထန်သောတိုက်ပွဲ (အပိုင်း ၂)
ကျားယုသည် ထို နတ်ဘုရားအဆင့်ကိုယ်ပိုင်သားရဲများကို လျှော့တွက်မိကြောင်း ဝန်ခံရမည် ဖြစ်သည်။
သစ်သားဒေါင်းသည် အနီးကပ်တိုက်ပွဲများနှင့် မကိုက်ညီသောကြောင့် ယခင်က တိုက်ပွဲများတွင် သူ၏ အစွမ်းထက်သော ပြန်လည်ကုစားနိုင်စွမ်းနှင့် နွယ်ပင်များအစွမ်းကို သုံးကာ အနိုင်ယူခဲ့သည်ချည်း ဖြစ်သည်။ သူသည် သူ၏ စွမ်းအင်ဒဏ်ကို ခံနိုင်ရည်ရှိသည့် အချို့သော သားရဲများနှင့် မရင်ဆိုင်ရသရွေ့ အသာစီးရသည်က များလေသည်။
ယခုတော့ သူသည် အရိုးခြောက်ပုံရှိသော သားရဲ၏ ချောင်ပိတ်ရိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုသားရဲသည် မိုးကြိုးမျောက်ထက် ပိုအစွမ်းထက်လာနိုင်မည်ဟု မြင်နေရသည်။
“ငါမှတ်မိပြီ မင်းက ကမ္ဘာ့လူငယ်သားရဲ လေ့ကျင့်ရေး ချန်ပီယံပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ ကောင်လေးမလား” ကျားယုက ကောင်းဖန်ကို မှတ်မိသွားပြီး ပြောလိုက်သည်။ သူသည် ကောင်းဖန်ကို တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ ဆက်ခံသူမှန်းလည်း သိလေသည်။
“ဟားဟား.. စိတ်မကောင်းစရာပဲ.. ဉာဏ်ကြီးရှင်လေးက ဒီလိုနေရာမျိုးမှာ ရှုံးနိမ့်ရတော့မယ်” ကျားယုက ပြောလိုက်သည်။ သူသည် ရယ်သွမ်းသွေးလိုက်ပြီး “သူတို့အားလုံးကို သတ်လိုက်.. တစ်ယောက်မှ မရှင်စေနဲ့”
မမြင်ရသော စွမ်းအင်တစ်ခုသည် မြေကြီးပေါ်မှ အရာများကို လေထဲရောက်အောင် ဝှေ့ပစ်လိုက်ကာ တောအုပ်အလယ်တွင် သဲမုန်တိုင်းကြီး ဖြစ်ပေါ်သွားသည်။
မီးငြှိမ်းရာတွင် ငြှိမ်းစေချင်သောအရာကို တိုက်ရိုက်ဦးတည်စရာမလိုသည့် အခြားနည်းလမ်းများလည်း ရှိပါသည်။ ထိုအထဲတွင် သဲမုန်တိုင်းလည်း အပါအဝင် ဖြစ်သည်။
သဲမုန်တိုင်းကြီးသည် ကောင်းဖန်ဘေးတွင် ဖြစ်ပေါ်နေပြီးနောက် ကောင်းဖန်သည် ထိုအနောက်မှ ခြေသံများကို ကြားလိုက်ရသည်။ ပုံသဏ္ဍာန်သုံးခုသည် သူတို့ထံသို့ အနောက်မှ တစ်လှမ်းချင်း လှမ်းလာနေပြီး သူတို့၏ ထွက်ပေါက်ကို ပိတ်သလို ဖြစ်နေသည်။
ကောင်းဖန်က လှည့်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်တွင် အနီရောင်ဆံပင်များရှိကာ အမည်းရောင် ဝတ်ရုံကို ခြုံထားသော မိန်းကလေး တစ်ယောက် ရှိနေသည်။ အလယ်တွင်တော့ ကြွက်သားများ အပြိုင်းပြိုင်းထနေကာ အရပ် ၆ ပေခန့်ရှိသော သူတစ်ယောက်ရှိနေပြီး သူ၏ ဘေးတွင်တော့ ဆံပင်ဖြူများနှင့် သူတစ်ယောက်က တည်ငြိမ်စွာ ရပ်နေသည်။
ကိုယ်ပိုင်သားရဲ ၈ ကောင်သည် အသင့် အနေအထားဖြင့် သူတို့နောက်တွင်ရှိနေသည်။
ဟွမ်းယာသည် ထပ်ရောက်လာသူများကို မကျေမချမ်း ကြည့်လိုက်သည်။
“သခင်လေး ကျုပ်တို့တွေ ယုကျိူးမြို့တော်နဲ့ သိပ်မဝေးသေးတာ ကံကောင်းသွားတယ်.. ကျုပ်ရဲ့သွေးစာချုပ်ကနေ သွေးနီစစ်မြင်းကို ခိုင်းပြီး ဥက္ကဌကျီကို အကျိုးအကြောင်း ပြောခိုင်းထားတယ်.. ဥက္ကဌကျီက စစ်ကူတွေကို ပို့ပေးလိမ့်မယ်.. ဒီကောင်တွေ ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး”
ကောင်းဖန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဟွမ်းယာက အံကြိတ်ပြီး ပြောလိုက်သည်။ “သခင်လေး.. အခွင့်အရေး ပေါ်လာတာနဲ့ ချက်ချင်း ထွက်သွားလိုက်ပါ.. ကျုပ်ကို စိတ်မပူပါနဲ့.. ဒီကောင်တွေရဲ့ ခေါင်းတွေကို ဖြတ်ပြီးရင် ကျုပ်အုတ်ဂူပေါ်မှာ တင်ပေးဖို့သာ မမေ့ပါနဲ့.. ဒါမှကျုပ်လည်း ငရဲမှာ အဖော်ရမှာ”
ကောင်းဖန်သည် မျက်လုံးကို စုံမှိတ်လိုက်သည်၊
အစင်းလေး..
တစ်ချိန်လုံး မြေအောက်ထဲတွင် ရှိနေသော အစင်းလေးသည် သူ့သခင် ရှေ့သို့ ရောက်လာသည်။ “ကောင်းဖန်.. ငါ စစ်ဆေးထားတယ် .. ညာဘက်ခြမ်းက ရှင်းတယ်.. အဲဒီဘက်ကနေ ထွက်လို့ရတယ်”
ရုတ်တရတ် ရန်သူဘက်မှ ကိုယ်ပိုင်သားရဲတစ်ကောင်သည် ဖလိန်မီထံ ရေအားပြင်းပြင်းဖြင့် လေထဲမှ ထိုးချလိုက်သည်။
ဖလိန်မီက ခြေထောက်ဖြင့် ကုပ်တွယ်ကာ ပြန်ထလိုက်သည်။ အညစ်အကြေးများနှင့် သစ်ရွက်ခြောက်များသည် သူ၏ အမွှေးများနှင့် အနေရခက်စွာ ကပ်ငြိနေသည်။ သူသည် ရန်သူဘက်သို့ ကြည့်လိုက်သောအခါ သူ့ကို လုပ်သော သားရဲကို တွေ့လိုက်ရသည်။ အပြာရောင် ကြေးခွံများနှင့် မိချောင်းကြီးရှိနေပြီး သူ၏ ပါးစပ်ထဲတွင် ရေများနှင့် ပြည့်နေသည်။
ဖလိန်မီသည် သူ၏ ဆုံးပါးသွားသော မိခင်မှာ မိချောင်းမြင်သည်နှင့် ပြန်ပြေးလာတတ်သည်ကို အမှတ်ရသွားသည်။
ကပ်ဆိုးကြီး အပြီးတွင် သူချစ်ခင်တန်ဖိုးထားရ သူများ ဆုံးရှုံးခဲ့ခြင်းကို မိချောင်းကြီး၏ ရာချီသော သွားများကို ကြည့်ရင်း အမှတ်ရလာကာ မနေ့တစ်နေ့က ဖြစ်ခဲ့သလို ပြန်မြင်ယောင်လာသည်။
ဖလိန်မီ၏ မျက်လုံးထဲတွင် ဒေါသမီးလျှံများ ထနေတော့သည်။
…
သွေးနီစစ်မြင်းသည် ကျယ်ပြန့်သော ကွင်းပြင်ကြီးကို တည်ငြိမ်စွာပင် ကြည့်နေသည်။ ရုတ်တရတ် သူသည် လန့်ဖြတ်သွားပြီး သွေးရူးသွေးတမ်းဖြစ်လာသည်။
သူသည် စူးရှစွာ မြည်ဟီလိုက်ပြီး ထိုအသံသည် ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ထိုအချိန်မှာပင် သူသည် မီးလုံးအသွင်ပြောင်းသွားကာ တောင်ပိုင်းကောင်းကင် ဌာနချုပ်ဆီသို့ အမြန်ဆုံး ပျံသန်းသွားသည်။
“ဥက္ကဌကျီ.. ကျွန်တော်တို့ ရှန်ရီဒေသ တိုးတက်ရေးကို ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ပြီး အသေးစိတ် အချက်တွေ ပြင်ထားပါတယ်.. လိုအပ်တာက..”
“ဟေး.. ဘာတွေဖြစ်နေတာလဲ.. တစ်ယောက်လောက် ဒီမြင်းကို တားကြပါဦး” အော်ဟစ်သံများ.. ဖန်ခွက်ကွဲသံများသည် အစည်းအဝေးခန်းထဲတွင် ဆူညံသွားသည်။
ရှုဟတ်ထီသည် အခန်းထဲမှ ထွက်လာပြီး သူ၏ ရွှေတံဆိပ်ဆုရ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်ကြီးက နောက်မှ ကပ်ပါလာသည်။
ကျီဟန့်ဝူသည် စိတ်ထဲထင့်ခနဲ ဖြစ်သွားသည်။
ခဏကြာသောအခါ ရှုဟတ်ထီက အခန်းထဲ ၀င်လာပြီး ပြောလိုက်သည်။ “ဥက္ကဌကျီ.. သူက ဟွမ်းယာရဲ့ သွေးနီစစ်မြင်းပါ”
တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှ တော်တော်များများသည် ဟွမ်းယာကို သိပ်မသိကြချေ။ ကျီဟန့်ဝူ၏ အကူအညီဖြင့်သာ ရှုဟတ်ထီသည် ဟွမ်းယာနှင့် သူ၏ သွေးနီစစ်မြင်းတို့ကို မကြာခဏ ထိတွေ့ဖူးခြင်း ဖြစ်သည်။
သူကဘာလာလုပ်တာလဲ.. ကျီဟန့်ဝူက တွေးလိုက်သည်။
“အစည်းအဝေးနားမယ်” သူက ကြေညာလိုက်သည်။ ထို့နောက် သူသည် အစည်းအဝေးခန်းထဲမှ ထွက်ကာ သွေးနီစစ်မြင်းကို တိုးညှင်းစွာ ညည်းညူလျက် မြေပြင်တွင် လဲနေသည်ကို တွေ့လိုက်ရသည်။
ကျီဟန့်ဝူသည် ဒိန်းခနဲ ဖြစ်သွားသည်။ “ဟွမ်းယာ တစ်ခုခု ဖြစ်လို့လား”
သွေးနီစစ်မြင်းသည် သူ့ကို နားလည်ပါ့မလား သေချာမသိချေ။ မြင်းသည် ညည်းညူနေရင်း သူ၏ ခေါင်းကို ဘယ်ညာယမ်းနေသည်။
ကျီဟန့်ဝူသည် ဖုန်းကို ထုတ်ကာ ကောင်းဖန်ကို ခေါ်လိုက်သည်။ သို့သော် ကောင်းဖန်သည် ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်နေကြောင်းသာ ကြားနေရသည်။
ကျီဟန့်ဝူသည် ပိုမို၍ပင် စိတ်ပူလာသည်။
ထိုအချိန်တွင် ကောင်းဖန်ကလည်း ရန်သူများ၏ ကိုယ်ပိုင်သားရဲ ၈ ကောင်၏ ဝိုင်းထားခြင်းကို ခံနေရသည်။
တောထဲမှ မီးများသည်လည်း ငြိမ်းတော့မည် ဖြစ်သည်။ ထူးဆန်းသော မီးလုံးကလေးကသာ သစ်ရွက်ခြောက်များ ကြားထဲမှ ထွက်သွားသည်။
မြေပြင်တွင် သတိလစ်မေ့မျောနေသာ ဂိုဒီသည် ရုတ်တရတ် ပြန်နိုးလာသည်။
နေရတာသည် အလွန်ပင် နွေးထွေးနေသည်။ နွေရာသီ ဖြစ်နေသလိုပင်။ ဂိုဒီကတွေးနေမိသည်။
သူသည် ကုန်းထလိုက်သောအခါ ကောင်းကင်သည် မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။
“အဲဒါဘာကြီးလဲ” ကောင်းဖန်၏ ရန်သူတစ်ယောက်က ပြောလိုက်သည်။ သူတို့သည် ပေ ၂၀ ရှိသော အမွှေးမရှိသည့် ဘဲကြီး ပြာပုံများကြားထဲ လှဲလျောင်းနေသည်ကို သတိမထားမိခဲ့ချေ။
“ဂိုဒီရေ.. မင်းကို အမွှေးမရှိလို့ဆိုပြီး ဝိုင်းလှောင်နေကြတာ” ကောင်းဖန်သည် သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။
ပတ်၀န်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော ဂိုဒီသည် ချက်ချင်း ရပ်တန့်သွားကာ ကောင်းဖန်ကို မယုံသင်္ကာကြည့်လိုက်သည်။ သူ့ကို နောက်နေတာလားဆိုသည့် အကြည့်ဖြစ်သည်။ သို့သော် ကောင်းဖန်နှင့် အကြည့်ချင်းဆုံသွားသည့် အခါတွက်တော့ နောက်မှန်း မဟုတ်သည်ကို သိလိုက်သည်။
ဂိုဒီသည် ကောင်းဖန်နားတွင် ဝိုင်းထားသော လေ့ကျင့်သူ သုံးယောက်ကို စိုက်ကြည့်လိုက်သည်။ သူသည် ဒေါသထွက်နေပြီပင်။
ငါ့ကို လှောင်ရဲကြတယ်ပေါ့..
ဂိုဒီသည် အနီရောင်သော နွားသိုးတစ်ကောင်ကဲ့သို့ သူတို့ကြားသို့ တစ်ရှိန်ထိုး ပြေးသွားလိုက်သည်။ သူ၏ အနီးတွင် ရှိနေသော ရွှေရောင်ခြင်္သေ့ကလည်း ဟိန်းဟောက်လိုက်ကာ ပြေးလိုက်သွားသည်။
ဂိုဒီသည် သူ၏ သန်မာသော အတောင်ကြီးများဖြင့် ခြင်္သေ့ကြီးကို ဆွဲမြှောက်ပစ်ပေါက်လိုက်သည်မှာ ဘယ်လောက်မှပင် မလေးသလိုပင်။ ထို့နောက် အပြာရောင်ကြေးခွံများနှင့် မိချောင်းကိုလည်း ဂိုဒီ၏ ညာလက်ဖြင့် သွားများကို ချိုးပစ်လိုက်သည်။
ဂိုဒီသည် သူ၏နှာရိုးကို ကန်လိုက်ကာ လေထဲသို့ ပစ်မြှောက်လိုက်သည်။
“အရမ်းမလောကြနဲ့” ဆံပင်ဖြူနှင့် လူငယ်က အော်လိုက်သည်။ “ငါတို့က တားဖို့ပဲ လုပ်ရမှာ”
သူတို့သည် ဂိုဒီကဲ့သို့ သားရဲများကို ရင်ဆိုင်ရလျှင် သူတို့ကို အချိန်ဆွဲပြီး ဟန့်တားထားဖို့သာ တိုင်ပင်ထားကြသည် ဖြစ်သည်။
ကျားအရေခွံလို အစင်းကျားများနှင့် အသားစားပင့်ကူကြီးသည် အရှေ့သို့တိုးလာကာ ပင့်ကူမျှင်များနှင့် ဂိုဒီကို ဖမ်းချုပ်ဖို့ ကြိုးစားလိုက်သည်။ သူ့ထံမှ ထွက်လာသော ပင့်ကူမျှင်များသည် အနီးတစ်ဝိုက်ရှိ သစ်ပင်များကို ဖုံးလွှမ်းသွားကာ ဂိုဒီ၏ ပတ်ပတ်လည်တွင် ၀န်းရံထားလိုက်သည်။
ဂိုဒီသည် ရှေ့သို့တစ်လှမ်းတိုးရန် ကြိုးစားလိုက်သည်။ သို့သော် တင်းကျပ်သော ပင့်ကူမျှင်များကြောင့် နောက်သို့ ပြန်ရောက်သွားသည်။
သူသည် ထိုပင့်ကူမျှင်များထဲမှ ရုန်းထွက်လိုပါက တွယ်ချိတ်ထားသော အပင်များကိုပါ အမြစ်မှ ဆွဲနှုတ်ပစ်မှ ရတော့မည်ပင်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၇၅ တောင်ဝိဉာဉ် ဘုရင်
“အဆုံးသတ်လိုက်ကြရအောင်” အလယ်မှ လူက ပြောလိုက်သည်။
အနီရောင်ဆံပင်နှင့် မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလင်းဖောက်၀င်ကာ မြင်နေရသော ရှိခိုးကောင်ကြီးသည် သူမနောက်မှနေ၍ ရှေ့သို့ရောက်လာသည်။ ထိုအကောင်ကြီးသည် လူတစ်ယောက် အရပ်ခန့်ရှိကာ ဖန်ပစ္စည်းတစ်ခုနှင့်ပင် တူနေသည်။
[သားရဲအမည်] - ဖန်ရှိခိုးကောင်
[သားရဲအဆင့်] - အဆင့် ၂၈
[သားရဲစွမ်းအင်] - သာမာန်
[သားရဲအမျိုးအစား] - အလင်း
[သားရဲစွမ်းရည်] - အလင်းယိုင်ခြင်း အဆင့် ၁
[သားရဲပျော့ကွက်] - ၁။ အမှောင်အမျိုးအစား တိုက်ကွက် ၂။ ရေဆိုးရေညစ် ၃။ အသက်အဖြတ်ကြမ်းသည့် ပုံစံမျိုး ပေါက်နေသော်လည်း ဖိအားဒဏ်ကိုတော့ မခံနိုင်။
ဖန်ရှိခိုးကောင်သည် နေရောင်အောက်တွင် လူးလွန့်နေကာ တဖြည်းဖြည်း ထွင်းဖောက်မြင်ရသော အကြည်ရောင်သို့ ပြောင်းသွားသည်။ ဝိုးတိုးဝါးတား သဏ္ဍာန်ကြောင့်သာ ရှိနေမှန်းကို သိခြင်း ဖြစ်သည်။
ကောင်းဖန်သည် ဘေးဘက်သို့ မသိမသာ ရွှေ့လိုက်ကာ ဟွမ်းယာ အရှေ့တွင် နေရာယူလိုက်သည်။
ဝုန်း..
ကောင်းဖန်သည် ဖန်ရှိခိုးကောင်နှင့် ဆန့်ကျင်ဘက်သို့ လွင့်ထွက်သွားသည်။
ဂိုဒီ၏ ကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းတစ်ခု ပွင့်သွားသည်။ သူသည် ကောင်းဖန်တစ်ယောက် ရှိခိုးကောင် တိုက်ခိုက်တာကို ခံနေရသည်ကို မြင်သောအခါ သွေးပျက်သွားသည်။
သူ၏ ကြွက်သားများသည် ပိုမိုသန်မာလာပြီး သူ၏ သွေးကြောများသည် ရေပိုက်ကြီးများကဲ့သို့ ကြီးမားလာသည်။ သူရှေ့သို့လျှောက်လာသောအခါ မြေကြီးသည် သိမ့်သိမ့်တုန်သွားသည်။
ဂိုဒီဘေးတွင် ဝိုင်းထားသော သစ်ပင်များသည် ပင့်ကူမျှင်များကြားထဲမှပင် ညွတ်ကွေးကျလာသည်။ သို့သော် ဂိုဒီမည်မျှပင် ကြိုးစားပါစေ။ အဖြူရောင် ပင့်ကူမျှင်များသည် ဂိုဒီကို တင်းကြပ်စွာ ပိတ်လှောင်ထားမြဲ ဖြစ်သည်။
ဂိုဒီ၏ ပုံစံသည် လံချားဆွဲနေသည့် ပုံစံကြီးလို ဖြစ်နေကာ အလွန်လေးလံသော အရာကြီးကို ဆွဲနေသကဲ့သို့ ကောင်းဖန်ထံ တစ်လှမ်းချင်း ပင်ပန်းကြီးစွာ လာနေသည်။
ဂိုဒီ၏ အောက်မှ မြေကြီးသည် အက်ကွဲစပြုလာသည်။ ဘေးနားမှ အပင်များသည်လည်း တဂျွတ်ဂျွတ် အသံများ ပြုလာကြသည်။
ဘဲကြီးသည် အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ ခရမ်းရောင် အလင်းတန်းသည် သူ၏ ကိုယ်လုံးကြီးတွင် ဖြတ်ပေးနေကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေထောက်သည် မြေကြီးထဲသို့ နစ်၀င်သွားသည်။
ကောင်းဖန်က ငါ့ကို အကုန်ပေးထားခဲ့တာ.. သူ့ကို ဆုံးရှူံးလို့မဖြစ်ဘူး.. သူက တွေးလိုက်သည်။
တဖြည်းဖြည်းနှင့် ကြွက်သားများသည် တိုးတိုးလာသည်။
ဘဲကြီး၏ ပုံစံကို တွေ့သော ကျားယုသည် အခြားသူများကို အော်ပြောလိုက်သည်။ “ဘဲကြီးနဲ့ သူ့သခင်ကို မတိုက်ခိုက်နဲ့.. သူတို့က နောက်မှ ရှင်းလို့ရတယ်.. သူ့ရဲ့ တခြားသားရဲတွေကို အရင်တိုက်ခိုက်ကြ”
ကျားယုသည် ဘဲကြီး၏ စွမ်းရည်မှာ မကျသွားခြင်းကို မယုံနိုင် ဖြစ်နေသည်။ သူ့မှာ ပျော့ကွက်တော့ ရှိမှာပဲ။ အချိန်အကန့်အသတ်တော့ရှိရမယ် ဟုတွေးတောနေသည်။
ပင့်ကူမျှင်များ ပြတ်သံကြားလိုက်ရသည်။
ဂိုဒီသည် မြေကြီးထဲသို့ ပို၍ပင် နစ်၀င်လာပြီး ကြီးမားသော မြေကျောက်ကြီးများသည် လွင့်၍ ထွက်လာသည်။ အပင်များသည် အမြစ်မှ ကျွတ်ထွက်လာပြီး မြေပေါ်တွင် လဲပြိုကုန်သည်။
ဘဲကြီးသည် အော်ဟစ်မြည်ကြွေးလိုက်ပြီး ရန်သူများထံ တစ်ဟုန်ထိုးပြေးသွားသည်။
သူ၏ လက်ရှိအရွယ်အစားနှင့်ဆိုလျှင် ခြေတစ်လှမ်း လှမ်းလိုက်ပါက ၁၆ ပေခန့်ပင် အကျယ် ရှိလေသည်။ သူသည် ဖန်ရှိခိုးကောင်ထံသို့ ခဏတွင်းချင်း ရောက်သွားသည်။
ဘဲကြီးသည် ကြီးမားသော လက်သီးတစ်ချက် ပစ်ကျွေးလိုက်ပြီး ဖန်ရှိခိုးကောင်သည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။
အနီရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်နှာသည် ဖြူဖျော့သွားပြီး မြေကြီးသည် သိမ့်သိမ့်တုန်နေသောကြောင့် သူမ၏ ဒူးများသည်ပင် ညွတ်ကျလုမတတ် ဖြစ်သွားသည်။
ဂိုဒီသည် သူ၏ ကြီးမားသော တောင်ပံကြီးကို မြှောက်ကာ ရန်သူများထံ ဦးတည်လိုက်သည်။
ဖန်အပိုင်းအစများနှင့် စေးကပ်သော အရည်များသည် သူ၏ တောင်ပံဆီမှ ပြုတ်ကျနေသည်။
သူသည် ဆံပင်နီ မိန်းကလေးနှင့် အခြား နှစ်ယောက်ကို ရင်ဆိုင်ဖို့ ခြေဦးလှည့်လိုက်သည်။ သူ၏ မျက်နှာသည် ခံစားချက် ကင်းမဲ့သလို ဖြစ်နေသည်။
သူတို့မျက်လုံးထဲတွင် ဘဲတစ်ကောက်သည် ကြောက်စရာ မကောင်းဆိုးဝါးကြီး ဖြစ်နေပြီပင်။ သူတို့နှလုံးများသည် ရင်ဘတ်ဆီမှ ခုန်ထွက်တော့မလို ဖြစ်နေသည်။ ငါတို့ သူ့ကို နိုင်ပါ့မလား..
ကောင်းဖန်သည် သူ၏ ဗိုက်ကို ဖိနှိပ်လိုက်သည်။ ကိုယ်ပိုင်သားရဲများသည် သခင်၏ ထိခိုက်မှုများကို စုပ်ယူပေးနိုင်သော်လည်း နာကျင်မှုကိုတော့ ခံစားရလေသည်။
ရန်သူများသည် ဂိုဒီကို အထင်သေးခဲ့ပြီး ပင့်ကူမကြီးကိုသာ တိုက်ခိုက်နေခဲ့ရာ ယခုတြော ဂိုဒီက အဓိက ဝှက်ဖဲလို ဖြစ်နေသည်။
ကောင်းဖန်သည် ဖလိန်မီကို မီးတောက်များထပ်ဖြစ်အောင် အမိန့်ပေးလိုက်ပြီး ဂိုဒီ၏ စွမ်းရည်နောက်တစ်ခုကို ထပ်ပေါ်ထွက်လာအောင် ကြိုးစားနေသည်။
မြေကြီးသည် သိမ့်သိမ့်တုန်သွားသည်။ အဝေးမှ ကြနေရသော အသံကျယ်ကြီးများသည် တဖြည်းဖြည်း နီးလာသည်။
ကျားယုသည် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူ၏ အစီအစဉ်များကို မည်သူ့ကြောင့်မှ အပျက်ခံမည် မဟုတ်ပေ။ အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်မည်ဆိုပါက သူတို့က အလွန်စွမ်းအားကြီးသော တောင်ဝိဉာဉ်ဘုရင်ကို မွေးထုတ်နိုင်မည် ဖြစ်သည်။ ထိုဘုရင်သည် တောင်တန်းများ၏ စစ်မှန်သော ဘုရင် ဖြစ်လာပေမည်။
သူတို့၏ အကြံအစည်များသည် အောင်မြင်လုနီးပါး ဖြစ်နေပြီပင်။ တောထဲရှိ သားရဲများအားလုံးသည်လည်း အာရုံခံစားမိနေကြပြီ ဖြစ်သည်။ တောင်ဝိဉာဉ်များသည်ပင် သွေးရူးသွေးတမ်း ဖြစ်နေကြသည်။
ယခုအချိန်တွင်တော့ တောင်ဝိဉာဉ်များသည်သာ သူတို့ဗီဇအရ တုံ့ပြန်နေကြခြင်း ဖြစ်သည်။ သူတို့သည် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။
“ဒီနှစ်ကောင်ကို ဒီလောက် သန်မာမှန်း မသိခဲ့ဘူး” ကျားယုသည် အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။ သူသည် အစက ကောင်းဖန်တွင် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ တစ်ကောင်သာ ရှိသောကြောင့် ကောင်းဖန်နှင့် ဟွမ်းယာတို့ကို ကိုယ်ပိုင်သားရဲ ရှစ်ကောင်နှင့်အတူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူတို့သည် အခြားကွန်မန်ဒါအဆင့် သားရဲများကိုတော့ အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်ပင်။
ကျားယုသည် အခြားသူများကို အော်ပြောလိုက်သည်။ “သူတို့ကို အချိန်ဆွဲထားကြ.. တောင်ဝိဉာဉ်ဘုရင် ထွက်လာတာနဲ့ ဒီကောင်တွေရော သူတို့သားရဲတွေပါ အကုန်မြေမြှုပ်ပြီးသား ဖြစ်သွားမှာ”
…
ကျီဟန့်ဝူသည် သူ့မြေးဒုက္ခရောက်နေပြီကို သေချာသွားပြီ ဖြစ်သည်။ သို့သော် ကောင်းဖန် မည်သည့်နေရာတွင် ရှိနေကြောင်းကိုတော့ မသိနေပါချေ။
သွေးစာချုပ်သည် သားရဲနှင့် လေ့ကျင့်သူကြား၌ သတ်မှတ်ထားသော အကွာအဝေးအတွင်းတွင်သာ ဆက်သွယ်နိုင်ခြင်းဖြစ်ပြီး အခြားသော မည်သူမျှ၀င်ရောက် ချိတ်ဆက်၍ မရပေ။
ကျီဟန့်ဝူသည် အလျင်အမြန်ပင် ဖုန်းဆက်သွယ်မှုများ လုပ်လိုက်ပြီးနောက် ကောင်းဖန်သည် မြောက်ပိုင်းထွက်ပေါက်မှနေ၍ ထွက်သွားကြောင်းကို သိလိုက်ရသည်။ သူသည် တုံ့ဆိုင်းမနေပဲ သူ၏ နဂါးဖြူကြီးနှင့်အတူ ယွီကျိုးမှ ထွက်လာလိုက်သည်။
…
ကိုယ်ပိုင်သားရဲ ၇ ကောင်သည် စိတ်ချရသော အကွာအဝေးမှနေ၍ ဂိုဒီကို စောင့်ကြည့်နေကြသည်မှာ အတန်ငယ် ကြာနေပြီဖြစ်သည်။
ကောင်းဖန်သည် ဒန်ဘီကို ကူညီပေးဖို့ ဂိုဒီကိုလည်း မသွားခိုင်းရဲချေ။ အစင်းလေးတစ်ကောင်တည်းကလည်း သားရဲ ၇ ကောင်ကို နိုင်မည် မဟုတ်ပေ။ အကယ်၍ သူကိုယ်တိုင်ကပင် ဤတိုက်ပွဲတွင် အသက်ရှင်နိုင်လျှင်တောင် ဟွမ်းယာအတွက်ကတော့ မသေချာချေ။
ကောင်းဖန်သည် သူတို့ကို တားနေကြသည့် အဖြစ်ကို စိတ်မပူပါပေ။ သူ၏ အဖိုးသည် သူ့ထံသို့ စစ်ကူဖြင့် ရောက်လာမည်ကို သေချာပေါက်သိနေလေသည်။ ကျီဟန့်ဝူသာရောက်လာပါက အခြေအနေများသည် ပြောင်းပြန် ဖြစ်သွားမည်ပင်။
ထိုအချိန်တွင် လေသည် ရုတ်တရတ် အလွန်ပူလာသည်။ ကောင်းဖန်သည် အရှေ့ဘက်ကို ကြည့်လိုက်ရာ ချော်ရည်ကဲ့သို့ အရည်များသည် အဝေးတောင်တန်းတစ်ခုဆီမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအရည်နှင့် ထိသောအရာများသည် ချက်ချင်းပင် အရည်ပျော်သွားသည်။
တောင်ဝိဉာဉ်ဘုရင်၏ အောက်ခြေတွင် ကြီးမားသော ကွက်လပ်ကြီး ရှိနေသည်။ မီးခိုးများသည် ထိုနေရာမှ တလူလူ ထွက်ပေါ်နေသည်။
[သားရဲအမည်] - တောင်ဝိဉာဉ်ဘုရင် (ဖွံ့ဖြိုးဆဲ]
[သားရဲအဆင့်] - အဆင့် ၅၀.၅ ခန့်
[သားရဲအမျိုးအစား] - မြေကြီး
[သားရဲစွမ်းအင်] - ပြီးပြည့်စုံ
[ဖော်ပြချက်] - တောင်ဝိဉာဉ်အုပ်စုတစ်ခုလုံးသည် တစ်စုတစ်စည်းတည်း ပေါင်းစပ်လိုက်ကာ တစ်ခုတည်းသော အရာအဖြစ် ဖွဲ့စည်းပြီး အဆင့်မြှင့်လိုက်ခြင်း။
“ဟားဟား.. တောင်ဝိဉာဉ်အဆင့်မြှင့်မှုကို ဘယ်သူမှ တားဆီး ရပ်တန့်လို့ မရတော့ဘူး.. နိမ့်ကျတဲ့ လူသားတွေ.. မင်းတို့တွေ လောကကြီးမှာ စွမ်းအားအကြီးဆုံး တောင်ဝိဉာဉ် ဘုရင် ပေါ်ပေါက်လာမှုကို မျက်ဝါးထင်ထင် မြင်ရတော့မယ်.. ဖြစ်စဉ်အစအဆုံးပြီးသွားတာနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ငါတို့ရဲ့ အစီအစဉ်တွေကို တရား၀င်စတင်တော့မှာ.. မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ ယွီကျိုးမြို့ကို အရင်ဆုံး မြည်းစမ်းကြည့်ရသေးတာပေါ့” ကျားယုက ပျော်ရွှင်စွာ ပြောလိုက်သည်။
အမည်းရောင် တောင်ဝိဉာဉ်ဘုရင်ကြီးသည် အလွန်ပင် ကြီးမားလှသည်။
ပုံမှန်တောင်ဝိဉာဉ်သည်ပင် ပုံမှန်အားဖြင့် ပေတစ်ထောင်လောက် မြင့်လေရာ ယခု တောင်ဝိဉာဉ် ဘုရင်သည် ပေ ၃ ထောင် အနည်းဆုံးပင် ရှိပေမည်။
“တောင်ဝိဉာဉ်ဘုရင်.. ဒီနှစ်ယောက်ကို ဖမ်းပါ” ကျားယုက အော်ပြောလိုက်သည်။
အမည်းရောင် တောင်ကြီးသည် တုန်ခါသွားသည်။
ထိုအချိန်တွင် ကြီးမားသော အမည်းရောင် နံရံကြီး သုံးခုသည် ကောင်းဖန်နှင့် ဟွမ်းယာတို့ကို ဝိုင်းလျက် ထွက်ပေါ်လာသည်။ နံရံများသည် အမည်းရောင် အလင်းများ ထွက်ပေါ်နေပြီး အမိုးကြီးသဖွယ် ဖြစ်သွားသည်ထိ တဖြည်းဖြည်း မြင့်တက်လာသည်။
နံရံများသည် တောင်ဝိဉာဉ်ဘုရင်၏ အောက်ခြေနားထိကို မြင့်တက်သွားသည်။
ကောင်းဖန်၏ ပတ်၀န်းကျင်သည် မှောင်မိုက်သွားသည်။ သူမြင်နေရသည့် တစ်ခုတည်းသော အလင်းရောင်မှာ တောင်ဝိဉာဉ်ဘုရင်က မှုတ်ထုတ်လိုက်သည့် အနီရောင် အငွေ့များကိုသာ ဖြစ်သည်။
ကောင်းဖန်နှင့် ဟွမ်းယာတို့သည် ပုလင်းတစ်ခုထဲတွင် ပိတ်နေသလို ဖြစ်နေသည်။ သူတို့၏ တစ်ခုတည်းသော ထွက်ပေါက်မှာ တောင်ဝိဉာဉ်ဘုရင်၏ ပါးစပ်မှတစ်ဆင့်သာ ရှိတော့သည်။
အပူလှိုင်းများသည် တောင်ဝိဉာဉ်ဘုရင်၏ ပါးစပ်မှ ထွက်ပေါ်လာနေသည်။ အနီရောင်လေပူများ ထွက်လာနေသလိုပင်။
“နေပါဦး.. ဘာလုပ်တာလဲ” ကျားယုက အံ့ဩတကြီး အော်လိုက်သည်။ တောင်ဝိဉာဉ် ဘုရင်သည် သူ့ကိုပါ နံရံထဲ ပိတ်ထားမိနေသည်။
တောင်ဝိဉာဉ်ဘုရင်က သူတို့နားသို့ တိုးကပ်လာသောအခါ လေသည် ပို၍ပင် ပူလာသည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၇၆ ကြိုး၏အဆုံး
ရုတ်တရတ်ဖြစ်ပေါ်လာသော အပူလှိုင်းကြောင့် လေထုသည် အလွန်ခြောက်သွေ့သွားသည်။
ကောင်းဖန်သည်ပင် လျှာဖြင့် နှုတ်ခမ်းသပ်မိလိုက်သည်။
တိုက်ခိုက်မှုများသည်လည်း ရုတ်တရတ်ငြိမ်ကျသွားသည်။ သူတို့တွင် ဘုံရန်သူ ရှိသွားသကဲ့သို့ အချင်းချင်း မတိုက်ခိုက်ကြတော့ပေ။ သို့သော် အခြေအနေသည် သူတို့အတွက် အလွန်ပင် အန္တရာယ်များနေသည်။
တောင်ဝိဉာဉ်သည် အဆင့်မြှင့်တင်မှု မပြီးသေးသောကြောင့် သူ့တွင် မည်သို့သော စွမ်းအင်များ ရှိနေသည်ကို မသိနိုင်ချေ။ သို့သော်..
သူ့ခြေအောက်မှ ရေများသည် အလွန်ပင် အငွေ့ပျံလာသည်။ အစက ကံကောင်း၍ ကျန်နေခဲ့သော ပတ်ပတ်လည်မှ အပင်များသည်ပင် ချက်ချင်း သေကြေပျက်စီးသွားသည်။
အစင်းလေးသည်ပင် ထိုအဖြစ်အပျက်များကို မျက်တောင်မခတ်တမ်း ကြည့်နေမိပြီး တဖြည်းဖြည်း နီးကပ်လာသည်။
ပြင်းထန်သော ဆာလဖာနံ့သည် လေထုထဲတွင် ပျံ့နှံ့သွားသည်။
အစင်းလေးသည် အလွန်ပင် စိတ်လှုပ်ရှား ထိတ်လန့်နေမိသည်။
နံရံဘေးတွင် တိတ်ဆိတ်စွာ ရှာဖွေလေ့လာနေသော မိုးကြိုးမျောက်ကြီးသည် ချက်ချင်းလှုပ်ရှားလိုက်သည်။ သူသည် ခရမ်းရောင် မိုးကြိုးကြီးနှင့်အတူ ကျောက်နံရံကြီးကို ဖြိုခွဲလိုက်သည်။
တုတ်တုတ်ပင် မလှုပ်သွားချေ။
ကြီးမားသော ကျောက်တုံးအချို့ကသာ အပေါ်ဘက်ဆီမှ လွတ်ထွက်ပြုတ်ကျလာသည်။
ဘယ်လောက်တောင် မာကျောလိုက်ပါသနည်း။ ကွန်မန်ဒါအဆင့် သားရဲပင် ငိုကြွေးနေရသည်။ နတ်ဘုရားအဆင့်သားရဲသည်လည်း ထိုးဖောက်နိုင်ပါ့မလား။
ထိုအရာကို တွေ့လိုက်သောကြောင့် ကောင်းဖန်သည် နံရံကို ဖောက်ထွက်မည့် အစီအစဉ်ကို လက်လျှော့လိုက်ရသည်။
တောင်ဝိဉာဉ်ဘုရင်သည် အရူးတော့ မဟုတ်ချေ။ သူသည် သူ၏ သားကောင်များကို သူ၏ နှာခေါင်းအောက်မှနေ၍ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့သည် ထိုကျောက်နံရံကိုလည်း ဖြိုခွင်းနိုင်မည် မဟုတ်ပေ။
ကျောက်နံရံဂူကြီးသည် တဖြည်းဖြည်း နီးကပ်လာပြီး ကျောက်တုံး ကျောက်ခဲများ ဖုန်မှုန့်များ ရွှံ့များ အားလုံးသည် တောင်ဝိဉာဉ်ဘုရင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကျောက်နံရံဂူကြီးသည် အနီရောင် အပူလှိုင်းများကြားတွင် ဝါးမြိုခံနေရသည်။
ကောင်းဖန်၏ နောက်တွင် ဖလိန်မီသည် ဂိုဒီကို ဒေါသတကြီး ထိုးဆိတ်နေသည်။
ဂိုဒီ၏ ခရမ်းရောင်အလင်းတန်းများသည် ပိုမိုထွက်ပေါ်လာကာ သူ၏ ကိုယ်ကြီးသည်လည်း ကြီးသထက် ကြီးလာသည်။
ဖလိန်မီကတော့ အတိုက်ခိုက်ခံရပြီးနောက်တွင် ပိုမိုကြီးမား လာခြင်း မရှိတော့ပေ။
ဖလိန်မီသည် နံရံကြီးကို အားပြင်းစွာဖြင့် ထိုးလိုက်ပြန်သည်။
ထိုးလိုက်သည့်အချက်တိုင်းတွင် ပေါက်ထွက်သွားမည်ဟု ထင်ရသော်လည်း အနက်ရောင် နံရံကြီးသည် ခြစ်ရာပင် မထင်ပါချေ။
သူတို့သည် အပေါ်ဘက်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ အပူလှိုင်းများသည် နတ်ဆိုးများကဲ့သို့ လှိုင်းများထနေသည်။
သစ်သားဒေါင်းသည်လည်း အာရုံခံစားရတာ မကောင်းတော့ပေ။ သူ၏ ခေါင်းမှ အမျှင်သည် အပင်ကြီး တစ်ပင်အဖြစ် ပြောင်းသွားကာ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် လုပ်ပါသော်လည်း အချည်းနှီးဖြစ်နေသည်။ အပင်ကြီးသည် ထက်ပိုင်းကျိုး ပျက်စီးသွားပြီး သစ်သားဒေါင်းကြီးသည် ၀မ်းနည်းပက်လက် မြည်ကြွေးလိုက်သည်။ သူသည် ယခင်က တိုက်ပွဲ၀င်ခဲ့သော ခမ်းနားထည်ဝါသည့် ပုံစံပင် ပျောက်ဆုံးနေလေသည်။
မိုးကြိုးမျောက်ကြီးသည်လည်း နံရံကြီးဆီသို့ အမျိုးမျိုးသော နည်းလမ်းများဖြင့် တိုက်ခိုက်ဖောက်ခွင်းနေသည်။ တောင်ဝိဉာဉ်ဘုရင်ကြီးနှင့် နီးလာလေလေ သူ၏ တိုက်ခိုက်မှုများ မြန်ဆန်လာလေသည်။
အစင်းလေးသည် မျက်လုံးများကို မှိတ်ချလိုက်ကာ မြေပြင်တွင် ငြိမ်သက်စွာ လှဲချလိုက်သည်။ သူ၏ အမည်းရောင် အခွံကြီးသည် အနီရောင် အလင်းများ ထွက်ပေါ်နေသည်။
ဟွမ်းယာသည် ထိတ်လန့်လာပြီ ဖြစ်သည်။ ဥက္ကဌကျီ ဘာလို့ မရောက်လာသေးတာလဲ…
ပို၍ကြာလာလျှင် ဥက္ကဌကျီသည် သူတို့၏ အလောင်း သို့မဟုတ် ပြာမှုန့်များကိုသာ လာကောက်ရတော့မည်။
“သခင်လေးကောင်း.. ပြန်ထွက်ဖို့ ကြိုးစားကြည့်ရအောင်.. အခွင့်အရေး ရှိနိုင်ပါသေးတယ်” ဟွမ်းယာသည် တတွတ်တွတ် ပြောဆိုနေသည်။
အစင်းလေးသည် ကောင်းဖန်နှင့် ဟွမ်းယာတို့ကို တစ်ခုခု ပြောချင်နေပုံဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို နှိမ့်ချလိုက်သည်။
လှိုဏ်ဂူအတွင်းထဲတွင်တော့ ကျားယုနှင့် အခြားသူများ ရပ်နေကြသည်။ သူတို့နှစ်ယောက် လျှောက်လာသည်ကို မြင်သောအခါ ကျားယု၏ လူများသည် သတိအနေအထား ဖြစ်သွားကြသော်လည်း ကျားယုက လက်ကာပြလိုက်သည်။ “သတိနဲ့သာနေကြ”
ထို့နောက် ကောင်းဖန်တို့ ဘက်သို့ လှည့်လိုက်ကာ မန်ဒရင်း ဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်သည်။ “အားလုံးအတူ ကြိုးစားမှဖြစ်မယ်.. ကိုယ်ပိုင်သားရဲတွေကို တစ်ပြိုင်တည်း တိုက်ခိုက်ခိုင်းမယ်ဆိုရင် အခွင့်အရေး ရှိနိုင်တယ်”
သေဘေးနီးလာသောကြောင့် ကျားယုသည် ပူးပေါင်းမည့် လမ်းစဉ်ကို ရွေးချယ်လိုက်သည်။ သူတို့အားလုံး သေရတော့မည်ဆိုပါက ကောင်းဖန်ကို တိုက်ခိုက်လျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။
“အချိန်ဆွဲဖို့လိုတယ်” ကျားယုက ပြောလိုက်သည်။
“ဟုတ်တယ်.. ဒါပေမယ့် ဘယ်လို အချိန်ဆွဲမလဲ” ယခုလို ဖြစ်ရခြင်းသည် သူ့အပြစ်သောကြောင့် သူမသည် အကောင်းဆုံး အကြံကို ထုတ်ရမည် ဖြစ်သည်။ သို့သော် သူမသည် ရန်သူပင် ဖြစ်နေသေးသည်။ သူတို့သည်လက်ရှိ အခြေအနေတွင်တော့ ပူးပေါင်းကြသော်လည်း ပြီးလျှင်တော့ ပြန်လည်တိုက်ခိုက်ကြဦးမည်ပင်။
“စတေးရမယ်” သူမက ပြောလိုက်သည်။
“စတေးရမယ်” ကောင်းဖန်က သူ့ကို မသင်္ကာစွာ ကြည့်လိုက်သည်။ သူမ ချောက်ချချင်နေတာလား။
“တောင်ဝိဉာဉ်ဘုရင်က အခုအဆင့်မြှင့်နေတာ.. သူ့အတွက် စွမ်းအင် အရင်းအမြစ်တွေလိုတယ်.. အဲဒါကြောင့် ငါတို့ကို ဒီလို လုပ်နေတာ.. ငါတို့က သူ့ရဲ့အစာ ဖြစ်နေတာ”
“ဒါဆို ဘာကို စတေးကြမလဲ” ကောင်းဖန်က ခဏရပ်လိုက်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“အေးဆေးပေါ့.. အခုလည်း အချင်းချင်းတိုက်ခိုက်ဖို့ စိတ်ကူးမရှိပါဘူး”
“ဒီလိုဆိုရင်ရော.. ငါတို့ရဲ့ ကိုယ်ပိုင်သားရဲတွေကို စတေးလိုက်ပြီး အချိန်ဆွဲလိုက်မယ်လေ ဘယ်လိုလဲ”
“သဘောမတူဘူး”
သူသည် ထိုသို့ လုပ်မည့်အစား သေပင် အသေခံလိုက်မည် ဖြစ်သည်။
ကျားယုက ပြုံးလိုက်သည်။ “ငါ့ရဲ့ရိုးသားမှုကို ပြတဲ့အနေနဲ့ အရင်သွားပေးပါမယ်” ကိုယ်ပိုင်သားရဲသည် သူ့နောက်မှ လိုက်လာပြီး ညာဘက်ခြမ်းကို တိုက်ခိုက်လိုက်သည်။
ထိုသို့ လုပ်လိုက်စဉ်တွင် တောင်ဝိဉာဉ်ဘုရင်သည် အနည်းငယ် နှေးသွားသည်။
“ငါသက်သေပြပြီးပြီ” ကျားယုက ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။
“စိတ်မကောင်းပါဘူး.. သူတို့က ငါ့ရဲ့ မိတ်ဆွေတွေပါ.. ငါအသက်နည်းနည်း ပိုရှည်ဖို့အတွက်နဲ့တော့ သူတို့ကို မစတေးနိုင်ဘူး” ကောင်းဖန်သည် သူ့ကို ကျောခိုင်းလိုက်သည်။
ရုတ်တရတ် အမည်းရောင် အရိပ်တစ်ခုသည် မြူခိုးကြားမှ ထွက်လာကာ ဘယ်သူမှ မတားလိုက်နိုင်ခင်မှာပင် ဂူကို ကျည်ဆန်တစ်တောင့်လို ၀င်တိုက်လိုက်သည်။
“အစင်းလေး.. ဘာလုပ်တာလဲ” ကောင်းဖန်သည် ထိုအရိပ်ပိုင်ရှင်ကို သိလိုက်သောအခါ ဒေါသထွက်သွားသည်။
“ကောင်းဖန်.. ဒီကောင်ကြီးကို ခဏလောက် တားခွင့်ပြုပါ.. ပြန်လာခဲ့ပါမယ်”
အမည်းရောင်မြူခိုးများသည် အစင်းလေးကို ဝါးမြိုလိုက်ပြီး သူသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ခေါင်းနီမိန်းကလေးသည် အမြင်ကတ်သော အသံဖြင့် ပြောလိုက်သည်။ “ရှင်တို့ ဟွာရှားတွေက တစ်ခုခုပဲ.. ဒီဂဏန်းကို စတေးဖို့ ဆုံးဖြတ်ထားပြီးတော့များ ဂရုစိုက်ချင်ယောင် ဆောင်နေသေးတယ်”
သူသည် တုန်ယင်စွာဖြင့် သူမဘက်သို့ သွေးလို ရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဂဏန်းမဟုတ်ဘူး ပင့်ကူပါ”
“ဂဏန်းဖြစ်ဖြစ် ပင့်ကူဖြစ်ဖြစ် စိတ်မ၀င်စားဘူး”
ထိုအချိန်တွင် ကောင်းဖန်ဆီမှ အလင်းကြိုးများသည် မိန်းကလေးကို တွယ်ချိတ်လို ချိတ်လိုက်သည်။
မိန်းကလေးသည် ရုပ်သေးရုပ်လို လဲကျသွားပြီးနောက် ထိုကြိုးများသည် ပြန်ရုတ်သိမ်းသွားသည်။ သူမ၏ ညာဘက်ပါးသည် ပန်းသီးတစ်လုံးအရွယ်ခန့် ဖူးယောင်သွားပြီး ခရမ်းသီး ပုပ်ကြီးလို ဖြစ်သွားသည်။ မျက်နှာတွင်လည်း သွေးအနည်းငယ် စီးကျသွားသည်။
“မင်းပါးစပ်က နောက်စကားတစ်ခွန်း ထပ်ထွက်လာရင် သတ်ပစ်မယ်” သူ၏ အသံသည် အေးစက်လွန်းလှသည်။
ထို့နောက်သူသည် ဂူအပေါက်၀နားသို့ ကြည့်လိုက်သည်။ တိမ်လိုမီးခိုးများ သိပ်သည်းနေတုန်းပင်။
ကောင်းဖန် သိသော တစ်ခုတည်းသော အချက်သည် အစင်းလေး အသက်ရှင်နေသေးသည်ဆိုသော အချက်ပင်ဖြစ်သည်။ သူသည် အစင်းလေး၏ သန်မာပြီး တည်ငြိမ်သော နှလုံးခုန်သံကို သွေးစာချုပ်မှ တဆင့် ခံစားမိနေရသေးသည်။